မြို့ပြတွေမှာ ငလျင်ကြီးလှုပ်ပြီးနောက် အိမ်ပြန်ဖို့ ခက်ခဲနေတဲ့အခါ
မြို့ကြီးတွေမှာ ရောက်နေတဲ့အချိန် ငလျင်လှုပ်ခဲ့မယ်ဆိုရင် သင် ဘာလုပ်မလဲ။ ဒီတစ်ကြိမ်မှာတော့ မြို့ကြီးပြကြီးတွေမှာ ငလျင်လှုပ်တာနဲ့ကြုံတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်ရမလဲဆိုတာကို လေ့လာကြရပါမယ်။ ကြီးမားတဲ့ သဘာဝဘေးအန္တရာယ် ကျရောက်နေချိန်မှာ အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ရပ်တန့်သွားနိုင်ပါတယ်။ အဲဒီ အခါ လူအများအပြား အိမ်မပြန်နိုင် ဖြစ်လာလိမ့်မယ်လို့ ယူဆရပါတယ်။ ဥပမာ တိုကျို က ရှီဘူယ မြို့နယ်ကို ရောက်နေချိန် သဘာဝဘေးအန္တရာယ် တစ်ခု ဖြစ်တယ်ဆိုပါစို့။ မြို့ပြငလျင်နဲ့ကြုံကြိုက်တဲ့အခါ ကိုယ်တိုင် ဘယ်လို လုပ်ဆောင်ရမယ်ဆိုတာ သိထားအောင် လေ့လာကြည့်ကြပါမယ်။ (၂၀၂၂ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)
မစ္စတာ Bobby ဟာ Shibuya Crisis Management Department က Yukihiro Katsuya နဲ့အတူ ရှီဘူယ မြို့နယ်မှာ ငလျင်တစ်ခု ဖြစ်လာရင် ဘာတွေလုပ်မလဲဆိုတာကို လေ့လာခဲ့ပါတယ်။ ရှီဘူယ မှာ မှန်နဲ့ ဆောက်ထားတဲ့ အဆောက်အအုံတွေ အများအပြား ရှိနေတယ်ဆိုတာကို သူ သတိပြုမိခဲ့ပါတယ်။
Shibuya ဘူတာနဲ့ ကပ်လျက်က ကြီးမားတဲ့ စီးပွားရေးလုပ်ငန်း အဆောက်အအုံကြီးဟာ သဘာဝဘေးအန္တရာယ် ကျရောက်ချိန်မှာ အိမ်ပြန်ဖို့ ခက်ခဲနေသူတွေ ယာယီခိုလှုံနိုင်တဲ့နေရာတစ်ခုအဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပြီး လူပေါင်း ၁၇၀၀ ကျော် ၃ ရက်တာ စိတ်ချလက်ချ နေထိုင်နိုင်ဖို့ ပြင်ဆင်ထားပါတယ်။
သဘာဝဘေးကြောင့် အိမ်မပြန်နိုင်တဲ့အခါ ယာယီခိုနားနိုင်တဲ့ အဆောက်အအုံတွေရဲ့ တည်နေရာတွေကိုပြသထားတဲ့ လမ်းညွှန်ဆိုင်းဘုတ်တွေကို ရှီဘူယ မြို့နယ်တွင်းမှာ စိုက်ထူထားပါတယ်။ လက်ကိုင်ဖုန်း အလုပ်မလုပ်ဘဲ လိုင်းတွေ ပျောက်သွားတဲ့အခါ ဒီ ဆိုင်းဘုတ်တွေက အထောက်အကူပြုမှာပါ။