ဂျပန်စာပေမွေ့ပျော်ချိန် - "မျက်နှာဖုံးတပ် အသုဘအခမ်းအနား " ( ပထမပိုင်း )
ဒီတစ်ပတ်မှာ တင်ဆက်မယ့် ဝတ္ထုကို ရေးသားသူကတော့ ၁၉၆၂ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ စာရေးဆရာ Hayashi Jyouji ဖြစ်ပါတယ်။ သူက သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းတွေကို အဓိကထားရေးသားနေပြီး ဂျပန် သိပ္ပံစိတ်ကူးယဉ် စာရေးဆရာကလပ် ဥက္ကဋ္ဌရာထူးကို ၂၀၁၈ ခုနှစ်ကနေစပြီး ၂ နှစ်တာ တာဝန်ယူခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားသစ်က လူ့အဖွဲ့အစည်းမှာ ပျံ့နှံ့နေတဲ့အကြား ဒီဝတ္ထုကို ရေးသားဖြစ်ခဲ့တာပါ။ ဒီဗိုင်းရပ်စ်ကို လူတွေ ဘယ်လိုထိန်းချုပ်နိုင်မလဲ ?။ ကူးစက်ပြန့်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် နဲ့အတူ ယှဉ်တွဲနေထိုင်ရတော့မယ့် မဝေးတော့တဲ့အနာဂတ်ထဲမှာ အလုပ်နဲ့ လူနေမှုစနစ်ရဲ့ အရေးကြီးတဲ့အချက်တွေကို ထည့်သွင်းစဉ်းစားပြီး နောက်ပိုင်းဖြစ်လာမယ့် အသုဘအခမ်းအနားပုံစံကို ဇာတ်အိမ်တည် ချယ်မှုန်းထားတဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ပါ။
ဇာတ်လမ်းထဲမှာ ဇာတ်ကောင်အမျိုးသားဟာ အခွန်ပေးဆောင်ဖို့ရှိနေတာကြောင့် မိဘတွေချန်ထားရစ်တဲ့အိမ်ကို ရောင်းချဖို့အတွက် အနှစ် ၂၀ ကြာ မရောက်ဖြစ်ခဲ့တဲ့ သူ့ရဲ့ဇာတိမြို့ကို ပထမဆုံးအကြိမ် ပြန်လာခဲ့ပါတယ်။ သူက လတ်တလော အသုံးစရိတ်အတွက် ဝင်ငွေရဖို့ နာရေးဝန်ဆောင်မှုမှာ ယာယီ အလုပ်ဝင်လုပ်ခဲ့ပါတယ်။