မိုးသက်မုန်တိုင်းနဲ့ ရေကြီးမှုပုံစံ အသွင်ယူပြီး လက်တွေ့လေ့လာခြင်း
ဂျပန်နိုင်ငံမှာ နှစ်စဉ် တိုင်ဖွန်းမုန်တိုင်းနဲ့အတူ မိုးအကြီးအကျယ်ရွာသွန်းမှုတွေကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။ ဆိုးရွားတဲ့ ရေကြီးမှု ဖြစ်လာမယ်ဆိုရင် ဘာလုပ်သင့်ပါသလဲ။ သတင်းထောက် Janni Olsson က ရေကြီးလာရင် မိမိတို့ ဘယ်တွေပြင်ဆင်ထားရမယ် ဒါမှမဟုတ် အဲဒီလို ဘေးအန္တရာယ် ကျရောက်လာချိန်မှာ ဘယ်လို ပြုမူနေထိုင်ရမယ် ဆိုတာတွေကို လက်တွေ့ လေ့လာခဲ့ပါတယ်။ နားဆင်ကြည့်ရအောင်။ (၂၀၂၂ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)
မိုးသည်းသည်းထန်ထန် ရွာသွန်းလာရင် ရေတွေတက်လာတာကြောင့် အဆောက်အအုံတွေထဲမှာ လူတွေ ပိတ်မိနိုင်ပါတယ်။ အဆောက်အအုံ ရေမြုပ်သွားတဲ့အခါ တံခါးပေါ်မှာ ရေဖိအားသက်ရောက်မှု ဘယ်လောက်ရှိနိုင်မလဲ ဆိုတာကို မီးစ် Janni က လက်တွေ့လေ့လာခဲ့ပါတယ်။
တိုကျိုမီးသတ်ဗဟိုဌာနရဲ့ Honjo သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ လေ့လာသင်ယူရေးဌာနမှာ ရေလွှမ်းမိုးမှုဆိုင်ရာအန္တရာယ် အမျိုးမျိုးအကြောင်းကို သွားရောက်လေ့လာနိုင်ပါတယ်။
ဘေးအန္တရာယ်ဆိုင်ရာ အတွေ့အကြုံတွေအများကြီးရှိသူ မီးသတ်ဝန်ထမ်းတစ်ဦး ဖြစ်တဲ့ Tamura Hitoshi (ညာ) က မီးစ် Janni ကို ဒီအဆောက်အအုံအတွင်း လှည့်လည်ပြသပေးခဲ့ပါတယ်။
တိုင်ဖွန်းမုန်တိုင်းကျရောက်နေစဉ်အတွင်း အပြင်ထွက် လမ်းလျှောက်ရင် ဘယ်လိုခံစားရနိုင်ပါသလဲ။ မီးစ် Janni ဟာ မုန်တိုင်းအသွင်ဖန်တီးပေးတဲ့အခန်းထဲမှာ လေပြင်းအား တစ်စက္ကန့်ကို ၃၀ မီတာနှုန်းနဲ့တိုက်ပြီး တစ်နာရီကို ၅၀ မီလီမီတာ ရွာသွန်းတဲ့ မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့ ကြိုးစားနေပါတယ်။