မီးတောင် ပေါက်ကွဲလာချိန်မှာ ဘာတွေ လုပ်ဆောင်သင့်သလဲ
ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်က မီးတောင်အများဆုံးရှိတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။ ဂျပန်ရဲ့မြို့တော် တိုကျိုဟာ အချိန်မရွေးပေါက်ကွဲနိုင်တဲ့ မီးတောင်ရှင်တစ်ခုဖြစ်တဲ့ ဖူဂျီတောင်ရဲ့ အနီးမှာ ရှိနေပါတယ်။ မီးတောင်တစ်ခု ပေါက်ကွဲတဲ့အခါ ဘာတွေဖြစ်လာနိုင်သလဲ။ အဲဒီလို အရေးပေါ် အခြေအနေမျိုးဖြစ်လာရင် ဘယ်လိုကာကွယ်ရမလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး မီးတောင်ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးနဲ့ မေးမြန်းထားတာတွေကို ဒီအစီအစဉ်မှာ လေ့လာကြရပါမယ်။
ဂျပန်မှာ မီးတောင်ရှင်ပေါင်း ၁၀၀ ကျော်ရှိပါတယ်။ ဂျပန်ကမီးတောင်တွေရဲ့ magma လို့ခေါ်တဲ့ မြေအောက် ကျောက်ရည်ပူတွေထဲမှာ ရေအမြောက်အများ ပါဝင်ဖွဲ့စည်းနေတာမို့ ပေါက်ကွဲထွက်နိုင်တဲ့ အန္တရာယ်မြင့်မားပါတယ်။
အစီအစဉ် တင်ဆက်သူ Janni Olsson ဟာ မီးတောင်ဆိုင်ရာ ကျွမ်းကျင်သူ Fujii Toshitsugu ဆီကနေ ဂျပန်ကမီးတောင်တွေရဲ့ လက်ရှိအခြေအနေတွေနဲ့ မီးတောင်ပေါက်ကွဲလာတဲ့အခါ ဘာတွေ လုပ်ဆောင်သင့်တယ်ဆိုတာကို မေးမြန်းသိရှိခဲ့ပါတယ်။
ဂျပန်ရဲ့ ပြယုဂ်တစ်ခုဖြစ်တဲ့ ဖူဂျီတောင် ပေါက်ကွဲရင် တိုကျိုမှာ မီးတောင်ပြာတွေ ၂ စင်တီမီတာကနေ ၁၀ စင်တီမီတာအထိ စုပုံလာနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီလိုဖြစ်လာရင် လမ်းပန်းဆက်သွယ်ရေးနဲ့ အခြေခံအဆောက်အအုံတွေကို ထိခိုက်လာနိုင်ပါတယ်။
မီးတောင်ပေါက်ကွဲပြီး မီးတောင်ပြာတွေ လွှင့်စင်ထွက်လာပြီဆိုရင် အပြင်မထွက်ခင်မှာ သေချာပြင်ဆင်ပြီးမှ သွားဖို့ လိုအပ်ပါတယ်။ မျက်လုံးနဲ့အသက်ရှုလမ်းကြောင်းဆိုင်ရာ အင်္ဂါအစိတ်အပိုင်းတွေကို ကာကွယ်ဖို့အတွက် လေကာမျက်မှန်နဲ့ အမှုန်အမွှားဒဏ်ခံနိုင်တဲ့ နှာခေါင်းစည်းတွေကို ဝတ်ဆင်ပါ။ ဒါ့အပြင် အရေပြားနဲ့မီးတောင်ပြာတွေ တိုက်ရိုက် မထိတွေ့အောင် အင်္ကျီ လက်ရှည်၊ ဘောင်းဘီရှည်တွေကို ဝတ်ဆင်ပါ။