ဝက်ဝံများနဲ့ ယှဉ်တွဲနေထိုင်ခြင်း
ဂျပန်မှာရှိတဲ့ အာရှတောရိုင်းတိရစ္ဆာန် ဝက်ဝံမည်းတွေကို သုတေသနပြုရင်းနဲ့ ကာကွယ် စောင့်ရှောက်နေတဲ့ ဗြိတိန်နိုင်ငံသူ အမျိုးသမီးငယ် တစ်ဦးနဲ့ သွားရောက်တွေ့ဆုံပါမယ်။ ဂျပန်အလုပ်အဘိဓာန် အစီအစဉ် ကနေ ဂျပန်မှာ အလုပ်လုပ်ကိုင်ဖို့ ရွေးချယ်ခဲ့တဲ့ ကမ္ဘာတစ်ဝန်းကလာတဲ့သူတွေရဲ့ ဘဝအကြောင်း တစေ့တစောင်းကို မိတ်ဆက်ပေးနေတာ ဖြစ်ပါတယ်။
(၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)
Nagano ခရိုင် Karuizawa မြို့က ဝက်ဝံရိုင်းတွေကို သုတေသနပြု ကာကွယ်စောင့်ရှောက်ရေး အတွက် လုပ်ကိုင်နေသူ အသက် ၂၄ နှစ်အရွယ် မီးစ် Amelia Joyce Hiorns ။
မီးစ် Amelia ဟာ NPO အဖွဲ့ ဖြစ်တဲ့ Picchio Wildlife Research Center မှာ ၂၀၁၉ ခုနှစ် ကစပြီး အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီ စင်တာဟာ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်ပေးချက်အရ ဝက်ဝံတွေရဲ့ နေထိုင်မှုဘဝပုံစံကို လေ့လာမှုတွေ လုပ်ဆောင်နေပါတယ်။
ညဉ့်နက်ချိန်မှာ မီးစ် Amelia နဲ့ သူ့လုပ်ဖော်ကိုင်ဖက်တို့ ကင်းလှည့်ကြပါတယ်။ သူတို့ဟာ အဝေးထိန်း စနစ်ပါတဲ့ ကိရိယာတွေကို အသုံးပြုပြီး လည်ပတ်တပ်ဆင်ပေးထားတဲ့ ဝက်ဝံတွေရဲ့ တည်နေရာကို ခြေရာခံပါတယ်။ သုတေသန စင်တာဟာ အခုလက်ရှိ ဝက်ဝံကောင်ရေ ၄၀ နီးပါးရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်လေ့လာနေပါတယ်။
သုတေသန စင်တာမှာ ဝက်ဝံလိုက်ခွေး ၂ကောင် ရှိပါတယ်။ အဲဒီခွေးတွေကို အဝေးမှာရောက်နေတဲ့ ဝက်ဝံတွေကို အနံ့ခံလိုက်နိုင်ဖို့နဲ့ ဝက်ဝံတွေကို တောနက်ထဲ မောင်းနှင်ထုတ်နိုင်ဖို့ လေ့ကျင့်ပေးထားပါတယ်။