အိမ်ကို တိမ်းရှောင်ရေးစခန်းအဖြစ် အသွင်ယူလေ့ကျင့်ခြင်း
မြေငလျင်နဲ့ မိုးကြီးမှုတွေလို သဘာဝဘေးအန္တရာယ်တွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့အခါ တိမ်းရှောင်ရေး စခန်းတစ်ခုမှာ ဘယ်လို နေထိုင်မှုပုံစံမျိုးက စောင့်ကြိုနေပါမလဲ။ ဒါဆိုရင် ကိုယ့်ရဲ့နေအိမ်ကို တိမ်းရှောင်ရေးစခန်းလို့ သဘောထားပြီးတော့ အဲဒီက အတွေ့အကြုံတွေကို ရှာဖွေကြည့်ကြရအောင်။ ဒီအစီအစဉ်မှာ သက်တောင့်သက်သာ ဖြစ်မယ့် အိပ်ရာပြုလုပ်နည်း၊ အကန့်အသတ်တွေကြားမှာ အစားအစာ ချက်ပြုတ်ပြင်ဆင်နည်းတွေကို နားဆင်ရမှာ ဖြစ်ပါတယ်။ (၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)
သဘာဝဘေးအန္တရာယ် တိမ်းရှောင်ရေးစခန်းဆိုင်ရာ ကျွမ်းကျင်သူ Hattori Shingo က အစီအစဉ် ဒါရိုက်တာ မိသားစုကို တိမ်းရှောင်ရေးစခန်းအသွင်ယူ လေ့ကျင့်နိုင်အောင်လို့ လမ်းညွှန်ပြသပေးပါတယ်။
အိမ်ထဲမှာ စတုရန်းပုံ အလွယ်တကူ တပ်ဆင်နိုင်တဲ့ တဲတစ်ခု ပြင်ဆင်လိုက်ပါတယ်။ လတ်တလောမှာ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့အများအပြားက တိမ်းရှောင်ရေးစခန်းတွေမှာ အလွယ်တကူ တပ်ဆင်နိုင်တဲ့ အဲဒီတဲတွေကို ပြင်ဆင်ပေးထားကြပါတယ်။
ယာယီတဲထဲမှာ ကုတင်အိပ်ရာအဖြစ် ကတ်ထူပြား၊ စောင်၊ လေထိုးပြီး သုံးလို့ရတဲ့ မွေ့ယာတွေကို အသုံးပြုနိုင်ပါတယ်။ အိပ်ရာကို သက်တောင့်သက်သာဖြစ်အောင် လုပ်ပြီးမှ အိပ်စက်တာက စိတ်ဖိစီးမှုကို လျှော့ချဖို့အတွက် အလွန် အရေးပါပါတယ်။
အစီအစဉ် ဒါရိုက်တာ မိသားစုက ထမင်းကို ပလတ်စတစ်အိတ်နဲ့ ချက်ကြည့်ဖို့ ကြိုးစားနေကြပါတယ်။ ဆန်ကို အပူဒဏ်ခံနိုင်တဲ့ ပလတ်စတစ်အိတ်ထဲကို ထည့်၊ အဲဒီနောက် ရေကိုထည့်ပြီး တင်းတင်းချည်နှောင်ကာ တစ်နာရီလောက် စိမ်ထားလိုက်ပါ။ ပြီးရင် အဲဒီအိတ်ကို ပွက်ပွက်ဆူတဲ့ ရေနွေးထဲ ထည့်ချက်လိုက်ရင် ထမင်းကျက်ပါပြီ။