မွေးရပ်မြေနဲ့အဝေးတစ်နေရာမှာ ပွင့်လန်းနေတဲ့ အကပန်းလေးများ
Osaka မြို့ Taisho မြို့နယ်မှာ လူဦးရေ ၆၀,၀၀၀ ကျော် ရှိပါတယ်။ လူဦးရေရဲ့ ၄ ပုံ ၁ ပုံ လောက်ဟာ အိုကီနာဝါကနေ ရွှေ့ပြောင်းလာတဲ့သူ ဒါမှမဟုတ် ရွှေ့ပြောင်းလာသူတွေနဲ့ ဆက်နွယ်သူတွေလို့ ဆိုပါတယ်။ ဒါကြောင့် ဒီနေရာကို “Little Okinawa” လို့ ခေါ်တာကလည်း အထူးအဆန်းတော့ မဟုတ်ပါဘူး။ ဒီနေရာကလူတွေ မြတ်နိုးကြတဲ့ Eisa လို့ခေါ်တဲ့ အိုကီနာဝါရိုးရာအကကို အိုကီနာဝါမှာ ဘိုးဘေးဘီဘင်တွေရဲ့ ဝိညာဉ်တွေ အလည်လာတယ်လို့ ယုံကြည်ယူဆတဲ့ Bon ကာလအတွင်းမှာ က လေ့ရှိကြပါတယ်။ သူတို့ရဲ့ ဘိုးဘေးဘီဘင်တွေကိုရည်စူးပြီး ဒီအကနဲ့ဂါရဝပြုကြတာ ဖြစ်ပါတယ်။ Eisa အက ကသူတွေဟာ ဗုံအကြီးဗုံငယ်တွေ တီးပြီး ရပ်ကွက်ထဲက လမ်းပေါ်မှာ စီတန်းလှည့်လည်ကြပါတယ်။ ၃ နှစ်အတွင်း ပထမဆုံးအကြိမ် ပြုလုပ်မယ့် လာမယ့်ဖျော်ဖြေပွဲအတွက် လေ့ကျင့်ပြင်ဆင်နေကြတဲ့ Eisa ကလေးအကအဖွဲ့အကြောင်းကို လေ့လာကြည့်လိုက်ကြရအောင်။ (၂၀၂၃ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)
ကလေးတစ်ဖွဲ့တစ်ဖွဲ့ဟာ ဒေသတွင်း မူလတန်းကျောင်းတစ်ကျောင်းရဲ့ အားကစားရုံမှာ စုရုံးရောက်ရှိနေကြပါပြီ။ အိုကီနာဝါ ကလေးငယ်တွေရဲ့ Eisa အကအဖွဲ့မှာ အဖွဲ့ဝင် ၃၀ ရှိပါတယ်။
အဖွဲ့ဝင်တွေရဲ့ တစ်ဝက်လောက်က အိုကီနာဝါနွယ်ဖွားတွေ ဖြစ်ကြပါတယ်။
မစ္စတာ Kakihana Yoshimori ဟာ ကလေးငယ်တွေကို Eisa အက သင်ကြားပေးလာတာ နှစ်ပေါင်း ၄၀ နီးပါးရှိပြီ ဖြစ်ပါတယ်။