စိတ်ကူးကောင်းတွေ အများကြီးရှိတဲ့ ရွာငယ်လေး
ဒီအကြိမ်မှာတော့ တိုကျိုအနောက်ဘက်ခြမ်း Yamanashi ခရိုင်က လူဦးရေ ၇၀၀ လောက်ပဲ ရှိတဲ့ Kosuge ရွာလေးအကြောင်းကို မိတ်ဆက်ပေးပါမယ်။ လူဦးရေနည်းပါးတဲ့ အဲဒီရွာလေးကို အခုအခါ ဂျပန်နိုင်ငံတစ်ဝန်းလုံးက အာရုံစိုက်လာနေကြပါတယ်။ လူငယ်လူရွယ်တွေ ရွှေ့ပြောင်းနေထိုင်လာစေဖို့ ဆွဲဆောင်တဲ့အနေနဲ့ အဲဒီရွာမှာ သေးငယ်ပေမဲ့ နေထိုင်ချင်စဖွယ် အိမ်လေးတွေ ဆောက်လုပ်ထားပါတယ်။ ရွာငယ်လေးတစ်ရွာဖြစ်ပေမဲ့ တက်ကြွတဲ့ ကျေးရွာသူကြီး မစ္စတာ Funaki Naoyoshi ရဲ့ဦးဆောင်မှုနဲ့ စိန်ခေါ်မှုတွေနဲ့ အမြဲသွက်လက်လှုပ်ရှား စည်ကားနေတဲ့ ဒီရွာလေးအကြောင်းကို နားဆင်ကြည့်ကြရအောင်။
မစ္စတာ Funaki ဟာ Kosuge ရွာဇာတိဖြစ်ပြီး အဲဒီမှာပဲ ကြီးပြင်ခဲ့ပါတယ်။ သူ့အသက် ၅၂ နှစ်အရွယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကနေ အငြိမ်းစားယူပြီးတဲ့နောက် လူတိုင်း ပါဝင်လှုပ်ရှားတာကို ကြိုဆိုတဲ့ စည်ပင်ဖွံ့ဖြိုးတဲ့ ရွာလေးတစ်ရွာအဖြစ် ဖော်ဆောင်ဖို့ရည်ရွယ်ပြီး ၂၀၁၂ ခုနှစ် မြို့တော်ဝန် ရွေးကောက်ပွဲမှာ ရွာသူကြီးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
၂၀၁၆ ခုနှစ်မှာ စတင်ခဲ့တဲ့ Tiny House Project လို့ခေါ်တဲ့ "သေးငယ်တဲ့အိမ်ရာ စီမံကိန်း" မှာ နိုင်ငံတစ်ဝန်းက အိမ်ပုံစံဒီဇိုင်းရေးဆွဲသူတွေပါဝင်တဲ့ ပြိုင်ပွဲတစ်ခုကို နှစ်စဉ်ကျင်းပခဲ့ပါတယ်။
မည်သူမဆို ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ အခန်းသို့ လာရောက်လည်ပတ်နိုင်ပါတယ် ။ မစ္စတာ Funaki က ဒေသခံပြည်သူတွေရဲ့ သဘောထားဆန္ဒတွေကို ဂရုတစိုက်နားထောင်ပေးပြီး ဒီရွာငယ်လေး ပြန်လည်အသက်ဝင်လာစေဖို့ ကြိုးပမ်းနေပါတယ်။