နှစ်သက်စရာ ဘဝနဲ့ အလေးမ အားကစားပစ္စည်း
အလေးမ အားကစားပစ္စည်းတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီက ဂရိလူမျိုး စက်ရုံမန်နေဂျာတစ်ဦး အကြောင်းကို ဒီအစီအစဉ်ကနေ မိတ်ဆက်ပေးပါမယ်။ ဂျပန်နိုင်ငံမှာ အလုပ်လုပ်ဖို့ ရွေးချယ်ခဲ့ကြတဲ့ ကမ္ဘာတစ်ဝန်းက လူတွေရဲ့ လူနေမှုဘဝအကြောင်းကို ဂျပန့်အလုပ်အဘိဓာန် အစီအစဉ်ကနေ တင်ဆက်ပေးနေပါတယ်။ (၂၀၂၁ ခုနှစ် ဧပြီလ ၂၁ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)
ဂရိနိုင်ငံမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ အသက် ၃၇ နှစ်အရွယ် မစ္စတာ Anastasios Pappas ဟာ ၂၀၁၀ ပြည့်နှစ်ကတည်းက တိုကျိုက Sumida မြို့နယ်မှာရှိတဲ့ အလေးမ သတ္တုပြားတွေ ထုတ်လုပ်တဲ့စက်ရုံမှာ အလုပ်လုပ်နေတာ ဖြစ်ပါတယ်။
မစ္စတာ Anastasios က ၆၀ ကီလိုဂရမ်ရှိတဲ့ အလေးပြားကို မ နေပါတယ်။ တကယ်တော့ မစ္စတာ Anastasios က အလေးမအားကစားသမား ဟောင်းတစ်ဦးပါ။ သူဟာ ၂၀၀၃ ခုနှစ်က ကျင်းပခဲ့တဲ့ ဂရိနိုင်ငံလုံးဆိုင်ရာ အလေးမအားကစားပွဲမှာ ဒုတိယနေရာက ဗိုလ်စွဲခဲ့သူ ဖြစ်ပါတယ်။
မစ္စတာ Uesaka Tadamasa ဟာ အလေးမပြားထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ ပိုင်ရှင်လည်းဖြစ် CEO လည်းဖြစ်ပါတယ်။ အလုပ်ကိစ္စနဲ့ ဂရိနိုင်ငံကို သူ သွားခဲ့ပြီး အလေးမအားကစားပွဲတွေအတွက် စေတနာ့ဝန်ထမ်းအဖြစ် အလုပ်လုပ်နေတဲ့ မစ္စတာ Anastasios နဲ့ တွေ့ဆုံခဲ့ပါတယ်။ မကြာခင်မှာပဲ သူတို့နှစ်ဦး သူငယ်ချင်းကောင်းတွေ ဖြစ်လာခဲ့ကြပါတယ်။
သူတို့စက်ရုံက ထုတ်တဲ့ အလေးပြားတွေကို ကမ္ဘာတစ်ဝန်းက မှာယူခဲ့ကြပါတယ်။ မစ္စတာ Anastasios ဟာ သူနဲ့ သူ့အဖွဲ့ရဲ့ ကျွမ်းကျင်မှုတွေ၊ အတွေ့အကြုံတွေနဲ့ ပညာအပေါ် ယုံကြည်မှုရှိပြီး ဒီလို ပစ္စည်းတွေ ထုတ်လုပ်နိုင်တဲ့ အပေါ်မှာလည်း ဂုဏ်ယူနေပါတယ်။