ဘေးအန္တရာယ် တိမ်းရှောင်ရေးစခန်းများ
ဂျပန်မှာ ကြီးမားတဲ့ သဘာဝဘေးအန္တရာယ်တစ်ခု ဖြစ်ပွားတဲ့အခါ ဒေသခံတွေ တိမ်းရှောင်လို့ရတဲ့ ကယ်ဆယ်ရေး စခန်းတွေရှိပါတယ်။ အဲဒီစခန်းတွေမှာ ဒုက္ခရောက်လာသူတွေကို လူမျိုးဘာသာမရွေးဘဲ အခမဲ့ လက်ခံပေးနေပါတယ်။ အဲဒီလို ဆောင်ရွက်ပေးတာ ဘယ်လိုနေရာမျိုး လဲ။ ဘယ်လို ကူညီထောက်ပံ့ရေး ပစ္စည်းတွေ အဲဒီနေရာမှာ သိုလှောင်သိမ်းဆည်းထားပါသလဲ။ အမေရိကန်နိုင်ငံက လာပြီး ဂျပန်မှာ လက်ရှိနေထိုင်နေတဲ့ မစ္စတာ Bobby Judo က သွားရောက်လေ့လာထားတာတွေကို နားဆင်ကြည့်ပါ။ (၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။)
မစ္စတာ Bobby က ကတ်ထူစက္ကူပြားနဲ့ ပြုလုပ်ထားတဲ့ အရေးပေါ်ကုတင်ပေါ်မှာ လှဲလျောင်းလိုက်ပါတယ်။ ဒီကုတင်က အလွန်တောင့်တင်းပြီး ခိုင်မာတာကို သူသိလိုက်ရပါတယ်။
SONA AREA TOKYO ရဲ့ လက်ထောက်ညွှန်ကြားရေးမှူး Sawa Yoshihiro က မစ္စတာ Bobby ကို နမူနာ အနေနဲ့ ဖန်တီးထားတဲ့ တိမ်းရှောင်ရေးစခန်းအနှံ့ လိုက်ပြပေးပါတယ်။ အဲဒီစခန်းထဲမှာ ၂၀၁၁ ခုနှစ်မှာ ဂျပန်အရှေ့ပိုင်း ငလျင်ကြီး လှုပ်ခတ်ခဲ့စဉ်က ဒုက္ခရောက်ခဲ့ကြရတဲ့ အသက် ၃၀အရွယ်အမျိုးသားနဲ့ သူ့ရဲ့မိဘ အပါအဝင် မိသားစု ၃ဦး တကယ် အသုံးပြုခဲ့တဲ့ ပစ္စည်းတွေကို ပြသထားပါတယ်။
တိုကျိုမြို့ Nakano မြို့နယ်မှာရှိတဲ့ တိမ်းရှောင်ရေးစခန်းမှာ သိုလှောင်ရုံတစ်ရုံလဲ ပါရှိပါတယ်။ အဲဒီ သိုလှောင်ရုံမှာ ယဉ်ကျေးမှုနဲ့ လူနေမှုပုံစံ ကွဲပြားတဲ့ နိုင်ငံအမျိုးမျိုး က လူတွေရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ဖို့ ဟာလာ အစားအသောက်တွေနဲ့ နို့စို့ကလေးငယ်တွေကို ကိုယ်လက်သန့်ရှင်းရေးလုပ်ပေးတဲ့ ပစ္စည်းတွေ အပါအဝင် ကူညီပေးဖို့ ပစ္စည်းမျိုးစုံကို သိုလှောင်ထားပါတယ်။
Nakano သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ဌာနက မစ္စတာ Sakai Atsushi က ဂျပန်နိုင်ငံမှာ နေထိုင်တဲ့ နိုင်ငံခြားသားတွေအနေနဲ့ မိမိတို့နေထိုင်ရာ ဒေသတွင်း မှာပြုလုပ်ပေးတဲ့ ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်လေ့ကျင့်သင်ကြားပေးတဲ့အချိန်မှာ ပါဝင် လေ့ကျင့်ထားစေလိုတယ်လို့ ပြောပါတယ်။