အရှေ့တောင်အာရှလူငယ်တွေရဲ့ ဟီရိုရှီးမား အမှတ်တရများ (၂)
NHK WORLD-JAPAN အင်ဒိုနီးရှားဘာသာဌာနက အစီအစဉ်တင်ဆက်သူ Aji Rokhadi ဟာ အဏုမြူဗုံးကြဲချခံရတဲ့အချိန်တုန်းက ဟီရိုရှီးမားမှာ ပညာသင်ကြားနေတဲ့ အရှေ့တောင်အာရှ လူငယ်တွေရဲ့ အကြောင်းတွေကို ခြေရာပြန်ကောက်ခဲ့ပါတယ်။ ဒီတစ်ခေါက် အစီအစဉ်မှာတော့ အဲဒီ နိုင်ငံခြားသား ကျောင်းသားတွေရဲ့ ဘဝဇာတ်ကြောင်းတွေကို ရှာဖွေသုတေသနပြုနေတဲ့ မလေးရှားနိုင်ငံက သုတေသီတစ်ဦးကို တွေ့ဆုံမေးမြန်းထားတာနဲ့အတူ ဒီကျောင်းသားတွေရဲ့ အမှတ်တရတွေကို လက်ဆင့်ကမ်းပေးနေတဲ့ ကျောင်းဆရာဟောင်းတစ်ဦးရဲ့ လှုပ်ရှားမှုတွေအကြောင်း နားဆင်ကြရပါမယ်။ (၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)
မလေးရှားနိုင်ငံသား သုတေသီ Nurhaizal Azam Arif ဟာ Hiroshima City University က တွဲဖက်ပါမောက္ခ တစ်ဦး ဖြစ်ပါတယ်။ သူဟာ ၁၉၄၅ ခုနှစ်က ဟီရိုရှီးမားမှာ ရှိနေခဲ့တဲ့ အရှေ့တောင်အာရှက ကျောင်းသားတွေအကြောင်းကို သုတေသနပြုခဲ့ပါတယ်။
ဟီရိုရှီးမားကို အဏုမြူဗုံးကြဲချခံရချိန်မှာ အဲဒီနေရာမှာရှိနေခဲ့တဲ့ အရှေ့တောင်အာရှကလူငယ်တွေကို “အရှေ့တောင်အာရှက အထူး နိုင်ငံခြားသားကျောင်းသားတွေ” လို့ ခေါ်ကြပါတယ်။
အဏုမြူဗုံးခွဲခံရချိန်တုန်းက ကွယ်လွန်သွားခဲ့တဲ့ မလေးရှားကျောင်းသားတစ်ဦးရဲ့အုတ်ဂူရှိရာ နေရာကို အစီအစဉ်တင်ဆက်သူ Aji ဟာ ပါမောက္ခ Azam နဲ့အတူ သွားခဲ့ပါတယ်။ နိုင်ငံခြားသား ကျောင်းသားအဖြစ် ဂျပန်ကို ပထမဆုံးရောက်လာတဲ့ မစ္စတာ Azam ဟာ အဲဒီအဏုမြူဗုံးဒဏ်ခံ ကျောင်းသားတွေရဲ့အကြောင်း ကြားသိရတော့ အရမ်းကို စိတ်လှုပ်ရှားခံစားခဲ့ရပါတယ်။
ကျိုတိုခရိုင်မှာ ကွယ်လွန်သွားခဲ့တဲ့ အရှေ့တောင်အာရှက ကျောင်းသားလူငယ်တစ်ဦးအကြောင်းကို မူလတန်းကျောင်းဆရာဟောင်း Hayakawa Yukio က သူ့ရဲ့တပည့်တွေနဲ့အတူ ရုပ်ပုံပြဇာတ်လမ်းတစ်ခု ဖန်တီးခဲ့ပါတယ်။