ဆောင်းရာသီ မီးဘေးအန္တရာယ်
ဂျပန်မှာ ဆောင်းရာသီဆိုရင် ခြောက်သွေ့တဲ့လေတိုက်ခတ်မှုနဲ့အတူ အပူပေးစက် အသုံးပြုမှုတွေ များပြားလာတာကြောင့် မီးလောင်ကျွမ်းမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။ မီးဘေးအန္တရာယ်မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ၊မီးလောင်မှုဖြစ်ပွားတဲ့အခါ ဘာတွေလုပ်ဆောင်သင့်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဗဟုသုတတွေကို ဒီအစီအစဉ်မှာ မျှဝေပေးထားပါတယ်။ နားဆင်ကြည့်ကြရအောင်။
အစီအစဉ်တင်ဆက်သူ Janni Olsson ဟာ တိုကျိုမှာရှိတဲ့ Ikebukuro Life Safety Learning Center အီခဲဘုခုရို သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ လေ့လာသင်ယူရေးဌာနကို သွားရောက်ခဲ့ပါတယ်။ သူ့ကို မီးသတ်သမားဟောင်း Harashige Yoshiro က လိုက်လံရှင်းလင်း ပြသပေးပါတယ်။
Janni ဟာ မီးလောင်မှုဖြစ်ပွားနေဟန် အသွင်ယူဖန်တီးထားတဲ့အခန်းထဲမှာ မီးဘေးအန္တရာယ်အတွေ့အကြုံကို ရယူခဲ့ပြီး မီးသတ်ဆေးဘူး အသုံးပြုနည်းကို လေ့လာခဲ့ပါတယ်။
ဂျပန်နိုင်ငံမှာ မီးသတ်ကားခေါ်ဆိုဖို့အတွက် 119 ကိုဖုန်းဆက်ရပါတယ်။ အင်္ဂလိပ်နဲ့ တရုတ်အပါအဝင် ဘာသာစကားအမျိုးမျိုးနဲ့ ဝန်ဆောင်မှုတွေပေးနေပြီဖြစ်တာမို့ ဂျပန်စကားမကျွမ်းကျင်ရင်တောင် ဖုန်းခေါ်ဆိုမှု ပြုနိုင်ပါတယ်။
မီးတောက်တွေသာမက မီးခိုးငွေ့တွေကပါ အသက်သေဆုံးတဲ့အထိ အန္တရာယ်ရှိနိုင်ပါတယ်။ အဲဒီစင်တာမှာ အန္တရာယ်မရှိတဲ့ မီးခိုးငွေ့တွေကို အသုံးပြုပြီး အရေးပေါ် တိမ်းရှောင်ရေးဆိုင်ရာ လေ့ကျင့်မှုတွေကို ပြုလုပ်နိုင်ပါတယ်။ လှုပ်ရှားသွားလာတဲ့အခါ နှာခေါင်းနဲ့ပါးစပ်ကို လက်ကိုင်ပုဝါလို ပစ္စည်းတွေနဲ့ သေချာအုပ်ပြီး မီးခိုးငွေ့တွေကို မရှူရှိုက်မိစေဖို့ ခန္ဓာကိုယ်ကို ကိုင်းပြီး ဝပ်တွားသွားပါ။