သဘာဝဘေးကျရောက်ချိန် အမျိုးသမီးတွေ ကြုံတွေ့ရတတ်တဲ့ အခက်အခဲတွေကို ဖြေရှင်းနည်း
သဘာဝဘေးအန္တရာယ်တစ်ခုကျရောက်ပြီးတဲ့နောက် အရေးပေါ်တိမ်းရှောင်ရေးစခန်းမှာ တည်းခိုရတဲ့ အမျိုးသမီးတွေမှာ ယေဘုံယျအားဖြင့် အခက်အခဲတွေ တွေ့ကြုံရတတ်ပါတယ်။ အမျိုးသမီးတွေဟာ အဲဒီလို အရေးပေါ်အခြေအနေအတွက် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဘယ်လိုပြင်ဆင်မှုတွေကို လုပ်ဆောင်ထားသင့်ပါသလဲ။ ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး ၂၀၁၁ ခုနှစ် အရှေ့ဂျပန်ငလျင်ကြီးအပြီးမှာ တိမ်းရှောင်ရေးစခန်းမှာ လက်တွေ့နေထိုင်ခဲ့ရတဲ့ Sendai မြို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဒေသခေါင်းဆောင် Ohuchi Yukiko နဲ့ တွေ့ဆုံမေးမြန်းထားတာကို နားဆင်ကြည့်ကြရအောင်။
ဒေသခေါင်းဆောင် Ohuchi က Kate J ကို အရေးပေါ်အိမ်သာသုံးပစ္စည်းတွေ၊ အလူမီနီယံစောင်တွေ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေအပြင် lotion နဲ့ တခြားအသားအရေ ထိန်းသိမ်းတဲ့ အလှပြင်ပစ္စည်းတွေလို သူ့ရဲ့ဦးစားပေးအရာတွေ ထည့်ထားတဲ့ အရေးပေါ်ကျောပိုးအိတ်ကို ပြခဲ့ပါတယ်။ အိတ်ထဲမှာ ကိုယ့်အတွက် လိုအပ်မယ်ထင်တဲ့ ပစ္စည်းတွေကိုပြင်ဆင်တာက ခမ်းခမ်းနားနားဖြစ်အောင် လုပ်ဆောင်တာမျိုး မဟုတ်ပါဘူး။
ကျောပိုးအိတ်ထဲက ပစ္စည်းတွေထဲမှာ အပေါက်လေးတွေ ဖောက်ထားတဲ့ ပလပ်စတစ်ရေသန့်ဗူး အဖုံးတစ်ခုပါပါတယ်။ အဲဒီအဖုံးက ရေသန့်ဗူးမှာတပ်ပြီး ရေပန်းအဖြစ်သုံးနိုင်ဖို့ပါ။
Sendai မြို့ဟာ ကြုံတွေ့ခဲ့ရတဲ့ ၂၀၁၁ ခုနှစ် သဘာဝဘေးအန္တရာယ် အတွေ့အကြုံတွေကို အခြေခံပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလက်စွဲစာအုပ်ကို ပြုစုခဲ့ပါတယ်။ သော့ခတ်လို့ရတဲ့ မိခင်နို့တိုက်ကျွေးဖို့ အခန်းဖွဲ့ပေးတာ ဒါမှမဟုတ် လျှော်ဖွတ်ပြီးအဝတ်တွေလှမ်းဖို့ ကျား၊မ သီးခြားနေရာတွေ ပြင်ဆင်ပေးတာလိုမျိုး အမျိုးသမီးတွေ စိတ်လုံခြုံစွာ ခိုလှုံနေထိုင်နိုင်ရေး အာမခံချက်ပေးနိုင်မယ့် အချက်အလက် အမျိုးမျိုးပါဝင်ပါတယ်။
ဒေသခေါင်းဆောင် Ohuchi ဟာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုတွေနဲ့ လက်တွေ့ လေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့ပါတယ်။ အခုဆိုရင် သူဟာ သူ့လိုမျိုး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အမျိုးသမီး ခေါင်းဆောင်တွေ မွေးထုတ်ပေးနိုင်ဖို့အတွက် အားစိုက်လုပ်ဆောင်နေပါတယ်။