သေးငယ်ပေမဲ့ ကြီးမားတဲ့ အကူအညီ − ဒုတိယပိုင်း
၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်က ဂျပန်အရှေ့ပိုင်းမှာ ငလျင်ကြီး လှုပ်ခတ်ခဲ့တာ အခုဆို ၁၁ နှစ်ရှိသွားပြီ ဖြစ်ပါတယ်။ ပြန်နာလန်ထူလာဖို့ ရုန်းကန်နေရဆဲဖြစ်တဲ့ သဘာဝဘေးအန္တရာယ်ရိုက်ခတ်ခံရတဲ့ ဧရိယာတွေအတွက် အခုထက်ထိ အကူအညီတွေ ဆက်လုပ်ဆောင်ပေးနေတဲ့ ဂျပန်ရောက် နိုင်ငံခြားသားနေထိုင်သူတွေ အကြောင်းကို အပိုင်း ၂ ပိုင်းခွဲပြီး တင်ဆက်ပေးနေပါတယ်။ ဒီနေ့ ဒုတိယပိုင်းမှာတော့ သဘာဝဘေးကြီးကပေးတဲ့ သင်ခန်းစာတွေဟာ မေ့ပျောက်ပစ်ရမယ့်အရာတွေ မဟုတ်ဘူးလို့ ယုံကြည်လက်ခံကြသူ Iwate ခရိုင်က အမေရိကန်လူမျိုး ၂ ဦးအကြောင်းကို နားဆင်ရပါမယ်။ (၂၀၂၂ ခုနှစ်၊ မေလ ၁၁ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)
ကပ်ရောဂါကြီးကြောင့် သဘာဝဘေးဒဏ်ခံရတဲ့ ဒေသတွေကို သွားရောက်လည်ပတ်သူတွေ နည်းပါးနေချိန်မှာ မစ္စတာ Jesse Gutman (ညာ) နဲ့ မစ္စတာ Patrick Francisco (ဘယ်) တို့ဟာ ရန်ပုံငွေကူညီပေးနိုင်အောင် အဲဒီဒေသကနေ တိုက်ရိုက် ရိုက်ကူးပြီး အွန်လိုင်းကနေထုတ်လွှင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် မတ်လက အဲဒီဒေသမှာ သဘာဝဘေးကြီးဖြစ်ပွားခဲ့တာ ၁၀နှစ်ပြည့်အနေနဲ့ မစ္စတာ Jesse နဲ့ မစ္စတာ Patrick တို့ဟာ အဲဒီဧရိယာရဲ့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေကို ရိုက်ကူးပြသဖို့ ၅နာရီကျော် အချိန်ယူခဲ့ရပါတယ်။
မစ္စတာ Okamoto Shoma ဟာ မစ္စတာ Jesse နဲ့ မစ္စတာ Patrick တို့နဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ Sakura Line 311 လို့ခေါ်တဲ့ ပရဟိတ စေတနာ့ဝန်ထမ်း NPO အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ အဲဒီ NPO အဖွဲ့ဟာ ၂၀၁၁ ခုနှစ်က ဆူနာမီဘေးဒဏ်ခံခဲ့ရတဲ့နေရာတွေမှာ ချယ်ရီပင်တွေကို စိုက်ပျိုးနေပါတယ်။