မတည့်တဲ့ ဖခင်ဖြစ်သူနဲ့ ငြိမ်းချမ်းရေး ရယူခြင်း
ဒီတစ်ကြိမ်မှာတော့ ဖခင်ကို တောက်လျှောက်မုန်းတီးလာခဲ့သူ Akio Kuroi နဲ့ မိတ်ဆက်ပေးပါရစေ။ ဒုတိယကမ္ဘာစစ်ကပြန်လာတဲ့ Akio Kuroi ရဲ့ ဖခင်ဖြစ်သူဟာ သူ့ဘဝ တစ်လျှောက်လုံးမှာ တက်တက်ကြွကြွမရှိဘဲ အထီးကျန်စွာ ဖြတ်သန်းလာခဲ့ပါတယ်။
စစ်မြေပြင်မှာ သူဘာတွေ တွေ့ကြုံခဲ့ရသလဲ။ လွန်ခဲ့တဲ့ ၃၁ နှစ်မှာ ကွယ်လွန်သွားခဲ့တဲ့ သူ့ဖခင်ရဲ့ စစ်ပွဲကရခဲ့တဲ့ စိတ်ဒဏ်ရာတွေကို ရှာဖွေခဲ့တဲ့ နွေဦးကာလတစ်ခု အကြောင်း နားဆင်ရပါမယ်။
အသက် ၇၂ နှစ်အရွယ် Akio Kuroi ဟာ ဖခင်ဖြစ်သူရဲ့ အုတ်ဂူကို သွားရောက် ဂါရဝပြုခဲ့ပါတယ်။ စစ်မှုထမ်းဟောင်းဖြစ်ခဲ့ဖူးတဲ့ ဖခင်ဖြစ်သူနဲ့ဆက်ဆံရေးဟာ သူ့အတွက် ပြဿနာရှိခဲ့ပါတယ်။
မစ္စတာ Kuroi ဟာ စစ်မှုထမ်းဟောင်း မိသားစုတွေနဲ့ အပြန်အလှန် ဆက်သွယ်နိုင်မယ့် နေရာတစ်ခုကို ဖန်တီးခဲ့ပါတယ်။ အဲဒီ နေရာစစ်ပွဲကြောင့် စိတ်ဒဏ်ရာတွေ ရရှိခဲ့တဲ့ စစ်မှုထမ်းဟောင်းတွေရဲ့ စာရွက်စာတမ်း မျိုးစုံကို ပြသထားပါတယ်။
မစ္စတာ Kuroi ရဲ့ဖခင် သက်ရှိထင်ရှားရှိစဉ်တုန်းက ဗီဒီယို တစ်ခု၊ ရယ်မောပျော်ရွှင်နေတဲ့ မိသားစုဝင်တွေကြားမှာ သူ့မြေးဖြစ်သူတွေနဲ့တောင် စကားပြောဆိုတာမျိုးမရှိဘဲ သူဟာ နှုတ်ဆိတ်နေခဲ့ပါတယ်။
မစ္စတာ Kuroi ဟာ သူ့ဖခင် စစ်မှုထမ်းနေစဉ်ကာလက ဓာတ်ပုံတွေကို သူ့အိမ်ကနေ သွားပြန်ယူခဲ့ပြီး အဲဒီ အယ်လ်ဘမ်ထဲမှာ မစ္စတာ Kuroi မမြင်ဖူးတဲ့ ဓာတ်ပုံတွေတောင် ပါပါတယ်။