နှင်းဘေးအန္တရာယ် ကင်းဝေးစေဖို့
ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်က နှင်းထူထူထပ်ထပ်ကျဆင်းတဲ့နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။ လူနေထူထပ်တဲ့ဧရိယာတွေမှာတောင် ဆီးနှင်းတွေအများအပြား ကျရောက်တတ်ပြီး ထိခိုက်ဒဏ်ရာရမှုနဲ့ ယာဉ်မတော်တဆမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။ မြို့ကြီးပြကြီးတွေမှာ နှင်းကြောင့် ဖြစ်တတ်တဲ့ အန္တရာယ်တွေကနေ ရှောင်ရှားနိုင်မယ့် နည်းလမ်းတွေကို လေ့လာကြရအောင်။
အစီအစဉ်တင်ဆက်သူ Chairat Thomya (ဝဲ) ဟာ ဆီးနှင်းနှင့်ရေခဲများ ဆိုင်ရာ သုတေသနစင်တာကို သွားရောက်ပြီး အဲဒီစင်တာရဲ့ ညွှန်ကြားရေးမှူးဖြစ်သူ ဆီးနှင်းဘေးအန္တရာယ်ဆိုင်ရာ အထူးကျွမ်းကျင်သူ Nakamura Kazuki (ယာ) ကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
အဲဒီသုတေသနစင်တာဟာ သဘာဝနှင်းအစစ်နီးပါးတူတဲ့ နှင်းအတုတွေကို ဖန်တီးနိုင်တဲ့ ကမ္ဘာမှာ အနည်းငယ်ပဲရှိတဲ့ စင်တာတွေထဲက တစ်ခု ဖြစ်ပါတယ်။
နှင်းတွေကျတဲ့အခါ သတိထားရမယ့်အချက် ၃ ချက်က- ချောမွေ့ပြီး ရေခဲနေတဲ့လမ်းတွေ၊ နှင်းမုန်တိုင်းတွေနဲ့ အိမ်ခေါင်မိုးပေါ်က ကျလာတဲ့ နှင်းအစုအခဲတွေ ပဲ ဖြစ်ပါတယ်။
Chairat ဟာ နှင်းမုန်တိုင်း အသွင်ဖန်တီးပေးတဲ့ စက်ကိုအသုံးပြုပြီး တစ်စက္ကန့်မှာ ၅ မီတာ လေတိုက်ခတ်နှုန်းရှိတဲ့ နှင်းမုန်တိုင်း အတွေ့အကြုံကိုယူခဲ့ပါတယ်။ ဒီအခြေအနေမျိုးမှာ မြင်ကွင်းအားလုံးကို မမြင်နိုင်တော့တဲ့အပြင် မျက်လုံးဖွင့်ကြည့်ဖို့တောင် ခက်ခဲတာကို သူကြုံတွေ့ခဲ့ရပါတယ်။