Top
ယခင်အတွေ့အကြုံတွေက သင်ယူရရှိလာတဲ့ သဘာဝဘေးဆိုင်ရာ အသိပညာ
ဂျပန်မှာ သဘာဝဘေးတွေကနေ ကျန်ထားရစ်တဲ့အရာတွေကို အမြဲအမှတ်ရနေစေဖို့ အရင်က တွေ့ကြုံခဲ့ရတဲ့ သဘာဝဘေးတွေရဲ့ သမိုင်းကြောင်းတွေနဲ့ ရရှိခဲ့တဲ့ သင်ခန်းစာတွေကို နိုင်ငံတစ်ဝန်း ကျောက်တုံး၊ ကျောက်စာတိုင်တွေ ဒါမှမဟုတ် အထိမ်းအမှတ် အဆောက်အအုံတွေမှာ ရေးထိုး မှတ်တမ်းတင် ထားပါတယ်။ ၂၀၁၁ ခုနှစ်က ဂျပန်အရှေ့ပိုင်း ငလျင်ကြီးနဲ့ ဆူနာမီရဲ့ ရိုက်ခတ်မှုဒဏ်ကို အဆိုးရွားဆုံး ခံခဲ့ရတဲ့ Iwate ခရိုင်မှာ အဲဒီလို အထိမ်းအမှတ်တွေ အများအပြား ရှိပါတယ်။ အစီအစဉ်တင်ဆက်သူ Bobby Judo ဟာ အဲဒီထဲက ကျောက်စာတိုင်တွေဆီနဲ့ ငလျင်ဒဏ်ခံ အမှတ်တရ နေရာတချို့ဆီကို ဒေသခံ ခရီးသွားလမ်းညွှန်တစ်ဦးနဲ့အတူ သွားရောက်ခဲ့ပြီး သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဗဟုသုတတွေကို ရှာဖွေခဲ့ပါတယ်။ လေ့လာနားဆင်ကြည့်ရအောင်။
သဘာဝဘေးကြီးရဲ့ အမှတ်တရတွေကို လက်ဆင့်ကမ်းဖို့ Iwate ခရိုင် Rikuzentakata မြို့မှာ ဆူနာမီကြောင့် ပျက်စီးသွားခဲ့တဲ့ အဆောက်အအုံတချို့ကို ထိန်းသိမ်းထားပါတယ်။ အဲဒီ အဆောက်အအုံတွေကို “ငလျင်ဒဏ်ခံ အထိမ်းအမှတ် အဆောက်အဦများ” လို့ သူတို့က ခေါ်ပါတယ်။
ဒေသခံ ခရီးသွားလမ်းညွှန် Kono Masayoshi ဟာ ဂျပန်အရှေ့ပိုင်း ငလျင်ကြီးနဲ့ ဆူနာမီ ရိုက်ခတ်မှုကနေ အသက်ရှင် လွတ်မြောက်လာသူတစ်ဦး ဖြစ်ပါတယ်။
၁၉၃၃ ခုနှစ် ဆူနာမီ အမှတ်တရ ကျောက်စာတိုင်။ 'ငလျင်လှုပ်ပြီးတဲ့နောက် ပေါက်ကွဲသံကြားရင် ဆူနာမီလာပြီလို့ မှတ်ယူပါ' ဆိုတဲ့ စာသားတွေလိုမျိုး သင်ခန်းစာယူစရာ သတိပေးတဲ့စာသားတွေကို ရေးထွင်းထားပါတယ်။
မစ္စတာ Kono ရဲ့ မိခင်ကျောင်းတော်လည်း ဖြစ်ခဲ့တဲ့ ဒီအလယ်တန်းကျောင်းဟာ ကျောင်းခေါင်မိုးထက် မြင့်တဲ့ ၁၄.၂ မီတာ အမြင့်ရှိတဲ့ ဆူနာမီရေလှိုင်းကြီးတွေရဲ့ ရိုက်ခတ်မှု ခံခဲ့ရပါတယ်။
>>>
မူယင်း ဗီဒီယိုရုပ်သံကို ကြည့်ရှုမယ်ဆိုရင် ဒီနေရာကို Click လုပ်ပါ
<<<