ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ်နဲ့ အမေးအဖြေများ

ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ်နဲ့ ပတ်သက်တဲ့ သောတရှင်တွေရဲ့ မေးခွန်းတွေကို NHK ရဲ့ ကျွမ်းကျင်သူတွေက ဖြေကြားပေးပါမယ်။

(558) နာတာရှည်ရောဂါခံစားရတဲ့ ကိုဗစ်နဲ့ပတ်သက်တဲ့ နောက်ဆုံး တွေ့ရှိချက်များ။
အပိုင်း−၉ ဆေးကုသရေးစနစ်မှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုများ။

အဖြေ− ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဖြစ်ပွားပြီး နောက်ဆက်တွဲ ဖြစ်ပွားတဲ့ ကာလလတ်နဲ့ကာလရှည် နာတာရှည် COVID ရောဂါဝေဒနာတွေနဲ့ ပတ်သက်ပြီး လေ့လာနေပါတယ်။ ဒီတစ်ခါ ဆေးကုသရေးစနစ်မှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေက ဘာတွေလဲ ဆိုတာ လေ့လာကြည့်ကြရအောင်။
ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက မိမိမှာ နာတာရှည်ကိုဗစ် ရောဂါ လက္ခဏာတွေ ရှိနေတယ်လို့ သံသယရှိသူတွေကို နေထိုင်ရာ ဒေသတွင်းက ဆေးဘက်ဆိုင်ရာဌာနတွေဆီ သွားပြဖို့ ဒါမှမဟုတ် ပုံမှန်ပြနေကျ ဆရာဝန်တွေနဲ့တိုင်ပင်ဆွေးနွေးဖို့ လိုအပ်တဲ့ လုပ်ဆောင်နည်းအဆင့်ဆင့်ကို လမ်းညွှန်ပြသထားတဲ့စာကို ထုတ်ပြန် ခဲ့ပါတယ်။ ဒါပေမဲ့ တချို့ ဒေသန္တရဆေးခန်းတွေဟာ အဲဒီလူနာတွေကို လက်ခံကုသပေးဖို့ တွန့်ဆုတ်နေတာရှိပါတယ်။ တချို့ဆို “စိတ် အထင်နဲ့ ဝေဒနာခံစားနေရတာ မဟုတ်ဘူးလား” လို့ ပြောတဲ့ ဆေးခန်း တွေတောင် ရှိနေပါတယ်။
National Center for Global Health and Medicine ရဲ့ ဗဟိုဆေးရုံကြီးက ဆရာဝန် Morioka Shinichiro က ကာလရှည် ဝေဒနာတွေခံစားရတယ်လို့ ဆိုလာသူတွေကို ကုသပေးနိုင်တဲ့စနစ် တစ်ခု ထူထောင်ထားဖို့ အရေးကြီးတယ်လို့ ထောက်ပြပြောဆိုခဲ့ပါ တယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လူ ၄ ဦးမှာ ၁ ဦးလောက်ဟာ ကိုဗစ်ရောဂါပျောက်သွားပြီး အချိန် ၁၈ လကြာတာတောင် ရောဂါဝေဒနာ တစ်မျိုးမျိုး ခံစားနေရဆဲဖြစ်တယ် ဆရာဝန် Morioka က သုတေသနလုပ်ထားတဲ့အပေါ် မူတည်ပြီး ပြောခဲ့ပါတယ်။ ဒီလူနာတွေကို လက်ခံကုသပေးမယ့် ဆေးဘက်ဆိုင်ရာဌာနတွေ ပိုမိုလိုအပ်တယ်လို့ သူကပြောပါတယ်။ အဲဒီလို လူနာတွေရဲ့ ရောဂါလက္ခဏာတွေနဲ့ ဒီရောဂါဖြစ်လာပုံစတဲ့ အသေးစိတ်အချက် အလက်တွေကို သေချာသိအောင် ဆွေးနွေး စကားပြောပြီးကုသရတာ ဖြစ်မှာကြောင့် ပုံမှန်ဆေးကုသချိန်ထက် အချိန်ပိုကြာနိုင်တယ်လို့ ဆရာဝန် Morioka က ပြောပါတယ်။ အဲဒါကြောင့် တချို့ဆေးရုံ ဆေးခန်းတွေမှာ လူနာလက်ခံကြည့်ရှုပေးနိုင်တဲ့ အရေအတွက် နည်း သွားနိုင်ပါတယ်။ ဆရာဝန်တွေကို ဆေးကုစရိတ် ဘယ်လောက်ပေးမလဲ ဆိုတဲ့အချက်နဲ့ တခြားအချက်တွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုတယ်လို့ သူ့ထင်မြင်ချက်ကို ပြောကြားခဲ့ပါတယ်။
နာတာရှည် COVID လူနာတွေကို လက်ခံကုသနိုင်မယ့် ဆေးရုံဆေးခန်း စာရင်းကို ရေးဆွဲပြီး ဧပြီလ ၂၈ ရက်နေ့ နောက်ဆုံးထား ထုတ်ပြန်ပေးဖို့ ကျန်းမာရေးဝန်ကြီးဌာနက ဂျပန်နိုင်ငံတစ်ဝန်းက ခရိုင်အားလုံးကို တောင်းဆိုထားပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(557) နာတာရှည် ကိုဗစ်နဲ့ပတ်သက်တဲ့ နောက်ဆုံး တွေ့ရှိချက်များ
အပိုင်း−၈ နာတာရှည်ကိုဗစ်လူနာတွေကို ဆရာဝန်တွေ ဘယ်လို ကုသပေးနေသလဲ။

အဖြေ− ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက်ပိုင်း ဖြစ်ပွားတဲ့ ကာလလတ်နဲ့ ကာလရှည် နာတာရှည်ကိုဗစ် ရောဂါရဲ့ ဆိုးကျိုးသက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး လေ့လာနေပါတယ်။ နာတာရှည်ကိုဗစ်လူနာတွေကို ဆရာဝန်တွေကို ဘယ်လိုကုသ ပေးနေသလဲဆိုတာ ကြည့်ကြရအောင်။
Osaka ခရိုင်၊ Osaka မြို့မှာရှိတဲ့ Medical Research Institute Kitano Hospital နာတာရှည်ကိုဗစ်လူနာတွေကို အဓိကထား ကြည့်ရှုပေးတဲ့ ပြင်ပလူနာဌာန သီးသန့်ထားရှိတဲ့ ဆေးရုံဟာ ဆေးဘက်ဆိုင်ရာတွေထဲ က တစ်ခုဖြစ်ပါတယ်။ အဲဒီ ပြင်ပလူနာဌာန မှာ ဆရာဝန်တွေဟာ လူနာတွေရဲ့ရောဂါလက္ခဏာတွေကို အသေးစိတ် စစ်ဆေးပြီး COVIDရောဂါပိုး နဲ့ ဆက်စပ်မှုရှိသလား ဒါမှမဟုတ် တခြားရောဂါ တွေနဲ့ ဆက်စပ်သလား ဆိုတာကို ဆုံးဖြတ်ပေးပါတယ်။
အဲဒီဆေးရုံက ဆရာဝန် Marumo Satoshi က လူနာတွေဟာ ကိုဗစ်ရဲ့နောက်ဆက်တွဲ ဝေဒနာတွေကို ခံစားရတာလား ဒါမှမဟုတ် တခြားရောဂါကြောင့်ဖြစ်တဲ့ ဝေဒနာတွေလားဆိုတာကို အရင် ဆုံးဖြတ်ဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။ articular rheumatism အဆစ်အမြစ်ရောင်ရမ်းကိုက်ခဲတဲ့ ရောဂါလိုမျိုး တချို့နာတာရှည် ရောဂါအခံရှိသူတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့် ပိုပြီး ရောဂါ အခြေအနေဆိုးရွား လာနိုင်တယ်လို့ သူက ပြောပါတယ်။ တိကျတဲ့ ရောဂါကိုသိမှသာ လူနာတွေကို သူတို့ရောဂါ အခြေအနေနဲ့ ကိုက်ညီတဲ့ အထူးကုသဆောင်တွေမှာ ဘယ်လိုကုထုံးနဲ့ ကုသနိုင်မလဲ ဆိုတာ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။
နာတာရှည်ကိုဗစ်ရဲ့ဝေဒနာတွေ ခံစားရတယ်လို့ ဆိုသူတချို့ဟာ ရောဂါက တာရှည်လာတာကြောင့် စိုးရိမ်ပူပန်စိတ်ပြင်းထန်လာပြီး စိတ်ကျရောဂါဖြစ်လာတာတွေ ရှိတယ်လို့ သူက ပြောပါတယ်။
တချို့သူတွေဟာ နာတာရှည်ကိုဗစ် ဖြစ်ကြတယ်ဆိုတာကြားပြီး ကိုယ်ရော ဖြစ်နေသလားဆိုတဲ့ စိုးရိမ်ပူပန်စိတ်ကြောင့် အလားတူ ဝေဒနာတွေ ခံစားလာရတယ်လို့ ဆရာ Marumo က ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ဆေးရုံမှာ ကုသမှုခံယူနေရတဲ့ အသက် ၄၀ ကနေ ၅၀ တန်းအရွယ် အလုပ်လုပ်ကိုင်နေသူတွေရဲ့ ၆၀ ရာခိုင်နှုန်းလောက်ဟာ ကိုဗစ်ကူးစက်ရောဂါဖြစ်ပြီးနောက် အလုပ်ခွင် ကို ချက်ချင်း ပြန်မဝင်နိုင်ကြတော့တာမျိုးလည်း ရှိတယ်လို့ သူက ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(556) နာတာရှည် ကိုဗစ်နဲ့ပတ်သက်တဲ့ နောက်ဆုံး တွေ့ရှိချက်များ။
အပိုင်း−၇ နာတာရှည်ကိုဗစ်ဖြစ်ရင် ဘယ်လို ကုသမလဲ။

အဖြေ− ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ရောဂါဖြစ်ပြီးနောက်ပိုင်းမှာ ကာလလတ်နဲ့ ကာလရှည် ဖြစ်တတ်တဲ့ နာတာရှည်ကိုဗစ် ရောဂါနဲ့ပတ်သက်ပြီး ဆိုးကျိုးသက်ရောက်မှုတွေအကြောင်း လေ့လာ နေပါတယ်။ ကိုဗစ်ဖြစ်ပြီးနောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ ရောဂါလက္ခဏာတွေကို ဘယ်လို ဆေးဝါးကုသမှု ခံယူမလဲ ကြည့်ကြ ရအောင်။

Osaka တက္ကသိုလ်က ပါမောက္ခ Kutsuna Satoshi က ကိုဗစ်ရောဂါဖြစ်ပြီး နောက်ဆက်တွဲ ဖြစ်ပွားတဲ့ နာတာရှည်ဝေဒနာ ခံစားရတာကို ထိထိရောက်ရောက်ကုသ‌ပေးနိုင်တဲ့ နည်းလမ်း အခုအချိန်အထိ မရှိသေးတဲ့ အခြေအနေဖြစ်နေတယ်လို့ ပြောကြားခဲ့ ပါတယ်။ ကိုဗစ်ကြောင့်နာတာရှည် ရောဂါဝေဒနာဖြစ်တာတွေ မရှိချင် ဘူးဆိုရင် ရောဂါမကူးစက်အောင် နေထိုင်ဖို့ ဒါမှမဟုတ် ကာကွယ်ဆေး ထိုးနှံဖို့က အဓိကအရေးကြီးတယ်လို့ သူက ပြောကြားခဲ့ပါတယ်။
National Center for Global Health and Medicine (ဂျပန်နိုင်ငံဆိုင်ရာကမ္ဘာ့ကျန်းမာရေးနဲ့ဆေးပညာစင်တာ)က ဒေါက်တာ Morioka Shinichiro က ကုသနည်းများစွာကို လက်တွေ့ လေ့လာ စမ်းသပ်ကုသ နေတယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီ လေ့လာမှုရလဒ် တွေအရ အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာတွေ အတွက် ထိရောက်တဲ့ hyperbaric အောက်စီဂျင်ကုထုံးနဲ့ Pfizer ဆေးဝါးကုမ္ပဏီကြီးရဲ့ Paxlovid သောက်ဆေးတွေဟာ အလားအလာ ကောင်းတွေရှိနေတယ် လို့ ပြသနေကြောင်းသိရပါတယ်။
ဒါ့အပြင် ဂျပန်ဆေးဝါးကုမ္ပဏီကြီး Shionogi က သူ့ရဲ့ Xocova သောက်ဆေးဟာ ကိုဗစ်ရဲ့နောက်ဆက်တွဲရောဂါလက္ခဏာ တချို့ကို သက်သာစေနိုင်သလားဆိုတာကို လေ့လာနေပါတယ်။ အခုအချိန်အထိ ပြုလုပ်ခဲ့တဲ့ သုတေသန ရလဒ်တွေအရ ချောင်းဆိုးတာ ဒါမှမဟုတ် မောပန်းနွမ်းနယ်တာလိုမျိုး ကိုဗစ်နဲ့ ဆက်စပ်တဲ့နာတာရှည်ဝေဒနာတွေ ၁၄ ခုထဲကတစ်ခုခု ကို Xocova ဆေး သောက်သုံးခဲ့တဲ့ ကိုဗစ်လူနာ တွေရဲ့ ၁၄.၅ ရာခိုင်နှုန်းက ကိုဗစ်ဖြစ်ပြီးနောက် ၆ လ အကြာမှာ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ အာနိသင်မဲ့ကိုဗစ်ဆေး တိုက်ခဲ့တဲ့ လူနာတွေမှာကိုဗစ်နောက်ဆက်တွဲဝေဒနာတွေကို ခံစားခဲ့ရသူ ၂၆.၃ ရာခိုင်နှုန်းရှိတာကြောင့် နာတာရှည်ကိုဗစ်ဖြစ်သူ ပိုများပါတယ်။ Xocova သောက်ဆေးနဲ့ ကုသခဲ့တဲ့လူနာတွေက နောက်ဆက်တွဲဝေဒနာ ခံစားရနိုင်ခြေ ၄၅ ရာခိုင်နှုန်း နည်းပါးသွားတယ်လို့ Shionogi ဆေးဝါးကုမ္ပဏီက ပြောကြားခဲ့ပါတယ်။
ဂျပန်က တခြားကုထုံးအနေနဲ့ နှာခေါင်းအတွင်းပိုင်းကို ဂွမ်းတို့ဖတ်နဲ့ ခပ်ပြင်းပြင်းပွတ်ပြီး ကုသတဲ့ Epipharyngeal Abrasive Therapy ကုထုံးက ကိုဗစ်ရဲ့နာတာရှည်ရောဂါဝေဒနာတွေကို သက်သာ ပျောက်ကင်းစေတယ်ဆိုတဲ့ တင်ပြချက်တွေ အတော်များများ ရှိပါတယ်။ ဒီကုထုံးရဲ့ ထိရောက်မှုနဲ့ပတ်သက်ပြီး သိပ္ပံနည်းကျ အတည်ပြုချက် ယူနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တချို့ဆေးဘက် ဆိုင်ရာဌာနတွေမှာ နာတာရှည်ကိုဗစ် လူနာတွေကို ဒီကုထုံးနဲ့ ကုသနေကြပါတယ်။
ဒီကုထုံးတွေအားလုံးဟာ တိတိပပ သတ်မှတ်အတည်ပြုထားတဲ့ ကုထုံးမျိုး မဟုတ်ဘဲ သုတေသနပြုဆဲအဆင့်မှာပဲ ရှိသေးပါတယ်။ ဒါပေမဲ့ တချို့ကုထုံးတွေက ကိုဗစ်ကြောင့်ဖြစ်တဲ့ နာတာရှည်ရောဂါတွေကို အနာဂတ်မှာ ကုသပေးနိုင်မယ့် ဖြစ်နိုင်ခြေရှိတာကို တွေ့ရပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(555) နာတာရှည် ကိုဗစ်နဲ့ပတ်သက်တဲ့ နောက်ဆုံး တွေ့ရှိချက်များ။
အပိုင်း−၆ ကိုဗစ်ရဲ့နောက်ဆက်တွဲ ရောဂါလက္ခဏာလား၊မဟုတ်ဘူးလား ဘယ်လိုစစ်ဆေးအတည်ပြုမလဲ။

အဖြေ− ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက်ပိုင်း စွဲကျန်ခဲ့တဲ့ ကာလလတ်နဲ့ ကာလရှည် နာတာရှည်ကိုဗစ် ရောဂါရဲ့ ဆိုးကျိုး သက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး လေ့လာနေပါတယ်။ ဒီတစ်ခါ ကိုဗစ်ရဲ့နောက်ဆက်တွဲ ရောဂါလက္ခဏာတွေ ဟုတ်မဟုတ် ဘယ်လို စစ်ဆေးအတည်ပြုနိုင်မလဲဆိုတာ ကြည့်ကြရအောင်။

ကိုယ်ခံအားစနစ်ကို အထူးပြုလေ့လာနေသူဖြစ်တဲ့ Yale တက္ကသိုလ်က ပါမောက္ခ Iwasaki Akiko ဟာ နာတာရှည်ကိုဗစ်နဲ့ပတ်သက်ပြီးလည်း သုတေသန ပြုနေသူတစ်ဦးဖြစ်ပါတယ်။ ပါမောက္ခ Iwasaki နဲ့အဖွဲ့ဟာ လူနာကိုဆေးစစ်ပြီး နာတာရှည်ကိုဗစ် ဖြစ်နေသလား ဆိုတာကို အတည်ပြုနိုင်ဖို့ စမ်းသပ် သုတေသနပြုလုပ်နေပါတယ်။
နာတာရှည်ကိုဗစ်လူနာတွေရဲ့ သွေးထဲမှာ ထူးခြားတဲ့ ပစ္စည်း အပိုင်းအစတွေ ပါဝင်နေမှုရှိမရှိ ဒါမှမဟုတ် လူနာရဲ့ ဟော်မုန်းအဆင့် မြင့်မားနေတာ ရှိမရှိဆိုတာ ရှာဖွေပြီးသွေးစစ်ရုံနဲ့ ရောဂါရှာဖွေတွေ့ ရှိနိုင်တဲ့ နည်းလမ်းတစ်ခုကို သုတေသနပြုနေတာ ဖြစ်ပါတယ်။
သူတို့အဖွဲ့ဟာ အခုအခါ cortisol လို့ခေါ်တဲ့ စတီးရွိုက်ဟော်မုန်း နဲ့ပတ်သက်ပြီး အာရုံစိုက် လုပ်ဆောင်နေပါတယ်။ အဲဒီဟော်မုန်းဟာ ကိုယ်ခံအားစနစ်ကို ထိန်းချုပ်ပေးပြီး ရောင်ရမ်းမှုကို လျှော့ချပေး ပါတယ်။ လူတစ်ဦးဟာ မနက်အိပ်ရာနိုးတဲ့အခါ သွေးထဲက cortisol ဟော်မုန်းပမာဏ မြင့်တက်နေလေ့ရှိတယ်လို့ သိရပါတယ်။
အဲဒီ cortisol ဟော်မုန်းပမာဏကြောင့် သွေးတွင်းသကြားဓာတ်နဲ့ သွေးပေါင်ချိန်ပမာဏကို မြင့်တက်လာစေပြီး လူကိုလည်း တက်ကြွလာစေ ပါတယ်။
ပါမောက္ခ Iwasaki နဲ့အဖွဲ့ရဲ့ လေ့လာမှုအရ အိပ်ရာထချိန်မှာ နာတာရှည်ကိုဗစ်ရောဂါလူနာတွေရဲ့ cortisol ဟော်မုန်းပမာဏဟာ အဲဒီရောဂါမရှိတဲ့ သူတွေထက် အများကြီး နိမ့်နေတယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
နာတာရှည်ကိုဗစ်ရဲ့လက္ခဏာရပ်တွေကို တစ်စိတ်တစ်ပိုင်းအားဖြင့် ဖော်ပြခဲ့ပေမဲ့ ဒီရောဂါလက္ခဏာတွေ ဘယ်လိုဖြစ်ပေါ်လာသလဲ ဆိုတာ ကို ရှင်းရှင်းလင်းလင်း သိရဖို့ နောက်ထပ်အများကြီး လေ့လာရဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(554) နာတာရှည် ကိုဗစ်နဲ့ပတ်သက်တဲ့ နောက်ဆုံး တွေ့ရှိချက်များ။
အပိုင်း−၅ ကိုဗစ်ရဲ့နောက်ဆက်တွဲ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာပုံ ရဲ့ ခန့်မှန်းသုံးသပ်ချက်။

အဖြေ− ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက်ပိုင်း စွဲကျန်ခဲ့တဲ့ ကာလလတ်နဲ့ ကာလရှည် နာတာရှည်ကိုဗစ် ရောဂါရဲ့ ဆိုးကျိုး သက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး လေ့လာနေပါတယ်။ ဒီတစ်ခါ ကိုဗစ်ရဲ့နောက်ဆက်တွဲ ရောဂါလက္ခဏာတွေ ဘယ်လိုဖြစ်ပေါ်လာ သလဲဆိုတာကို သုံးသပ်ထားတဲ့ အယူအဆတွေကို ကြည့်ကြ ရအောင်။
နာတာရှည်ကိုဗစ် ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာ အထောက် အထားနဲ့ အတည်မပြုနိုင်သေးပါဘူး။ Yale တက္ကသိုလ်က COVID-19 ရဲ့နောက်ဆက်တွဲ ရောဂါလက္ခဏာတွေကို လေ့လာနေတဲ့ ကိုယ်ခံအားစနစ်သုတေသနပညာရှင် ပါမောက္ခ Akiko Iwasaki က နာတာရှည်ကိုဗစ် ဖြစ်ပေါ်လာပုံနဲ့ပတ်သက်ပြီးသူ့ရဲ့ အယူအဆတွေကို အခုလို ပြောပြခဲ့ပါတယ်။
၁) ချောင်းဆိုးတာ ဒါမှမဟုတ် ဖျားနာတာလိုမျိုး ကနဦး ဖြစ်တဲ့ ရောဂါလက္ခဏာတွေ ပျောက်ကင်းသွားတဲ့တိုင်အောင် ခန္ဓာကိုယ်ထဲမှာ ကျန်ရစ်ခဲ့တဲ့ ကိုဗစ်ဗိုင်းရပ်စ် ဒါမှမဟုတ် ဗိုင်းရပ်စ်ရဲ့အပိုင်းအစတွေ ကြောင့် ကာလရှည်ကြာ ဖေါရောင်တာမျိုးတွေ ဖြစ်ပေါ်တတ်ပါတယ်။
၂) ပုံမှန်အားဖြင့် ခန္ဓာကိုယ်ကို ကာကွယ်ပေးတဲ့ ကိုယ်ခံအားစနစ်က ကိုဗစ်ရောဂါပိုးဝင်ပြီးနောက်ပိုင်း ခန္ဓာကိုယ်ကို ပြန်တိုက်ခိုက်တာမျိုး ဖြစ်တတ်ပါတယ်။
၃) ရောဂါပိုးကြောင့် ပျက်စီးသွားတဲ့ ကိုယ်တွင်းအင်္ဂါတွေ ပြန်ကောင်းမွန်လာဖို့ အချိန်ရှည်ကြာတတ်ပါတယ်။
၄) ရေယုန်ရောဂါဗိုင်းရပ်စ် ဒါမှမဟုတ် ခန္ဓာကိုယ်ထဲမှာ နဂိုကတည်းက ရှိနေတဲ့ တခြားဗိုင်းရပ်စ်ပိုးတွေက ကိုဗစ်ကူးစက်မှုကြောင့် အသက်ဝင် လှုပ်ရှားလာတတ်ပါတယ်။
ရောဂါပိုးကူးစက်ခံရပြီးလို့ လအတော်ကြာတဲ့တိုင်အောင် ဗိုင်းရပ်စ်ရဲ့ antigens ပဋိပစ္စည်း (ဗိုင်းရပ်စ်ရဲ့အစိတ်အပိုင်း) ဒါမှမဟုတ် RNA (ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇ) တွေဟာ ခန္ဓာကိုယ်တွင်း နေရာအနှံ့အပြားမှာ ကျန်ခဲ့တယ်ဆိုတာကို သိလာတာနဲ့အတူ ဗိုင်းရပ်စ် ကူးစက်မှုက ကာလရှည်ကြာ ဆက်ပြီးဖြစ်နေတယ် ဆိုတဲ့အချက်ကို အထူးအာရုံ စိုက်ဖို့လိုတယ်လို့ ပါမောက္ခ Iwasaki ကပြောပါတယ်။ “ကျွန်မတို့ သုတေသနဌာန မှာ COVID ဆေးဝါးတွေကိုအသုံးပြုပြီး ကိုဗစ်ကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲ ဝေဒနာတွေဖြစ်တာကို ကုသနိုင်ရေး အတွက် သုတေသနပြုလုပ်ဖို့ စီစဉ်နေပါတယ်။" လို့ ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(553) နာတာရှည် ကိုဗစ်နဲ့ပတ်သက်တဲ့ နောက်ဆုံး တွေ့ရှိချက်များ။
အပိုင်း−၄ ကိုဗစ်ကနေ ပြန်နေကောင်းလာပြီးနောက် အချိန်ဘယ်လောက်အကြာမှာ ဘယ်နှစ်ကြိမ်လောက် နောက်ဆက်တွဲ ဝေဒနာ ဖြစ်လဲ။

အဖြေ− နာတာရှည် COVID လို့သိကြတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက်ပိုင်း စွဲကျန်ခဲ့တဲ့ နာတာရှည်ကိုဗစ်ဝေဒနာ နဲ့ပတ်သက်ပြီး လေ့လာနေပါတယ်။ ကိုဗစ်ကနေ ပြန်လည် ကောင်းမွန်လာပြီးနောက် COVID-19 ရဲ့ နောက်ဆက်တွဲရောဂါဝေဒနာတွေ ဆက်ပြီး ဘယ်အချိန်တွေမှာ ခံစားကြရသလဲဆိုတာကို စစ်တမ်းကောက်ယူထားပါတယ်။
ဂျပန်မှာကောက်ယူခဲ့တဲ့ စစ်တမ်းတစ်ခုအရ ကိုဗစ်ဖြစ်ပြီး ပြန် ကောင်းမွန်လာတဲ့ အချိန်ဘယ်လောက်ကြာမြင့်ပြီးပြီလဲ ဆိုတဲ့အပေါ် မူတည်ပြီး ကိုဗစ်ရဲ့နောက်ဆက်တွဲ ဝေဒနာခံစားရသူတွေဟာ အချိုးအစားဟာ ကွဲပြားတယ်လို့ ဆိုပါတယ်။ အဲဒီစစ်တမ်းကို Osaka တက္ကသိုလ်က ပါမောက္ခ Kutsuna Satoshi နဲ့ Osaka ခရိုင် Toyonaka မြို့က ပူးပေါင်းကောက်ယူပြီး သုတေသနပြုခဲ့တာ ဖြစ်ပါတယ်။
အဲဒီမြို့မှာ ၂၀၂၂ ခုနှစ် မတ်လကုန်အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြီး ရောဂါဖြစ်သူပေါင်း ၂၆,၀၀၀ လောက်ဆီကို စာတိုက်တစ်ဆင့် ဒါမှမဟုတ် အပ်ပလီကေးရှင်းတွေက တစ်ဆင့် စစ်တမ်းကောက်ယူခဲ့ တာမှာ လူပေါင်း ၄,၀၀၀ ကျော်က တုံ့ပြန်ဖြေကြား ခဲ့ပါတယ်။
သူတို့ထဲက ၄၇.၇ ရာခိုင်နှုန်းက ရောဂါကူးစက်ကြောင်းသိရပြီးနောက် သီးခြားခွဲနေထိုင်တာ ၁၀ ရက်ကြာပြီးတဲ့နောက်မှာ ရောဂါလက္ခဏာ ကျန်နေသေးတယ်လို့ ဆိုကြပါတယ်။ ၅.၂ ရာခိုင်နှုန်းကတော့ ကိုဗစ်ရောဂါလက္ခဏာတွေ ပေါ်လာခဲ့ပြီးနောက် တစ်လအကြာမှာ နောက်ဆက်တွဲဝေဒနာကို ခံစားနေရတယ်လို့ ဆိုပါတယ်။ ၃.၇ ရာခိုင်နှုန်းကတော့ ကူးစက်နေတာသိရပြီး နှစ်လအကြာမှာ နောက်ဆက်တွဲ ဝေဒနာ စပြလာတာတွေ့ရတယ်လို့ ဖြေပါတယ်။
စစ်တမ်းကို သုတေသနလုပ်ပြီး တွေ့ရှိခဲ့တာကတော့ ကိုဗစ်ကူးစက်လို့ ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့သူတွေဟာ နောက်ဆက်တွဲ ဝေဒနာ ခံစားရတဲ့ အချိုးအစားပိုများတာ ဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးထားသူတွေမှာတော့ အဲဒီလို ဖြစ်ပေါ်မှု နည်းပါးလေ့ ရှိတာကို လည်း စစ်တမ်းမှာ တွေ့ရှိခဲ့ရပါတယ်။
နောက်ဆက်တွဲ နာတာရှည် ရောဂါလက္ခဏာခံစားရတဲ့ ကိုဗစ်လူနာ တွေက ဒီစစ်တမ်းကို တုံ့ပြန်ဖြေကြားတာ ပိုများနိုင်တာကြောင့် စစ်တမ်းရဲ့ရလဒ်ကို သုံးသပ်တဲ့နေရာမှာ ဒီအချက်ကိုတော့ ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်လို့ ပါမောက္ခ Kutsuna က ဆိုပါတယ်။ ပြင်းထန်တဲ့ ရောဂါလက္ခဏာရှိသူတွေက နာတာရှည် ရောဂါပိုဖြစ်လွယ်ပြီး ကာကွယ်ဆေးထိုးထားသူတွေက နာတာရှည် ရောဂါဖြစ်ပွားတာနည်းတယ်ဆိုတဲ့ Toyonaka မြို့က စစ်တမ်းကနေ လေ့လာတွေ့ရှိချက်တွေက ပြည်ပမှာလုပ်တဲ့ အလားတူ သုတေသန ရလဒ်တွေနဲ့ တူညီနေတာကို ပြသနေတယ်လို့ ဆိုပါတယ်။ တချို့သူ တွေမှာ ကိုဗစ်နောက်ဆက်တွဲ ခံစားရတဲ့ဝေဒနာတွေဟာ အချိန်ကြာ လာတာနဲ့အမျှ ပျောက်ကင်းသွားတတ်ပေမဲ့ တချို့သူတွေကတော့ ကာလရှည်ကြာ ခံစားနေရတယ်ဆိုတာ ပြသနေပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(552) ကိုဗစ်ရဲ့နောက်ဆက်တွဲ နာတာရှည် ဝေဒနာတွေ ဖြစ်တာနဲ့ပတ်သက်တဲ့ နောက်ဆုံး တွေ့ရှိချက်များ။
အပိုင်း−၃ နာတာရှည် COVID ဖြစ်ဖို့ အန္တရာယ်တွေက ဘာတွေလဲ။

အဖြေ− နာတာရှည် COVID ရောဂါလို့သိကြတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ဖြစ်ပွားပြီး နောက်ဆက်တွဲဖြစ်ပွားတဲ့ ကာလလတ်နဲ့ ကာလရှည် ဝေဒနာတွေနဲ့ ပတ်သက်ပြီး လေ့လာနေပါတယ်။ ဒီတစ်ခါ နာတာရှည် COVID ဖြစ်ပွားနိုင်တဲ့ အန္တရာယ် ဘယ်လောက် ရှိသလဲဆိုတာ သိရအောင် ကိုဗစ်ဖြစ်ပွားခဲ့တဲ့လူနာတွေ ဆေးကုသခဲ့ တုန်းက ကျသင့်ငွေကို ရေးထားတဲ့ ငွေလက်ခံ ဖြတ်ပိုင်းတွေကို အသေးစိတ်လေ့လာ ကြည့်ထားပါတယ်။ ဆေးကုသစရိတ် ကျသင့် ငွေကို ရေးထားတဲ့ လက်ခံဖြတ်ပိုင်းမှာ လူနာရဲ့ ရောဂါနာမည် နဲ့ ကုသခဲ့တဲ့ ကုထုံးတွေကို အသေးစိတ်ရေးထားတာကြောင့် Nagoya Institute of Technology တက္ကသိုလ်က ပါမောက္ခ Hirata Akimasa ဦးဆောင်တဲ့ သုတေသနအဖွဲ့ဟာ ဒီငွေလက်ခံဖြတ်ပိုင်းတွေကို ခွဲခြမ်း စိတ်ဖြာခဲ့ပါတယ်။
သုတေသနလုပ်ခဲ့တဲ့ လူနာတွေကတော့ ပြင်းထန်တဲ့ ရောဂါလက္ခဏာ မရှိတဲ့ သာမန်ဖျားနာသူတွေဖြစ်ပြီး နှစ်စဉ်ဆေးဖိုး ကုန်ကျစရိတ် ယန်း ၂၀၀,၀၀၀ အောက် ပေးဆောင်နေရသူ ၁.၂၅ သန်း ဖြစ်ပါတယ်။
ကိုဗစ်ဗိုင်းရပ်စ်ပိုးကူးစက်ခံခဲ့ရသူနဲ့ ကိုဗစ်ပိုး ကူးစက်ခြင်း မရှိသူတွေ အကြား နောက်ဆက်တွဲဝေဒနာ ဖြစ်တာ ဘာကွာခြားမှုတွေရှိသလဲ ဆိုတာကို ဆန်းစစ်ခဲ့ကြပါတယ်။ ကိုဗစ်နောက်ဆက်တွဲ ရောဂါ လက္ခဏာတွေထဲက အဖြစ်များတဲ့ မောပန်းနွမ်းနယ်တာနဲ့ ခေါင်းကိုက် ဝေဒနာ အပါအဝင် နောက်ဆက်တွဲရောဂါလက္ခဏာ ၁၀ မျိုးကို အဓိကထား သုတေသန လုပ်ခဲ့ကြပါတယ်။ ဂျပန်မှာ ကိုဗစ်ဖြစ်ပွား ခဲ့တဲ့ ကူးစက်မှုပထမလှိုင်းကနေ တတိယလှိုင်းဖြစ်ပွားခဲ့တဲ့ ၂၀၂၁ခုနှစ် နွေဦးကာလအထိ တစ်နှစ်တာအတွင်းမှာ နောက်ဆက်တွဲ ရောဂါ လက္ခဏာ ၁၀မျိုးထဲက တစ်ခုခု ဖြစ်နေလို့ ဆေးရုံဆေးခန်းကို လာပြ သူတွေထဲမှာ ကိုဗစ် ဗိုင်းရပ်စ်ပိုး မကူးစက်ဖူးသူတွေရဲ့ ၃ ရာခိုင်နှုန်း လောက်ရှိပြီး ကိုဗစ်ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတွေကတော့ ၁၆ ရာခိုင်နှုန်း လောက်အထိ ရှိပါတယ်။ ဒီပမာဏဟာ ကိုဗစ်ပိုးမကူးဖူးသူ အရေအတွက်ထက် ၅ ဆ များပါတယ်။ ဒါ့အပြင် ကူးစက်မှု စတုတ္ထလှိုင်း ဖြစ်ပွားခဲ့ချိန်နဲ့ ပဉ္စမလှိုင်းဖြစ်ပွားခဲ့ချိန် ကာလအတွင်း နောက်ဆက်တွဲ ဝေဒနာခံစားရလို့ ဆေးဘက်ဆိုင်ရာဌာနမှာပြသခဲ့သူ လူနာအရေအတွက်ဟာ ၆ ဆ အထိ မြင့်မားခဲ့ပါတယ်။ ဒါပေမဲ့ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အလျင်အမြန် ပျံ့နှံ့ခဲ့ချိန် ကူးစက်မှုဆဋ္ဌမလှိုင်းဖြစ်ပွားခဲ့ချိန်ကနေ ၂၀၂၃ ခုနှစ် မတ်လအထိမှာ အဲဒီကိုဗစ်နောက်ဆက်တွဲဖြစ်တဲ့လူနာက ၃ ဆပဲရှိတာကြောင့် အနည်းငယ်သာ ကွာခြားမှု ရှိတာကို တွေ့ခဲ့ရပါတယ်။
ပါမောက္ခ Hirata က သူတို့ရဲ့ ခွဲခြမ်းစိတ်ဖြာမှုဟာ ဆေးကုသစရိတ် ပေးဆောင်တဲ့ ကျသင့်ငွေဖြတ်ပိုင်းပေါ်မှာရေးထားတဲ့ အချက်အလက် သာ ဖြစ်ပြီး ဗိုင်းရပ်စ်နဲ့ ရောဂါလက္ခဏာတွေအကြား ဆက်စပ်မှုကို ရှာဖွေဖို့ မလုံလောက်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ COVID ဗိုင်းရပ်စ်ကူးစက် ဖြစ်ပွားဖူးသူတွေဟာ သူ့ရဲ့နောက်ဆက်တွဲ ဝေဒနာ တွေခံစားရတဲ့အတွက် ဆေးရုံ၊ဆေးခန်းတွေကို မကြာခဏ သွားရောက်ပြသခဲ့ကြတယ်လို့ အခုတစ်ကြိမ်လေ့လာမှုအရသိရှိခဲ့ရပါ တယ်။ Omicron မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ရဲ့မျိုးကွဲတွေ အဓိက ကူးစက်ခဲ့တဲ့ ဆဋ္ဌမလှိုင်းအတွင်း ကိုဗစ်နောက်ဆက်တွဲရောဂါ လက္ခဏာရှိတဲ့သူနဲ့ ကွာခြားချက်အနည်းငယ်ပဲ ရှိခဲ့တဲ့ အကြောင်းရင်း က ကာကွယ်ဆေးတွေရဲ့ ထိရောက်မှုနဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ကူးစက် ပြန့်ပွားနိုင်စွမ်း ကျဆင်းလာတာတွေကြောင့် ဖြစ်နိုင်တယ်လို့ ပါမောက္ခ Hirata က ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(551) ကိုဗစ်ရောဂါရဲ့ နောက်ဆက်တွဲ နာတာရှည်ဝေဒနာတွေ နဲ့ပတ်သက်တဲ့ နောက်ဆုံး တွေ့ရှိချက်များ။
အပိုင်း−၂ နာတာရှည် COVID-19 ဖြစ်ပွားမှုကာလ အကြိမ်အရေအတွက် ဘယ်လောက်ရှိလဲ။

အဖြေ− နာတာရှည် COVID ရောဂါလို့သိကြတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက်ဆက်တွဲအနေနဲ့ အချိန်ကာလလတ်နဲ့ အချိန် ကာလရှည်ကြာအောင် ဝေဒနာတွေဖြစ်စေတာနဲ့ ပတ်သက်ပြီး လေ့လာနေပါတယ်။ ဒီတစ်ခါ နာတာရှည်ကိုဗစ်ဖြစ်ပွားတဲ့ ကာလ အကြိမ်အရေအတွက် ဘယ်လောက်ရှိလဲ ကြည့်ကြရအောင်။

National Center for Global Health and Medicine ရဲ့ ဗဟိုဆေးရုံကြီးက ဆရာဝန် Morioka Shinichiro ဦးဆောင်တဲ့အဖွဲ့တစ်ဖွဲ့ဟာ COVID ရောဂါဖြစ်ပွားပြီးမှ နောက်ဆက်တွဲ ရောဂါဝေဒနာတွေဖြစ်ပွားမှုကို သိရှိဖို့ စစ်တမ်း ကောက်ယူခဲ့ပါတယ်။ စစ်တမ်းဖြေဆိုသူတွေထဲမှာ ၂၀၂၀ ဖေဖေါ်ဝါရီလ ကနေ ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်း ကိုဗစ်ဖြစ်ပွားခဲ့ပြီး ဆေးကုသမှုခံယူခဲ့ပြီး ရောဂါပျောက်ကင်းခဲ့သူ တွေထဲက အသက် ၂၀ ကနေ ၇၉ နှစ်အကြားရှိတဲ့သူ စုစုပေါင်း ၅၀၂ ယောက်ကို မေးမြန်းခဲ့ပါတယ်။
စစ်တမ်းမှာ ဖြေပေးခဲ့သူတွေရဲ့ ၃၂.၃ ရာခိုင်နှုန်းဟာ ကိုဗစ်ရောဂါကနေ ပြန်ကောင်းမွန်လာပြီးနောက် ၆ လကြာတဲ့အခါ နောက်ဆက်တွဲ ဝေဒနာတွေ စတင်ခံစားရတယ်လို့ ပြောပါတယ်။ ပြန်နာလန်ထူလာ ပြီးနောက် ၁၂ လအကြာမှာ နောက်ဆက်တွဲ ရောဂါလက္ခဏာတွေ ခံစားရသူက ၃၀.၅ရာခိုင်နှုန်း ရှိပါတယ်။ ကိုဗစ်ကနေ နေပြန်ကောင်း လာပြီးနောက် ၁၈ လအကြာမှာ နာတာရှည်ရောဂါလက္ခဏာ ဖြစ်လာ သူက ၂၅.၈ ရာခိုင်နှုန်းရှိပါတယ်။
ကိုဗစ်ကနေ ပြန်ကောင်းလာပြီးနောက် တစ်နှစ်အကြာမှာ ဘယ်လို ရောဂါလက္ခဏာတွေ ခံစားခဲ့ရသလဲလို့မေးမြန်းခဲ့တဲ့အခါ မှတ်ဉာဏ် ချို့ယွင်းလာတဲ့သူက ၁၁.၇ ရာခိုင်နှုန်း၊ အာရုံစူးစိုက်ပြီး အလုပ်လုပ်ရ ခက်ခဲလာသူက ၁၁.၄ ရာခိုင်နှုန်း၊ အနံ့မရဘဲ ဖြစ်လာသူ ၁၀.၃ ရာခိုင်နှုန်း၊ brain fog လို့ခေါ်တဲ့ ဦးနှောက်နဲ့အာရုံကြောလေးလံ ထိုင်းမှိုင်းတဲ့ လက္ခဏာတွေ ၊ စဉ်းစားတွေးတောနိုင်စွမ်း မရှိဖြစ်လာ တာတွေ ခံစားရသူ ၉.၁ ရာခိုင်နှုန်း၊ စိတ်ကျဝေဒနာ ခံစားရသူ ၇.၅ ရာခိုင်နှုန်း၊ လျှာက အရသာမရတော့တာ ၅.၉ ရာခိုင်နှုန်း၊ အသက်ရှုရ ခက်ခဲသူ ၅.၆ ရာခိုင်နှုန်း၊ မောပန်းနွမ်းနယ်တာကို ခံစားရသူ ၃.၈ ရာခိုင်နှုန်းနဲ့ ဆံပင်ကျွတ်သူက ၃.၅ ရာခိုင်နှုန်း ရှိတာ တွေ့ရပါတယ်။
အမျိုးသမီးတွေက လျှာက အရသာမခံစားရသူ၊ ဆံပင်ကျွတ်သူနဲ့ အာရုံစူးစိုက်ရခက်ခဲသူတွေများပြီး COVID ကြောင့် ရောဂါပြင်းထန်မှု အလယ်အလတ်ရှိသူနဲ့ ရောဂါပြင်းထန်မှု ရှိခဲ့သူ လူနာတွေကတော့ အသက်ရှုရခက်ခဲတာ၊ ချောင်းဆိုးတာနဲ့ မောပန်းနွမ်းနယ်သလို ခံစားရ တာတွေ ကာလရှည်ကြာ ဖြစ်တတ်တာကို တွေ့ရပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(550) နာတာရှည်ရောဂါခံစားရတဲ့ ကိုဗစ်နဲ့ပတ်သက်တဲ့ နောက်ဆုံး တွေ့ရှိချက်များ။
အပိုင်း−၁ COVID-19 ဖြစ်ပြီးနောက်ဆက်တွဲ ခံစားရတဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

အဖြေ− ကမ္ဘာ့နိုင်ငံအတော်များများမှာ COVID-19 ကို သာမန်ကူးစက်ရောဂါ တစ်ခုအနေနဲ့ သဘောထားပြီး စတင်ကုသပေးနေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုဗစ်ကြောင့်နောက်ဆက်တွဲ ကာလလတ် ဖြစ်တာနဲ့ ကာလရှည် ဖြစ်တဲ့ long covidလို့ ခေါ်ဝေါ်တဲ့ ကာလရှည်ကြာ ကိုဗစ်ရောဂါ ဖြစ်တဲ့ အကျိုးဆက်တွေနဲ့ ပတ်သက်ပြီး ကြိုးစား ကုသဖြေရှင်းနေကြရဆဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာ ကိုဗစ်ဖြစ်ပြီး နောက်ပိုင်းမှာ ဖြစ်တတ်တဲ့ နာတာရှည်ရောဂါလက္ခဏာတွေနဲ့ ပတ်သက်တဲ့ နောက်ဆုံးတွေ့ရှိချက်တွေကို လေ့လာကြပါမယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က COVID-19 ဖြစ်ပြီးနောက်ပိုင်း ရောဂါလက္ခဏာတွေနဲ့ပတ်သက်ပြီး အခုလို သတ်မှတ်ထားပါတယ်။
နာတာရှည် COVID ရဲ့လက္ခဏာတွေဟာ
၁− အများအားဖြင့် COVID-19 စတင်ကူးစက်ဖြစ်ပွားခဲ့ပြီးနောက် ၃ လအတွင်းမှာ ပေါ်လာတတ်ပါတယ်။
၂− အနည်းဆုံး နှစ်လကျော်လောက်အထိ ခံစားရတတ်ပါတယ်။
၃−ဘာရောဂါတွေရဲ့လက္ခဏာလဲဆိုတာရှင်းပြဖို့ခက်တဲ့ လက္ခဏာမျိုး
အဲဒီအချက် ၃ ချက်နဲ့ ကိုက်ညီတယ်ဆိုရင် နာတာရှည် COVID ရဲ့ လက္ခဏာတွေအဖြစ် သတ်မှတ်ပါတယ်။ အထူးသဖြင့် COVID ရဲ့ နောက်ဆက်တွဲလက္ခဏာတွေထဲမှာ ပင်ပန်းပြီးနွမ်းနယ်နေတတ်တာ၊ အသက်ရှုကြပ်တာ၊ မှတ်ဉာဏ်အားနည်းလာတာ၊ အာရုံစူးစိုက်လို့မရ တာနဲ့ အနံ့၊ အရသာပျောက်သွားတာ စတဲ့လက္ခဏာတွေ ပါဝင်ပါတယ်။
ဒါပေမဲ့ သုတေသနစစ်တမ်းတစ်ခုမှာတော့ လူနာတွေခံစားရတဲ့ ကိုဗစ်နောက်ဆက်တွဲ ရောဂါလက္ခဏာအမျိုးပေါင်း ၅၀ လောက်ရှိတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။ အဲဒီလို နာတာရှည် COVID လက္ခဏာတွေ ဖြစ်ပေါ်လာတတ်တဲ့ အကြိမ် အရေအတွက်နဲ့ ပတ်သက်ပြီး မသိရှိရသေးပါဘူး။ လူနာတစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ဖြစ်ပွားပြီးနောက် ရောဂါလက္ခဏာတချို့ ပြသလာတယ်ဆိုရင် ဒါဟာ ကိုဗစ်နဲ့ဆက်စပ်တဲ့ နောက်ဆက်တွဲရောဂါလက္ခဏာလား ဒါမှမဟုတ် တခြား ရောဂါကြောင့် ဖြစ်တာလားဆိုတာကို ဆုံးဖြတ်ဖို့ အလွန်ခက်ခဲပါတယ်။
National Center for Global Health and Medicine ရဲ့ ဗဟိုဆေးရုံက ဆရာဝန် Morioka Shinichiro က ကိုရိုနာဗိုင်းရပ်စ် ကူးစက် ရောဂါ ဖြစ်ပွားပြီးနောက် ဘာကြောင့် နာတာရှည် ရောဂါလက္ခဏာတွေ စွဲကျန်ခဲ့တယ်၊ ဘယ်လိုမျိုး အဆင့်ဆင့် ဖြစ်ပွားလာတယ်ဆိုတာကို လက်ရှိမှာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဆိုပါတယ်။ ဒီရောဂါလက္ခဏာတွေဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ အမှန်တကယ် ဆက်စပ်မှုရှိမရှိ ဆုံးဖြတ်ဖို့အတွက် လူနာတွေကို အသေအချာ စမ်းသပ်စစ်ဆေးကြည့်ဖို့ လိုအပ်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(549) ကိုရိုနာဗိုင်းရပ်စ်ကို ရောဂါအမျိုးအစားအဆင့်လျှော့ချ သတ်မှတ်တဲ့အခါ ဘယ်လို အပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်သလဲ ။
အပိုင်း−၇ ကျွမ်းကျင်သူတစ်ဦးရဲ့ သုံးသပ်ချက်။

အဖြေ− ဂျပန်အစိုးရဟာ မေလ ၈ရက်နေ့ကစပြီး COVID-19 ရောဂါကို ရာသီပေါ်တုပ်ကွေးလိုမျိုး ကူးစက်ရောဂါအမျိုးအစား အဖြစ် အဆင့် ၅ ကို လျှော့ချဖို့ တရားဝင်ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလို အပြောင်းအလဲကြောင့် ဖြစ်လာနိုင်တဲ့ သက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတစ်ဦးရဲ့သုံးသပ်ချက်ကို လေ့လာကြည့် ကြရအောင်။

Toho တက္ကသိုလ်က ပါမောက္ခ Tateda Kazuhiro ဟာ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အစိုးရအကြံပေးအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။ ရောဂါအဆင့်လျှော့ချလိုက်ပြီးနောက်မှာ ကိုရိုနာဗိုင်းရပ်စ် ပိုးရှိမရှိ စစ်ဆေးတာနဲ့ ဆေးရုံဆေးခန်းမှာ ဆေးကုသတဲ့စရိတ်တွေကို လူနာက မိမိဖာသာ ပေးဆောင်ရမှာနဲ့ပတ်သက်ပြီး ပါမောက္ခ Tateda က အခုလို ပြောသွားခဲ့ပါတယ်။ ရောဂါပိုး ကူးစက်ခံရတယ်လို့ သံသယရှိတဲ့အခါ လူနာက ဆရာဝန်ဆီ သွားမပြဘဲနေကြမှာ မဟုတ်ဘူးလို့ သူ့အမြင်ကို ပြောပါတယ်။
ဘာကြောင့်လဲဆိုတော့ ရာသီပေါ်တုပ်ကွေး ဖြစ်တယ်ထင်လို့ ဆရာဝန်ဆီ သွားပြလို့ ကျသင့်ငွေနဲ့ ကိုရိုနာဖြစ်တယ်ထင်လို့ စစ်ဆေးတဲ့အခါ လူနာတွေ ကိုယ့်ဘာသာပေးဆောင်ရမယ့် ဆေးကုစရိတ်က အကြမ်းဖျင်းအားဖြင့် အတူတူပဲ ဖြစ်တာကြောင့် လို့ဆိုပါတယ်။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ဖြစ်လို့ ကုသတဲ့ဆေးဖိုးနဲ့ ဆေးရုံတက် ကုသစရိတ်ကို မိမိဘာသာကျခံရမယ်ဆိုရင်တော့ အလွန်စရိတ်ကြီး နိုင်တာမို့ အစိုးရအနေနဲ့ လုံလောက်တဲ့ ပံ့ပိုးမှုပေးဖို့ လိုပြီး အပြောင်းအလဲတွေကို တစ်ဆင့်ချင်း အကောင်အထည် ဖော်သွားသင့်တယ်လို့ ပါမောက္ခ Tateda က ပြောပါတယ်။
အစိုးရအနေနဲ့ ကိုဗစ်ကို ရောဂါအဆင့်လျှော့ချ သတ်မှတ်လိုက်ပြီးနောက်မှာ ကိုဗစ်လူနာတွေကို လက်ခံကုသပေးမယ့် ဆေးရုံ၊ ဆေးခန်းအရေအတွက် ပိုမိုတိုးမြှင့်ဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့အချက်နဲ့ ပတ်သက်ပြီးလည်း သူ့အမြင်ကို အခုလို ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်လူနာတွေကို အခုအထိ လက်ခံကုသပေးခြင်းမရှိခဲ့တဲ့ ဆေးဘက်ဆိုင်ရာဌာနတွေကို ကိုဗစ်လူနာ လက်ခံကုပေးဖို့ ရုတ်တရက် တောင်းဆိုမယ်ဆိုရင် အခြေအနေရှုပ်ထွေးလာတာတွေ ဖြစ်နိုင်တာကြောင့် ဆေးဘက်ဆိုင်ရာဌာနတွေ ဝန်မပိစေမယ့် နည်းနဲ့ လုပ်နိုင်တဲ့ အတိုင်းအတာကပဲ ပူးပေါင်းဆောင်ရွက်စေ သင့်တယ် လို့ သူကပြောပါတယ်။ ဆေးဘက်ဆိုင်ရာဌာန ဆေးရုံဆေးခန်း အများစု ရာသီပေါ်တုပ်ကွေးလူနာတွေကို လက်ခံကုသပေးနေတာကြောင့် တုပ်ကွေးလူနာတွေကူးစက်မှု ကာကွယ်တားဆီးရေး အတွက် လုပ်ဆောင်ထားတဲ့အစီအမံတွေကိုပဲ အနည်းငယ် ပိုပြီး တင်းကျပ်အောင် စီစဉ်ဆောင်ရွက်ဖို့တောင်းဆိုပြီး ကိုဗစ်လူနာတွေကို လက်ခံကုသပေးနိုင်မယ့် ဆေးရုံ၊ ဆေးခန်း အရေအတွက်ကို တဖြည်းဖြည်းတိုးသွားအောင်လုပ်ဖို့ အရေးကြီးတယ်လို့ သူက ပြောပါတယ်။
ဆေးရုံဆေးခန်းလာပြတဲ့ လူနာတစ်ဦးနဲ့ဦး အကြား အကွာအဝေးတစ်ခုခြားပြီး နေစေဖို့နဲ့ လေအဝင်အထွက် ကောင်းမွန်အောင် အသေအချာ လုပ်ဆောင်ဖို့ကလည်း အရေးကြီးတယ်လို့ သူက ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(548) ကိုရိုနာဗိုင်းရပ်စ်ကို ရောဂါအမျိုးအစားအဆင့်လျှော့ချ သတ်မှတ်တဲ့ အခါ ဘယ်လို အပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်သလဲ ။
အပိုင်း−၆ ဆေးဘက်ဆိုင်ရာဌာနတွေက အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး ဘယ်လို တုံ့ပြန်ဆောင်ရွက်မလဲ ။

အဖြေ− ဂျပန်အစိုးရဟာ မေလ ၈ရက်နေ့ကစပြီး COVID-19 ရောဂါကို ရာသီပေါ်တုပ်ကွေးလိုမျိုး ကူးစက်ရောဂါအမျိုးအစား အဖြစ် အဆင့် ၅ကို လျှော့ချဖို့ တရားဝင်ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအပြောင်းအလဲနဲ့ ပတ်သက်ပြီး ဆေးဘက်ဆိုင်ရာဌာနတွေက ကုသမှုပိုင်းမှာ ဘယ်လို တုံ့ပြန်ဆောင်ရွက်ကြမလဲ လေ့လာကြည့်ကြရအောင်။
အရင်က COVID-19 လူနာတွေကို လက်ခံပြီး မကုသပေးနိုင်ခဲ့တဲ့ ဆေးဘက်ဆိုင်ရာဌာနတချို့က ကိုဗစ်ကို ရောဂါအမျိုးအစား အဆင့်လျှော့ချလိုက်ပြီးနောက်မှာ ကိုဗစ်လူနာတွေကို လက်ခံကုသပေးဖို့ စဉ်းစားနေပါတယ်။ ဒေါက်တာ Kijima Fujio ဟာ Tokyo မြို့ Shinjuku မြို့နယ်မှာရှိတဲ့ Kijima ဆေးခန်းကို အုပ်ချုပ်တဲ့ ဒါရိုက်တာ ဖြစ်ပါတယ်။ ဂျပန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ စတင်ပျံ့နှံ့လာခဲ့တုန်းက ဒေါက်တာ Kijima ဟာ COVID-19 ရောဂါပိုးတွေ့ရှိတဲ့ လူနာတွေကို လက်ခံကုသပေးဖို့ စဉ်းစားခဲ့ပေမဲ့ သူ့ဆေးခန်းမှာ ကိုဗစ်လူနာတွေကို သီးခြားခွဲထားဖို့ ကုသဆောင် မရှိတာကြောင့် တခြားရောဂါရှိသူ လူနာတွေ ဘေးကင်း စိတ်ချရအောင် ကိုဗစ်လူနာတွေကို လက်ခံကုသမှု မပြုလုပ်ခဲ့ဘူးလို့ ပြောပါတယ်။
ဒါပေမဲ့ အခုအခါ ကိုဗစ်ရောဂါကို အဆင့်လျှော့ချသတ်မှတ်မယ့် အစီအစဉ်ကြောင့် သူ့ ဆေးခန်းမှာ COVID-19 လူနာ အသစ်တွေကို လက်ခံဆေးစစ် ကုသပေးဖို့ စဉ်းစားနေပါတယ်။ လက်ခံကုသတဲ့အခါ ကိုဗစ်သံသယရှိလူနာကို ဖုန်းနဲ့ ကြိုတင်စာရင်းသွင်းစေပြီး အခြား ရောဂါနဲ့ လူနာတွေကို မကြည့်တဲ့အချိန်မှာ လက်ခံကြည့်ရှု ကုသပေးတာမျိုး ဖြစ်ပါတယ်။ ဆေးခန်းက ဝန်ထမ်းတွေ ကလည်း ကိုဗစ်သံသယလူနာကိုကုသပေးပြီး နောက်မှာ လူနာရှိခဲ့တဲ့ အခန်းတွေကို လေဝင်လေထွက် ကောင်းအောင်လုပ်တာနဲ့ ပိုးသတ်ဆေးဖြန်းတာတွေ လုပ်ဖို့ လိုအပ်ပါတယ်။
အဲဒီလို ကြိုတင်ကာကွယ်မှုအစီအမံတွေ ပြုလုပ်ပြီးနောက်မှာတောင် ရောဂါပိုးကူးစက်ခံထားရတဲ့ လူနာတွေနဲ့ တခြားလူနာတွေက ဆေးခန်း တစ်နေရာတည်းကို အသုံးပြု ဆေးကုတာ ဖြစ်တဲ့အတွက် ရောဂါပိုး ကူးစက်နိုင်ခြေကတော့ ရှိပါသေးတယ်။ အပြည့်အဝတော့ ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒီအတွက် စိုးရိမ်ပူပန်မှုတွေ ရှိနိုင်ပါတယ်။ ဆေးခန်းမှာတာဝန်ထမ်းဆောင်တဲ့ ဝန်ထမ်းတွေဟာ ရောဂါပိုးကူးစက်မှုတွေမဖြစ်အောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ပြင်ဆင်မှုတွေ လုပ်ထားပေမဲ့ ဆေးခန်းလာပြတဲ့ လူနာတွေကတော့ မကူးစက်နိုင်အောင် ကြိုတင်ကာကွယ်တွေကို လုပ်ထားမှာ မဟုတ်ပါဘူး။ ဒါကြောင့် အထူးသဖြင့် ရောဂါအခံရှိတဲ့ လူနာတွေက ကူးစက်မှုအန္တရာယ် မရှိအောင်နဲ့ အန္တရာယ် အနည်းဆုံးဖြစ်အောင် အစီအမံတွေကို စေ့စေ့စပ်စပ်နဲ့ လုပ်ဆောင်ဖို့ ဆေးရုံဘက်က တာဝန်ယူ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ဒေါက်တာ Kijima က ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(547) ကိုရိုနာဗိုင်းရပ်စ်ကို ရောဂါအမျိုးအစားအဆင့်လျှော့ချ သတ်မှတ်တဲ့အခါ ဘယ်လို အပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်သလဲ ။
အပိုင်း−၅ ကိုဗစ်လူနာတွေဆေးရုံတက်ရမယ်ဆိုရင် လက်ခံကုသပေးမယ့် ဆေးရုံရှာဖွေဖို့ တာဝန်ယူမှာ ဘယ်သူတွေလဲ။

အဖြေ− ဂျပန်အစိုးရဟာ မေလ ၈ရက်နေ့ကစပြီး COVID-19 ရောဂါကို ရာသီပေါ်တုပ်ကွေးလိုမျိုး ကူးစက်ရောဂါအမျိုးအစား အဖြစ် အဆင့် ၅ကို လျှော့ချဖို့ တရားဝင်ဆုံးဖြတ်ခဲ့ပါတယ်။ အခုတခါ COVID-19 လူနာတွေဆေးရုံတက်ရမယ်ဆိုရင် လက်ခံကုသပေးမယ့် ဆေးရုံဆေးခန်းစတဲ့ ဆေးဘက်ဆိုင်ရာ ဌာနတွေကို ရှာဖွေပေးဖို့ ဘယ်သူက တာဝန်ယူမှာလဲ ဆိုတဲ့အချက်ကို လေ့လာကြပါမယ်။
လက်ရှိမှာ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရသူတွေ ဆေးရုံတက်ဖို့ လိုအပ်တဲ့အခါ ပြည်သူ့ကျန်းမာရေးစင်တာလိုမျိုး အဖွဲ့အစည်းတွေက ဆေးရုံတက်ကုသခွင့်ရအောင် ဆေးရုံနဲ့ ကြားကနေ ညှိနှိုင်းဆောင်ရွက် ပေးပါတယ်။ ဒါပေမဲ့ ကိုဗစ်ကို ရောဂါအဆင့် ၅ အထိ လျှော့ချလိုက် ပြီ ဆိုတာနဲ့ အဲဒီတာဝန်တွေကို မူအားဖြင့် ဆေးရုံတွေအချင်းချင်းကပဲ လူနာလွှဲပြောင်းပေးဖို့ နည်းလမ်းကို တစ်ဆင့်စီပြောင်းလဲ လုပ်ဆောင် သွားမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဆေးဘက်ဆိုင်ရာဌာနတွေ အချင်းချင်း ဆေးရုံတင်မဲ့လူနာကို ညှိနှိုင်းဆောင်ရွက်ပေးတဲ့အခါ ပထမဦးဆုံး ရောဂါလက္ခဏာ မပြင်းထန်သူတွေအတွက် ညှိနှိုင်း ဆောင်ရွက်တာကို စလုပ်မှာ ဖြစ်ပါတယ်။ ဆောင်းဦးပေါက်ရာသီ ရောက်မှ ရောဂါလက္ခဏာ ပြင်းထန်တဲ့ ကိုဗစ်လူနာတွေအတွက် ဆေးရုံအချင်းချင်းညှိနှိုင်း လုပ်ဆောင်တာကို စတင်တာဝန်ယူမှာ ဖြစ်ပါတယ်။ ဒီလိုဆေးရုံအချင်းချင်း ညှိနှိုင်းဆောင်ရွက်တဲ့အခါ သတင်းအချက်အလက်ဖလှယ်ဖို့ နည်းပညာကို အားဖြည့်အသုံးချ သွားမှသာ ဆေးရုံကုတင်လွတ် ရှိမရှိစတဲ့ သတင်းအချက်အလက်တွေ ကို လျင်လျင်မြန်မြန် မျှဝေနိုင်မှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီအပြောင်းအလဲကို ချောချောမွေ့မွေ့ လုပ်ဆောင်နိုင်ဖို့အတွက် ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေဟာ အခြေအနေပေါ်မူတည်ပြီး ဆေးရုံတက်လူနာတွေအတွက် ညှိနှိုင်းဆောင်ရွက်ရေးဌာနကို ဆက်ထားပြီး လုပ်ဆောင်သွားဖို့ ရှိပါတယ်။
ကျန်းမာရေး ဝန်ကြီးဌာနက ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုတွေ တိုးချဲ့ဆောင်ရွက်ဖို့နဲ့ ဆေးရုံတွေအချင်းချင်း ညှိနှိုင်းဆောင်ရွက်နိုင်ဖို့ ဒီလုပ်ဆောင်နည်းပြောင်းလဲတဲ့ စီမံကိန်းကို ဧပြီလကုန် နောက်ဆုံးထားပြီး အကောင်အထည်ဖော်ဖို့ ခရိုင်အုပ်ချုပ်ရေး အဖွဲ့တွေကို တောင်းဆိုမှာဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ ဆောင်းရာသီ အေးလာချိန်မှာ ဖြစ်လာမယ့် ကူးစက်မှုတွေ မစခင် စက်တင်ဘာလကုန်အထိ ဆက်ရှိနေမှာ ဖြစ်ပြီး အဲဒီကာလနောက်ပိုင်းမှာတော့ ခရိုင်တစ်ခုစီမှာ စီမံကိန်း ဘယ်လို အကောင်အထည်ဖေါ် တိုးတက်လာသလဲ ဆိုတဲ့ အခြေအနေပေါ် မူတည်ပြီး လိုအပ်တဲ့ ပြန်လည်သုံးသပ်မှုတွေ ပြုလုပ်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက စီစဉ်ထားပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(546) ကိုရိုနာဗိုင်းရပ်စ်ကို ရောဂါ အမျိုးအစားအဆင့်လျှော့ချ သတ်မှတ်တဲ့အခါ ဘယ်လို အပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်သလဲ ။
အပိုင်း−၄ ကိုဗစ်လူနာတွေကို လက်ခံကုသပေးတဲ့ ဆေးဘက်ဆိုင်ရာဌာန၊ ဆေးရုံဆေးခန်းတွေရဲ့ အပြောင်းအလဲတွေက ဘာတွေလဲ။

အဖြေ− ဂျပန်အစိုးရဟာ မေလ ၈ရက်နေ့ကစပြီး COVID-19 ရောဂါကို ရာသီပေါ်တုပ်ကွေးလိုမျိုး ကူးစက်ရောဂါအမျိုးအစား အဖြစ် အဆင့် ၅ ကို လျှော့ချဖို့ တရားဝင်ဆုံးဖြတ်ခဲ့ပါတယ်။ အခုတခါ ဆေးဘက်ဆိုင်ရာဌာနတွေရဲ့ COVID-19 လူနာတွေကို လက်ခံကုသ ပေးတဲ့ အပြောင်းအလဲတွေကို လေ့လာကြရပါမယ်။
အစိုးရဟာ ဆေးဘက်ဆိုင်ရာဌာနတွေမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ လက္ခဏာပြသနေသူတွေကို အခုထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ကုသမှုပေးနိုင်မယ့် စနစ်တစ်ခုထူထောင်ဖို့ ရည်ရွယ်ထားပါတယ်။ ဂျပန် ကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ် ဧပြီလနောက်ဆုံးထား ပြီး အဲဒီစနစ်ကို တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နိုင်ငံတစ်ဝန်းက ဆေးရုံပေါင်း ၄၂,၀၀၀ လောက်မှာ ကိုဗစ် ပြင်ပလူနာတွေကို လက်ခံကုသပေးနေပါတယ်။ ကိုဗစ်ကို ရောဂါအမျိုးအစား အဆင့်၅ အထိ လျှော့ချလိုက်ပြီးတဲ့နောက်မှာ ကိုဗစ်လူနာတွေကို လက်ခံကုသ ပေးမယ့် ဆေးရုံဆေးခန်းတွေကို ၆၄,၀၀၀ အထိ တိုးမြှင့်ဖွင့်လှစ် သွားဖို့ ရည်မှန်းထားပါတယ်။ ဆေးရုံဆေးခန်းတွေက ပုံမှန်ပြနေကျ လူနာတွေပဲ လက်ခံတာမဟုတ်ဘဲ လူနာအသစ်တွေကိုလည်း လက်ခံ ဖို့ ကျန်းမာရေးဝန်ကြီးဌာနက စီစဉ်နေပါတယ်။ ကိုဗစ်လူနာတွေကို လက်ခံကုသပေးမယ့် ဆေးဘက်ဆိုင်ရာ ဌာနတွေရဲ့ အမည်စာရင်းကို ဒေသန္တရ အုပ်ချုပ်ရေးရုံးတွေကနေ ထုတ်ပြန်ပေးတာလည်း ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။
ဆေးဘက်ဆိုင်ရာဌာနပေါင်း ၃၀၀၀ လောက်မှာ ကိုရိုနာဗိုင်းရပ်စ် လူနာတွေ ဆေးရုံတက် ကုသခွင့်ရအောင် အစိုးရက စီစဉ်ပေးနိုင်ခဲ့ ပါတယ်။ ကိုဗစ်ကို ရောဂါအဆင့် ၅ အထိ လျှော့ချသတ်မှတ်လိုက်ပြီး တဲ့ နောက်မှာ ဂျပန်နိုင်ငံတစ်ဝန်းမှာ ရှိတဲ့ ဆေးရုံပေါင်း ၈,၂၀၀ မှာ ကိုရိုနာဗိုင်းရပ်စ် လူနာတွေကို လက်ခံကုသပေးနိုင်မယ့် စနစ်တစ်ခု ထူထောင်ဖို့ ရည်ရွယ်ထားပါတယ်။ အထူးသဖြင့် အသက်အရွယ်ကြီး တဲ့လူနာတွေအတွက် ဆေးရုံကပြန်ဆင်းနိုင်အောင် ပြန်လည်ကြံ့ခိုင်ပြီး နာလန်ထူလာရေး အတွက် ဝန်ဆောင်မှုပေးတဲ့ rehabilitation ကုသဆောင်တွေကို ပံ့ပိုးကူညီပေးဖို့ စီစဉ်နေပါတယ်။ အဲဒါမှ အဲဒီ ဆေးရုံတွေ၊ ဆေးဘက်ဆိုင်ရာဌာနတွေဟာ ကိုရိုနာဗိုင်းရပ်စ် လူနာ တွေကိုပါ လက်ခံကုသပေးနိုင်မှာ ဖြစ်ပါတယ်။
ကိုဗစ်လူနာတွေကို လက်ခံကုသပေးမယ့် ဆေးဘက်ဆိုင်ရာဌာန အရေအတွက်ကို တိုးမြှင့်ဖို့အတွက် ဆေးဘက်ဆိုင်ရာဌာနတွေအနေ နဲ့ ဆေးရုံတွင်း လူနာအမျိုးမျိုးကတစ်ဆင့် ထပ်ဆင့်ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားအောင် လမ်းညွှန်ချက်တွေကို ပြန်လည် သုံးသပ်ဖို့ အပြင် ကူးစက်ပျံ့ပွားမှုကိုထိမ်းချုပ်ဖို့ နည်းလမ်းတွေကို ဆောင်ရွက်ရာမှာ လိုအပ်တဲ့ ပြင်ဆင်မှုတွေအတွက် ပစ္စည်းတွေ ထောက်ပံ့ပေးဖို့လည်း အစိုးရက စီစဉ်နေပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(545) ကိုရိုနာဗိုင်းရပ်စ်ကို ရောဂါအမျိုးအစားအဆင့်လျှော့ချ သတ်မှတ်တဲ့အခါ ဘယ်လို အပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်သလဲ ။
အပိုင်း−၃ ဆေးရုံတက်တာ ဒါမှမဟုတ် သတ်မှတ်နေရာတစ်ခုခုမှာ သီးခြားခွဲ နေထိုင်ပြီး ကုသရတဲ့ ကိုဗစ်လူနာတွေရဲ့ ကုန်ကျစရိတ် ဘယ်လောက်ရှိနိုင်သလဲ။

အဖြေ− ဂျပန်အစိုးရဟာ မေလ ၈ရက်နေ့ကစပြီး COVID-19 ရောဂါကို ရာသီပေါ်တုပ်ကွေးလိုမျိုး ကူးစက်ရောဂါအမျိုးအစား အဖြစ် အဆင့် ၅ကို လျှော့ချဖို့ တရားဝင်ဆုံးဖြတ်ခဲ့ပါတယ်။ အခုတခါ COVID-19 လူနာတွေ ဆေးရုံတက်ကုသရတဲ့အခါ ဒါမှမဟုတ် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေက သတ်မှတ်ပေးထားတဲ့နေရာတွေမှာ နေထိုင်ပြီး ကုသရတဲ့အခါ ထောက်ပံ့ပေးတဲ့ ငွေကြေး ဘယ်လို ပြောင်းလဲသွားမလဲ လေ့လာကြည့်ကြရအောင်။
လက်ရှိမှာတော့ COVID-19 လူနာတွေအတွက် ဆေးရုံတက် ကုသစရိတ်တွေကို အစိုးရကပြည်သူ့ဘဏ္ဍာငွေထဲကနေ အပြည့်အဝ ပေးဆောင်ပေးပါတယ်။ ဒါပေမဲ့ ရောဂါအမျိုးအစား အဆင့်လျှော့ချ သတ်မှတ်လိုက်ပြီးနောက်ပိုင်းမှာ ကိုဗစ်လူနာတွေရဲ့ ဆေးရုံတက် ကုသမှုစရိတ်နဲ့ ဆေးရုံကကျွေးမွေးတဲ့ အစားအစာအတွက် ကျသင့်ငွေတွေကို မိမိဘာသာ ပေးဆောင်ရမယ်လို့ ဂျပန်ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ COVID-19 ကြောင့် ဆေးရုံတက် ကုသရတဲ့စရိတ်ဟာ ကြီးမားပါတယ်။ ဒါကြောင့် COVID-19 အတွက် ဆေးကုသစရိတ်ဟာ ဆေးဘက်ဆိုင်ရာ ကုန်ကျစရိတ်ကြီးမားရင် ရရှိမယ့်ခံစားခွင့်ထဲမှာ အကျုံးဝင်ပါတယ်။ လူနာတွေ မိမိဘာသာကျခံရမယ့် ဆေးကုသစရိတ် ရုတ်တရက် မြင့်တက်လာတာမျိုး မဖြစ်အောင်လည်း အစိုးရက စဉ်းစားနေပြီး နွေရာသီမှာ ရောဂါပိုးကူးစက်မှု မြင့်တက်လာနိုင်ခြေရှိတာကြောင့် ကျန်းမာရေး ဝန်ကြီးဌာနက အခုနှစ် စက်တင်ဘာလကုန်အထိ ယန်း ၂၀၀၀၀ ဆေးရုံတက် ကုသစရိတ်ပေးပါမယ်။ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၁၅၀ လောက်အထိ ထပ်ဆောင်းအကျိုးခံစားခွင့် ရရှိမှာ ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက အသက် ၇၅ နှစ်နဲ့အထက်ရှိသူတွေ အတွက် ခန့်မှန်းထားတဲ့ ဆေးရုံတက်ကုသစရိတ်ကို ထောက်ပံ့ပေး ပါတယ်။ နေထိုင်ခွန်ပေးဆောင်နေရတဲ့ တစ်နှစ်ဝင်ငွေ ယန်း ၃.၈၃ သန်း ဒါမှမဟုတ် ဒေါ်လာ ၂၉၀၀၀ လောက်ပဲရရှိသူတွေဟာ အလယ်အလတ်အဆင့်ရှိတဲ့ ကိုဗစ်ရောဂါလက္ခဏာကြောင့် ၁၀ ရက်ကြာ ဆေးရုံတက်ရတဲ့အခါ၊ ဆေးကုသမှုအတွက် ယန်း ၃၇၆၀၀ ဒါမှမဟုတ် အမေရိကန်ဒေါ်လာ ၂၉၀ ခန့်နဲ့ ဆေးရုံက ကျွေးမွေးမှုအတွက် ယန်း ၁၃၈၀၀ တစ်နည်းအားဖြင့် အမေရိကန် ၁၀၅ ဒေါ်လာခန့် ကျသင့်မှာ ဖြစ်ပါတယ်။
အပျော့စားရောဂါလက္ခဏာ ကိုဗစ်လူနာတွေ အိမ်မှာပဲနေပြီး ဆေးကုသဖို့ မဖြစ်နိုင်ရင် ဒါမှမဟုတ် ဆေးရုံကုတင်မလွတ်လို့ တက်ခွင့်မရရင် ဟိုတယ်တွေနဲ့ တခြားသတ်မှတ်နေရာတွေမှာ သီးခြားခွဲနေထိုင်ပြီး ကုသရတဲ့ စနစ်ကိုလည်း အဆုံးသတ်မှာ ဖြစ်ပါ တယ်။ ဒါပေမဲ့လည်း သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ဝန်ဆောင်လူနာ တွေအတွက် အဲဒီသတ်မှတ်ထားတဲ့ တည်းခိုနေရာတွေမှာ နေထိုင် ကုသမှုစနစ်ကို ဒေသန္တရအစိုးရတွေက စက်တင်ဘာလကုန် အထိ ဆက်လက်ထားရှိပေးမှာ ဖြစ်ပြီး ကုန်ကျစရိတ်ကတော့ လူနာတွေ အနေနဲ့ မိမိဘာသာကျခံစေဖို့ ရည်ရွယ်ထားတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ဆိုပါတယ်။
နွေရာသီမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှုတွေမြင့်တက်တာ ဖြစ်နိုင်ခြေရှိတဲ့ အတွက် ဂျပန်ကျန်းမာရေးဝန်ကြီးဌာနဟာ COVID-19 ဆေးဝါးတွေနဲ့ ဆေးရုံတက်ကုသစရိတ် သက်သာစေဖို့ ပံ့ပိုးမှုတွေ စက်တင်ဘာလ ကုန်အထိ ဆက်ပေးသွားမှာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ တခြားရောဂါ တွေအတွက် ပေးတဲ့ခံစားခွင့်တွေနဲ့ နှိုင်းယှဉ်ရင် သင့်တင့်မျှတမှု ရှိမရှိ ကြည့်ပြီး ထောက်ပံ့ရေး အစီအမံတွေကို ဆက်လုပ်မလုပ် စဉ်းစားမှာ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(544) ကိုရိုနာဗိုင်းရပ်စ်ကို ရောဂါအမျိုးအစားအဆင့်လျှော့ချ သတ်မှတ်တဲ့အခါ ဘယ်လို အပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်သလဲ ။
အပိုင်း−၂ COVID-19 နဲ့ ပြင်ပလူနာအဖြစ် ဆေးကုသတဲ့အခါ၊ ဆေးစစ်တဲ့အခါ ကုန်ကျစရိတ် ဘယ်လောက်ရှိနိုင်သလဲ။

အဖြေ− ဂျပန်အစိုးရဟာ မေလ ၈ရက်နေ့ကစပြီး COVID-19 ရာသီပေါ်တုပ်ကွေးလိုမျိုး ကူးစက်ရောဂါအမျိုးအစား အဖြစ် အဆင့် ၅ ကို လျှော့ချဖို့ တရားဝင်ဆုံးဖြတ်ခဲ့ပါတယ်။ ဒီတစ်ခါ COVID-19 ကြောင့် ပြင်ပလူနာအဖြစ် ဆေးစစ်တာနဲ့ကုသတာအတွက် စရိတ် ဘယ်လောက်ကုန်ကျနိုင်သလဲ ဆိုတာ လေ့လာကြည့်ကြရအောင်။

လက်ရှိမှာ COVID-19 ဗိုင်းရပ်စ်ပိုးရှိကြောင်း စစ်ဆေးသိရှိပြီးနောက် ပြင်ပလူနာအဖြစ် ကုသတဲ့အတွက် ကုန်ကျစရိတ်အားလုံးကို အစိုးရက ပြည်သူ့ဘဏ္ဍာငွေကနေ အပြည့်အဝ ကျခံပေးပါတယ်။ ဒါပေမဲ့ ကိုရိုနာရောဂါကို အဆင့်လျှော့ချ သတ်မှတ်ပြီးနောက်ပိုင်းမှာ ကိုဗစ်လူနာတွေဟာ ဆေးကုသမှု ကုန်ကျစရိတ်ကို မိမိဘာသာ ပေးဆောင်ရမှာ ဖြစ်ပါတယ်။
အသက် ၇၀ မပြည့်သေးသူတွေဟာ ကိုဗစ်ရောဂါဖြစ်ပွားပြီးနောက်မှာ ပိုးသတ်ဆေးနဲ့ကိုဗစ်ဆေးတွေ သောက်ရမယ်ဆိုရင် စုစုပေါင်း ဆေးကုသမှု ကုန်ကျစရိတ်ရဲ့ ၃၀ ရာခိုင်နှုန်းဖြစ်တဲ့ ယန်း ၄,၁၇၀ ဒါမှမဟုတ် အမေရိကန်ဒေါ်လာ ၃၁ ဒေါ်လာကို ကိုယ့်အိတ်ထဲကနေ ပေးဆောင်ရမှာ ဖြစ်ပါတယ်။
ရာသီပေါ်တုပ်ကွေးရောဂါဖြစ်ပွားလို့ ပိုးသတ်ဆေး Tamiflu သောက်ရတဲ့အခါ ပြင်ပလူနာတွေရဲ့ ဆေးကုသစရိတ် ကုန်ကျငွေ ဟာ ယန်း ၄၄၅၀ ဒါမှမဟုတ် အမေရိကန်ဒေါ်လာနဲ့ ၃၃ ဒေါ်လာလောက် ကျသင့်တာကြောင့် ကိုဗစ်ဖြစ်လို့ကုသရတဲ့ ကုန်ကျစရိတ် အတူတူ လောက်ပဲ ဖြစ်ပါတယ်။
အသက် ၇၅ နှစ်နဲ့အထက်ရှိသူ ကိုဗစ်လူနာတွေကတော့ အလားတူ ဆေးညွှန်းနဲ့ ဆေးသောက်ရတယ်ဆိုရင် ကုန်ကျစရိတ်ရဲ့ ၁၀ ရာခိုင်နှုန်း ဖြစ်တဲ့ ယန်း ၁,၃၉၀ ဒါမှမဟုတ် ၁၀ ဒေါ်လာလောက်ပဲ ပေးဆောင် ရမှာဖြစ်ပါတယ်။ ရာသီပေါ်တုပ်ကွေးရောဂါ ဖြစ်ရင် ကုန်ကျတဲ့ ဆေးကုသ စရိတ်ပေးဆောင်ငွေ ယန်း ၁,၄၈၀ ဒါမှမဟုတ် အမေရိကန် ၁၁ ဒေါ်လာနဲ့ အတူတူလောက်ပဲဖြစ်ပါတယ်။
ဒါ့အပြင် ဂျပန်အစိုးရဟာ ဖျားနာတဲ့လူနာတွေကို ကိုဗစ်ပိုးရှိမရှိ မိမိဘာသာ စမ်းသပ်တဲ့ test−kit တွေ အခမဲ့ပေးတာနဲ့ အခမဲ့ ဆေးစစ်ပေးတာတွေကို ပြည်သူ့ဘဏ္ဍာငွေကနေ ကျခံပေးနေတာကို တခြားရောဂါများအတွက်ဆောင်ရွက်ပုံနဲ့ ဟန်ချက်ညီမှုရှိမရှိ သုံးသပ် ပြီးတဲ့နောက်မှာ အခမဲ့ပေးတာကို ရပ်ဆိုင်းမှာ ဖြစ်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(543) ကိုရိုနာဗိုင်းရပ်စ်ကို ရောဂါအမျိုးအစားအဆင့်လျှော့ချ သတ်မှတ်တဲ့အခါ ဘယ်လို အပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်သလဲ ။
အပိုင်း−၁ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအတွက် ဆေးကုသမှု ကုန်ကျစရိတ် ကို လူနာတွေဘက်က ဘယ်လောက် ကျခံရမလဲ။

အဖြေ− ဂျပန်အစိုးရဟာ မေလ ၈ရက်နေ့ကစပြီး COVID-19 ရောဂါကို ရာသီပေါ်တုပ်ကွေးလိုမျိုး သာမန် ကူးစက်ရောဂါ အမျိုးအစားအဖြစ် အဆင့် ၅ ကို လျှော့ချဖို့ တရားဝင်ဆုံးဖြတ် ခဲ့ပါတယ်။ အဲဒီလို အဆင့်လျှော့ချ သတ်မှတ်လိုက်တာကြောင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရရင် လူနာတွေအနေနဲ့ ဆေးရုံဆေးခန်းမှာ ဆေးကုသမှု ခံယူတဲ့အခါ ကုန်ကျစရိတ် ကျခံရမှု အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါ့ကြောင့် အစိုးရရဲ့ မူဝါဒနဲ့ ဆေးကုသမှုစရိတ်ကုန်ကျမှုနဲ့ ပတ်သက်ပြီး လေ့လာကြည့်ကြရ အောင်။

ကိုရိုနာရောဂါအတွက် ဆေးကုသမှု စရိတ်တွေကို လူနာက ပိုပေးလာ ရပါလိမ့်မယ်။ မတ်လ ၁၀ရက်နေ့မှာ ဂျပန် ကျန်းမာရေးဝန်ကြီးဌာနက အခြေခံအားဖြင့် ကိုရိုဗိုင်းရပ်စ် အခမဲ့ စစ်ဆေးပေးမှုနဲ့ ပြင်ပလူနာအနေနဲ့ လာရောက် ကုသမှုစရိတ်တွေကို လူနာက ကျခံရမယ့်စနစ် အဖြစ် အစိုးရရဲ့မူဝါဒကို ပြန်လည်သုံးသပ် ပြင်ဆင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လက်ရှိမှာ ကိုဗစ်လူနာတွေဟာ အစိုးရက မူအားဖြင့် ပြည်သူ့ဘဏ္ဍာငွေထဲကနေ ဆေးကုသမှုစရိတ် ကျခံပေးနေပါတယ်။
COVID-19 ကို တခြားရာသီပေါ် တုပ်ကွေးနဲ့အလားတူ ကူးစက်ရောဂါ အမျိုးအစားအဆင့် ၅ အဖြစ် လျှော့ချသတ်မှတ်လိုက်တာနဲ့ တစ်ပြိုင်နက် ဆေးကုသစရိတ် ထောက်ပံ့ကူညီမှုတွေကိုလည်း လျှော့ချမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လူနာတွေအပေါ် ဝန်ထုပ်ဝန်ပိုး ရုတ်တရက် တိုးလာတာမျိုး မဖြစ်ရအောင် အစိုးရက ပြည်သူ့ဘဏ္ဍာ ငွေတစ်စိတ်တစ်ပိုင်းကို ကာလအကန့်အသတ်နဲ့ ပေးဆောင်ဖို့ စီစဉ်နေ ပါတယ်။
နွေရာသီမှာ ကူးစက်မှုတွေပြန်တက်လာနိုင်တာကို ခန့်မှန်းထားတာကြောင့် စျေးကြီးတဲ့ ကိုရိုနာဗိုင်းရပ်စ် ကုသတဲ့ ဆေးဝါး ကုန်ကျစရိတ်ကို စက်တင်ဘာလကုန် အထိ ပြည်သူ့ဘဏ္ဍာငွေထဲက ကျခံပေးသွားမှာ ဖြစ်ပါတယ်။ ဆောင်းရာသီမှာ ရောဂါကူးစက်မှု ပြန်မြင့်တက်လာနိုင်ခြေ ရှိတာအတွက်ကိုတော့ တခြားကူးစက်ရောဂါတွေ ပျံ့နှံ့မှုအခြေအနေနဲ့ အစိုးရရဲ့ ဆေးဝါးသိုလှောင်ထားရှိမှု အခြေအနေတွေကို စိစစ် သုံးသပ်ပြီး စဉ်းစားသွားဖို့ ရှိပါ တယ်။
ဥပမာ ကိုရိုနာဗိုင်းရပ်စ် ဆေးကုသမှုကုန်ကျစရိတ်ကို အစိုးရက ပြည်သူ့ဘဏ္ဍာငွေထဲကနေ ကျခံပေးတာမရှိတော့အခါ ပြင်ပလူနာ တစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ် သောက်ဆေး Lagevrioကို ဝယ်ရမယ် ဆိုရင် ယန်းငွေ ၃၂၄၇၀၊ အမေရိကန်ဒေါ်လာအနေနဲ့ ၂၅၀ ဒေါ်လာ လောက်ကုန်ကျမှာ ဖြစ်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(542) ကိုရိုနာဗိုင်းရပ်စ်ကို ရောဂါအမျိုးအစားအဆင့်လျှော့ချ သတ်မှတ်တဲ့အတွက် ဘာအပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်သလဲ။
အပိုင်း−၈ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်မှု အပေါ်မူတည်။

အဖြေ− ဂျပန်အစိုးရဟာ COVID-19 ရောဂါကို ရာသီပေါ်တုပ်ကွေး လိုမျိုး ကူးစက်ရောဂါအမျိုးအစားအဖြစ် မေလ ၈ရက်နေ့ကစပြီး အဆင့် ၅ကို လျှော့ချဖို့ တရားဝင်ဆုံးဖြတ်ခဲ့ပါတယ်။ ကိုဗစ် ကူးစက်ရောဂါကို တစ်ဦးတစ်ယောက်ချင်းစီက ဘယ်လိုပုံစံနဲ့ ကာကွယ်သွားမလဲ လေ့လာကြည့်ပါမယ်။
ရောဂါပိုးကာကွယ်တားဆီးရေး အစီအမံသစ်နဲ့ ပတ်သက်ပြီး ဇန်န၀ါရီလ ၂၅ ရက်နေ့မှာ ကျန်းမာရေး ဝန်ကြီးဌာနက တင်ပြခဲ့ ပါတယ်။ အစိုးရရဲ့ တောင်းဆိုမှုတွေအပေါ် အခြေခံပြီးအစီအမံတွေကို လူတွေက တစ်ပြေးညီ လိုက်နာ ဆောင်ရွက်တာအစား "လူတစ်ဦးချင်းစီနဲ့ အစုအဖွဲ့တစ်ခုချင်းစီက ရောဂါဖြစ်ပွားမှု အခြေအနေနဲ့ အန္တရာယ် ရှိနိုင်တဲ့အပေါ် မူတည်ပြီး ဘယ်လိုစီမံမယ် ဆိုတာကို မိမိဘာသာ ရွေးချယ် သတ်မှတ် ဆောင်ရွက်ကြဖို့” ဆိုတဲ့ စဉ်းစားနည်းတစ်ခု ဖြစ်ပါတယ်။
" လွန်ကဲတယ်လို့ ပြောလို့ရတဲ့ ဒါမှမဟုတ် ထိရောက်မှုမရှိဘူး လို့ ထင်ရတဲ့ ကူးစက်မှုထိန်းချုပ်ရေး အစီအမံတွေကို ဆက်လက် လုပ်ဆောင်နေပုံ ရတဲ့ အခြေအနေတွေလည်း ရှိနေတာကို ဖြည့်စွက် ပြောကြားထားပါတယ်။ ဒီလို အစီအမံတွေထားတာဟာ လူမှုရေး၊ စီးပွားရေးနဲ့ ပညာရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုတွေအပြင် ကလေးတွေရဲ့နေ့စဉ်ဘဝ နေထိုင်မှုအပေါ် အလွန်အမင်း ကန့်သတ် ထိန်းချုပ်သလို ဖြစ်စေတဲ့အတွက် အဖြေရှာဖို့လိုအပ်နေတယ်" လို့ ထောက်ပြထားပါတယ်။
ဒါ့အပြင် လုပ်ငန်းခွင်တွေနဲ့ လူစုဝေးတဲ့အခါနဲ့အဖွဲ့တွေမှာ ကူးစက်မှု ကာကွယ်တားဆီးရေး အစီအမံတွေနဲ့ပတ်သက်ပြီး ဆွေးနွေးကြဖို့နဲ့ အများသဘောတူညီမှုတစ်ခု ရရှိအောင် လုပ်ဆောင်ကြဖို့ လိုလား တယ်လို့ဆိုပါတယ်။ ကာကွယ်တားဆီးရေး အစီအမံတွေကို လုပ် ဆောင်စေတာမျိုး ဒါမှမဟုတ် ကာကွယ်တားဆီးဖို့ မလုပ်ခိုင်း တာမျိုးကို အတင်းအကြပ် မပြုလုပ်ဘဲ လူတစ်ဦးချင်းစီရဲ့ ရွေးချယ် မှုအပေါ် လေးလေးစားစားလုပ်ဖို့ စဉ်းစားရမယ်လို့ ဆိုပါတယ်။
"လူစုဝေးတဲ့ အများသုံးနေရာတွေမှာ ပြင်းပြင်းထန်ထန် ဖျားနာ နိုင်ခြေရှိသူ၊ ရောဂါအခံရှိသူတွေနဲ့ ကျန်းမာရေးကောင်းပေမဲ့ ကူးစက်မှုကို ရှောင်ရှားလိုတဲ့သူတွေ ရှိနိုင်တယ်ဆိုတာကို လူတိုင်းက သိထားရမှာဖြစ်တယ်။ လူတွေက ကိုဗစ်နဲ့ ပတ်သက်ပြီး စိတ်ပူပန်မှုမရှိအောင် အထောက်အပံ့ဖြစ်စေမယ့် အစီအမံတွေ လုပ်ဆောင်ဖို့တော့ လိုအပ်တယ်” လို့ ပြောကြားထားပါတယ်။ ဆေးရုံတွေနဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာတွေမှာ ရောဂါပိုး ကူးစက်ပျံ့နှံ့လွယ်ပြီး ကူးစက်ခံရပြီဆိုရင် နောက်ဆက်တွဲဆိုးကျိုး သက်ရောက်မှုတွေ ဖြစ်နိုင်တာမို့ ရောဂါပိုးမကူးစက်အောင် အစီအမံတွေထားပြီး ကာကွယ် တားဆီးဖို့ အလွန်အရေးကြီးတယ်လို့ ဖော်ပြထားပါတယ်။
ရောဂါပိုးကူးစက်မှု ကာကွယ်တားဆီးရေးဆိုင်ရာ အသေးစိတ် အစီအမံတွေကို မကြာခင်ထုတ်ပြန်မယ်လို့ အဲဒီဌာနက ပြောကြားခဲ့ ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(541) ကိုရိုနာဗိုင်းရပ်စ်ကို ရောဂါအမျိုးအစားအဆင့်လျှော့ချ သတ်မှတ်တဲ့အတွက် ဘာအပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်သလဲ။
အပိုင်း−၇ ဆေးကုသမှုဆိုင်ရာအဖွဲ့အစည်းတွေရဲ့ သဘောထားက ဘယ်လိုရှိလဲ။

အဖြေ− ဂျပန်အစိုးရဟာ COVID-19 ရောဂါကို ရာသီပေါ် တုပ်ကွေး လိုမျိုး ကူးစက်ရောဂါအမျိုးအစားအဖြစ် မေလ ၈ရက်နေ့ကစပြီး အဆင့် ၅ကို လျှော့ချဖို့ တရားဝင်ဆုံးဖြတ်ခဲ့ပါတယ်။ ကိုဗစ်ရောဂါကို အဆင့်လျှော့ချမှုအပေါ် ဆေးကုသမှုဆိုင်ရာ အဖွဲ့အစည်းတွေက ဘယ်လိုရှုမြင်သလဲဆိုတာကို လေ့လာကြည့်ကြ ပါမယ်။
Saitama ခရိုင်၊ Kasukabe မြို့က ဆေးဘက်ဆိုင်ရာဌာန တစ်ခုဟာ ဆီးချိုရောဂါနဲ့ပန်းနာရင်ကျပ်ရောဂါ စတဲ့ ပုံမှန်ဆေး ကုသမှု ဝန်ဆောင်မှုတွေ ပေးသလို အဖျားရှိတဲ့ လူနာတွေကို စစ်ဆေးကြည့်ရှု ပေးဖို့ ဆေးရုံပြင်ပမှာ ယာယီမိုဘိုင်းဆေးခန်း တစ်ခုကို တည်ဆောက် ထားပါတယ်။
လက်ရှိအချိန်မှာတော့ COVID-19 လူနာတွေ ဆေးရုံတက်ကုသဖို့ လိုအပ်တဲ့အခါ ပြည်သူ့ကျန်းမာရေးစင်တာတွေက ဆေးရုံတွေကို ရှာဖွေပေးပါတယ်။ COVID-19 မဟုတ်တဲ့ တခြားရောဂါနဲ့ လူနာတွေ ဆိုရင်တော့ ဆေးရုံတက်ကုသနိုင်ဖို့လက်ခံမယ့် ဆေးရုံရှာတာကို ဆရာဝန်တွေနဲ့ သူနာပြုတွေက ပြုလုပ်ရပါတယ်။ ဆေးရုံကုတင် မလွတ်တဲ့အခါမှာ လူနာတွေဆေးရုံတက်ဖို့ မကြာခဏ အခက်တွေ့ရ ပါတယ်။ ဒါကြောင့်တစ်ခါတစ်ရံမှာ လူနာတွေကို အသက်ရှူစက်တပ် ပြီးဖြစ်စေ၊ အကြောဆေး သွင်းထားပေးရင်းနဲ့ဖြစ်စေ လက်ခံပေးမယ့် ဆေးရုံရှာတွေ့သည်အထိ ကြည့်ပေးရတာတွေလည်း ရှိပါတယ်။
COVID-19 ကို အမျိုးအစားအဆင့် ၅ ကိုလျှော့ချလိုက်ချိန်မှာ ဆရာဝန်နဲ့သူနာပြုတွေက ကိုရိုနာဗိုင်းရပ်စ်လူနာတွေအတွက်ပါ ဆေးရုံတက်ကုသဖို့စီစဉ်ရမှာ ဖြစ်တဲ့အတွက် အလုပ်ဝန်ပိလာနိုင် တယ်လို့ Kasukabe မြို့ ဆေးဘက်ဆိုင်ရာဌာနတစ်ခုရဲ့ ဆရာဝန် တစ်ဦးက ပြောကြားခဲ့ပါတယ်။ ဒါ့ကြောင့် ပြည်သူ့ကျန်းမာရေး စင်တာတွေအနေနဲ့ ကိုဗစ် လူနာတွေ ဆေးရုံတက်နိုင်အောင် စီစဉ် ပေးတာကို ချက်ချင်းရပ်လိုက်တာမျိုး မလုပ်ဘဲ ဖြည်းဖြည်းချင်းနဲ့ အစီအစဉ်ကို လျှော့ချရပ်ဆိုင်းတာမျိုး လုပ်ဖို့ မျှော်လင့်တယ်လို့ အဲဒီ ဆရာဝန်က ပြောပါတယ်။
အခုအချိန်အထိ ယာယီမိုဘိုင်းဖျားနာကုဆေးခန်း မထူထောင်ထားတဲ့ ဆေးဘက်ဆိုင်ရာဌာနတစ်ခုအနေနဲ့ COVID-19 ရောဂါပိုး ကူးစက်မှု ကာကွယ်တားဆီးရေးအစီအမံတွေကို အကောင်အထည်ဖော်ပြီး ကုသဖို့အတွက် အချိန်လိုတာကြောင့် ကိုဗစ်လူနာတွေကို ချက်ချင်း ကုသပေးတာ မဖြစ်နိုင်သေးဘူးလို့ ပြောပါတယ်။ ရောဂါအမျိုးအစား အဆင့်လျှော့ချပြီးရင် ကိုဗစ်လူနာတွေက ဆေးဘက်ဆိုင်ရာဌာနတိုင်း မှာ ဆေးကုသနိုင်မယ်လို့ ယူဆသွားရင် အခြေအနေရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ အစိုးရအနေနဲ့ ဆေးရုံဆေးခန်းတွေ မှာ ဖြစ်ပေါ်လာနိုင်တဲ့ လက်တွေ့အခြေအနေကို အသေအချာစဉ်းစား ပြီး ကိုဗစ်ရောဂါရဲ့ အဆင့်သတ်မှတ်မှုကို လုပ်ဆောင်သွားဖို့ မျှော်လင့် ကြောင်း ဆေးဘက်ဆိုင်ရာဌာနရဲ့ဝန်ထမ်းတွေက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(540) ကိုရိုနာဗိုင်းရပ်စ်ကို ရောဂါအမျိုးအစားအဆင့်လျှော့ချ သတ်မှတ်တဲ့အတွက် ဘာအပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်သလဲ။
အပိုင်း−၆ ကျွမ်းကျင်ပညာရှင်တွေက စိုးရိမ်နေတဲ့အချက်တွေက ဘာတွေလဲ။

အဖြေ− ဂျပန်အစိုးရဟာ COVID-19 ရောဂါကို ရာသီပေါ်တုပ်ကွေး လိုမျိုး ကူးစက်ရောဂါအမျိုးအစားအဖြစ် မေလ ၈ရက်နေ့ကစပြီး အဆင့် ၅ ကို လျှော့ချဖို့ တရားဝင်ဆုံးဖြတ်ခဲ့ပါတယ်။ ကိုဗစ်ရောဂါကို အဆင့်လျှော့ချတဲ့အတွက် ဖြစ်လာနိုင်တဲ့ စိုးရိမ်ပူပန်စရာ အချက်တွေကို ကျွမ်းကျင်ပညာရှင်တွေက ပြောပြထားတာကို လေ့လာရပါမယ်။
ကိုဗစ်ကို ရောဂါအမျိုးအစား အဆင့်လျှော့ချလိုက်တာနဲ့ တစ်ပြိုင်နက် စိုးရိမ်စရာ ပထမအချက်က ကူးစက်မှု များပြားလာချိန်မှာ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေက ညှိနှိုင်းဆောင်ရွက်ပေးတာမျိုး လုပ်လို့မရတော့တဲ့အချက် ဖြစ်ပါတယ်။ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုတွေမှာ အလွန်အကျွံ ဝန်ပိလာတွေကိုလည်း တားဆီးဖို့အတွက် ခက်ခဲလာနိုင်တယ်ဆိုပြီး ကျန်းမာရေးဌာနဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက ပြောကြားခဲ့ကြပါတယ်။ လက်ရှိမှာ ဒေသန္တရအာဏာပိုင်တွေဟာ လူနာတွေ ဆေးရုံတက်ရဖို့အတွက် ခရိုင်ချင်းထိစပ်နေတဲ့ ဒေသအနှံ့ ညှိနှိုင်းဆောင်ရွက်နေတာကြောင့် လူနာတွေဟာ သူတို့လိုအပ်တဲ့ ဆေးကုသမှုကို ခံယူနိုင်ပါတယ်။ ဒုတိယစိုးရိမ်စရာအချက်အနေနဲ့ ဆေးကုသစရိတ်အတွက် အစိုးရက ကျခံပေးမှု ရပ်လိုက်ရင် ကိုဗစ် ရောဂါပိုးကူးစက်ခံရသူတွေဟာ ဆေးလာမကုတော့မှာ ဒါမှမဟုတ် ငွေရေးကြေးရေးကြောင့် ရောဂါရှာဖွေစစ်ဆေးမှုတွေကို ခံယူဖို့ ရှောင်ရှားလာကြတာတွေ ဖြစ်လာဖွယ်ရှိတယ် သူတို့က ထောက်ပြ ခဲ့ပါတယ်။
နောက်တစ်ချက်က ဗိုင်းရပ်စ် ကာကွယ်တားဆီးရေးဆိုင်ရာ တင်းကျပ်တဲ့ အစီအမံတွေ ချမှတ်လုပ်ဆောင်ခွင့်ပြုတဲ့ အထူး ဥပဒေကို ကျင့်သုံးလို့မရနိုင်တော့တာကြောင့် ခရိုင်အုပ်ချုပ်ရေး အဖွဲ့တွေအနေနဲ့ ပြည်သူတွေကို ရောဂါပိုး ကာကွယ်တားဆီးရေး အစီအမံတွေ လုပ်ဆောင်ဖို့ တရားဝင် မတောင်းဆိုနိုင်တော့ပါဘူး။ အဲဒီအခါ ကူးစက်မှုကာကွယ်တားဆီးရေး အစီအမံတွေကို လူတွေက မလုပ်တော့ရင် စိုးရိမ်စရာရှိတယ်လို့ အစိုးရရဲ့ ကျွမ်းကျင်ပညာရှင်များအဖွဲ့က ပြောကြားခဲ့ပါတယ်။ လူတွေက ကပ်ရောဂါကလက်တွေ့မှာ ပြီးနေပြီလို့ ယူဆသွားမှာကိုလည်း သူတို့က စိုးရိမ်နေကြပါတယ်။
နောက်တစ်ချက်ကတော့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ထပ်ဆင့်မျိုးကွဲဗိုင်းရပ်စ် အသစ်ထွက်လာပြီး ကူးစက်နိုင်စွမ်း မြင့်မားခဲ့ရင် ဒါမှမဟုတ် ရောဂါဖြစ်ပွားစေနိုင်စွမ်း ပိုမြင့်နေရင် အလျင်အမြန် တုံ့ပြန် လုပ်ဆောင်နိုင်ဖို့ ခဲယဉ်းမှာကို စိုးရိမ်တာဖြစ်ပါတယ်။ ကိုဗစ်ရောဂါကို ရောဂါအမျိုးအစားအဆင့် လျှော့ချလိုက်တာကြောင့် ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေမှာ COVID-19ဆိုင်ရာ လုပ်ငန်းအဖွဲ့တွေ ထားထားတာကို ဖျက်သိမ်းလိုက်မှာဖြစ်တဲ့အတွက် ကူးစက်မှု ဆိုင်ရာ အန္တရာယ်ကို မြန်မြန်ဆန်ဆန် တုံ့ပြန်တားဆီးတဲ့နေရာမှာလည်း အဟန့်အတား ဖြစ်လာမှာကို ကျွမ်းကျင်သူတွေက စိုးရိမ်နေပါတယ်။
ကာကွယ်ဆေးထိုးပေးတဲ့ကြိုးပမ်းမှုတွေကို အစိုးရက အထောက်အပံ့ ပေးတာ လျှော့ချလိုက်မယ်ဆိုရင် ကာကွယ်ဆေးထိုးနှုန်းလည်း ကျလာဖွယ်ရှိတာကြောင့် ပညာရှင်တွေက စိုးရိမ်နေကြပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(539) ကိုရိုနာဗိုင်းရပ်စ်ကို ရောဂါအမျိုးအစားအဆင့်လျှော့ချ သတ်မှတ်တဲ့အတွက် ဘာအပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်သလဲ။
အပိုင်း−၅ COVID-19 ကို ရာသီပေါ်တုပ်ကွေးလိုပဲ ကုသလို့ရမလား။

အဖြေ− ဂျပန်အစိုးရဟာ COVID-19 ရောဂါကို ရာသီပေါ်တုပ်ကွေး လိုမျိုး ကူးစက်ရောဂါအဖြစ် မေလ ၈ရက်နေ့ကစပြီး အဆင့် ၅ ကို လျှော့ချဖို့ တရားဝင်ဆုံးဖြတ်ခဲ့ပါတယ်။ COVID-19 ရောဂါနဲ့ ရာသီပေါ် တုပ်ကွေးရောဂါကို ဆေးဝါးကုသတဲ့နေရာမှာ ခြားနားချက်တွေ ဘာရှိသလဲ လေ့လာကြည့်ကြပါမယ်။
ရာသီပေါ်တုပ်ကွေးဟာ ဆောင်းရာသီမှာ ကူးစက်ပျံ့နှံ့လေ့ရှိပြီး ရာသီမရွေးကူးစက်ပျံ့နှံ့မှုဖြစ်နိုင်တဲ့ COVID-19 ဗိုင်းရပ်စ်နဲ့ မတူ ပါဘူး။ ဒါ့ကြောင့် COVID-19ရဲ့ ကူးစက်မှုပမာဏ ဘယ်လောက် ကြီးမလဲ ဆိုတာနဲ့ ကူးစက်မှုများနိုင်တဲ့အချိန်ကာလကို မှန်းဆဖို့ မလွယ်ကူတဲ့အတွက် ဒီဗိုင်းရပ်စ်ကို ကိုင်တွယ်ဖြေရှင်းဖို့ ခက်ခဲ တယ်လို့ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဒါ့အပြင် COVID-19ဟာ ရာသီပေါ်တုပ်ကွေးထက် မျိုးဗီဇပြောင်းလဲမှု ကလည်း ပိုမြန်ပါတယ်။ မျိုးကွဲအသစ်တွေ ထပ်ထွက်လာနိုင်တဲ့ အန္တရာယ်ရှိတယ်လို့လည်း သူတို့ကဆိုပါတယ်။
COVID-19ကို ကုသဖို့အတွက် သောက်ဆေးတွေကို လက်ရှိအချိန်မှာ အသုံးပြုနေပေမဲ့လည်း ရာသီပေါ်တုပ်ကွေးရောဂါကိုကုသတဲ့ Tamiflu လိုမျိုး ပိုးသတ်ဆေးတွေကို အသုံးပြုတာထက် ခွင့်ပြုချက်ယူရတဲ့ လုပ်ငန်းစဉ်တွေဟာ ပိုပြီးရှုပ်ထွေးပါတယ်။ ဒါ့အပြင် ရောဂါအခံရှိတဲ့ လူနာမျိုးဆိုရင် အဲဒီကိုဗစ်သောက်ဆေးကို ပေးလို့မရတာလည်း ရှိတတ်တာကြောင့် ဒီဆေးသုံးပြီး ကိုဗစ်ကို အလွယ်တကူ ကုသလို့ မရနိုင်ပါဘူး။
အခုအခါ ရောဂါပိုးကူးစက်မှု ကာကွယ်တားဆီးရေးဆိုင်ရာ လုံလောက်တဲ့ အစီအမံတွေ လုပ်ဆောင်ထားတဲ့ ဆေးကုသမှုဆိုင်ရာ အဖွဲ့အစည်းအများအပြားက ကိုဗစ်လူနာတွေကို ကုသပေးနိုင်နေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ရာသီပေါ်တုပ်ကွေးလူနာတွေကို လက်ခံကုသပေးတဲ့ ဆေးကုသရေး အဖွဲ့အစည်းအရေအတွက်နဲ့ နှိုင်းယှဉ်ရင်တော့ နည်းပါသေးတယ်။
ရာသီပေါ်တုပ်ကွေးနဲ့အလားတူ အဆင့်မျိုးထားပြီး COVID-19 ကို ကိုင်တွယ်ကုသဖို့ကတော့ အချိန်ယူရဦးမယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဒါ့ကြောင့် COVID-19 ကို ရောဂါပိုးအမျိုးအစား အဆင့် ၅ ကိုလျှော့ချလိုက်ပြီး နောက်ပိုင်းမှာလည်း ရောဂါပိုးကူးစက် မှု ကာကွယ်တားဆီးရေး အစီအမံတွေကို ဆက်ပြီးလုပ်ဆောင် သင့်တယ်လို့ သူတို့က ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(538) ကိုရိုနာဗိုင်းရပ်စ်ကို ရောဂါအမျိုးအစားအဆင့်လျှော့ချ သတ်မှတ်တဲ့အတွက် ဘာအပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်သလဲ ။
အပိုင်း−၄ ကာကွယ်ဆေးထိုးနှံမှုက ဘယ်လိုဖြစ်လာမလဲ။

အဖြေ− ဂျပန်အစိုးရဟာ မေလ ၈ရက်နေ့ကစပြီး COVID-19 ရောဂါကို ရာသီပေါ်တုပ်ကွေးလိုမျိုး ကူးစက်ရောဂါအမျိုးအစား အဖြစ် အဆင့် ၅ ကို လျှော့ချဖို့ တရားဝင်ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီလိုပြောင်းလဲမှုကြောင့် ကာကွယ်ဆေးထိုးနှံမှုက ဘယ်လို ဖြစ်လာမလဲ ဆိုတာကို လေ့လာကြည့်ကြရအောင်။
ကာကွယ်ဆေးထိုးပေးခြင်းဆိုင်ရာ ဥပဒေကို အခြေခံပြီး ဂျပန်အစိုးရဟာ ကာကွယ်ဆေးတွေကို အခမဲ့ ထိုးနှံပေးနေပါတယ်။
ဒါပေမဲ့လည်း ကာကွယ်ဆေးထိုးနှံဖို့အခကြေးငွေ ပေးဆောင်ရမယ် ဆိုရင် ကာကွယ်ဆေးထိုးမယ့်သူတွေ နည်းလာမှာကို စိုးရိမ်နေကြပါ တယ်။ အဲဒီ့အတွက် ကျန်းမာရေးဝန်ကြီးဌာန၊ ကျွမ်းကျင်ပညာရှင်များ အဖွဲ့က ကာကွယ်ဆေးထိုးဖို့ ကုန်ကျစရိတ်ကို ဘယ်လိုလူမျိုးက ဘယ်လိုပုံစံနဲ့ ပေးဆောင်သင့်တယ်ဆိုတာ ဆွေးနွေးနေကြပါတယ်။ ဧပြီလကစပြီး လက်ရှိ ကာကွယ်ဆေး အခမဲ့ထိုးပေးနေတဲ့ အစီအစဉ် ကိုပဲ ဆက်လက်လုပ်ဆောင်မလားဆိုတာကိုလည်း ဆွေးနွေးနေပြီး၊ တကယ်လို့ ဆက်လက်လုပ်ဆောင်မယ်ဆိုရင် ဘယ်သူတွေက အခမဲ့ ထိုးခွင့်ရှိမလဲ ဆိုတာကိုလည်း ဆုံးဖြတ်မယ်လို့ မျှော်လင့်ရပါတယ်။
ဂျပန်အစိုးရကတော့ ကာကွယ်ဆေးထိုးဖို့လိုအပ်တဲ့သူ မည်သူမဆို အခမဲ့ ကာကွယ်ဆေးထိုးနိုင်ဖို့ အာမခံမှာဖြစ်ကြောင်း ပြောကြားခဲ့ပါ တယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(537) ကိုရိုနာဗိုင်းရပ်စ်ကို ရောဂါအမျိုးအစားအဆင့်လျှော့ချ သတ်မှတ်တဲ့အတွက် ဘာအပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်သလဲ ။
အပိုင်း−၃ နှာခေါင်းစည်း တပ်ဆင်မှုနဲ့ပတ်သက်ပြီး အပြောင်းအလဲရှိသလား။

အဖြေ− ဂျပန်အစိုးရဟာ မေလ ၈ရက်နေ့ကစပြီး COVID-19 ရောဂါကို ရာသီပေါ်တုပ်ကွေးလိုမျိုး သာမန်ကူးစက်ရောဂါ အမျိုးအစားအဖြစ် အဆင့် ၅ ကို လျှော့ချဖို့ တရားဝင်ဆုံးဖြတ်ခဲ့ ပါတယ်။ ရောဂါအဆင့်လျှော့ချပြီးရင် နှာခေါင်းစည်း တပ်ဆင်မှု ဆက်ရှိနေဦးမလား ကြည့်ကြရအောင်။
အဆောက်အအုံထဲမှာ လူတစ်ယောက်နဲ့ တစ်ယောက် လုံလောက်တဲ့ အကွာအဝေးခြားပြီး နေလို့မရဘူးဆိုရင် နှာခေါင်းစည်း Mask တပ်ထားဖို့ နဲ့ တစ်ယောက်နဲ့ တစ်ယောက် အကွာအဝေး တစ်ခု ခြားနေရင်တောင် စကားပြောမယ်ဆိုရင် နှာခေါင်းစည်း တပ်ဆင်ဖို့ လိုအပ်တယ်လို့ အကြံပြုထားပါတယ်။
ဇန်နဝါရီလ ၂၇ ရက်က ပြုလုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ လုပ်ငန်း အဖွဲ့ အစည်းအဝေးမှာ နှာခေါင်းစည်းတပ်ဆင်တာနဲ့ ပတ်သက်ပြီး အဆောက်အအုံအတွင်းမှာဖြစ်စေ အပြင်မှာဖြစ်စေ နှာခေါင်းစည်း တပ်ဆင်တာကို မိမိဆန္ဒ နဲ့ ဆုံးဖြတ်နိုင်တယ်ဆိုတဲ့ မူဝါဒကို ပြန်သုံးသပ်မယ်လို့ဆိုခဲ့ပြီး ဘယ်အချိန်မှာ သုံးသပ်ချက် လုပ်မယ်ဆိုတာ အသေးစိတ်လေ့လာသွားမယ်လို့ အစိုးရက ပြောပါတယ်။
ကူးစက်ရောဂါဆိုင်ရာ ဥပဒေအရ ကိုဗစ်ရောဂါကို အဆင့် လျှော့ချ လိုက်တယ်ဆိုပေမဲ့ ဗိုင်းရပ်စ်ပိုးကူးစက်ပျံ့နှံ့မှုများလာ နိုင်ခြေ ရှိတာ ကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကူးစက်နိုင်ခြေများတဲ့ နေရာတွေမှာဆိုရင် နှာခေါင်းစည်းတွေ တပ်ထားသင့်တယ်လို့ ဂျပန်ကျန်းမာ ရေးဝန်ကြီးဌာန၊ ကျွမ်းကျင်ပညာရှင်များအဖွဲ့က ထောက်ပြပြောဆိုခဲ့ ကြပါတယ်။
COVID-19 ရောဂါကူးစက်ထားသူ ဒါမှမဟုတ် ရောဂါလက္ခဏာ ပြနေတဲ့သူအပြင် ပိုးကူးစက်ခံထားသူနဲ့ အနီးကပ်ထိတွေ့မိသူ ဒါမှမဟုတ် ကိုဗစ်ကူးစက်ရင် ရောဂါပြင်းထန်ဖို့ ဖြစ်နိုင်ခြေများတဲ့ သူတွေအနေနဲ့ နှာခေါင်းစည်းတပ်ထားသင့်ပြီး တခြားသူတွေနဲ့ တွေ့ဆုံတာမျိုးကို ရှောင်ကြဉ်ပြီး အိမ်မှာပဲနေသင့်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြားခဲ့ပါတယ်။
ကူးစက်မှုတွေ မြင့်တက်နေချိန်နဲ့ ရောက်ရှိတဲ့ အဆောက်အအုံပေါ် မူတည်ပြီး လုံလောက်တဲ့ လေဝင်လေထွက် ရှိအောင် ပြုလုပ်ထားဖို့ လိုပါတယ်။ မိမိကတစ်ဆင့် တခြားသူတွေဆီကို ရောဂါပိုး မကူးစက်အောင် ကြိုတင်ကာကွယ်ရေး အစီအမံတွေ ပြုလုပ်သင့်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။ သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာတွေလိုမျိုး ဘိုးဘွားရိပ်သာ စတဲ့ နေရာတွေမှာ နှာခေါင်းစည်း တပ်သင့်တယ်လို့ သူတို့က အကြံပေးထားပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(536) ကိုရိုနာဗိုင်းရပ်စ်ကို ရောဂါအမျိုးအစားအဆင့်လျှော့ချ သတ်မှတ်တဲ့အတွက် ဘာအပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်သလဲ။
အပိုင်း−၂ အသွားအလာကန့်သတ်ချက်တွေနဲ့ပြည်ဝင်ခွင့် ထိန်းချုပ်မှုတွေ ဘယ်လို ဖြစ်လာမလဲ။

အဖြေ− ဂျပန်အစိုးရဟာ မေလ ၈ရက်နေ့မှာ COVID-19 ရောဂါကို ရာသီပေါ်တုပ်ကွေးလိုမျိုး သာမန် ကူးစက်ရောဂါအမျိုးအစားအဆင့် ၅ သတ်မှတ်ဖို့ ကို တရားဝင် ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီလို ရောဂါအဆင့်ပြောင်းလဲ သတ်မှတ်မှုကြောင့် သွားလာလှုပ်ရှားမှုကို ကန့်သတ်ချက်တွေ ဘယ်လို ပြောင်းလဲလာမလဲ ဆိုတာကို လေ့လာ ကြည့်ကြရအောင်။
ကိုဗစ်ရောဂါကို အဆင့် ၅အဖြစ် လျှော့ချ သတ်မှတ်လိုက်မယ်ဆိုရင် ဗဟိုနဲ့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေ လုပ်ဆောင်ခဲ့တဲ့ လူတွေရဲ့ သွားလာလှုပ်ရှားမှုအပေါ် ကန့်သတ်မှုတွေ အရင်ကလို လုပ်နိုင်မှာ မဟုတ်တော့ပါဘူး။
ရောဂါပိုးအမျိုးအစားအဆင့် လျှော့ချလိုက်ပြီး နောက်ပိုင်းမှာ အာဏာပိုင်တွေအနေနဲ့ ကိုဗစ်ဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာတာ၊ ဆေးရုံတက်ကုသဖို့ အကြံပြုတာ ဒါမှမဟုတ် ညွှန်ကြားတာ၊ ရောဂါပိုးရှိသူနဲ့ အနီးကပ်ထိတွေ့မိသူတွေကို အိမ်မှာပဲ သီးခြားခွဲနေထိုင်ဖို့ တောင်းဆိုတာ စတာတွေကို လုပ်ဆောင်လို့ မရနိုင် တော့ပါဘူး။
ပြည်ပက ဝင်ရောက်လာသူတွေဟာ ကာကွယ်ဆေးကို အနည်းဆုံး ၃ ကြိမ် ထိုးနှံထားတဲ့ အထောက်အထားပြဖို့ လိုအပ်တယ်ဆိုတဲ့ အစိုးရ က ကျင့်သုံးနေတဲ့ ပြည်ဝင်ခွင့်ကန့်သတ်မှုကိုလည်း ရောဂါအဆင့် လျှော့ချလိုက်တာနဲ့ စည်းမျဉ်းစည်းကမ်းအနေနဲ့ ကန့်သတ်လို့ မရ တော့ပါဘူး။
ကိုရိုနာဗိုင်းရပ်စ် လူနာတွေ ဆရာဝန်ပြချင်ရင် ကိုဗစ်ရောဂါ အတွက် သတ်မှတ်ထားတဲ့ ဆေးရုံတွေနဲ့ ဆေးခန်းတွေဟာ အကန့်အသတ်နဲ့ ရှိပေမဲ့ ရောဂါအဆင့်လျှော့ချပြီးတဲ့ နောက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်တဲ့ လူနာတွေကို ကုသပေးမယ့် ဆေးဘက်ဆိုင်ရာ ဌာနတွေ များလာအောင် တစ်ဆင့်ပြီး တစ်ဆင့် တိုးချဲ့သွားဖို့ အစိုးရက စီစဉ် ထားပါတယ်။
ကိုဗစ်ရောဂါပိုး ကူးစက်မှုစစ်ဆေးတာ၊ ကိုဗစ်ကြောင့် ဆေး ကုသစရိတ်စတဲ့ ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး အစိုးရက ကုန်ကျစရိတ် အားလုံးကို တာဝန်ယူထားပေမယ့် ကိုဗစ်ရောဂါ ကို အဆင့်လျှော့ချပြီးနောက်မှာတော့ ဆေးကုသစရိတ်ရဲ့ တစ်စိတ် တစ်ပိုင်းကို မူအားဖြင့် လူနာက မိမိဘာသာ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆေးကုသစရိတ်ကို ကိုယ်တိုင်ပေးရမယ် ဆိုရင် ကိုဗစ်လူနာတချို့က ဆရာဝန်သွားမပြတော့တာမျိုး ဖြစ်လာ နိုင်တဲ့အတွက် လောလောဆယ်တော့ ဆေးကုသမှုစရိတ် အစိုးရ ထောက်ပံ့မှု ဆက်ထားထားပြီး တဖြည်းဖြည်း မူဝါဒကို ပြောင်းလဲဖို့ စီစဉ်ထားပါတယ်။
လက်ရှိမှာ ဆေးဘက်ဆိုင်ရာဌာနတွေနဲ့ ဒေသန္တရကျန်းမာရေး စောင့်ရှောက်မှု စင်တာတွေဟာ ကိုဗစ်လူနာအရေအတွက်အားလုံးကို အစီရင်ခံဖို့ လိုအပ်ပါတယ်။ ကိုဗစ်ရောဂါကို အဆင့်လျှော့ချပြီး နောက်မှာတော့ အဓိကဆေးရုံကြီးတွေက အစီရင်ခံတဲ့ လူနာအရေအတွက်ကိုပဲ ရောဂါစစ်တမ်းအဖြစ် ပြောင်းလဲ သတ်မှတ် သွားမှာ ဖြစ်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(535) ကိုရိုနာဗိုင်းရပ်စ်ကို ရောဂါအမျိုးအစားအဆင့်လျှော့ချ သတ်မှတ်တဲ့အတွက် ဘာအပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်သလဲ ။
အပိုင်း−၁ ဘာကြောင့် မေလ ၈ ရက်နေ့မှာ ရောဂါပိုးကို အဆင့် လျှော့ချသတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့တာလဲ ။

အဖြေ− ဂျပန်အစိုးရဟာ မေလ ၈ရက်နေ့မှာ COVID-19 ရောဂါပိုးကို ရာသီပေါ်တုပ်ကွေးလိုမျိုး သာမန်ကူးစက်ရောဂါ ပိုးအမျိုးအစားအဖြစ် အဆင့်ချသတ်မှတ်ဖို့ကို တရားဝင် ဆုံးဖြတ်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာ အဆင့် ၅မှာရှိတဲ့ ကူးစက်ရောဂါအမျိုးအစားအဖြစ် သတ်မှတ်မှာ ဖြစ်ပါတယ်။ အဆင့်လျှော့ချ သတ်မှတ်တာကို ဘာကြောင့် မေလ ၈ ရက်နေ့မှာ စတင်ဖို့ ဆုံးဖြတ်ခဲ့သလဲ ဆိုတာကို လေ့လာကြည့်ကြရအောင်။
အစိုးရက ဧပြီလအနှောင်းပိုင်း ဒါမှမဟုတ် မေလအစောပိုင်း မှာ ကိုရိုနာရောဂါပိုးကို အဆင့်လျှော့ချသတ်မှတ်ဖို့ မျှော်မှန်းထား ခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းရင်းမြစ်တွေအရ ကိုရိုနာရောဂါကို အဆင့်လျှော့ချမယ်ဆိုရင် ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့တွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဌာနတွေအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ဖို့ အချိန်ကာလတစ်ခု လိုအပ်တယ်လို့ တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကျွမ်းကျင်ပညာရှင်များအဖွဲ့က အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဇန်နဝါရီလ ၂၇ ရက်မှာ ထုတ်ပြန်တဲ့ သဘောထားမှတ်ချက်မှာ “အစိုးရရဲ့ ကျန်းမာရေးဆိုင်ရာ မူဝါဒ ပြောင်းလဲမှုဟာ လူတွေရဲ့နေထိုင်မှုဘဝပုံစံ အပေါ်မှာ သက်ရောက်မှု ရှိတဲ့အပြင် စီးပွားရေးလုပ်ငန်းတွေနဲ့ ဆေးကုသမှု ဆိုင်ရာ ဌာနတွေအပေါ်မှာလည်း ကြီးမားတဲ့သက်ရောက်မှုတွေ ရှိမယ်လို့ ရေးသားထားပါတယ်။ အဲဒါကြောင့် ဒီအပြောင်းအလဲမလုပ်ခင် သူတို့ကို ပြင်ဆင်ချိန် ၃ လလောက် ပေးသင့်တယ်။” လို့ ဆိုထားပါတယ်။
ဂျပန်ရဲ့ နွေဦးကာလအားလပ်ရက်ဟာ ဧပြီလအနှောင်းပိုင်းကနေ မေလအစောပိုင်းအထိဖြစ်တဲ့အတွက် အားလပ်ရက် မတိုင်ခင် အချိန်ကို သတ်မှတ်မလား ဒါမှမဟုတ် အားလပ်ရက်ပြီးမှ ရောဂါ အဆင့်လျှော့ချသတ်မှတ်မလားဆိုတဲ့အပေါ် ဆွေးနွေးခဲ့ကြပါတယ်။
အားလပ်ရက်တွေမတိုင်ခင် အဆင့်လျှော့ချလိုက်ရင် လူတွေရဲ့ သွားလာလှုပ်ရှားမှု ပိုများလာပြီး ကူးစက်ပြန့်ပွားမှုတွေ မြင့်တက်လာစေနိုင်တာကြောင့် အားလပ်ရက်တွေအတွင်းမှာ ဆေးကုသမှုဆိုင်ရာ နေရာတွေမှာ အလုပ်ဝန်ပိမှု အလွန်ဖြစ်စေလိမ့်မယ်လို့ စိုးရိမ်ခဲ့ကြပါတယ်။ အဲဒီဆွေးနွေးပွဲ တွေအပြီးမှာ အစိုးရက မေလ ၈ ရက်ရောက်မှ ရောဂါအဆင့်ကို လျှော့ချသတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(534) Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ ထပ်ဆင့်မျိုးကွဲ XBB.I.5 ကိုရိုနာဗိုင်းရပ်စ်အကြောင်း နောက်ဆုံးသိလာရတဲ့အချက်များ။
အပိုင်း−၅ ကူးစက်မှုတွေ ပြန်မြင့်တက်လာနိုင်ခြေနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေရဲ့အမြင်။

အဖြေ− Omicron မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ရဲ့ ထပ်ဆင့်မျိုးကွဲ XBB.I.5 ဗိုင်းရပ်စ်ဟာ လူ့ကိုယ်ခံစွမ်းအားက မတွေ့အောင် ရှောင်ရှား ပြီး ကူးစက်နိုင်စွမ်း အရှိဆုံး ဗိုင်းရပ်စ်ပိုးဖြစ်တယ်လို့ သတ်မှတ်ထားပြီး ကျွမ်းကျင်သူတွေက စိုးရိမ်နေကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ရဲ့ ဒီထပ်ဆင့်မျိုးကွဲ ဗိုင်းရပ်စ်က ကူးစက်မှုတွေ တစ်ဖန်ပြန် မြင့်တက်လာအောင် လုပ်နိုင်သလားဆိုတာ သိရအောင် ကျွမ်းကျင်ပညာရှင်တွေက သုံးသပ်ထားတာကို လေ့လာကြည့် ပါမယ်။
Omicron မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ရဲ့ ထပ်ဆင့်မျိုးကွဲ XBB.I.5 ဗိုင်းရပ်စ် ဂျပန်နိုင်ငံမှာ ကူးစက်ပျံ့နှံ့မှုတွေ ပိုဖြစ်လာနိုင်သလား ဆိုတာကို ကျိုတိုတက္ကသိုလ်က ပါမောက္ခ Nishiura Hiroshi က ရှင်းလင်းပြောကြားထားပါတယ်။ XBB.I.5 မျိုးကွဲဗိုင်းရပ်စ်ဟာ ကိုယ်ခံစွမ်းအားကို ရှောင်တိမ်းနိုင်စွမ်း မြင့်မားပါတယ်။ ဒါ့ကြောင့် သတိထားသင့်တယ်လို့ အကြံပြုထားပါတယ်။ လတ်တလော ဂျပန်မှာ ရောဂါပိုးကူးစက်မှုအသစ်တွေ ကျဆင်းနေပါတယ်။ ဒါပေမယ့် ထပ်ဆင့်မျိုးကွဲဗိုင်းရပ်စ် XBB.I.5 ကြောင့် ကူးစက်မှုတွေ ပြန်မြင့်တက်လာမယ့် အန္တရာယ်တွေရှိနိုင်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။
နိုင်ငံရပ်ခြားမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အခြေအနေတွေကို သုတေသနပြုနေတဲ့ တိုကျိုဆေးဘက်ဆိုင်ရာ တက္ကသိုလ်ဆေးရုံ က ပါမောက္ခ Hamada Atsuo က တော့ XBB.I.5 ဗိုင်းရပ်စ်က များလာပြီး ကူးစက်မှုတွေ တကယ်ဖြစ်ပြီဆိုရင် လက်ရှိ ကူးစက်မှု အဋ္ဌမလှိုင်းကို ပိုရှည်ကြာစေနိုင်တာမျိုး ဖြစ်နိုင်တယ် လို့ဆိုပါတယ်။ ဒါမှမဟုတ်ရင် နောက်ထပ် ကူးစက်မှု နဝမလှိုင်း ဆိုတာမျိုး ဖြစ်ပေါ်လာစေတာနိုင်တယ်လို့ သိရပါတယ်။
ရောဂါပိုးကူးစက်မှုတွေ ကျဆင်းနေပြီးမှ တစ်ဖန် ပြန်မြင့်တက်လာ တာမျိုး ဖြစ်နိုင်တယ်လို့ စဉ်းစားပြီး ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားသင့်တယ်လို့ ပြောပါတယ်။ ကာကွယ်ဆေးထိုးတာ ဟာလည်း လုံးဝမထိရောက်ဘူးဆိုတာ မဟုတ်ပါဘူး။ အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်တဲ့အတွက် Omicron မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ရဲ့မျိုးကွဲတွေကို ပစ်မှတ်ထားတဲ့ ကာကွယ်ဆေးကိုထိုးပြီး ကိုယ်ခံစွမ်းအားမြှင့်တင်ထားဖို့ လည်း အရေးကြီးတယ်လို့ သူက ပြောကြားခဲ့ပါတယ်။
အမေရိကန် ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) ရဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ Omicron မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲတွေကို ပစ်မှတ်ထားတဲ့ ကာကွယ်ဆေးတွေဟာ ထပ်ဆင့်မျိုးကွဲဗိုင်းရပ်စ် XBB.I.5 ကြောင့် ရောဂါလက္ခဏာတွေ ဖြစ်ပေါ်မလာအောင် လည်း ကာကွယ်ရာမှာ အတိုင်းအတာတစ်ခုအထိ ထိရောက်မှု ရှိတယ်လို့ ‌ဖေါ်ပြထားပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(533) Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ ထပ်ဆင့်မျိုးကွဲ XBB.I.5 ကိုရိုနာဗိုင်းရပ်စ်အကြောင်း နောက်ဆုံးသိလာရတဲ့အချက်များ။
အပိုင်း−၄ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ်တွေနဲ့ ပတ်သက်တဲ့ အခြေအနေများ။

အဖြေ− Omicron မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ရဲ့ ထပ်ဆင့်မျိုးကွဲ XBB.I.5 ဗိုင်းရပ်စ်ကို ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတွေထဲမှာမှ လူ့ကိုယ်ခံစွမ်းအားက မတွေ့အောင် ရှောင်ရှားနိုင်စွမ်း အရှိဆုံး ဗိုင်းရပ်စ်ပိုးအဖြစ် ကျွမ်းကျင်သူတွေက စိုးရိမ်နေကြပါတယ်။ အဲဒီထပ်ဆင့်မျိုးကွဲ XBB.I.5 ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ကူးစက်မှုအသစ် အခြေအနေတွေကို လေ့လာကြည့်ပါမယ်။
XBB.I.5 ရောဂါကူးစက်မှုအသစ်ဟာ အမေရိကန်ပြည်ထောင်စု ကလွဲလို့ ကမ္ဘာတစ်ဝန်းမှာ အလျင်အမြန် ကူးစက်ပျံ့နှံ့မှု မရှိသေးတာ တွေ့ရပါတယ်။ လက်ရှိအချိန်အထိ ဂျပန်နဲ့တခြားနိုင်ငံအများစုက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအသစ် အရေအတွက်ထဲမှာ အဲဒီ ထပ်ဆင့်မျိုးကွဲဗိုင်းရပ်စ်က ကူးစက်မှု အဓိက ဖြစ်ပွားနေတာ မရှိ သေးပါဘူး။
ဇန်နဝါရီလ ၁၉ ရက်နေ့အထိ တိုကျိုမှာတော့ XBB.I.5 ဗိုင်းရပ်စ်ကူးစက်မှုအသစ် ၂၂ ခုရှိတာ စစ်ဆေးတွေ့ရှိရပါတယ်။ ဇန်နဝါရီလ ၂ ရက်နေ့အထိ သီတင်းတစ်ပတ်အတွင်း ထပ်ဆင့်မျိုးကွဲ ဖြစ်တဲ့ ဒီကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်ဟာ ကူးစက်ခံရသူ စုစုပေါင်းရဲ့ ၀.၃ ရာခိုင်နှုန်းပဲ ရှိတယ်လို့ သိရပါတယ်။ အကြီးအကျယ် ကူးစက်မှုလည်း မတိုးလာခဲ့ပါဘူး။
ဒီအတောအတွင်း စစ်ဆေးတွေ့ရှိခဲ့တဲ့ ကူးစက်မှုတွေ အားလုံးဟာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ ထပ်ဆင့်မျိုးကွဲတွေဖြစ်ပြီး ၂၀၂၂ ခုနှစ် နွေရာသီကစပြီး ပျံ့နှံ့လာခဲ့တဲ့ BA.5 မျိုးကွဲကူးစက်မှုက အများဆုံးဖြစ်ပါတယ်။ ကူးစက်ခံရသူအသစ် စုစုပေါင်းရဲ့ ၅၀.၆ ရာခိုင်နှုန်း ရှိပါတယ်။ BQ.I.I မျိုးကွဲကူးစက်မှုက ၁၆.၂ ရာခိုင်နှုန်း၊ BF.7 မျိုးကွဲကူးစက်မှု ၁၄.၂ ရာခိုင်နှုန်းနဲ့ BN.I ကူးစက်မှု ၁၀.၄ ရာခိုင်နှုန်း အသီးသီး ရှိပါတယ်။
ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတွေရဲ့DNAမျိုးဗီဇကို သုတေသနပြုလုပ် နေတဲ့ တိုကျိုဆေးဘက်ဆိုင်ရာနဲ့ သွားဘက်ဆိုင်ရာတက္ကသိုလ်က လက်ထောက်ပါမောက္ခ Takeuchi Hiroaki က ထပ်ဆင့်မျိုးကွဲ XBB.I.5 ဟာ ချက်ချင်းလက်ငင်း ကူးစက်ပြန့်ပွားလာနိုင်ဖွယ် မရှိဘူးဆိုပါတယ်။ ဂျပန်မှာ နောက်ထပ်ကူးစက်လှိုင်းတွေ ဖြစ်ပွားလာတဲ့ ကာလအတွင်း ဘယ်မျိုးကွဲက အဓိက ကူးစက်မလဲဆိုတာ မသိနိုင်သေးဘူးလို့ လည်း ပြောကြားခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ထပ်ဆင့်မျိုးကွဲအမျိုးမျိုးရဲ့ ကူးစက်မှုတွေဟာ အချိန်အတိုင်းအတာတစ်ခု အထိ ဆက်ရှိနေဦးမယ်လို့ ပါမောက္ခ Takeuchi Hiroaki က ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(532) Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ ထပ်ဆင့်မျိုးကွဲ XBB.I.5 ကိုရိုနာဗိုင်းရပ်စ်အကြောင်း နောက်ဆုံးသိလာရတဲ့အချက်များ။
အပိုင်း−၃ ထပ်ဆင့်မျိုးကွဲဗိုင်းရပ်စ်ရဲ့ ရှောင်တိမ်းနိုင်စွမ်း။

အဖြေ− ဒီတစ်ကြိမ်မှာ Omicron မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ရဲ့ ထပ်ဆင့်မျိုးကွဲ XBB.I.5 ဗိုင်းရပ်စ်အကြောင်းကို လေ့လာနေပါတယ်။ ဒီဗိုင်းရပ်စ်ဟာ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲတွေအကြား လူ့ကိုယ်ခံစွမ်းအားက မတွေ့အောင် ရှောင်ရှားနိုင်စွမ်း အရှိဆုံး ဗိုင်းရပ်စ်ပိုးအဖြစ် ကျွမ်းကျင်သူတွေက စိုးရိမ်နေကြပါတယ်။ ထပ်ဆင့်မျိုးကွဲ ဗိုင်းရပ်စ်တွေရဲ့ လူ့ကိုယ်ခံ စွမ်းအားကနေ ရှောင်တိမ်းနိုင်စွမ်းကို လေ့လာကြည့်ပါမယ်။
ကာကွယ်ဆေးထိုးပြီးမှ အိုမီခရွန်ကိုရိုနာဗိုင်းရပ်စ်ရဲ့မျိုးကွဲ BA.5 ကူးစက်ခံရသူတွေရဲ့သွေးကို တိုကျိုတက္ကသိုလ် ဆေးသိပ္ပံဌာနက ပါမောက္ခ Sato Kei ဦးဆောင်တဲ့ G2P-Japan သုတေသနအဖွဲ့က လေ့လာခဲ့ပြီး ထပ်ဆင့်မျိုးကွဲ XBB.I.5 အပေါ် လူ့ကိုယ်ခံစွမ်းအားရဲ့ တုံ့ပြန်တိုက်ဖျက်ပုံနဲ့ပတ်သက်တဲ့ ပဏာမအစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီပဏာမအစီရင်ခံစာကို တရားဝင် ပြန်လည် သုံးသပ်မှုတွေတော့ မပြုလုပ်ရသေးပါဘူး။
အဲဒီအစီရင်ခံစာအရ BA.5 မျိုးကွဲထက်စာရင် ဒီထပ်ဆင့်မျိုးကွဲ XBB.I.5 အပေါ်မှာ ဗိုင်းရပ်စ်ပိုးရဲ့အာနိသင်ကို ပြယ်စေတဲ့ ပဋိပစ္စည်းတွေရဲ့ ခုခံတိုက်ဖျက်နိုင်စွမ်းဟာ ဆယ်ပုံတစ်ပုံပဲ ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် ဒီဗိုင်းရပ်စ်ဟာ ကိုယ်ခံစွမ်းအားကို ခံနိုင်ရည်ရှိတဲ့ ထပ်ဆင့်မျိုးကွဲတစ်ခု ဖြစ်တယ်ဆိုတာကို သိသိသာသာ ပြသနေပါတယ်။
ဒါ့အပြင် XBB.I.5 မျိုးကွဲရဲ့ ဆူးချွန်ပရိုတိန်းမှာအသစ်ဖြစ်ပေါ်နေတဲ့ မျိုးဗီဇပြောင်းလဲမှုတွေကြောင့် လူသားရဲ့ဆဲလ်မျက်နှာပြင်မှာ တွယ်ကပ်ပြီး ထိုးဖောက်ဝင်ရောက် ကူးစက်နိုင်စွမ်းဟာ တခြားမျိုးကွဲတွေထက် ၄.၃ ဆ မြင့်မားပါတယ်။
အရင် မျိုးကွဲဗိုင်းရပ်စ်တွေနဲ့မတူဘဲ၊ ထပ်ဆင့်မျိုးကွဲ XBB.1.5 ကိုရိုနာ ဗိုင်းရပ်စ်ဟာ ဗိုင်းရပ်စ်ပိုးရဲ့ အာနိသင်ကိုပြယ်စေတဲ့ ပဋိပစ္စည်းတွေကို ရှောင်တိမ်းနိုင်စွမ်းနဲ့ လူသားဆဲလ်ရဲ့မျက်နှာပြင်က ပရိုတင်းတွေမှာ မြဲမြံစွာ တွယ်ကပ်နိုင်စွမ်းတွေ ပေါင်းစပ်ထားတာကြောင့် ကူးစက်နိုင်စွမ်း ပိုမြင့်နေတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့လည်း ဗိုင်းရပ်စ်ပိုးရဲ့ရောဂါဖြစ်စေနိုင်တဲ့အန္တရာယ်မြင့်မားမှု ဒါမှမဟုတ် ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်နိုင်စွမ်း စတာတွေကိုတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(531) Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ ထပ်ဆင့်မျိုးကွဲ XBB.I.5 ကိုရိုနာဗိုင်းရပ်စ်အကြောင်း နောက်ဆုံးသိလာရတဲ့အချက်များ။
အပိုင်း−၂ ထပ်ဆင့်မျိုးကွဲ XBB.I.5 ရဲ့ ကူးစက်မှု အန္တရာယ်အပေါ် အကဲဖြတ်ချက်။

အဖြေ− ဒီတစ်ကြိမ်မှာ Omicron မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ရဲ့ ထပ်ဆင့်မျိုးကွဲ XBB.I.5 ဗိုင်းရပ်စ်အကြောင်းကို လေ့လာပါမယ်။ ဒီဗိုင်းရပ်စ်ဟာ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲတွေအထဲမှာမှ လူ့ကိုယ်ခံ စွမ်းအားက မတွေ့အောင် ရှောင်ရှားနိုင်စွမ်း အရှိဆုံး ဗိုင်းရပ်စ်ပိုး ဖြစ်တာကြောင့် ကျွမ်းကျင်သူတွေက စိုးရိမ်နေကြပါတယ်။ အဲဒီဗိုင်းရပ်စ်ရဲ့ ကူးစက်မှုအန္တရာယ်နဲ့ပတ်သက်ပြီး ပညာရှင်တွေရဲ့ အကဲဖြတ်ချက်ကို လေ့လာကြည့်ပါမယ်။
ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)က XBB.I.5 ဗိုင်းရပ်စ်ရဲ့အန္တရာယ်နဲ့ပတ်သက်ပြီး အကဲဖြတ်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီထပ်ဆင့်မျိုးကွဲဟာ တခြားနိုင်ငံတွေထက်စာရင် အမေရိကန်မှာ ကူးစက်ပျံ့နှံ့လွယ်နေတာကို မြင်နေရပေမဲ့လည်း နောက်ထပ် လေ့လာဆန်းစစ်မှုတွေလုပ်ဖို့ လိုအပ်တယ်လို့ အကဲဖြတ် ထားပါတယ်။
ပဏာမစမ်းသပ်မှုဒေတာအရ အရင်က ကိုဗစ်ကူးစက်ခံရတာ ဒါမှမဟုတ် ကာကွယ်ဆေးထိုးထားတာတွေကြောင့် ထွက်လာတဲ့ ခန္ဓာကိုယ်ထဲကပဋိပစ္စည်းတွေကို XBB.I.5 ဗိုင်းရပ်စ်က တခြားမျိုးကွဲ ဗိုင်းရပ်စ်တွေထက် ရှောင်တိမ်းနိုင်စွမ်း ပိုမိုမြင့်မားတယ်လို့ ပြသနေပါတယ်။ ရောဂါပိုးကူးစက်ခံရပြီးနောက် ရောဂါလက္ခဏာ ပြင်းထန်လာနိုင်သလားဆိုတာနဲ့ ပတ်သက်ပြီး လက်တွေ့ဆေးကုသ ထားတဲ့ အချက်အလက် တစ်စုံတစ်ရာမရှိသေးဘူးလို့ဖေါ်ပြ ထားပါတယ်။ ဒါပေမဲ့ XBB.1.5 ဟာ ပြင်းပြင်းထန်ထန် ဖျားနာနိုင်မှုပတ်သက်ပြီး မျိုးဗီဇပြောင်းလဲမှု ဖြစ်နိုင်ခြေရှိတယ် ဆိုတာမျိုးတော့ အတည်မပြုနိုင်သေးဘူးလို့ (WHO)က ဖြည့်စွက် ပြောဆိုထားပါတယ်။
XBB.I.5 ထပ်ဆင့်မျိုးကွဲဗိုင်းရပ်စ်ရဲ့ ကူးစက်မှု အချက်အလက် တွေနဲ့ပတ်သက်ပြီး အခုအချိန်အထိ အကန့်အသတ်နဲ့ပဲ ရှိနေသေးပေမဲ့ တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ကိုရိုနာ ဖြစ်ပွားမှုနှုန်း တိုးလာအောင်တော့ လုပ်ကောင်းလုပ်နိုင်မယ်လို့ WHO က ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(530) Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ ထပ်ဆင့်မျိုးကွဲ XBB.I.5 ကိုရိုနာဗိုင်းရပ်စ်အကြောင်း နောက်ဆုံးသိလာရတဲ့အချက်များ။
အပိုင်း−၁ အမေရိကားမှာ လျင်မြန်စွာ ကူးစက်ပြန့်ပွားလာမှု။

အဖြေ− Omicron မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ရဲ့ ထပ်ဆင့်မျိုးကွဲ XBB.I.5 ဗိုင်းရပ်စ်ဟာ ဒီဇင်ဘာလအနှောင်းပိုင်းကစပြီး အမေရိကန်နိုင်ငံအနှံ့မှာ လျင်မြန်စွာ ပျံ့နှံ့လာနေပါတယ်။ ဒီဗိုင်းရပ်စ်ဟာ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲတွေအကြား လူ့ကိုယ်ခံစွမ်းအားက မတွေ့အောင် ရှောင်ရှားနိုင်စွမ်း အရှိဆုံး ဗိုင်းရပ်စ်ပိုးအဖြစ် ကျွမ်းကျင်သူတွေက စိုးရိမ်နေကြပါတယ်။ အမေရိကန်နဲ့ ကမ္ဘာတစ်ဝန်းမှာ အဲဒီ XBB.I.5 မျိုးကွဲ ဘယ်လိုပျံ့နှံ့နေသလဲဆိုတာကို လေ့လာကြည့်ကြပါမယ်။
၂၀၂၂ ခုနှစ် နွေဦးရာသီနောက်ပိုင်း ကမ္ဘာတစ်ဝန်းမှာ ပျံ့နှံ့ခဲ့တဲ့ Omicron မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ရဲ့ ထပ်ဆင့်မျိုးကွဲ BA.2 ကနေ ထပ်ဆင့်ကွဲထွက်တဲ့အမျိုးအစား ဗိုင်းရပ်စ်၂ခုပေါင်းစပ် ထားတာကို XBB ပေါင်းစပ်ဗိုင်းရပ်စ်လို့ ခေါ်ပါတယ်။ XBB.I.5ကတော့ XBBကနေ ထပ်ဆင့် မျိုးကွဲလာတဲ့ ဗိုင်းရပ်စ်ဖြစ်ပါတယ်။
အမေရိကားမှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလနှောင်ပိုင်း New York မြို့နဲ့ အရှေ့ပိုင်းကပြည်နယ်တွေမှာ XBB.I.5 ထပ်ဆင့်မျိုးကွဲကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူ တစ်ဟုန်ထိုး များပြားလာခဲ့ပါတယ်။ အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးစင်တာက နိုင်ငံတွင်းမှာ စာရင်းကောက်ခဲ့တာအရဆိုရင် ဇန်နဝါရီလ ၂၁ ရက်အထိ တစ်ပတ်တာအတွင်း XBB.I.5 ထပ်ဆင့်မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်ဟာ ခန့်မှန်းခြေ အားဖြင့် COVID-19 ကူးစက်ခံရသူတွေရဲ့ ၄၉.၁ ရာခိုင်နှုန်းရှိတယ်လို့ ပြောပါတယ်။
ဇန်နဝါရီလ ၁၁ ရက်နေ့အထိ နိုင်ငံပေါင်း ၃၈ နိုင်ငံမှာ XBB.I.5 ထပ်ဆင့်မျိုးကွဲကူးစက်တဲ့ အစီရင်ခံမှုတွေ ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)က ပြောကြားခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာလည်း အဲဒီပိုးကူးစက်မှုရှိတယ်လို့ အစီရင်ခံထား ပါတယ်။ XBB.I.5 ထပ်ဆင့်မျိုးကွဲကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကတော့ အကန့်အသတ်နဲ့ပဲ ရှိသေးပေမဲ့ WHO ရဲ့ ဇန်နဝါရီလ ၁၉ ရက်က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ XBBကနေ မျိုးကွဲလာတဲ့ ကိုရိုဗိုင်းရပ်စ်ကူးစက်မှုဟာ ၂၀၂၂ ခုနှစ်ရဲ့ နောက်ဆုံးသီတင်းပတ်မှာ ကမ္ဘာတစ်ဝန်းကCOVID ရောဂါဖြစ်ပွားမှု တွေရဲ့ ၈.၃၆ ရာခိုင်နှုန်း ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(529) ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ပထမဆုံး အတည်ပြုခဲ့အပြီး ၃ နှစ်အကြာ။
အပိုင်း−၅ ရှေ့ဆက်ပြီး ရောဂါပိုးကူးစက်မှုကာကွယ်တားဆီးရေး ကို ဘယ်လို စီမံ လုပ်ဆောင်သင့်သလဲ။

အဖြေ− ဂျပန်နိုင်ငံမှာ ပထမဆုံး COVID-19 ကူးစက်ခံရမှု အတည်ပြုခဲ့တာကနေ အခုဆိုရင် ၃ နှစ်ရှိသွားပြီ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားတွေ ပြောင်းလဲလာခဲ့တာ၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို အနာဂတ်မှာ ဘယ်လိုစီမံပြီး ရင်ဆိုင် သွားကြမယ် ဆိုတာတွေကို အစိုးရအကြံပေးအဖွဲ့ရဲ့ အကြီးအကဲ Omi Shigeru ကိုမေးမြန်းထားပါတယ်။ လေ့လာကြည့်ကြရအောင်။
"COVID-19 ဟာ နှစ်ပေါင်း၁၀၀မှာ တစ်ကြိမ် ဖြစ်ပွားတတ်တဲ့ ကူးစက်ရောဂါ ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်မှာ SARS လို့ခေါ်တဲ့ “ကူးစက်မြန်ပြင်းထန်အဆုတ်ရောင်ရောဂါ”ဟာ ကမ္ဘာအနှံ့မှာ ကူးစက် ပြန့်ပွားခဲ့ပါတယ်။ SARS ရောဂါကို ၂၁ ရာစုရဲ့ ပြည်သူ့ကျန်းမာရေးကို အန္တရာယ်ပေးတဲ့ ပထမဆုံးကူးစက်ရောဂါလို့ ခေါ်ဆိုပြီး ဆိုးဆိုးရွားရွား ဖြစ်ခဲ့တဲ့ရောဂါတစ်ခု ဖြစ်ပါတယ်။ ဒီရောဂါပိုး ကူးစက်မှုတွေကိုတော့ ၆လအတွင်း ထိန်းချုပ်နိုင်ခဲ့ ပါတယ်။ ဒါပေမဲ့လည်း ကိုရိုနာဗိုင်းရပ်စ်အသစ် ဖြစ်တဲ့ COVID19 ကတော့ ပေါ်လာပြီးနောက် ၃နှစ်ကြာတဲ့အထိ အသက်ဝင် လှုပ်ရှားနေဆဲပဲ ဖြစ်ပါတယ်။ ဒါတင်မက လူ့ကိုယ်ခံစွမ်းအားကိုတောင် ရှောင်တိမ်းနိုင်တဲ့ မျိုးကွဲအသစ်တွေ ထပ်ဆင့်ထပ်ဆင့် ပေါ်ထွက်လာနေခဲ့ပါတယ်။ လူငယ်တွေမှာ ပြင်းထန်တဲ့ရောဂါလက္ခဏာတွေ မဖြစ်ပွားတာက အဆိုးထဲက အကောင်းလို့ ဆိုနိုင်ပေမဲ့ တချို့လူတွေမှာ နောက်ဆက်တွဲ ကိုဗစ်နာတာရှည်ဝေဒနာတွေကိုဖြစ်စေပါတယ်။ ကိုဗစ်ထပ်ဆင့် မျိုးကွဲဗိုင်းရပ်စ်ပိုးကြောင့် ပြင်းထန်တဲ့ အဆုတ်ရောဂါ တိုက်ရိုက် ဖြစ်ပွားမှုကတော့ နည်းသွားပါတယ်။ ဒါပေမဲ့ ဒီမျိုးကွဲဗိုင်းရပ်စ်က နှလုံးသွေးကြောဆိုင်ရာ အင်္ဂါတွေကို ထိခိုက်စေတယ်ဆိုတဲ့ အထောက်အထားတွေ ပိုပြီးထွက်ပေါ်လာနေတယ်။" မစ္စတာ Omi က ပြောပြပါတယ်။
မစ္စတာ Omi က ဆက်ပြီး "ကျွန်တော်တို့အားလုံး ကိုရိုနာဗိုင်းရပ်စ်ရဲ့ စရိုက်လက္ခဏာတွေကို အပြည့်အဝ နားလည်အောင်လုပ်ပြီး အဲဒီ အသိပညာတွေအပေါ်အခြေခံတဲ့ အစီအမံတွေ ဘယ်လို လုပ်ဆောင်မလဲဆိုတာ စဉ်းစားသင့်ပါတယ်လို့ ဆိုပါတယ်။ အရေးကြီးတာက ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုကို ဆက်တိုက် ပေးနိုင်အောင်စနစ်ကို ထိန်းထားရင်းနဲ့ စီးပွားရေးနဲ့လူမှုရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ရပ်တန့်မသွားအောင် ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ နှစ်ခုစလုံး ဟန်ချက်ညီညီနဲ့အောင်မြင်အောင် လုပ်ဆောင်နိုင်မယ့် အကောင်းဆုံးနည်းလမ်းကို လက်တွေ့ ဖော်ဆောင်နိုင်ဖို့ အသေးစိတ်ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဖို့ လိုအပ်ပါ တယ်” လို့ ပြောပြခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(528) ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ပထမဆုံး အတည်ပြုခဲ့အပြီး ၃ နှစ်အကြာ။
အပိုင်း−၄ ပြည်သူ့ကျန်းမာရေးစင်တာတွေရဲ့ ၂၄ နာရီ တုံ့ပြန်အလုပ်လုပ်ပုံ များ။

အဖြေ− ဂျပန်နိုင်ငံမှာ ပထမဆုံး COVID-19 ကူးစက်ခံရမှု အတည်ပြုခဲ့တာ ကနေ အခုဆိုရင် ၃ နှစ်ရှိသွားပြီ ဖြစ်ပါတယ်။ ကပ်ရောဂါစတင် ဖြစ်ပွားလာကတည်းက အခြေအနေနဲ့ ကိုက်ညီအောင် တုံ့ပြန်လှုပ်ရှားအလုပ်လုပ်ခဲ့တဲ့ ပြည်သူ့ကျန်းမာရေး ဌာနတွေဟာ တစ်ချိန်လုံး အလုပ်တာဝန်တွေနဲ့ အကြီးအကျယ် ဝန်ပိနေခဲ့ပါတယ်။
ဂျပန်နိုင်ငံတစ်ဝန်းက ပြည်သူ့ကျန်းမာရေးဌာနတွေဟာ ရောဂါကူး စက်ခံရသူ စုစုပေါင်းအရေအတွက်ကို စာရင်းကောက်တာ၊ လူနာတွေရဲ့ ကျန်းမာရေးအခြေအနေတွေကို စောင့်ကြည့် စစ်ဆေးရတာနဲ့ လူနာတွေဆေးရုံတက် ကုသခွင့်ရအောင် ညှိနှိုင်း စီစဉ်ပေးရတာ စတဲ့ လုပ်ငန်းတာဝန်တွေကို ယူလာခဲ့ပါတယ်။
တိုကျိုမြို့၊ Kita မြို့နယ်မှာရှိတဲ့ ပြည်သူ့ကျန်းမာရေးစင်တာက ကပ်ရောဂါအစပိုင်းတုန်းက ဖျားနာတဲ့သူတွေကို ဝန်ထမ်းတွေဟာ တယ်လီဖုန်းနဲ့ ဆွေးနွေးအကြံပြုတာနဲ့ ရောဂါပိုး ကူးစက်ခံရတယ်လို့ ယူဆရသူတွေဆီက ပိုးစစ်ဖို့ရယူထားတဲ့ နမူနာပုံစံတွေကို ရောဂါပိုးစစ်တဲ့ဌာနတွေဆီ ပေးပို့တာတွေ လုပ်ဆောင်ပေးခဲ့ပြီး အလုပ်တွေ ဝန်ပိလာခဲ့ပါတယ်။
ဂျပန်အစိုးရဟာ ၂၀၂၂ခုစက်တင်ဘာလကစပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအရေအတွက် ကောက်ယူတာကို ရိုးရှင်းတဲ့ပုံစံနဲ့ပဲ အစီရင်ခံဖို့စနစ်ကို ပြောင်းလဲကျင့်သုံးလိုက်တာကြောင့် ကျန်းမာရေးစင်တာရဲ့ အလုပ်ဝန်ပိမှုက ၇၀ ရာခိုင်နှုန်းလောက် လျော့ကျ သွားခဲ့ပါတယ်။
ကူးစက်မှုအဋ္ဌမလှိုင်း ဖြစ်တဲ့အခါမှာတော့ ဆေးရုံတက် ကုသနိုင်ဖို့နဲ့ ဖုန်းနဲ့အကြံဉာဏ် ပေးရတာ၊ အိမ်မှာပဲနေရတဲ့လူနာတွေရဲ့အိမ်ကို သွားရောက်ကြည့်ရှုရတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေနဲ့ တာဝန်တွေ တိုးလာခဲ့ပြီးဝန်ထမ်းတွေဟာ စနေ၊တနင်္ဂနွေလို ပိတ်ရက်တွေမှာတောင် အနားမရဘဲ အလုပ်လုပ်ရတယ်လို့ ဆိုပါတယ်။
ကူးစက်သူဦးရေ အလွန်အမင်း များပြားလာခဲ့တာက Kita မြို့နယ်က ကျန်းမာရေးစင်တာကို အင်မတန်အလုပ်ဝန်ပိစေခဲ့တာကြောင့် ဝန်ဆောင်မှုစနစ် ပြိုလဲသွားနိုင်သလောက်တောင် ဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီလို အနေအထားတွေကြောင့် ပုဂ္ဂလိက အဖွဲ့အစည်းတွေဆီ လုပ်ငန်းတချို့ကို စာချုပ်စနစ်နဲ့လွှဲပြောင်း တာဝန်ပေးပြီး ဝန်ထမ်းသစ်တွေ ခန့်အပ်ခဲ့တယ်လို့ ပြောပါတယ်။ ပြည်သူ့ကျန်းမာရေးစင်တာကဝန်ထမ်းတွေဟာ လွန်ခဲ့တဲ့ ကိုဗစ်ကူးစက်မှု ၃နှစ်တာကာလအတွင်းမှာ ၂၄နာရီပတ်လုံး အလုပ်လုပ်နေခဲ့ရပြီး အလွန်အမင်း ခက်ခဲပင်ပန်းခဲ့ရတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(527) ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ပထမဆုံး အတည်ပြုခဲ့အပြီး ၃ နှစ်အကြာ။
အပိုင်း−၃ ဆေးရုံတွေရဲ့ဆေးကုသမှုစနစ်အပေါ် ဝန်ပိနေမှုများ။

အဖြေ− ဂျပန်နိုင်ငံမှာ ပထမဆုံး COVID-19 ကူးစက်ခံရမှု အတည်ပြုခဲ့တာ ကနေ အခုဆိုရင် ၃ နှစ်ရှိသွားပြီ ဖြစ်ပါတယ်။ ကပ်ရောဂါကြီး စတင်ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ကိုရိုနာဗိုင်းရပ်စ်လူနာတွေကို လက်ခံကုသပေးနေတဲ့ ဆေးရုံတွေမှာ ကူးစက်မှု လှိုင်းအသစ်တွေ ဖြစ်ပေါ်တိုင်း ဆေးကုသမှုစနစ်အပေါ် ဝန်ပိမှုတွေ ဖြစ်ကြရပါတယ်။
ယိုကိုဟားမားဆိပ်ကမ်းမှာ ဆိုက်ကပ်ခဲ့တဲ့ အပျော်စီးသင်္ဘော တစ်စင်းပေါ်မှာ အစုလိုက်အပြုံလိုက် ကိုရိုနာကူးစက်မှုတွေ တွေ့ရှိခဲ့ချိန် ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလကစပြီး တိုကျိုမြို့ Hachioji မြို့နယ်မှာရှိတဲ့ Minamitama ဆေးရုံဟာ ကိုရိုနာဗိုင်းရပ်စ် လူနာတွေကို လက်ခံကုသပေးလာခဲ့ပါတယ်။
အဲဒီအချိန်ကစပြီး အဲဒီဆေးရုံမှာ လူနာကုတင် ၂၃ လုံးကို ကိုဗစ်လူနာတွေကို ကုသဖို့ ထားပေးပါတယ်။ တစ်နည်းအားဖြင့် ဆေးရုံက လူနာကုတင် ၁၇၀ လုံးရဲ့ ၁၄ ရာခိုင်နှုန်းကို ကိုဗစ်လူနာတွေအတွက် သီးသန့်ထားရှိခဲ့ပါတယ်။ အဲဒီ ဆေးရုံဟာ အခုအထိ ကိုဗစ်လူနာ ၁၀၀၀ နီးပါးကို လက်ခံကုသပေး လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အစပိုင်းက ဆဋ္ဌမလှိုင်းစဖြစ်ပြီး Omicron မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနဲ့အတူ အဆုတ် အအေးမိပြီး ပြင်းပြင်းထန်ထန် ဖျားနာတဲ့ လူနာအရေအတွက်က ကျဆင်းလာပါတယ်။
ဒါပေမဲ့ ဆေးရုံတင်ကုသရတဲ့ ကိုဗစ်လူနာအရေအတွက်ဟာ ဆေးရုံကကန့်သတ်ထားတဲ့ လူနာကုတင်အရေအတွက်ကို ကျော်လွန်သွားခဲ့ပြီး တခြားရောဂါရှိတဲ့ လူနာတွေကို ဆေးကုသပေးတဲ့ ဝန်ဆောင်မှုအပေါ် ဝန်ပိစေခဲ့ပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ ကူးစက်မှုအဋ္ဌမလှိုင်းကာလအတွင်း COVID လူနာတွေအတွက် ထားရှိတဲ့ကုတင်အားလုံးဟာ ဒီဇင်ဘာလ အစောပိုင်းကတည်းက ပြည့်သွားခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် လူနာတွေအတွက် ဆေးရုံကုတင်တွေ ဖြည့်စည်းပေးဖို့အတွက် တခြား ရောဂါကုဆောင်တွေကို တစ်စိတ်တစ်ပိုင်းအားဖြင့် ပိတ်ခဲ့ရ ပါတယ်။
ဒါကြောင့် ဆေးရုံဟာ ကိုဗစ်မဟုတ်တဲ့ အရေးပေါ်လူနာတွေကို လက်ခံဖို့ အခက်တွေ့ခဲ့ရပါတယ်။
ပုံမှန်အားဖြင့် အဲဒီဆေးရုံဟာ အရေးပေါ်ကုသဖို့ လိုအပ်တဲ့လူနာတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို လက်ခံကုသပေးခဲ့ပေမဲ့ အခုနှစ်စပိုင်းကစပြီး ၅၀ ရာခိုင်နှုန်းကိုပဲ လက်ခံနိုင်ခဲ့ပါတယ်။
ရောဂါကူးစက်မှုလှိုင်းသစ်တွေ ဖြစ်ပေါ်လာတိုင်း ဆေးကုသမှုစနစ် အပေါ် ဝန်ပိတာတွေ ဖြစ်နေတာကြောင့် ခက်ခဲတဲ့အခြေအနေတစ်ရပ် ဆက်ရှိနေဆဲပဲလို့ ဆေးရုံအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။
ရောဂါကူးစက်မှုထိန်းချုပ်ရေး အစီအမံတွေကို ဆက်ပြီးလုပ်ဆောင်ဖို့ လိုအပ်ပေမဲ့ထိန်းချုပ်မှုအစီအမံတွေကို အမြင့်ဆုံး ထားနိုင်အောင် ပြန်သုံးသပ်ပြီး လူနာတွေပိုမိုလက်ခံနိုင်မယ့် ဆေးရုံစနစ်ကို ပြောင်းလဲဖို့လည်း လိုအပ်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။
ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(526) ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ပထမဆုံး အတည်ပြုခဲ့အပြီး ၃ နှစ်အကြာ။
အပိုင်း−၂ မျိုးဗီဇပြောင်း ဗိုင်းရပ်စ်သစ်တွေနဲ့ ထပ်ဆင့် မျိုးကွဲဗိုင်းရပ်စ်တွေ အဆုံးမဲ့ ထွက်ပေါ်နေခြင်း။

အဖြေ− မျိုးဗီဇပြောင်း ဗိုင်းရပ်စ်သစ်တွေနဲ့ ထပ်ဆင့် မျိုးကွဲဗိုင်းရပ်စ်တွေ အကြိမ်ကြိမ် ဆက်တိုက် ထွက်ပေါ်လာနေ ပါတယ်။
ဂျပန်နိုင်ငံမှာဗိုင်းရပ်စ် ပထမဆုံး ကူးစက်တယ်လို့အတည်ပြုခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားဟာ ကပ်ရောဂါအစပိုင်းက တရုတ်နိုင်ငံ ဝူဟန်မှာ တွေ့ရှိခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် အမျိုးအစား နဲ့တူတူပဲ ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် နွေဦးရာသီက စပြီးတော့ ကိုရိုနာဗိုင်းရပ်စ်က မျိုးဗီဇ စပြောင်းလာပါတယ်။ အဲဒီနောက် မျိုးဗီဇပြောင်းဗိုင်းရပ်စ်တွေက ဥရောပကနိုင်ငံတွေမှာ အဓိက ကူးစက်ပျံ့နှံ့ခဲ့ပြီး ဂျပန်မှာလည်း ကူးစက်ပျံ့နှံ့လာခဲ့ပါတယ်။
၂၀၂၂ ခုနှစ် အစောပိုင်းကစပြီး Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ဟာ ဂျပန်မှာ ကူးစက်ပျံ့နှံ့လာခဲ့ပါတယ်။ အဲဒီမျိုးဗီဇပြောင်းဗိုင်းရပ်စ်ဟာ ကူးစက်နိုင်စွမ်းမြင့်မားတာကြောင့် အရင်ကထက် ကူးစက်မှုပိုမိုများပြားခဲ့ပြီး သေဆုံးသူဦးရေလည်း များပြားလာခဲ့ပါတယ်။ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်က ထပ်ဆင့် မျိုးကွဲတွေထွက်လာပြီး လူ့ခန္ဓာကိုယ်ထဲက ကိုယ်ခံစွမ်းအား ပဋိပစ္စည်းကိုတောင် ရှောင်ရှားနိုင်တဲ့အထိ ဗီဇပြောင်းလဲ လာခဲ့ပါတယ်။ အခုလက်ရှိ ကူးစက်မှု အဋ္ဌမလှိုင်းမှာဆိုရင် Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ ထပ်ဆင့်မျိုးကွဲ BQ.I အမျိုးအစားကြောင့် ကူးစက်မှုတွေ များပြားလာခဲ့ပါတယ်။ ဒါ့အပြင် ကူးစက်နိုင်စွမ်း ပိုမြင့်မားတဲ့ ထပ်ဆင့်မျိုးကွဲဗိုင်းရပ်စ် XBB. 1.5 ကိုရိုနာဗိုင်းရပ်စ် ထွက်ပေါ်လာပြီး အမေရိကားမှာလည်း ကူးစက် ပြန့်ပွားနေပြီး ဂျပန်နိုင်ငံမှာလည်း ကူးစက်မှုတွေတွေ့ရှိထားပါတယ်။
ဗိုင်းရပ်စ်ဆိုင်ရာကျွမ်းကျင်သူ တိုကျိုတက္ကသိုလ် ဆေးသိပ္ပံဌာနက ပါမောက္ခ Sato Kei က ကိုဗစ်ကာကွယ်ဆေးထိုးတာကနေ ခန္ဓာကိုယ်ကရရှိတဲ့ ကိုယ်ခံစွမ်းအားကို ရှောင်ရှားဖို့အတွက် မျိုးကွဲသစ်တွေဟာ တစ်မျိုးပြီးတစ်မျိုး မရပ်တန်း ပြောင်းလဲ ထွက်ပေါ်နေပြီး ဗိုင်းရပ်စ်ပိုးရဲ့အာနိသင်ကို ပျက်ပြယ်စေတဲ့ပဋိပစ္စည်း (neutralizing antibodies)ရဲ့ ထိရောက်မှု အစွမ်းဟာလည်း ထပ်ဆင့်မျိုးကွဲဗိုင်းရပ်စ် XBB တွေမှာတော့ ထိရောက်မှု နည်းပါး တယ်လို့ ပြောကြားခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲတွေကို တိုက်ဖျက်မှုမှာ အဆင့်အသစ်ကို ထပ်ရောက်သွားပြီလို့ ခံစားရကြောင်း သူက ပြောပါတယ်။ ဒီကပ်ရောဂါကို အဆုံးသတ်ပစ်ဖို့ မျှော်လင့်မယ့်အစား ကပ်ရောဂါကို ရှင်သန်ခွင့်ပြုလိုက်ပြီး ယှဉ်တွဲနေထိုင်မယ့်နည်းလမ်းကို အကျေအလည် ဆွေးနွေးကြဖို့ လိုအပ်တယ်လို့ သူက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(525) ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ပထမဆုံး အတည်ပြုခဲ့အပြီး ၃ နှစ်အကြာ။
အပိုင်း−၁ ယနေ့အထိကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းနဲ့ သေဆုံးမှုနှုန်း ။

အဖြေ− ဂျပန်နိုင်ငံမှာ ပထမဆုံး COVID-19 ကူးစက်ခံရမှု ကိုတွေ့ရှိပြီး အတည်ပြုခဲ့တာကနေ အခုဆိုရင် ၃ နှစ်ရှိသွားပြီ ဖြစ်ပါတယ်။ ဒီ ၃နှစ်တာ ကာလအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အခြေအနေတွေ ဘယ်လို ပြောင်းလဲလာသလဲဆိုတာ ဒီ၃နှစ်တာကို ပြန်လည်သုံးသပ် လေ့လာကြည့်ပါမယ်။
အမေရိကန်ပြည်ထောင်စု Johns Hopkins တက္ကသိုလ်က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ဇန်နဝါရီလ ၂၀ ရက်နေ့အထိ အတွင်းမှာ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူဦးရေ ၆၆၈ သန်း ရှိခဲ့ပြီး ကိုဗစ်ကြောင့်သေဆုံးသူ ၆.၇ သန်းလောက် ရှိခဲ့ပါတယ်။
ဂျပန်နိုင်ငံမှာတော့ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့က ပထမဆုံး COVID-19 ရောဂါဖြစ်ပွားမှု တွေ့ရှိကြောင်း ထုတ်ပြန်ခဲ့ပြီး အခု ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့အထိ ၃နှစ်တာကာလ အတွင်းမှာ COVID-19 ကူးစက်ခံရသူ ၃၂ သန်းဝန်းကျင်ရှိခဲ့ပြီး ဂျပန်နိုင်ငံတွင်း သေဆုံးသူပေါင်း ၆၄၀၀၀ ကျော်ရှိခဲ့ပါတယ်။
အထူးသဖြင့် Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့လာချိန် ၂၀၂၂ ခုနှစ် ဇန်နဝါရီလကစပြီး အခုအထိ တစ်နှစ်တာ ကာလအတွင်း COVID-19 ကူးစက်ဖြစ်ပွားမှု အရေအတွက်ဟာ ၂၀၂၀ကစတဲ့ ၃ နှစ်တာ ကာလအတွင်းမှာ COVID-19 ကူးစက်မှု စုစုပေါင်း အရေအတွက်ရဲ့ ၉၅ ရာခိုင်နှုန်းနီးပါးရှိခဲ့ပါတယ်။ အဲဒီလောက်အထိ အိုမီခရွန်ရဲ့ ကူးစက်မှုက များပြားပါတယ်။
ဒါပေမဲ့ ကုသမှုတွေ ပိုကောင်းလာတာနဲ့အမျှ ကာကွယ်ဆေး ထိုးနှံမှုတွေ တိုးတက်လာတာကြောင့် ဂျပန်နိုင်ငံတွင်း COVID-19 ကြောင့် သေဆုံးမှုနှုန်းဟာ သုံးနှစ်အတွင်း သိသိသာသာ လျော့ကျ လာခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလက စတင်ခဲ့တဲ့ ရောဂါကူးစက်မှု ပထမလှိုင်းအတွင်း သေဆုံးမှုနှုန်းဟာ ၅.၃၄ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလက စတင်ခဲ့တဲ့ Omicron ကူးစက်ပျံ့နှံ့မှု ဆဋ္ဌမလှိုင်း ကနေ လက်ရှိ အဋ္ဌမလှိုင်း ဖြစ်နေတဲ့အထိ သေဆုံးမှုနှုန်းဟာ ၀.၁ ရာခိုင်နှုန်းပဲ ရှိတာကြောင့် သေဆုံးမှုနှုန်း သိသိသာသာ ကျဆင်းသွားခဲ့တယ်လို့ ဆိုရပါမယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(524) ကူးစက်ရောဂါဆိုင်ရာ ဥပဒေအရ COVID-19 ရောဂါပိုးအမျိုးအစား ခွဲခြားမှုအပေါ် ဆွေးနွေးမှုများ။
အပိုင်း− ၇ ‌လာမယ့်ဆွေးနွေးပွဲတွေရဲ့ အလားအလာများ။

အဖြေ− ကူးစက်ရောဂါထိန်းချုပ်မှုဆိုင်ရာ ဥပဒေအရ ကိုဗစ်အမျိုးအစား ခွဲခြားမှုအပေါ် ပြန်လည်သုံးသပ်တဲ့ ဆွေးနွေးမှုတွေကို ဂျပန်မှာ စတင်ခဲ့ပါတယ်။ လာမယ့်အနာဂတ်မှာ ဆွေးနွေးမှုတွေပြုလုပ်တဲ့အခါ ဖြစ်လာမယ့်ရလဒ်တွေကို လေ့လာ ကြည့်မှာ ဖြစ်ပါတယ်။

ကိုဗစ်အမျိုးအစား ခွဲခြားမှုနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေ ဘယ်တော့မှအပြီးသတ်မယ်ဆိုတာ တိတိကျကျ အချိန် သတ်မှတ်လို့မရသေးဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ပညာရှင်တွေက ဗိုင်းရပ်စ်ရဲ့ရောဂါဖြစ်ပွားနိုင်စွမ်းကို သုတေသနလုပ်ထားတဲ့ ရလဒ်အပေါ်အခြေခံပြီး ကိုဗစ်လူနာတွေရဲ့ ဆေးကုသစရိတ်တွေကို ပြည်သူ့ဘဏ္ဍာငွေကနေပဲ ဆက်ပြီး ကျခံမလားစတဲ့ အချက်တွေကို  တိတိကျကျ ဆွေးနွေးလာမယ် လို့ ယူဆရပါတယ်။ လက်ရှိမှာ COVID-19 ရောဂါကို ရောဂါအမျိုးအစား အဆင့် ၂ အဖြစ်သတ်မှတ်ထားတဲ့အတွက် လူနာတွေရဲ့ ဆေးဖိုး ကုန်ကျစရိတ်အားလုံးကို ပြည်သူ့ဘဏ္ဍာကနေပဲ ကျခံပေးနေပါတယ်။ ကိုဗစ်ကာကွယ်ဆေးကို အခမဲ့ ဆက်လက် ထိုးနှံပေးမလားဆိုတဲ့အချက်လည်း ဆွေးနွေးမှုတွေမှာ ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။ COVID-19 ရောဂါကို ရောဂါအမျိုးအစားအဆင့် ၅ အဖြစ် ပြောင်းလဲသတ်မှတ်ဖို့ ကိစ္စအတွက်ဆိုရင် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကျွမ်းကျင်ပညာရှင်များအဖွဲ့က ကိုင်တွယ်ဖြေရှင်းဖို့ လွှဲပေးရမှာဖြစ်ပြီး ဝန်ကြီးဌာနရဲ့အမိန့်ကိုလည်း ပြန်လည် ပြင်ဆင်ဖို့လိုအပ်ပါတယ်။

COVID-19 ကို ကူးစက်ရောဂါ အမျိုးအစားအဆင့် ၅ သတ်မှတ်လိုက် တယ် ဆိုရင်တောင် ကိုဗစ်လူနာအတွက် ဆေးကုသစရိတ်ကို ပြည်သူ့ဘဏ္ဍာငွေကနေ အပြည့်အဝ ဆက်ပေးဖို့ အစိုးရက စီမံချက် ချမှတ်နိုင်ပါတယ်။

COVID-19 ကို ကူးစက်ရောဂါ အမျိုးအစားအဆင့်တစ်ခု အသစ်သတ်မှတ်မယ်ဆိုရင် ကူးစက်ရောဂါထိန်းချုပ်ရေးဥပဒေကိုပါ ပြန်လည်ပြင်ဆင်ရမှာဖြစ်တာကြောင့် လွှတ်တော်အထိ တက်ပြီး ဆွေးနွေးမှုတွေပြုလုပ်ဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(523) ကူးစက်ရောဂါဆိုင်ရာ ဥပဒေအရ COVID-19 ရောဂါပိုးအမျိုးအစား ခွဲခြားမှုအပေါ် ဆွေးနွေးမှုများ။
အပိုင်း− ၆ ဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု။

အဖြေ− ကူးစက်ရောဂါထိန်းချုပ်မှုဆိုင်ရာ ဥပဒေအရ ကိုဗစ်အမျိုးအစား ခွဲခြားမှုအပေါ် ပြန်လည်သုံးသပ်တဲ့ ဆွေးနွေးမှုတွေ ဂျပန်မှာ စတင်နေ ပါပြီ။ ဂျပန်မှာ လက်ရှိရရှိနိုင်တဲ့ COVID-19 ဆေးဝါးတွေနဲ့ ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုတွေ အကြောင်းနဲ့အတူ ကျွမ်းကျင်ပညာရှင်တွေ စိုးရိမ်နေတဲ့ အကြောင်း အချက်တွေကို လေ့လာကြည့်ကြရအောင်။

ဂျပန်နိုင်ငံမှာ ပြင်းထန်တဲ့ ရောဂါလက္ခဏာ ဖြစ်ပေါ်နိုင်ခြေရှိတဲ့ ကိုဗစ်လူနာတွေကို ကုသရာမှာ Lagevrio နဲ့ Paxlovid လို့ခေါ်တဲ့ COVID-19 ဆေးနှစ်မျိုးကို အသုံးပြုနေပါတယ်။ ကျန်းမာရေးဝန်ကြီး ဌာနဟာ နိုဝင်ဘာလမှာ ကိုဗစ်လူနာတွေရဲ့ ရောဂါလက္ခဏာ ဖြစ်ပေါ်မှု အနေအထားကို ရောဂါအပြင်းအပျော့ မခွဲခြားဘဲ အသုံးပြုနိုင်တဲ့ Xocova ကိုဗစ်သောက်ဆေးကို အရေးပေါ်အသုံးပြုဖို့ အတည်ပြုခဲ့ ပါတယ်။ အဲဒီ Xocova ဆေးဟာ ပထမဆုံး ဂျပန်နိုင်ငံထုတ် ကိုဗစ်ဆေးဖြစ်ပြီး ဂျပန်ဆေးဝါးကုမ္ပဏီကြီး Shionogi ကထုတ်လုပ် ခဲ့တာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ ကိုဗစ်ဆိုင်ရာ ဆေးဝါးကုသမှုမှာလည်း အထွေထွေ ရောဂါကု  ဆေးဘက်ဆိုင်ရာဌာနတွေမှာ ရောဂါကူးစက်မှု ကာကွယ် တားဆီးရေး အစီအမံတွေကို လုံလုံလောက်လောက် ဆောင်ရွက်ပြီး ကိုဗစ်လူနာတွေကို လက်ခံကုသပေးနိုင်နေတဲ့ ဆေးရုံ၊ဆေးခန်း အရေအတွက်လည်း တိုးလာနေပါတယ်။

ဒီလို အနေအထားတွေရှိတဲ့ကြားမှာဘဲ ကျွမ်းကျင်ပညာရှင် တချို့က စိုးရိမ်ပူပန်မှုတွေလည်း ရှိနေပါတယ်။

၂၀၂၂ အောက်တိုဘာလက၊ Tohoku တက္ကသိုလ်ကပါမောက္ခ Oshitani Hitoshi ၊ ကျိုတိုတက္ကသိုလ်က ပါမောက္ခ Nishiura Hiroshi နဲ့ သုတေသီအဖွဲ့ဟာ ရှေ့လျှောက်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအလားအလာဆိုင်ရာ အစီရင်ခံစာကို ဂျပန် ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ကျွမ်းကျင်ပညာရှင်တွေဆီ တင်သွင်းခဲ့ပါတယ်။ အဲဒီ အစီရင်ခံစာမှာ ကိုရိုနာဗိုင်းရပ်စ်ရဲ့မျိုးကွဲသစ်တွေကြောင့် ရုတ်တရက် ကူးစက်ပျံ့နှံ့မှုတွေ များပြားစွာ ဖြစ်ပွားလာမှာကို သတိထားကြဖို့ တိုက်တွန်းထားပါတယ်။ ကာကွယ်ဆေးထိုးနှံမှု အရေအတွက် ကလည်း မျှော်လင့်ထားသလောက် တိုးတက်မှု မရှိလာဘူးဆိုရင် လူနာတွေ သေဆုံးမှုနှုန်း ဒါမှမဟုတ် ပြင်းထန်တဲ့ ကိုဗစ်ရောဂါ လက္ခဏာတွေ ဖြစ်ပွားမှုနှုန်းတွေ ပြန်မြင့်တက်လာနိုင်ခြေရှိတယ်လို့ သတိပေးထားပါတယ်။

ကျွမ်းကျင်ပညာရှင်အဖွဲ့ရဲ့ အကြီးအကဲ Wakita Takaji က နိုဝင်ဘာလ ၃၀ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

COVID-19 ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ရောဂါဖြစ်တဲ့အခါ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတွေ ပိုမိုဆိုးရွားလာစေတာကို လက်ရှိအချိန်အထိ တွေ့ခဲ့ရပေမဲ့ မကြာသေးခင်ကတော့ ရောဂါလက္ခဏာအသစ်အနေနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါ လက္ခဏာတွေကိုပါ နောက်ဆက်တွဲပြဿနာအဖြစ် တွေ့ရှိလာရတယ် လို့ အကြီးအကဲ Wakita က ပြောကြားခဲ့ပါတယ်။ ဒါ့ကြောင့် ကိုဗစ်ရောဂါပိုးကြောင့် သွေးလည်ပတ်မှုဆိုင်ရာ ရောဂါတစ်ခုခု  ဖြစ်လာဖွယ်ရှိတယ်လို့ ယူဆနေပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(522) ကူးစက်ရောဂါဆိုင်ရာ ဥပဒေအရ COVID-19 ရောဂါပိုးအမျိုးအစား ခွဲခြားမှုအပေါ် ဆွေးနွေးမှုများ။
အပိုင်း− ၅ ကာကွယ်ဆေး ထိုးနှံမှုနှုန်း။

အဖြေ− ကူးစက်ရောဂါထိန်းချုပ်မှုဆိုင်ရာ ဥပဒေအရ ကိုဗစ် အမျိုးအစား ခွဲခြားမှုအပေါ် ပြန်လည်သုံးသပ်တဲ့ ဆွေးနွေးမှုတွေ ဂျပန်မှာ စတင်နေပါပြီ။ ကိုဗစ်ရောဂါကို ကူးစက်ရောဂါ အမျိုးအစားထဲက အဆင့်ပြောင်းလဲသတ်မှတ်ရာမှာ ထည့်သွင်း စဉ်းစားစရာ အချက်တစ်ချက်ဖြစ်တဲ့ ကာကွယ်ဆေး ထိုးနှံမှုနှုန်းနဲ့ ပတ်သက်ပြီး လေ့လာကြည့်ကြရအောင်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးရေး အစီအမံများဆိုင်ရာ အစိုးရ ဆပ်ကော်မတီရဲ့ အကြီးအကဲ Omi Shigeru က လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ ဆောင်ရွက်မှုတွေကို မထိခိုက်စေတဲ့ ရောဂါပိုး ကာကွယ်တားဆီးရေးဆိုင်ရာ ကန့်သတ်ချက်တွေ ထားထားတဲ့ ကြိုတင်ပြင်ဆင်မှု အနေအထားရှိမှသာ  COVID-19 ကို အမျိုးအစားခွဲပြီး အဆင့် ပြန်သတ်မှတ်သင့်တယ်လို့ အကြံပြု ပြောကြားခဲ့ပါတယ်။

သူက ဇူလိုင်လက NHK နဲ့ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ကာကွယ်ဆေး ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံလာကြတာ၊ ဈေးသက်သာတဲ့ဆေးတွေ အလွယ်တကူ လက်လှမ်းမီနိုင်မယ့်နေရာမှာ ရရှိလာတာ၊ ကိုဗစ်လူနာတွေ ဆေးကုလို့ ရမယ့် ဆေးရုံဆေးခန်းတွေ ပိုများလာတာ စတဲ့ သတ်မှတ်ချက်တွေ လည်းရှိနေဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

အဲဒီလို သတ်မှတ်ချက်တွေနဲ့ လက်ရှိအခြေအနေကို နှိုင်းယှဉ်ကြည့် မယ်ဆိုရင် ပထမဆုံး ကာကွယ်ဆေးထိုးနှုန်းကို ဂျပန်ဝန်ကြီးချုပ်ရုံး ရဲ့အင်တာနက် စာမျက်နှာမှာ ဖေါ်ပြထားတဲ့ ဒီဇင်ဘာလ ၂၀ ရက်အထိ ထုတ်ပြန်ချက်အရ နိုင်ငံလူဦးရေရဲ့ ၈၁.၄ ရာခိုင်နှုန်းက COVID-19 ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒုတိယအကြိမ် ထိုးနှံပြီးသူက ၈၀.၄ ရာခိုင်နှုန်း၊ တတိယအကြိမ် ထိုးနှံပြီးသူက ၆၇.၅ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အစိုးရက ၂၀၂၂ ခုနှစ် နှစ်ကုန်အထိ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့မျိုးကွဲတွေကို ပစ်မှတ်ထားတဲ့ ကာကွယ်ဆေးကို ထိုးနှံဖို့ ဆန္ဒရှိသူတွေကိုပဲ ထိုးပေးဖို့ စီစဉ်ထားခဲ့ပြီး ထိုးနှံပြီးသူကတော့ ၃၀.၆ ရာခိုင်နှုန်းသာ ရှိပါသေးတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(521) ကူးစက်ရောဂါဆိုင်ရာ ဥပဒေအရ COVID-19 ရောဂါပိုးအမျိုးအစား ခွဲခြားမှုအပေါ် ဆွေးနွေးမှုများ။
အပိုင်း− ၄ သေဆုံးနှုန်း ပြောင်းလဲလာခြင်းက ဘာတွေဖြစ်မလဲ။

အဖြေ− ကူးစက်ရောဂါထိန်းချုပ်မှုဆိုင်ရာ ဥပဒေအရ ကိုဗစ် အမျိုးအစား ခွဲခြားမှုကို ပြန်လည်သုံးသပ်တဲ့ ဆွေးနွေးမှုတွေ ဂျပန်မှာ စတင်နေပါပြီ။ ကိုဗစ်ရောဂါအမျိုးအစားကို အဆင့်ပြောင်းလဲ သတ်မှတ်ရာမှာ ထည့်သွင်းစဉ်းစားရမယ့် အဓိကအကြောင်းအရာက ရောဂါပိုးကူးစက်မှုလှိုင်းတွေအတွင်းမှာ သေဆုံးမှုနှုန်း ပြောင်းလဲ လာတဲ့အချက် ဖြစ်ပါတယ်။  အဲဒီအချက်ကို လေ့လာ ကြည့်ကြရအောင်။

ဂျပန်မှာ ကိုရိုနာဗိုင်းရပ်စ်ကို ပထမဆုံး တွေ့ရှိခဲ့တာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး  ကူးစက်မှုပထမလှိုင်း အတွင်းမှာ သေဆုံးမှုနှုန်းဟာ ၅.၃၄ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ရောဂါလက္ခဏာပြင်းထန်တဲ့ လူနာတွေကို ဆေးကုသနည်း တိုးတက်လာတာကြောင့် ၂၀၂၀ ပြည့်နှစ် နွေရာသီရောက်တဲ့အခါ ကူးစက်မှု ဒုတိယလှိုင်းဖြစ်ပေမဲ့ သေဆုံးနှုန်းဟာ ၀.၉၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။

အဲဒီနောက်  ၂၀၂၁ ခုနှစ် နှစ်သစ်ကူးနောက်ပိုင်း တတိယလှိုင်း ဖြစ်ပွားခဲ့ပါတယ်။ ကူးစက်မှုတွေလည်း အလျင်အမြန် ပြန့်ပွားလာခဲ့ တာကြောင့် ကျန်းမာရေး စောင့်ရှောက်မှုစနစ်မှာ ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်ခဲ့ပြီး သေဆုံးမှုနှုန်းဟာလည်း ၁.၈၂ ရာခိုင်နှုန်းအထိ ပြန်မြင့်တက် လာခဲ့ပါတယ်။

ဒါ့အပြင် ဗိုင်းရပ်စ်မျိုးဗီဇပြောင်းလဲမှု ဖြစ်ပေါ်လာပါတယ်။ ပထမဆုံး အတည်ပြုခဲ့တဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်က Alpha ဖြစ်ပြီး ဒီ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့လာပြန်ပါတယ်။ ၂၀၂၁ ခုနှစ် နွေဦးရာသီမှာ ကူးစက်မှုစတုတ္ထလှိုင်း ဖြစ်ပွားတာကြောင့် သေဆုံးနှုန်း ၁.၈၈ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

၂၀၂၁ ခုနှစ်နွေရာသီမှာတော့ Delta မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားလာပြီး ပဉ္စမလှိုင်း ဖြစ်ပေါ်ပါတယ်။ ပဉ္စမလှိုင်း မှာတော့ အပျော့စားရောဂါလက္ခဏာပဲ ပြသသူတွေ၊ ရောဂါလက္ခဏာ လုံးဝမပြသတဲ့ ကူးစက်ခံရသူတွေပဲ များပြားခဲ့တာကြောင့် သေဆုံးမှုနှုန်းဟာ ၀.၃၂ ရာခိုင်နှုန်းပဲ ရှိခဲ့ပါတယ်။

အဲဒီနောက် ကူးစက်နိုင်စွမ်းမြင့်မားတဲ့ အိုမီခရွန် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားလာပြီးနောက် ကူးစက်မှု ဆဋ္ဌမလှိုင်း ဖြစ်ပါတယ်။ အဲဒီမှာ သေဆုံးသူဦးရေ များပြားလာခဲ့ပေမဲ့လည်း ကိုဗစ်ကူးစက်ခံရသူအသစ် အရေအတွက် ပိုမိုတိုးပွားလာတာနဲ့အမျှ သေဆုံးမှုနှုန်းလည်း ပြန်ကျဆင်းလာခဲ့ပါတယ်။ ဆဋ္ဌမလှိုင်းမှာ သေဆုံးနှုန်းဟာ ၀.၁၇ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၂ ခုနှစ် နွေရာသီမှာ ကူးစက်မှုသတ္တမလှိုင်း ဖြစ်ပွားခဲ့ပြန်ပါတယ်။ အဲဒီမှာတော့ သေဆုံးမှုနှုန်းဟာ ၀.၁၁ ရာခိုင်နှုန်းအထိ သိသိသာသာ ကျဆင်းသွားခဲ့ ပါတယ်။

အဲဒီနောက် ရောဂါပိုးကူးစက်ခံရသူ အရေအတွက်က အရင်ကထက် အများကြီး အကြီးအကျယ်တိုးလာတဲ့အတွက် အိုမီခရွန်အမျိုးအစား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် အခုနှစ်မှာ သေဆုံးသူဦးရေဟာ ၃၁၀၀၀ အထိ ရှိလာခဲ့ပါတယ်။ ဒါဟာ ကိုဗစ် စပေါ်လာပြီးနောက်ပိုင်း ၃ နှစ်တာကာလအတွင်း   ဂျပန်မှာ ကိုဗစ်ကြောင့် သေဆုံးခဲ့သူ အားလုံးရဲ့ ၆၀ ရာခိုင်နှုန်းလောက် ရှိခဲ့တာကို ပြပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(520) ကူးစက်ရောဂါဆိုင်ရာ ဥပဒေအရ COVID-19 ရောဂါပိုးအမျိုးအစား ခွဲခြားမှုအပေါ် ဆွေးနွေးမှုများ။
အပိုင်း− ၃ COVlD-19 ကို အဆင့် ၅ အမျိုးအစားအဖြစ် ပြောင်းလဲ သတ်မှတ်မယ်ဆိုရင် ဘာအပြောင်းအလဲတွေ ဖြစ်သွားမလဲ။

အဖြေ− ကူးစက်ရောဂါထိန်းချုပ်မှုဆိုင်ရာ ဥပဒေအရ ကိုဗစ် အမျိုးအစား ခွဲခြားမှုအပေါ် ပြန်လည်သုံးသပ်တဲ့ ဆွေးနွေးမှုတွေ ဂျပန်မှာ စတင်နေပြီ ဖြစ်ပါတယ်။ ကိုဗစ်ရောဂါအမျိုးအစားကို အဆင့် ၅ အဖြစ် ပြောင်းလဲသတ်မှတ်လိုက်မယ်ဆိုရင် ဘယ်လို အပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်သလဲ ဆိုတာကို လေ့လာ ကြည့်ပါမယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတွေကို ဆေးရုံတက်ကုသဖို့ သတ်မှတ်ထားတဲ့ ကူးစက်ရောဂါကုသရေးဆိုင်ရာ ဆေးဘက်ဌာနတွေမှာပဲ အခုအချိန်မှာ လူနာလက်ခံပိုင်ခွင့် ပြုထားပါတယ်။ တကယ်လို့ COVID-19 ရောဂါအမျိုးအစားကို အဆင့် ၅ အဖြစ် လျှော့ချ သတ်မှတ်လိုက်မယ် ဆိုရင် သာမန်ဆေးရုံတွေမှာလဲ  ကိုဗစ်လူနာတွေကို လက်ခံကုသလို့ ရတော့မှာ ဖြစ်ပါတယ်။ ဒီလို အခြေအနေ ပြောင်းလာရင် ကိုဗစ်လူနာတွေအတွက် ဆေးရုံကုတင်လွတ်နေရာတွေ ပိုထွက်လာမှာဖြစ်ပြီး နောက်ပိုင်း ရောဂါပိုးကူးစက်မှုတွေ ထပ်ဖြစ်ပွား လာတဲ့အချိန်မှာ နိုင်ငံ့ကျန်းမာရေးစနစ်အပေါ် မှာလည်း ဝန်ထုပ်ဝန်ပိုး လျော့ကျသွားမယ်လို့ မျှော်လင့်ရပါတယ်။

ဒါပေမဲ့ တချို့ဆေးရုံတွေမှာ ရောဂါပိုးကူးစက်မှု ကာကွယ်တားဆီးရေး အတွက် အစီအမံတွေ လုံလုံလောက်လောက်မရှိတာ စတဲ့ ဆေးကုသ ပေးဖို့လိုအပ်ချက်တွေ ရှိနေတာကြောင့် COVID-19 လူနာတွေကို လက်ခံကုသပေးနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

ဒါ့အပြင် ဆေးကုသစရိတ်နဲ့ပတ်သက်ပြီးလည်း စိုးရိမ်မှုတွေ ရှိပါ တယ်။ လက်ရှိမှာ ကိုဗစ်ဆေးစစ်တာ၊ ဆေးရုံတက်တာ စတဲ့ ကုန်ကျစရိတ်အားလုံးကို အစိုးရက တာဝန်ယူထားပါတယ်။ ဒါပေမဲ့ ရောဂါအမျိုးအစား အဆင့် ၅ ကို သတ်မှတ်လိုက်မယ်ဆိုရင် လူနာတွေမှာရှိတဲ့ ပြည်သူ့ကျန်းမာရေးအာမခံငွေကနေ ကိုဗစ် ဆေးကုသစရိတ်ကို တစ်စိတ်တစ်ပိုင်းပေးနိုင်ပြီး ကျန်ရှိတဲ့ ကုန်ကျစရိတ်ကို လူနာတွေဟာမိမိဖာသာ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဒီလို အခြေအနေ ဖြစ်လာပြီဆိုရင် တချို့လူနာတွေဟာ ငွေကုန်မှာစိုးလို့ ဆရာဝန်ဆီလာပြရမယ့် အချိန်ရွှေ့တာမျိုးတွေ ရှိလာမှာကြောင့် ရောဂါရှိနေတဲ့သူတွေ သိလာဖို့ နှောင့်နှေးကြန့်ကြာတာတွေ ဖြစ်လာနိုင်ပါတယ်။

ဒါ့အပြင် အစိုးရအနေနဲ့ လူတွေရဲ့သွားလာလှုပ်ရှားမှုကို ကန့်သတ်ချက်တွေ ချမှတ်နိုင်မှာ မဟုတ်တော့တဲ့အတွက် ရောဂါပိုး ကူးစက်ခံရပြီဆိုရင် မိမိဘာသာ တာဝန်သိသိနဲ့ ပတ်ဝန်းကျင်မှာ ရောဂါမပြန့်ပွားအောင် ဆောင်ရွက်ကြဖို့ပဲ  တောင်းဆိုနိုင်ပါမယ်။ ဂျပန် ဆေးဘက်ဆိုင်ရာအသင်းရဲ့အမှုဆောင် ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ Kamayachi Satoshi က “ကူးစက်မှုက ရှေ့ ဘာဖြစ်လာမလဲ မသေချာမရေရာသေးချိန်မှာ ပြည်သူအတွက် ဆေးကုသမှု အသုံးစရိတ်ကို လျှော့ချမယ့် အစီအစဉ်ကို ကန့်ကွက်ပါတယ်” လို့  ပြောကြားခဲ့ပါတယ်။ ကိုဗစ်ရောဂါကို အဆင့် ၅ အမျိုးအစားကို ပြောင်းလဲသတ်မှတ်တာထက် ဖြစ်ပေါ်လာတဲ့အခြေအနေ ပေါ်လိုက်ပြီး တုံ့ပြန်ဆောင်ရွက်နိုင်အောင် အစီအမံသစ်တွေ ချမှတ်ရေးဆွဲတာကို ပိုလိုလားတယ်လို့ သူက ပြောကြားခဲ့တယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(519) ကူးစက်ရောဂါဆိုင်ရာ ဥပဒေအရ COVID-19 ရောဂါပိုးအမျိုးအစား ခွဲခြားမှုအပေါ် ဆွေးနွေးမှုများ။
အပိုင်း− ၂ ဘာကြောင့် အခုအချိန်မှာ ရောဂါပိုးအမျိုးအစားခွဲခြားဖို့ ထပ်မံ လုပ်ဆောင်နေရတာလဲ။

အဖြေ− ကူးစက်ရောဂါထိန်းချုပ်မှုဆိုင်ရာ ဥပဒေအရ ကိုဗစ်အမျိုးအစား ခွဲခြားမှုအပေါ် ပြန်လည်သုံးသပ်ဖို့ ဂျပန်မှာ စတင် ဆွေးနွေးနေပါတယ်။ လူမှုရေးလှုပ်ရှားသွားလာခြင်းကို ကန့်သတ်တာ နဲ့ ကိုဗစ်ရောဂါအတွက် ဆေးကုသစရိတ် စတာတွေကို ဝန်ထုပ်ဝန်ပိုး ပေါ့အောင် ဘယ်လိုပြောင်းလဲသတ်မှတ်မလဲဆိုတာကို ဆက်လက် လေ့လာကြည့်ကြပါမယ်။

ဂျပန်အစိုးရဟာ COVID-19 ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလမှာ ပြန်လည်ပြင်ဆင်ခဲ့ဥပဒေအရ "novel influenza ဒါမှမဟုတ် re-emerging influenza တစ်ဖန်ပြန် ဖြစ်ပေါ်တတ်တဲ့ တုပ်ကွေးရောဂါ " ဆိုပြီး နာမည်ပေးသတ်မှတ်ခဲ့ပါတယ်။ ပြင်းထန်တဲ့ ရောဂါလက္ခဏာ ဖြစ်ပေါ်နိုင်ခြေစတဲ့ အခြေခံသတ်မှတ်ချက်တွေအရ ကူးစက်ရောဂါ ထိန်းချုပ်မှုဆိုင်ရာ ဥပဒေအောက်မှာ အမျိုးအစား ၂ နဲ့ အဆင့်တူတယ်လို့ သတ်မှတ်နိုင်ပါတယ်။

ဒါပေမဲ့ အမျိုးအစားအဆင့် ၂ ထက်ပိုပြီး မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့ တောင်းဆိုတာအပြင် အရေးပေါ်အခြေအနေ  ထုတ်ပြန်တာမျိုးလို ရောဂါပိုးကူးစက်မှု ကာကွယ်တားဆီးရေးဆိုင်ရာ ပိုမိုတင်းကျပ်တဲ့ အစီအမံတွေကို အစိုးရက ချမှတ်နိုင်ပါတယ်။

အဲဒီလို သတ်မှတ်ပြီးတဲ့နောက် ၂၀၂၂ခုနှစ်အစောပိုင်းက ဂျပန်မှာ ဖြစ်ပွားခဲ့တဲ့ ကူးစက်မှု ဆဋ္ဌမလှိုင်းနဲ့ သတ္တမလှိုင်းတွေ ဖြစ်စေခဲ့တဲ့ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ဟာ ကူးစက်ခံရသူတွေကို ပြင်းပြင်းထန်ထန် ဖျားနာနိုင်ခြေ နည်းတဲ့အတွက်ရော ကာကွယ်ဆေး ထိုးနှံမှုတွေကိုပါ လုပ်ခဲ့တာကြောင့် ကူးစက်ခံရသူတွေ သီးခြားခွဲ နေထိုင်ရမယ့်ကာလကို တိုလိုက်တဲ့အပြင်၊ ကိုဗစ်ကူးစက်သူစာရင်း ကိုလည်း ရိုးရှင်းတဲ့နည်းနဲ့ အလွယ်တကူပဲ အစီရင်ခံဖို့ ပြောင်းလဲခဲ့ပြီး ဂျပန်နိုင်ငံထဲကို ပြည်ဝင်ခွင့် ကန့်သတ်ထားတာတွေ ဖြေလျှော့ခဲ့ပါ တယ်။

ဒီဇင်ဘာလ ၂ ရက်နေ့မှာ ဂျပန်လွှတ်တော်က ကူးစက်ရောဂါ ထိန်းချုပ်မှုဆိုင်ရာဥပဒေကို နောက်ထပ် ပြင်ဆင်ဖို့ အတည်ပြုခဲ့ပါ တယ်။

ပြင်ဆင်လိုက်တဲ့ ဥပဒေအရ ထပ်တိုးစာပိုဒ်က COVID-19 အမျိုးအစားကို ထပ်မံ အဆင့်ခွဲ သတ်မှတ်ဖို့အမြန်ဆွေးနွေးကြဖို့ အစိုးရကို တိုက်တွန်းထားပါတယ်။ ဂျပန်ကျန်းမာရေး ဝန်ကြီးဌာနက COVID-19 ရောဂါကို ရာသီပေါ်တုပ်ကွေးလိုမျိုး အမျိုးအစား ၅ ကို အဆင့်လျှော့ချသတ်မှတ်ဖို့ စဉ်းစားနေတယ်လို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(518) ကူးစက်ရောဂါဆိုင်ရာ ဥပဒေအရ COVID-19 ရောဂါပိုးအမျိုးအစား ခွဲခြားမှုအပေါ် ဆွေးနွေးမှုများ။
အပိုင်း− ၁ COVlD-19 ရောဂါပိုး အမျိုးအစားခွဲခြင်း အကြောင်း။

အဖြေ− ကူးစက်ရောဂါထိန်းချုပ်မှုဆိုင်ရာ ဥပဒေအရ ကိုဗစ် အမျိုးအစား ခွဲခြားမှုအပေါ် ပြန်လည်သုံးသပ်တာနဲ့ ပတ်သက်ပြီး ဂျပန်မှာ ဆွေးနွေးမှုတွေ စတင်နေပါတယ်။ လူမှုရေး လှုပ်ရှားသွားလာမှုကန့်သတ်ချက်တွေနဲ့ ဆေးကုသစရိတ် စတဲ့ ဝန်ထုပ်ဝန်ပိုးတွေအပေါ် ဘယ်လိုပြောင်းလဲသတ်မှတ်မလဲ စတာတွေ နဲ့ ပတ်သက်ပြီး လေ့လာကြည့်ပါမယ်။
ဂျပန်မှာ ဥပဒေအရ ကူးစက်ရောဂါ အမျိုးအစားကို ၅မျိုး ခွဲခြားထားပါတယ်။ ရောဂါပိုးတွေရဲ့ကူးစက်နိုင်စွမ်းနဲ့ ပြင်းထန်တဲ့ ရောဂါလက္ခဏာ ဖြစ်ပေါ်နိုင်ခြေပေါ် မူတည်ပြီး ခွဲခြားထားတဲ့ အမျိုးအစားအလိုက် အစိုးရနဲ့ဒေသန္တရအာဏာပိုင်တွေက လုပ်ဆောင် ရမယ့် အကြောင်းအရာတွေကို သတ်မှတ်ထားပါတယ်။
ကူးစက်ရောဂါအမျိုးအစား ၁ ဟာ အကူးခံရရင် အသက်အန္တရာယ် ရှိတဲ့အထိ အလွန်အန္တရာယ်များတဲ့ ပလိပ်ရောဂါ ဒါမှမဟုတ် အီဘိုလာ လို ရောဂါမျိုးတွေ ပါဝင်ပါတယ်။
ကူးစက်ရောဂါအမျိုးအစား ၂ ကတော့ ကူးစက်နိုင်စွမ်းမြင့်မားပြီး ပြင်းပြင်းထန်ထန် ဖျားနာနိုင်တဲ့အထိ အန္တရာယ်ရှိတဲ့ တီဘီရောဂါနဲ့ ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တဲ့ SARSလိုမျိုး ရောဂါတွေ ပါဝင်ပါတယ်။ COVID-19 ရောဂါ ကိုလည်း ကူးစက်ရောဂါအမျိုးအစား ၂ မှာ ထည့်သွင်းထားပါတယ်။
ဒီအဆင့်မှာ ရောဂါပိုးကူးစက်မှုတွေ ဖြစ်လာတဲ့အခါ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတွေဟာ ရောဂါပိုးကူးစက်ခံရသူ အရေအတွက် စုစုပေါင်းကို ဒေသန္တရကျန်းမာရေး အာဏာပိုင်တွေဆီ အစီရင်ခံ ရပါတယ်။ ဒေသန္တရအုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့က ရောဂါပိုး ကူးစက်ခံရသူကို အလုပ်သွားခွင့် ကန့်သတ်ထားနိုင်ပြီး ဆေးရုံတက်ဖို့ အကြံပြုတာမျိုးလည်း လုပ်နိုင်ပါတယ်။ ဒီအဆင့် ၂ ကူးစက်ရောဂါကြောင့် ကုန်ကျတဲ့ ဆေးကုသစရိတ်အားလုံးကို ဂျပန်အစိုးရက ပြည်သူ့အခွန်ဘဏ္ဍာငွေထဲကနေ ပေးဆောင်ပေးမှာ ဖြစ်ပါတယ်။
ကူးစက်ရောဂါအမျိုးအစား အဆင့် ၅ ဆိုတာကတော့ ရာသီပေါ်တုပ်ကွေးနှင့် ဆစ်ဖလစ် လိုမျိုး ရောဂါတွေ ပါဝင်ပါတယ်။ ဒီအဆင့်က ရောဂါဖြစ်ရင်တော့ ဒေသန္တရအုပ်ချုပ်ရေးအာဏာပိုင် အဖွဲ့က ရောဂါပိုးရှိသူတွေကို အလုပ်သွားလာတာ ကန့်သတ်လို့ မရသလို ဆေးရုံတက်ဖို့ အကြံပြုခွင့်လည်းမရှိပါဘူး။ အဆင့် ၅က ရောဂါပိုးကူးသူတွေဟာ ဆေးကုသစရိတ်ရဲ့ တစ်စိတ်တစ်ပိုင်းကို မိမိဖာသာ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဆေးရုံဆေးခန်းတွေက ကူးစက်ရောဂါ အမျိုးအစားအဆင့် ၅ ဖြစ်သူတွေကို ပုံမှန်အတိုင်း လက်ခံကုသပေးနိုင်ပါတယ်။ အဆင့် ၅ ရောဂါပိုးကူးစက်ခံရတဲ့ လူနာအရေအတွက်စုစုပေါင်းကို ဆေးရုံဆေးခန်းတွေက အစိုးရကို တင်ပြဖို့ မလိုအပ်ဘူးဆိုပေမဲ့ ရောဂါအလိုက် အစီရင်ခံဖို့ လိုတာ တွေလည်း ရှိပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(517) Xocova ဆေးရဲ့ ထိရောက်မှုနှင့် လက္ခဏာများ
အပိုင်း− ၇ အရေးပေါ် အသုံးပြုခွင့်ပေးတဲ့စနစ်သစ်ရဲ့ လုပ်ထုံးလုပ်နည်း။

အဖြေ− နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက COVID-19 ကုသတဲ့ Xocova သောက်ဆေးသစ်ကို အသုံးပြုဖို့ အရေးပေါ် ခွင့်ပြုချက်ပေးခဲ့ပါတယ်။ အခုတစ်ခါ ဒီအရေးပေါ် အသုံးပြုခွင့်ပေးတဲ့စနစ်သစ် အကြောင်းကို လေ့လာကြည့်ပါမယ်။
ဂျပန်နိုင်ငံမှာ ဆေးဝါး ဒါမှမဟုတ် ကာကွယ်ဆေးအသစ် တစ်မျိုးကို အသုံးပြုခွင့်ရအောင် အစိုးရရဲ့အတည်ပြုချက်ကျဖို့အတွက် လျှောက်လွှာတင်ချိန်ကနေ ခွင့်ပြုချက်ပေးတဲ့အထိ စစ်ဆေးနေတာ ပုံမှန်အားဖြင့် အချိန်တစ်နှစ် ကြာမြင့်ပါတယ်။ ဂျပန်မှာ ကာကွယ်ဆေးအသုံးပြုတာ တခြားပြည်ပနိုင်ငံတွေထက် နောက်ကျ ရတဲ့ အဓိကအကြောင်းရင်းက အခုလို အချိန်အကြာကြီး စိစစ်နေတာကြောင့် ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။
ဒီလိုထောက်ပြပြောဆိုခဲ့တာကြောင့် ကူးစက်ရောဂါတစ်မျိုးမျိုး ကူးစက်ပျံ့နှံ့မှုဖြစ်ပွားနေချိန်မှာ ကာကွယ်ဆေး ဒါမှမဟုတ် ကုသနိုင်တဲ့ ဆေးလည်းမရှိဘဲ တခြားရွေးချယ်စရာ နည်းလမ်းမရှိတဲ့ အခြေအနေမှာ ဆေးအသုံးပြုဖို့အတွက် အရေးပေါ်အတည်ပြုမှု စနစ်သစ်ကို ဂျပန်နိုင်ငံမှာ ၂၀၂၂ ခုနှစ် မေလမှာ စပြီး အသုံးပြုခဲ့ ပါတယ်။
Xocova သောက်ဆေးကိုလည်း အရေးပေါ် အသုံးပြုခွင့် စနစ်သစ်နဲ့ စစ်ဆေးသင့်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဆုံးဖြတ်ခဲ့ပါတယ်။ ကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့က အဲဒီသောက်ဆေးသစ်ကို စိစစ်သုံးသပ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဆေးရဲ့ ထိရောက်မှုအစွမ်းနဲ့ ပတ်သက်ပြီး သေသေချာချာ စိစစ်ဆွေးနွေးဖို့ လိုအပ်တာကြောင့် ကျွမ်းကျင်ပညာရှင်တွေက အတည်ပြုမပြု ဆုံးဖြတ်ချက်ချဖို့ ၂ ကြိမ်တိုင်တိုင် ရက်ရွေ့ဆိုင်းခဲ့ပါတယ်။ နောက်ဆုံးမှာ ကျွမ်းကျင်ပညာရှင်တွေဟာ နိုဝင်ဘာလမှာ ပြုလုပ်ခဲ့တဲ့ တတိယအကြိမ် ဆွေးနွေးပွဲမှာ အဲဒီသောက်ဆေးကို အတည်ပြု ခဲ့ပါတယ်။
ဆေးဝါးအသုံးပြုခွင့်ဆိုင်ရာ အရေးပေါ်အတည်ပြုမှုစနစ်သစ်နဲ့ ပတ်သက်ပြီး တတ်သိနားလည်သူ တိုကျိုတက္ကသိုလ်က ပါမောက္ခ Ono Shunsuke က အခု Xocova သောက်ဆေးကို အတည်ပြုမှုနဲ့ပတ်သက်ပြီး အခုလိုပြောခဲ့ပါတယ်။ ဆေးအသုံးပြုခွင့် ကို အရေးပေါ်အတည်ပြုပေးတဲ့စနစ်ရဲ့အောက်မှာ ဆေးရဲ့ ထိရောက်မှု နဲ့ ဘေးကင်းစိတ်ချရမှု အချက်အလက်တွေကို ဘယ်လောက်ထိ ဖေါ်ပြနိုင်သလဲဆိုတာ ကျွမ်းကျင်ပညာရှင်တွေနဲ့ အာဏာပိုင်တွေ ကြားမှာ သဘောတူညီမှု မရရှိခဲ့ဘူးလို့ ဆိုပါတယ်။
အချေအတင်စကားပြောရတာတွေ ဖြစ်ပေါ်ခဲ့ပြီး ကျွမ်းကျင် ပညာရှင်တွေရဲ့ သဘောထားအမြင်တွေကရှေးယခင်က ပုံစံအတိုင်း အသေးစိတ်ကျကျ ဖြစ်လာပါတယ်။ ဒီလိုနဲ့ ဆေးကို စိစစ်သုံးသပ်မှုလုပ်ငန်းစဉ်ဟာ အရင်စနစ်ဟောင်းက လုပ်ထုံး လုပ်နည်းတွေနဲ့ လုံးဝနီးပါး တူညီနေခဲ့တယ်လို့ ဆိုပါတယ်။ “အတည်ပြုမှုလုပ်ငန်းစဉ်ကို ဘယ်လိုမြန်မြန်လုပ်ဆောင်မလဲဆိုတာနဲ့ ဆေးဝါး ဒါမှမဟုတ် ကုထုံးတွေရဲ့ ထိရောက်မှုနဲ့ဘေးကင်းစိတ်ချရမှုကို ဘယ်လိုအတည်ပြုမလဲ” ဆိုတဲ့ လုပ်ဆောင်ရမယ့်အချက် ၂ ခု ကို ဟန်ချက်ညီညီဆောင်ရွက်နိုင်ဖို့ လိုအပ်နေတယ်လို့ သူက ထောက်ပြ ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(516) Xocova ဆေးရဲ့ ထိရောက်မှုနှင့် လက္ခဏာများ
အပိုင်း− ၆ COVlD-19 ရောဂါကုသတဲ့ကျွမ်းကျင်ပညာရှင်ရဲ့ အမြင်

အဖြေ− နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက COVID-19 ကုသတဲ့ Xocova သောက်ဆေးသစ်ကို အသုံးပြုဖို့ အရေးပေါ် ခွင့်ပြုချက်ပေးခဲ့ပါတယ်။ Xocova ကို အသုံးပြုကုသဖို့ အတည်ပြုပြီးနောက်မှာ ဘာတွေမျှော်လင့်နိုင်သလဲ ဆိုတာ ကျွမ်းကျင် ပညာရှင်တစ်ဦးရဲ့ အမြင်ကို လေ့လာကြည့်ပါမယ်။
COVID-19 ရောဂါကုသတဲ့ ကျွမ်းကျင်ပညာရှင် Aichi ဆေးဘက်ဆိုင်ရာတက္ကသိုလ်က ပါမောက္ခ Morishima Tsuneo က "ရောဂါပိုးကူးစက်ခံရပြီး ရောဂါလက္ခဏာနည်းနည်းပဲ ဖြစ်မလား ဒါမှမဟုတ် ပြင်းပြင်းထန်ထန် ဖျားနာလာမလားဆိုတာ ခန့်မှန်းရ ခက်တာကြောင့် ရှေ့တန်းကနေ ပြုစုစောင့်ရှောက်ပေးနေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ လူနာတွေမှာ ပြင်းထန်တဲ့ ရောဂါလက္ခဏာ ဖြစ်ပေါ်လာနိုင်ခြေကို လျော့ကျသွားအောင် ကုနိုင်မယ့် ဆေးမျိုးကို ဆေးရုံတွေမှာရှိစေချင်ခဲ့ကြပါတယ်” လို့ ဆိုပါတယ်။
Xocova သောက်ဆေးရဲ့ ထိရောက်မှုနှင့်ပတ်သက်ပြီး ပါမောက္ခ Morishima Tsuneo က "လက်တွေ့စမ်းသပ်သောက်သုံးစေတဲ့ ရလဒ်တွေမှာ Xocova သောက်ဆေးဟာ ချောင်းဆိုးတာ ဒါမှမဟုတ် ကိုယ်ပူတာလိုမျိုး ရောဂါလက္ခဏာတွေ ဖြစ်တဲ့အချိန်ကို တစ်ရက် လျော့နည်းသွားစေတယ်ဆိုတာ တွေ့ရပါတယ်။ ဒီဆေးဟာ ရာသီပေါ်တုပ်ကွေး ကုသဆေးတွေနဲ့ ထိရောက်ပုံတူညီပြီး ကောင်းမွန်တဲ့ ဆေးဖြစ်တယ်လို့ စဉ်းစားနိုင်ပါတယ်။ Xocova ဆေးဟာ ခန္ဓာကိုယ်ထဲမှာပွားနေတဲ့ ဗိုင်းရပ်စ်ပိုးပမာဏကို လျှော့ချပေးနိုင်တာကြောင့် ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ မဖြစ်ပေါ်လာအောင် တားဆီးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ ကိုဗစ်ပိုးကူးပြီး ပြင်းပြင်းထန်ထန်ဖျားနာနိုင်ခြေများတဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာ ဒါမှမဟုတ် ဆေးရုံတွေမှာ Xocova သောက်ဆေးကို အသုံးပြုမယ်ဆိုရင် ရောဂါလက္ခဏာ ပိုဆိုးမလာအောင်တားဆီးပေးနိုင်ပြီး ရောဂါပိုးကူးစက်ပြန့်ပွားမှု မဖြစ်အောင် ကာကွယ်နိုင်မှာ ဖြစ်တာကြောင့် လုပ်ငန်းခွင်မှာလည်း ဝန်မပိအောင် အထောက်အကူ ဖြစ်စေလိမ့်မယ်" လို့ ပြောကြားခဲ့ ပါတယ်။
ကျော်လွှားရမယ့် ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ပါမောက္ခ Morishima Tsuneo က "Xocova ဆေးဟာ ရောဂါလက္ခဏာပေါ်ပြီး သုံးရက်အတွင်းမှာသောက်ရင် အထိရောက်ဆုံးဖြစ်တာကြောင့် လူနာတွေကို လျင်လျင်မြန်မြန် ရောဂါရှာဖွေဖော်ထုတ်ပြီး ဆေးကိုအလျင်အမြန်တိုက်နိုင်တဲ့ စနစ်တစ်ခုကို ဗဟိုနဲ့ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ထူထောင်ဖို့ အရေးကြီးပါတယ်။ ဒီဆေးဝါးကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာပြီးတဲ့နောက်ပိုင်းမှာ မျှော်လင့်မထားတဲ့ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးရှိလာတာမျိုး ဒါမှမဟုတ် ဒီဆေးကို ခံနိုင်စွမ်းရှိတဲ့ မျိုးဗီဇပြောင်း ကိုဗစ်ပိုးအသစ် ပေါ်လာတာမျိုး ဖြစ်နိုင်ခြေရှိမရှိ ဆိုတာတွေကိုလည်း ဆက်ပြီး စောင့်ကြည့်လေ့လာဖို့ လိုအပ်တယ်" လို့ အဲဒီပညာရှင်က ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(515) Xocova ဆေးရဲ့ ထိရောက်မှုနှင့် လက္ခဏာများ
အပိုင်း− ၅ Xocova သောက်ဆေးအတည်ပြုပြီးနောက်ပိုင်း ကိုဗစ်ကာကွယ်ရေး စီမံချက် ဆိုင်ရာ အပြောင်းအလဲတွေက ဘာလဲ ။

အဖြေ− နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက COVID-19 ကုသတဲ့ Xocova သောက်ဆေးသစ်ကို အသုံးပြုဖို့ အရေးပေါ် ခွင့်ပြုချက်ပေးခဲ့ပါတယ်။
ဒါဟာ ဂျပန်ဆေးဝါးကုမ္ပဏီတစ်ခုက ထုတ်လုပ်တဲ့ ပထမဆုံး ကိုဗစ်သောက်ဆေးဖြစ်ပါတယ်။ Xocova ဆေးဟာ ပြင်းပြင်းထန်ထန် ဖျားနာနိုင်ခြေမရှိတဲ့ အပျော့စား ရောဂါလက္ခဏာရှိတဲ့ လူနာတွေမှာပါ အသုံးပြုနိုင်တာဟာ တခြားဆေးတွေနဲ့မတူတဲ့ ထူးခြားချက် ဖြစ်ပါ တယ်။ အဲဒီ Xocova သောက်ဆေးကို အတည်ပြုပြီးတဲ့နောက် ရောဂါပိုးကာကွယ်တားဆီးရေးဆိုင်ရာ စီမံချက်တွေမှာ ဘယ်လို ပြောင်းလဲသွားသလဲ ဆိုတာကို လေ့လာကြည့်ကြပါမယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားလာတာဟာ ၃နှစ်နီးပါးရှိပြီ ဖြစ်ပါတယ်။ အစောပိုင်းကာလတွေကတည်းက ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ ကာကွယ်ဆေးထိုးဖို့နဲ့ ကိုဗစ်ကုသတဲ့ဆေးဝါးတွေ ဟာ အဓိကကျတယ်လို့ စဉ်းစားခဲ့ပါတယ်။ လူအများအပြား ကာကွယ်ဆေးထိုးနှံခဲ့ကြပြီး ဖြစ်ပေမဲ့ ကူးစက်ခံရရင်တောင် ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် မဖြစ်ပေါ်စေဖို့က အရေးကြီးတဲ့ အချက် ဖြစ်ပါတယ်။ ရောဂါပိုးကူးစက်ခံရပြီး အစောပိုင်းအဆင့်မှာ ကတည်းက သောက်သုံးဖို့လွယ်ကူတဲ့ ဆေးဝါးရှိမယ်ဆိုရင် ပြင်းပြင်းထန်ထန် ဖျားနာသူ အရေအတွက်ကို လျှော့ချနိုင်ပါတယ်။
လူတွေဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့အတူဆက်ပြီး ယှဉ်တွဲနေထိုင် နေရတာဖြစ်တာကြောင့် အသုံးပြုဖို့ လွယ်ကူတယ်ဆိုတဲ့ သောက်ဆေးတစ်မျိုး မရှိမဖြစ် လိုအပ်ပြီး အခုလို သောက်ဆေး အသစ်ထုတ်လုပ်နိုင်လာတာ အင်မတန်အရေးပါ ပါတယ်။
ဒါပေမဲ့ ကာကွယ်ဆေးနဲ့ အသုံးပြုဖို့လွယ်ကူတဲ့ ကုသဆေး ၂ မျိုးလုံး ရှိနေတာတောင် ပြင်းပြင်းထန်ထန် ဖျားနာတဲ့လူနာမျိုး ရှိနေနိုင်သေးတာကြောင့် လိုအပ်ရင် နှာခေါင်းစည်းတပ်ဆင်တာ၊ လူစုလူဝေး နဲ့ အလုံပိတ်နေရာတွေမှာ နေတာကို ရှောင်ကြဉ်တာတွေ လိုမျိုး ရောဂါပိုးကာကွယ်တားဆီးရေး အစီအမံတွေကို ဆက်လက် လုပ်ဆောင်ဖို့ ကျွမ်းကျင်သူတွေက တိုက်တွန်းထားပါတယ်။ ဆက်လက်ပြီး ကာကွယ်ဆေးထိုးနှံဖို့လည်း အရေးကြီးတယ်လို့ ပညာရှင်တွေက အလေးထား ပြောကြားခဲ့ကြပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(514) Xocova ဆေးရဲ့ ထိရောက်မှုနှင့် လက္ခဏာများ
အပိုင်း− ၄ Xocova ဆေးကို ဘယ်အချိန်မှာ စတင်ဖြန့်ချိမလဲ ။

အဖြေ− နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက COVID-19 ကုသတဲ့ Xocova သောက်ဆေးကို အသုံးပြုဖို့အရေးပေါ် ခွင့်ပြုချက်ပေးခဲ့ပါတယ်။ Xocova သောက်ဆေးကို ဆေးဘက်ဆိုင်ရာဌာနတွေဆီ ဖြန့်ချိပေးမယ့် အချိန်ကာလနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို လေ့လာကြည့်ရအောင်။
ဂျပန်ကျန်းမာရေး ၀န်ကြီးဌာနက ဂျပန်ဆေးဝါးကုမ္ပဏီကြီး Shionogi ဆီကနေ Xocova သောက်ဆေးကို ကိုဗစ်လူနာ ၁ သန်းစာ ဝယ်ယူသွားမယ်လို့ စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီ ကိုတော့ ဒီဇင်ဘာလအစောပိုင်းမှာ စဖြန့်ပေးဖို့ စီစဉ်ထားခဲ့ပေမဲ့ နိုဝင်ဘာလ ၂၈ ရက်ကနေစောပြီး ဖြန့်ချိပေးခဲ့ ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေ ဒါမှမဟုတ် ကိုယ်ဝန်ရနိုင်ခြေ ရှိသူတွေမှာ ဒီဆေးမသောက်ဖို့ တားမြစ်ထားပြီး တခြားရောဂါတွေအတွက် ဆေးဝါးသောက်သုံးနေရတဲ့ လူနာတွေလည်း ဒီဆေးနဲ့တွဲသောက်လို့ မရဘူးလို့ တားမြစ်ထားပါတယ်။
အဲဒီလို ကန့်သတ်ချက်၊ တားမြစ်ချင်တွေရှိတာကြောင့် Xocova ဆေးလိုမျိုး အလားတူဆေးဖြစ်တဲ့ အမေရိကန်ကုမ္ပဏီ Pfizer ထုတ် Paxlovid သောက်ဆေး အသုံးပြုဖူးတဲ့ ဆေးဘက်ဆိုင်ရာဌာနတွေနဲ့ ဆေးဆိုင်တွေကိုပဲ ပထမ ရက်သတ္တပတ်၂ပတ်ကို အကန့်အသတ်နဲ့ ဖြန့်ချိပေးဖို့ အစိုးရက စီစဉ်ခဲ့ပါတယ်။ အဲဒီ နောက်ပိုင်းမှာတော့ Xocova သောက်ဆေး ဖြန့်ချိတာကို သီးခြားကန့်သတ်ချက်မထားဘဲ ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေကသတ်မှတ်ထားတဲ့ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတွေမှာ အသုံးပြုဖို့နဲ့ ဆေးဆိုင်တွေကနေ သောက်ဆေးအနေနဲ့ ပေးနိုင်ဖို့ စီစဉ်ပေးခဲ့ပါတယ်။ Xocova သောက်ဆေး အသုံးပြုဖို့ ခွင့်ပြုချက်ရရှိထားတဲ့ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့အမည်စာရင်းကို ဒေသန္တရ အုပ်ချုပ်ရေး ဆိုင်ရာ အင်တာနက် စာမျက်နှာတွေမှာ တင်ထားပေးတာကြောင့် သိရှိလိုပါက ကြည့်ရှုနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(513) Xocova ဆေးရဲ့ ထိရောက်မှုနှင့် လက္ခဏာများ
အပိုင်း− ၃ Xocova ဆေးရဲ့ အလုပ်လုပ်ပုံ ။

အဖြေ− နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက COVID-19 ကုသတဲ့ Xocova သောက်ဆေးကို အသုံးပြုဖို့အရေးပေါ် ခွင့်ပြုချက်ပေးခဲ့ပါတယ်။ အခု Xocova သောက်ဆေးရဲ့ အလုပ်လုပ်ပုံကို လေ့လာကြည့်ရအောင်။
ကိုရိုနာဗိုင်းရပ်စ်ဟာ ကူးစက်တဲ့အခါ၊ လူ့ခန္ဓာကိုယ်ထဲက ဆဲလ်တွေထဲကို ဝင်ရောက်ပြီး ဗိုင်းရပ်စ်ရဲ့မျိုးရိုးဗီဇ RNA ပုံတူ တွေကို ကော်ပီပွားရင်း ဗိုင်းရပ်စ်တွေ လူ့ခန္ဓာကိုယ်ထဲ ပိုများလာအောင် လုပ်ပါတယ်။ သောက်ဆေးအသစ် Xocova ဟာ မျိုးရိုးဗီဇ RNAပုံတူပွားဖို့ မရှိမဖြစ်လိုအပ်တဲ့ ဇီဝဓာတ်ကူ ပစ္စည်း ပရိုတိန်း တစ်မျိုးဖြစ်တဲ့ အင်ဇိုင်း (Enzyme)တွေ အလုပ်မလုပ် နိုင်အောင် တားဆီးပေးတဲ့ ဆေးဖြစ်ပါတယ်။ ဒီဆေး အလုပ်လုပ်ပုံဟာ အမေရိကန်ကုမ္ပဏီ Pfizer က ထုတ်လုပ်ထားတဲ့ Paxlovid သောက်ဆေးရဲ့ အလုပ်လုပ်ဆောင်ပုံနဲ့ အတူတူပဲ ဖြစ်ပါတယ်။ လက်တွေ့စမ်းသပ်မှုမှာ ပါဝင်တဲ့ လူနာတွေကို Xocova သောက်ဆေး တစ်နေ့တစ်ကြိမ်နှုန်းနဲ့ ၅ရက်သောက်စေခဲ့ပါတယ်။ ၄ ရက်မြောက်နေ့ မှာပဲ ဗိုင်းရပ်စ်အကောင်ရေဟာ ကနဦးခန္ဓာကိုယ်ထဲမှာ ပွားနေတာရဲ့ အပုံ၃၀ ပုံ ၁ ပုံ လောက်အထိ လျော့နည်းသွားခဲ့တာတွေ့ရပြီး ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း မပြခဲ့ဘူးလို့ သိရပါတယ်။
ဒါ့အပြင် အခုအချိန်မှာ အဓိကကူးစက်နေတဲ့ အိုမီခရွန်ရဲ့ မျိုးကွဲ BA.5 အပါအဝင် တခြားမျိုးကွဲတွေ ကူးစက်လို့ဖြစ်တဲ့ ရောဂါကိုလည်း Xocova ဆေးဟာ ထိထိ ရောက်ရောက် ကုသနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။
အဲဒီ Xocova ဆေးကို တိရစ္ဆာန်တွေမှာလည်း စမ်းသပ်သုတေသန လုပ်ခဲ့ရာမှာတော့ သန္ဓေသားအပေါ် ထိခိုက်မှုရှိတယ်ဆိုတာ တွေ့ရှိခဲ့တာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကိုယ်ဝန်ရနိုင်ခြေရှိတဲ့ သူတွေအနေနဲ့ ဒီဆေးကို သောက်လို့မရပါဘူး။
ရောဂါအခံရှိလို့ ဆေးစွဲသောက်နေရတဲ့ နာတာရှည်ရောဂါရှင်တွေ အနေနဲ့ တခြားဆေးဝါးတွေနဲ့တွဲပြီး Xocova ဆေးကို သောက်သုံးတဲ့အခါ ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်တာကြောင့် သတိထားကြဖို့လည်း ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။


ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(512) Xocova ကိုဗစ်ကုသဆေးရဲ့ ထိရောက်မှုနှင့် လက္ခဏာများ
အပိုင်း− ၂ Xocova ဆေးရဲ့ ထိရောက်မှုအစွမ်း။

အဖြေ− နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက COVID-19 ကုသတဲ့ Xocova သောက်ဆေးကို အသုံးပြုဖို့ အရေးပေါ် ခွင့်ပြုချက်ပေးခဲ့ပါတယ်။ ဒီဆေးဟာ ‌ရောဂါလက္ခဏာ ပြင်းထန် လာနိုင်ခြေ နည်းပါးတဲ့ ကိုဗစ်လူနာတွေကိုပါ ရောဂါလက္ခဏာ သိပ်မရှိခင်ကတည်းက စသောက်နိုင်တဲ့ဆေးပါ။ ဂျပန်ဆေးဝါး ကုမ္ပဏီကနေ ပထမဆုံးတီထွင်ထုတ်လုပ်လိုက်တဲ့ ကိုဗစ် သောက်ဆေးလည်း ဖြစ်ပါတယ်။ အခုတစ်ခါ Xocova သောက်ဆေးဟာ ထိရောက်မှု ဘယ်လောက်ရှိသလဲ ဆိုတာကို လေ့လာကြပါမယ်။
ဂျပန်ဆေးဝါးကုမ္ပဏီကြီး Shionogi က Xocova ဆေးကို ကိုဗစ်လူနာတွေမှာနောက်ဆုံးအဆင့် စမ်းသပ်ကြည့်ပြီး ကိုယ်အပူချိန် တက်တာလိုမျိုး COVIDကြောင့် ဖြစ်တဲ့ ရောဂါလက္ခဏာတွေကို အချိန်တိုတိုနဲ့ ပျောက်ကင်းစေနိုင်တဲ့ ထိရောက်မှုရှိတာ တွေ့ခဲ့တယ် လို့ ၂၀၂၂ စက်တင်ဘာလနှောင်းပိုင်းမှာ ကြေညာခဲ့ပါတယ်။
အဲဒီကုမ္ပဏီဟာ လက်တွေ့စမ်းသပ်မှုတွေကို ၂၀၂၂ ဖေဖော်ဝါရီလ ကနေ ဇူလိုင်လလယ်အထိ ဂျပန်နဲ့ တခြားနိုင်ငံ ၂ ခုမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ပြင်းပြင်းထန်ထန် ဖျားနာနိုင်ခြေ နည်းပါးသူတွေနဲ့ ကာကွယ်ဆေးထိုးထားသူတွေ အပါအဝင် အသက် ၁၂ နှစ်ကနေ အသက် ၆၀အထိ လူပေါင်း ၁၈၂၁ ဦးကို စမ်းသပ်ကုသခဲ့ပါတယ်။
လက်တွေ့ စမ်းသပ်မှုမှာ ကိုဗစ်ရဲ့ရောဂါလက္ခဏာစပြပြီး ၃ ရက်အတွင်းမှာ Xocova ဆေးကို စသောက်စေခဲ့ပါတယ်။ ဒီလူနာအုပ်စုမှာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ချောင်းဆိုးတာနဲ့ လည်ချောင်းနာတာ၊ နှာရည်ယိုတာနဲ့ နှာပိတ်တာ၊ မောပန်းနွမ်းနယ်ပြီး မအီမသာဖြစ်တာ၊ ကိုယ်ပူတာနဲ့၊ ဖျားချင်သလိုဖြစ်တာ စတဲ့ ရောဂါလက္ခဏာတွေကို ၇ ရက်ဝန်းကျင် အတွင်းမှာ ပျောက်ကင်းသွားစေခဲ့တာ တွေ့ရပါတယ်။ ဒီဆေးကြောင့် ၂၄ နာရီ လောက် အချိန်တိုတိုနဲ့ ရောဂါပျောက် သွားခဲ့တယ်လို့ ဆိုရပါမယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(511) Xocova ကိုဗစ်ပျောက် ဆေးရဲ့ ထိရောက်မှုနှင့် လက္ခဏာများ
အပိုင်း− ၁ Xocova ဆေးဆိုတာ ဘာလဲ ။

အဖြေ− နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက COVID-19 ပျောက်ကင်းစေတဲ့ ဆေးဝါး Xocova သောက်ဆေးကို အရေးပေါ် ခွင့်ပြုချက်နဲ့ အသုံးပြုခွင့်ပေးခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ Xocova သောက်ဆေး ဆိုတာ ဘယ်လို ဆေးအမျိုးအစားလဲ? ဘယ်လောက် ထိရောက်မှုရှိသလဲ ဆိုတာကို လေ့လာကြပါမယ်။
Xocova ဟာ ဂျပန်ဆေးဝါးကုမ္ပဏီကြီး Shionogi က ထုတ်လုပ်တဲ့ COVID-19 သောက်ဆေးအသစ် ဖြစ်ပါတယ်။ ဒီဆေးကို ရောဂါလက္ခဏာနည်းနည်းပဲ ပြတဲ့ လူနာတွေကအစ သောက် နိုင်ပါတယ်။
COVID-19 ကိုကုသတဲ့ အရင်ဆေးဝါးတွေဟာ ရောဂါလက္ခဏာ ပြင်းထန်လာနိုင်တဲ့ ကိုဗစ်လူနာတွေပဲ အသုံးပြုလို့ရခဲ့ပေမဲ့ Xocova သောက်ဆေးကတော့ ပြင်းထန်တဲ့ ရောဂါလက္ခဏာ မဖြစ်နိုင်လည်းဘဲ သောက်လို့ရတဲ့ဆေး ဖြစ်တာကြောင့် ထူးခြားပါတယ်။
ဂျပန်နိုင်ငံမှာ သောက်ဆေးပြားတွေနဲ့ သွေးကြောအတွင်း ထည့်သွင်းရတဲ့ ဆေးရည်အပါအဝင် COVID-19 ကို ကုသတဲ့ ဆေးဝါး ၉ မျိုး အတည်ပြုထားပါတယ်။ ဆီးချိုရောဂါ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေနဲ့ အဝလွန်ရောဂါလိုမျိုး ရောဂါအခံရှိနေတဲ့ လူနာတွေဟာ ပြင်းထန်တဲ့ ရောဂါလက္ခဏာ ဖြစ်ပွားနိုင်ခြေ မြင့်မားတာကြောင့် အဲဒီလို လူနာတွေထဲကမှ ရောဂါလက္ခဏာအပျော့စားနဲ့ အလယ်အလတ် ရောဂါလက္ခဏာရှိနေ တဲ့ လူနာတွေကို အရင်ကရှိတဲ့ ကိုဗစ်ဆေးတချို့က ကုသရာမှာ သုံးလို့ရပါတယ်။ ပြင်းပြင်းထန်ထန် ဖျားနာနိုင်မယ့်အန္တရာယ် မရှိတဲ့ ကိုဗစ်လူနာတွေကို လက်တွေ့စမ်းသပ်ကုသတာမျိုး အရင်က မလုပ်ခဲ့တဲ့အပြင် အသုံးပြုနိုင်တဲ့ဆေးဝါးလည်း အကန့်အသတ်နဲ့ပဲ ရှိခဲ့ပါတယ်။
Xocova ဆေးဟာ ရာသီပေါ်တုပ်ကွေးရောဂါကုသရာမှာ သုံးတဲ့ Tamiflu ဆေးလိုမျိုးပဲ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ ပြင်းထန်တဲ့ ရောဂါလက္ခဏာ ဖြစ်ပွားနိုင်ခြေ နည်းပြီး ရောဂါလက္ခဏာ သိပ်မရှိသူတွေလည်းဘဲ အသက် ၁၂နှစ်နဲ့ အထက်ရှိတဲ့သူဆိုရင် ဒီဆေးကို အသုံးပြုနိုင်ပါတယ်။
နိုဝင်ဘာလ ၂၂ ရက်နေ့က ဂျပန်ကျန်းမာရေး ၀န်ကြီးဌာနရဲ့ ကျွမ်းကျင်ပညာရှင်များအဖွဲ့ အစည်းအဝေးမှာ Xocova သောက်ဆေး အသုံးပြုခွင့်ကို အတည်ပြုခဲ့ပါတယ်။ ကိုယ်အပူချိန်တက်လာတာနဲ့ အခြား ကိုရိုနာဗိုင်းရပ်စ်ရဲ့ရောဂါလက္ခဏာတွေကို ပြန်ကောင်းလာ အောင် ဒီဆေးက ကုသပျောက်ကင်းစေခဲ့တဲ့ လက်တွေ့စမ်းသပ်ချက် တွေကိုအတည်ပြုပြီး ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဂျပန်ဆေးဝါး ကုမ္ပဏီက ပထမဆုံးထုတ်လိုက်တဲ့ Xocova ဆေးကို အတည်ပြု လိုက်တာဖြစ်တာကြောင့် ဒီ Xocova သောက်ဆေးကို ဂျပန်နိုင်ငံတွင်းက ဆေးရုံဆေးခန်းစတဲ့ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတွေ လိုအပ်ရင်လိုအပ်သလို တည်တည်ငြိမ်ငြိမ် ထောက်ပံ့ပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(510) ကူးစက်မှု အဋ္ဌမလှိုင်းအမြင့်ဆုံးရောက်ချိန်
အပိုင်း− ၇ ရောဂါကူးစက်မှုတွေ မပြန့်ပွားအောင် ကာကွယ်ခြင်း။

အဖြေ− ဂျပန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ်တွေ မြင့်တက်လာ နေတာကြောင့် ကူးစက်မှုအဋ္ဌမလှိုင်းထဲ ရောက်နေပြီလားလို့ မေးခွန်းထုတ်စရာရှိပါတယ်။ ဒါကြောင့် အနာဂတ်မှာ ရောဂါပိုးကူးစက်မှုအလားအလာဘယ်လောက်ရှိသလဲ? ဘယ်လိုရောဂါပိုး ကာကွယ်တားဆီးရေး အစီအမံတွေ လုပ်ဆောင် ရမလဲဆိုတာကို လေ့လာကြည့်ကြပါမယ်။။
ကျန်းမာရေးစောင့်ရှောက်မှု ဆေးဖက်ဆိုင်ရာဌာနတွေ မနိုင်မနင်း အနေအထားမျိုး မဖြစ်ရအောင် ဂျပန်ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကျွမ်းကျင်ပညာရှင်အဖွဲ့က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသား အသက် ၁၂နှစ်နဲ့ အထက်ရှိသူတွေကို Omicron မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲတွေကို ပစ်မှတ်ထား ကာကွယ်ပေးတဲ့ ကာကွယ်ဆေးကို ၂၀၂၂ နှစ်ကုန် နောက်ဆုံးထားပြီး ထိုးနှံကြဖို့ တိုက်တွန်းနေပါတယ်။
နို့စို့အရွယ် ကလေးငယ်လေးတွေနဲ့ မူလတန်းကျောင်းနေအရွယ် ကလေးတွေကိုလည်း ကာကွယ်ဆေးထိုးနှံပေးကြဖို့ တိုက်တွန်း ထားပါတယ်။
တိုကျိုဆေးတက္ကသိုလ်က ပါမောက္ခ Hamada Atsuo က အိုမီခရွန်ရဲ့မျိုးကွဲအသစ်တွေဟာ ကိုယ်ခံစွမ်းအားကို ရှောင်ရှားပြီး ကူးစက်နိုင်စွမ်း ရှိတယ်လို့ဆိုတာကြောင့် ကာကွယ်ဆေးထိုးတာဟာ ထိရောက်မှု မရှိဘူးလို့ လူတချို့က ထင်ကောင်းထင်နိုင်ပေမဲ့ အဲဒီလို ယူဆတာဟာ မမှန်ကန်ဘူးလို့ ဆိုပါတယ်။
ပါမောက္ခ Hamada ရဲ့ပြောကြားချက်အရ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့မျိုးကွဲအသစ်တွေကို ပစ်မှတ်ထားတဲ့ ကာကွယ် ဆေးတွေဟာ နောက်ပိုင်းမှာ အဓိက ကူးစက်ပျံ့နှံ့လာနိုင်တဲ့ BQ.1 မျိုးကွဲနဲ့ XBB မျိုးကွဲတွေအပေါ်မှာတောင် ထိရောက်အောင် ကာကွယ်နိုင်တယ်လို့ စဉ်းစားလို့ရကြောင်း သိရပါတယ်။
ဆောင်းရာသီမှာ ကူးစက်မှုအဋ္ဌမလှိုင်း ဖြစ်လာနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ၂၀၂၂နှစ်ကုန်နောက်ဆုံးထားပြီး ကာကွယ်ဆေးတွေကို ထိုးနှံကြဖို့ လူတွေကို တိုက်တွန်းလိုကြောင်း သူက ဆိုပါတယ်။
နှာခေါင်းစည်းတပ်ဆင်တာ၊ လက်ဆေးတာနဲ့ လူစုဝေးမှုများတဲ့ နေရာတွေကို ရှောင်ကြဉ်တာလိုမျိုး ကြိုတင်ကာကွယ်ရေး အစီအမံတွေကို ဆက်လက်လုပ်ဆောင်သင့်တယ်လို့ ပါမောက္ခ Hamada က အကြံပြုထားပါတယ်။
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးတဲ့အချိန်မှာ လူတွေမွေးရပ်ပြန်တာ ပွဲတွေလုပ်တာများလာမှာ ဖြစ်ပါတယ်။ ကူးစက်မှုအနေအထားတွေပေါ် မူတည်ပြီး အစီအစဉ်တွေကို ဖျက်သိမ်းဖို့ လိုအပ်ရင် ဖျက်သိမ်းရမယ့်အပြင် အခြေအနေတွေကို စောင့်ကြည့်ပြီး လိုက်လျောညီထွေ ဖြစ်အောင် သွားလာလုပ်ဆောင်ဖို့ အရေးကြီးတယ်လို့ ပါမောက္ခက ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(509) ကူးစက်မှု အဋ္ဌမလှိုင်း
အပိုင်း− ၆ ရာသီပေါ်တုပ်ကွေးနဲ့ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်တာနဲ့ အတူ ကူးစက်မှုတွေ ပျံ့နှံ့လာနိုင်ခြေရှိ။

အဖြေ− ဂျပန်နိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ်တွေ မြင့်တက်နေတာကြောင့် ကူးစက်မှုအဋ္ဌမလှိုင်းထဲ ရောက်နေပြီ လားလို့ မေးစရာ ဖြစ်နေပါတယ်။ ဒါကြောင့် အနာဂတ်မှာ ဘယ်လို ရောဂါပိုးကူးစက်တွေရှိနိုင်သလဲ? မကူးစက်အောင်ဘယ်လိုမျိုး ရောဂါပိုး ကာကွယ်တားဆီးရေးအစီအမံတွေ လုပ်ဆောင်ရမလဲ ဆိုတာကို လေ့လာကြည့်ကြပါမယ်။။
ဆောင်းရာသီမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ရာသီပေါ်တုပ်ကွေး ရောဂါနှစ်မျိုးလုံးတစ်ပြိုင်နက် ကူးစက်ဖြစ်ပွားလာမှာတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်သင့်တယ်လို့ ကျွမ်းကျင်သူတချို့က ပြောပါတယ်။
လတ်တလော ဂျပန်မှာ ရာသီပေါ်တုပ်ကွေးဖြစ်ပွားသူ ကပ်ရောဂါ မဖြစ်ခင်ကထက် အရေအတွက် နည်းပါးနေပါသေးတယ်။ သတ်မှတ်ထားတဲ့ ဆေးဘက်ဆိုင်ရာဌာနတစ်ခုရဲ့ တစ်ပတ်တာ အတွင်း ပျမ်းမျှအားဖြင့် သတင်းပေးပို့လာတဲ့ တုပ်ကွေးဖြစ်တဲ့ လူနာအရေအတွက်ဟာ နိုဝင်ဘာလ ၂၀ရက်နေ့အထိ ၀.၁၁ ဦး ပဲ ရှိပါတယ်။ ကူးစက်သူ ၁ ဦးထက်ပိုပြီး သတင်းပို့လာတဲ့အချိန်ဆိုရင် တစ်နိုင်ငံလုံးမှာ ရာသီပေါ် တုပ်ကွေးရောဂါ ကူးစက်မှု စတင်ပျံ့နှံနေပြီ လို့ ကောက်ချက်ချနိုင်ပါတယ်။
ဂျပန်နဲ့ ဆန့်ကျင်ဘက်ရာသီဥတုရှိတဲ့ ကမ္ဘာ့တောင်ဘက်ခြမ်း ဩစတေးလျနိုင်ငံမှာဆိုရင်တော့ အခုနှစ် ဆောင်းရာသီ ကာလတွေဖြစ်တဲ့ မေလနဲ့ဇွန်လတွေမှာ ရာသီပေါ်တုပ်ကွေး ကူးစက် ဖြစ်ပွားသူတွေ ရုတ်တရက် များလာခဲ့ပါတယ်။
လွန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း အမေရိကနဲ့ ကနေဒါတို့မှာလည်း ရာသီပေါ်တုပ်ကွေး ကူးစက်ဖြစ်ပွားသူ များလာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။ ဥရောပမှာ လတ်တလော တုပ်ကွေးဖြစ်ပွားမှုအရေအတွက် နည်းနေသေးပေမဲ့ များပြားလာမယ့် လမ်းကြောင်းရှိနေပါတယ်။
ကျိုတိုတက္ကသိုလ်က ပါမောက္ခ Nishiura Hiroshi က အခုအခါ ဂျပန်မှာ ရာသီပေါ်တုပ်ကွေး ကူးစက်ပျံ့နှံ့မှုနှုန်းဟာ အလွန်နှေးကွေးနေသေးတယ်လို့ ဆိုပါတယ်။ အစောဆုံး အခုဆောင်းရာသီ အားလပ်ရက်ကုန်လို့ ကျောင်းတွေ ပြန်ဖွင့်ချိန်မှာ ရောဂါကူးစက်သူတွေ အမြင့်ဆုံးအဆင့်ကို ရောက်သွားနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ကိုရိုနာဗိုင်းရပ်စ်အဋ္ဌမလှိုင်း ဖြစ်ပွားချိန်နဲ့ ရာသီပေါ်တုပ်ကွေးကူးစက်မှုအမြင့်ဆုံးရောက်တဲ့ အချိန်တွေဟာ တစ်ထပ်တည်း မကျနိုင်ဘူးလို့ ယူဆရကြောင်း သူကပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(508) ကူးစက်မှု အဋ္ဌမလှိုင်း အမြင့်ဆုံးအချိန်
အပိုင်း− ၅ နှစ်ကုန်နဲ့ နှစ်သစ်ကူး အားလပ်ရက်တွေမှာ ကူးစက်မှု မြင့်တက်လာနိုင်ခြေ။

အဖြေ− ဂျပန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ်တွေ မြင့်တက် နေတာကြောင့် ကူးစက်မှုအဋ္ဌမလှိုင်းထဲ ရောက်နေပြီလားလို့ မေးစရာ ဖြစ်နေပါတယ်။ ဒါကြောင့် အနာဂတ်မှာ ရောဂါပိုးကူးစက်မှု အလားအလာအပြင် ဘယ်လိုရောဂါပိုး ကာကွယ်တားဆီးရေး အစီအမံတွေ လုပ်ဆောင်ရမလဲဆိုတာကို လေ့လာကြည့်ကြပါမယ်။။
နှစ်ကုန်နဲ့ နှစ်သစ်ကူးအားလပ်ရက်တွေမှာ လူတွေအချင်းချင်း တွေ့ဆုံမှု ပိုများလာမယ်လို့ ယူဆရပါတယ်။
တိုကျိုဆေးတက္ကသိုလ်က ပါမောက္ခ Hamada Atsuo က အခုအချိန်မှာ ဂျပန်ဟာ ပြည်ဝင်ခွင့်ကန့်သတ်ချက်တွေကို ဖြေလျှော့လိုက်တာကြောင့် ပြည်ပနိုင်ငံတွေရဲ့ ကူးစက်မှု အခြေအနေတွေကိုလည်း သတိထားစောင့်ကြည့်ဖို့ လိုတယ်လို့ အလေးထား ပြောကြားခဲ့ပါတယ်။
နိုဝင်ဘာလလယ်မှာ ဂျပန်မှာသာမက တောင်ကိုရီးယား၊ အင်ဒိုနီးရှားနဲ့မလေးရှားအပါအဝင် အရှေ့နဲ့အရှေ့တောင်အာရှ နိုင်ငံတွေမှာ ကူးစက်မှုတွေ ပျံ့နှံ့လာခဲ့ပါတယ်။
အမေရိကမှာ မိသားစုတွေ တွေ့ဆုံပြီး အတူညစာစားသောက်ကြတဲ့ ကျေးဇူးတော်နေ့ဝန်းကျင်မှာ အရင်ကလည်း ရောဂါပိုးကူးစက်မှုတွေ များလာခဲ့ဖူးတယ်လို့ ပါမောက္ခ Hamada က ပြောကြားခဲ့ပါတယ်။
ကမ္ဘာတစ်ဝန်းကနေ ကမ္ဘာ့ဖလားဘောလုံးပွဲကိုကြည့်ဖို့ ကာတာကို လူပေါင်း ၁.၂ သန်းလောက်လာခဲ့ပြီး ကမ္ဘာ့ဖလားဘောလုံးပွဲကို တိုကျို နဲ့ ပေကျင်းမှာ ကျင်းပခဲ့ကြတဲ့ အိုလံပစ်နဲ့ ပါရာလင်းပစ် အားကစားပြိုင်ပွဲတွေထက် ကန့်သတ်ချက်တွေပိုမို ဖြေလျှော့ပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ပွဲကြည့်ပရိသတ်တွေကြားမှာ ရောဂါပိုး ကူးစက်နိုင်ခြေရှိတယ်ဆိုတာ ယုံမှားဖွယ် မရှိဘူးဆိုတာနဲ့ အဲဒီ ကူးစက်ထားတဲ့ဗိုင်းရပ်စ်ပိုးတွေက သူတို့နိုင်ငံတွေကို ပြန်ပါလာတဲ့အခါ နိုင်ငံတွင်းမှာ ကူးစက်ပျံ့နှံ့မှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ပါမောက္ခ Hamada က ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(507) ကူးစက်မှု အဋ္ဌမလှိုင်း အမြင့်ဆုံးရောက်ချိန်
အပိုင်း− ၄ AI လူလုပ်အသိဉာဏ်နဲ့ ကြိုတင်ခန့်မှန်းချက်များ။

အဖြေ− ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ်တွေ မြင့်တက်လာတာကြောင့် ဂျပန်ဟာ ကူးစက်မှုအဋ္ဌမလှိုင်းထဲ ရောက်နေပြီလားလို့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ အနာဂတ်မှာ ရောဂါပိုး ဘယ်လောက်ကူးစက်နိုင်သလဲ? ဘယ်လိုရောဂါပိုး ကာကွယ်တားဆီးရေး အစီအမံတွေ လုပ်ဆောင်ရမလဲဆိုတာကို လေ့လာနေပါတယ်။။
Nagoya Institute of Technology က ပါမောက္ခ Hirata Akimasa ဦးဆောင်တဲ့ သုတေသနအဖွဲ့ဟာ လူလုပ်အသိဉာဏ် AI နည်းပညာနဲ့ BQ.I မျိုးကွဲနဲ့ တခြားမျိုးကွဲသစ်တချို့ ကူးစက်ပျံ့နှံလာပုံကို သရုပ်ဖေါ်ကြည့်ပြီး ခန့်မှန်းချက်ထုတ်ခဲ့ပါတယ်။
BQ.I နဲ့ တခြားမျိုးကွဲအသစ်တွေဟာ BA.5 ထက်ကူးစက်နိုင်စွမ်း ၂၀ ရာခိုင်နှုန်း ပိုမိုအားကောင်းပြီး အရင်ကိုဗစ် ကူးစက်ခံထားရလို့ ကိုယ်ခံစွမ်းအားရှိနေလည်း ဒီမျိုးကွဲရောဂါပိုးအသစ်တွေကို တိုက်ခိုက်နိုင်စွမ်း မရှိဘူးလို့ အချက်အလက်ထည့်သွင်းပြီး တွက်ချက်ပါတယ်။
ဒီလို တွက်ချက်ထားတာအရ တိုကျိုမှာ တစ်ပတ်တာပျမ်းမျှ နေ့စဉ်ကူးစက်မှုအသစ် အရေအတွက်ဟာ ဒီဇင်ဘာလလယ်မှာ ၃၀,၀၀၀ ဝန်းကျင်ရှိမယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ဇန်နဝါရီလယ်မှာတော့ သတ္တမလှိုင်းတုန်းက ကူးစက်မှုပမာဏရဲ့ အမြင့်ဆုံးအခြေအနေကိုတောင် ကျော်လွန်ပြီး ကူးစက်မှုအသစ်အရေအတွက်ဟာ ၃၆,၀၀၀ လောက် ဖြစ်သွားမယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီလို အခြေအနေ ဖြစ်လာရင် ဇန်နဝါရီလလယ်ကနေ ဖေဖော်ဝါရီလ အစောပိုင်းအထိ ကာလအတွင်း တိုကျိုမှာ ကိုရိုနာကြောင့် သေဆုံးသူဦးရေ တစ်ရက်မှာ ၂၀ ဦးထက် ပိုများလာနိုင်တယ်လို့ ဆိုပါတယ်။
BQ.I နဲ့ တခြားမျိုးကွဲအသစ်တွေဟာ “အရင်မျိုးဗီဇပြောင်း မျိုးကွဲတွေလို ကူးစက်နိုင်စွမ်းမြင့်မားပေမယ့် လူတွေရဲ့ ကိုယ်ခံစွမ်းအားကလည်း အတိုင်းအတာတစ်ခုအထိ ရောဂါ ကူးစက်မှုကို ကာကွယ်နိုင်နေမယ်“ လို့ သရုပ်ဖော် တွက်ချက် ကြည့်တဲ့အခါမှာတော့ ဇန်နဝါရီလလယ်မှာ တစ်နေ့တာ ကူးစက်မှုအသစ် အရေအတွက်ဟာ တိုကျိုမှာ အမြင့်ဆုံး ၂၅,၀၀၀ ဝန်းကျင်ပဲရှိမှာ ဖြစ်ပါတယ်။
BQ.Iနဲ့တခြားမျိုးကွဲအသစ်တွေရဲ့ ကူးစက်မှုအပေါ် သက်ရောက်မှုတွေ ဘယ်လိုရှိနိုင်မလဲ ခန့်မှန်းကြည့်တဲ့အခါ ရောဂါပိုးကူးစက်မှုအသစ် အရေအတွက်ဟာ မကြာခင်မှာ ရုတ်တရက် မြင့်တက်လာနိုင်တယ်လို့ ပါမောက္ခ Hirata က ဆိုပါတယ်။ “အခုအချိန်မှာ လူတွေ လှုပ်ရှားသွားလာတာ ပုံမှန်အတိုင်း ပြန်ဖြစ်လာနေပြီး စီးပွားရေးလုပ်ငန်းတွေလည်း ပုံမှန် ပြန်လည်ပတ်နေကြပါပြီ။ ဒါ့အပြင် ရာသီဥတုရဲ့ အပူချိန်ကလည်း ကျလာတာကြောင့် ကူးစက်မှုအရေအတွက် လျော့ကျလာနိုင်စရာ မရှိသလောက်ပဲ” လို့ သူက ပြောပါတယ်။ မျိုးဗီဇကွဲပြီး ထွက်လာတဲ့ ပိုးအသစ်တွေက ကူးစက်နိုင်စွမ်းမြင့်မားပြီး ကိုယ်ခံအားစနစ်ကို ရှောင်ပြီး ခန္ဓာကိုယ်ထဲ ဝင်နိုင်စွမ်း မြင့်လာတယ်ဆိုရင် ရောဂါကူးစက်မှုအသစ်တွေ များလာဖို့ပဲ ရှိပါတယ်လို့ သူက ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(506) ကူးစက်မှု အဋ္ဌမလှိုင်း။
အပိုင်း− ၃ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ်များ။

အဖြေ− ဂျပန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ်တွေ မြင့်တက်လာတာကြောင့် ကူးစက်မှုအဋ္ဌမလှိုင်းထဲ ရောက်နေပြီလားလို့ မေးစရာ ဖြစ်နေပါတယ်။ ဒါ့ကြောင့် အနာဂတ် ကူးစက်မှုဆိုင်ရာ အလားအလာအပြင် ဘယ်လိုရောဂါပိုး ကာကွယ်တားဆီးရေး အစီအမံတွေ လုပ်ဆောင်ရမလဲဆိုတာကို လေ့လာကြည့်ကြပါမယ်။
အနာဂတ်မှာအဓိက စိုးရိမ်ရမှာက BQ.1 လို Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကနေ ထပ်ဆင့်ပြောင်းလဲလာတဲ့ မျိုးကွဲတွေ ဖြစ်ပါတယ်။ အဲဒီ မျိုးကွဲတွေဟာ အရင်ဗိုင်းရပ်စ်တွေနဲ့ ကာကွယ်ဆေးတွေက တစ်ဆင့် ရရှိတဲ့ လူ့ကိုယ်ခံစွမ်းအားကနေ လွတ်အောင်ရှောင်နိုင်စွမ်း မြင့်မားနိုင်ခြေ ရှိတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
အမေရိကားမှာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲသစ်တွေဟာ BA.5 မျိုးကွဲနေရာမှာ အစားထိုးဝင်ရောက် ကူးစက်နေပြီ ဖြစ်ပါတယ်။
တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က နိုဝင်ဘာလ ၂၄ ရက်နေ့အထိ ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေမှာ BA.5 မျိုးကွဲဟာ ဂျပန်မှာ တစ်လတာအတွင်း အဓိကကူးစက်ပျံ့နှံ့နေတဲ့မျိုးကွဲဖြစ်ပြီး ကူးစက်မှုအားလုံးရဲ့ ၈၀.၁ ရာခိုင်နှုန်းရှိတယ်ဆိုတာ ပြသနေပါတယ်။ ဒါပေမဲ့ အိုမီခရွန်ရဲ့ တခြားမျိုးကွဲတွေဖြစ်တဲ့ ကူးစက်မှုကလည်း တဖြည်းဖြည်းမြင့်တက်လာနေပြီး BQ.1.1 မျိုးကွဲကူးစက်မှုက ကူးစက်မှုအားလုံးရဲ့ ၆.၂ ရာခိုင်နှုန်း၊ BN.1 က ၄.၂ ရာခိုင်နှုန်း၊ BF.7၊ BA.2.75၊ BQ.I မျိုးကွဲတွေက ၂ ရာခိုင်နှုန်း၊ BA.2 နဲ့ XBB မျိုးကွဲ ကူးစက်မှုက ၁ ရာခိုင်နှုန်းစီနဲ့ ၊ BQ.4.6 မျိုးကွဲကူးစက်မှုက ၀.၃ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။
တိုကျိုဆေးပညာတက္ကသိုလ်က ပါမောက္ခ Hamada Atsuo က လတ်တလောမှာ Omicron မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲ XBB နဲ့ BQ.1 တွေကို အာရုံစိုက်နေကြပါတယ်။ XBB မျိုးကွဲ ကူးစက်မှုကတော့ ကမ္ဘာတစ်ဝန်းမှာ ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပြန့်ပွားမှု မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ အမေရိကားနဲ့ ဥရောပနိုင်ငံတွေမှာတော့ BQ.1 မျိုးကွဲကူးစက်မှုများလာပြီး အရင် BA.5 မျိုးကွဲ ကူးစက်တဲ့နေရာမှာ အစားထိုးဝင်ရောက်လာနေပြီ လို့ ဆိုပါတယ်။
အမေရိကားနဲ့ ဥရောပနိုင်ငံတွေမှာတော့ နိုဝင်ဘာလလယ်အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အရေအတွက် သိသိသာသာ မြင့်တက် လာတာ မရှိဘူးလို့ ပါမောက္ခ Hamada က ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အခြား ကိုဗစ် မျိုးကွဲဗိုင်းရပ်စ်သစ်တွေ ဂျပန်နိုင်ငံတွင်း ဝင်လာခဲ့ရင် ကူးစက်မှုအဋ္ဌမလှိုင်းရဲ့အမြင့်ဆုံး ကူးစက်မှုပမာဏ ဖြစ်သွားနိုင်တယ်လို့ သူက ပြောပါတယ်။ ဒီဇင်ဘာလမှာ အဲဒီလိုအခြေအနေမျိုး ကြုံတွေ့ရနိုင်တာကြောင့် ကူးစက်မှု အခြေအနေကို ဆက်ပြီးစောင့်ကြည့်ကြဖို့ လိုအပ်တယ်လို့ သူက သတိပေး ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(505) ကူးစက်မှု အဋ္ဌမလှိုင်း။
အပိုင်း− ၂ ကူးစက်မှုတွေ ပျံ့နှံ့လာတဲ့ လက္ခဏာများ အကြောင်း။

အဖြေ− ဂျပန်ပြည်တွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ်တွေ မြင့်တက်လာတာကြောင့် ကူးစက်မှုအဋ္ဌမလှိုင်းထဲ ရောက်နေပြီလား ဆိုတဲ့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ဒီမေးခွန်းအတွက် ကူးစက်မှုဆိုင်ရာ အနာဂတ်မှာ ဖြစ်နိုင်မယ့်အလားအလာတွေကို ကြည့်ရှုပြီး ရောဂါပိုးမကူးအောင် ကာကွယ်တားဆီးရေး အစီအမံတွေ ဘယ်လိုလုပ်မလဲ လေ့လာကြည့်ကြပါမယ်။
ဥရောပမှာ BA.5 မျိုးကွဲ ကူးစက်မှုတွေ အောက်တိုဘာလက ပြန်ဖြစ်လာခဲ့ပါတယ်။
ဗြိတိန်၊ Oxford တက္ကသိုလ် အခြေစိုက် သုတေသနအဖွဲ့က ဦးစီးတဲ့ Our World in Data အွန်လိုင်း စာမျက်နှာမှာအောက်တိုဘာလလယ် အတွင်း ဂျာမနီနိုင်ငံမှာ လူဦးရေတစ်သန်းမှာ လူ၁၃၀၀ နီးပါး တစ်နေ့တာကူးစက်မှုအသစ် အရေအတွက် ရှိခဲ့ပြီး အဲဒီကိန်းဂဏန်းက ဇူလိုင်လမှာရှိခဲ့တဲ့ ကူးစက်မှုရဲ့ အမြင့်ဆုံးပမာဏကို ကျော်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ အလားတူအချိန်အတွင်း ပြင်သစ်နိုင်ငံမှာတော့ တစ်နေ့ကို ကူးစက်သူ ၈၄၀ လောက်ရှိခဲ့တယ်ဆိုပါတယ်။ ဒီအရေအတွက်ဟာလည်း ဇူလိုင်လနောက်ပိုင်း အများဆုံးပမာဏ ဖြစ်ပါတယ်။
နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကျွမ်းကျင်သူပညာရှင်များ အဖွဲ့ကို ဦးဆောင်တဲ့ပါမောက္ခ Wakita Takaji က BA.5 မျိုးကွဲကိုရိုနာဗိုင်းရပ်စ်ကြောင့် ကူးစက်မှုတွေ ဒီနှစ်မကုန်ခင်မှာ အမြင့်ဆုံးအဆင့်ကို ရောက်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန၊ ကျွမ်းကျင်သူပညာရှင်များ အဖွဲ့ရဲ့ အဖွဲ့ဝင် တစ်ဦးလည်းဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ရဲ့အချက်အလက်တွေကို သင်္ချာနည်းအရ လေ့လာသုံးသပ်နေတဲ့ ကျိုတိုတက္ကသိုလ်က ပါမောက္ခ Nishiura Hiroshi က “ရောဂါပိုးတွေဟာ ဟော့ကိုင်းဒိုးမှာ ကူးစက်သလိုမျိုး ကူးစက်မှုအမြင့်ဆုံးအဆင့် ရောက်ပြီးရင် တဖြည်းဖြည်း ပြန်ကျလာနိုင်တယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(504) ကူးစက်မှု အဋ္ဌမလှိုင်း။
အပိုင်း− ၁ ကူးစက်မှုတွေ အခု ဘာကြောင့် များလာသလဲ။

အဖြေ− ဂျပန်ပြည်တွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ်တွေ မြင့်တက်လာနေပါတယ်။ နှစ်လတာအတွင်းမှာ တစ်ရက်တာ အသစ်ကူးစက်ခံရသူ အရေအတွက်ဟာ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ပထမဆုံးအကြိမ်အဖြစ် ၁၀၀,၀၀၀ ကျော်သွားခဲ့ပါတယ်။ ဒါဆိုရင် ဂျပန်ဟာ ကူးစက်မှု အဋ္ဌမလှိုင်းထဲ ရောက်နေပြီလား။ ရောဂါကူးစက်မှု မြင့်တက်လာတာ မြို့ကြီးတွေမဟုတ်ဘူး ဆိုတဲ့ အချက်ဟာ အဲဒီမေးခွန်းအတွက် သဲလွန်စတစ်ခု ဖြစ်လိမ့်မယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။ အရင်က ကူးစက်မှုတွေမှာ လူနေထူထပ်တဲ့ တိုကျိုမြို့တော်ဧရိယာကနေစပြီး နိုင်ငံတစ်ဝန်း အကြီးအကျယ် ကူးစက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ နယ်ဘက်တွေဖြစ်တဲ့ ဟော့ကိုင်းဒိုးနဲ့ တိုးဟိုကုဒေသတွေမျိုးကနေ ကူးစက်မှုအရေအတွက် စပြီး များလာတာဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကျွမ်းကျင်ပညာရှင်အဖွဲ့က နိုဝင်ဘာလ ၁၇ ရက်က ပြုလုပ်တဲ့ အစည်းအဝေးမှာ အဲဒီကူးစက်မှု လမ်းကြောင်းနဲ့ ပတ်သက်ပြီး သူတို့ရဲ့အမြင်ကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ ကူးစက်မှုသတ္တမလှိုင်းမှာ BA.5 ကူးစက်ခံရသူများတဲ့ ဧရိယာတွေမှာ ဗိုင်းရပ်စ်ပိုးကို ခုခံကာကွယ်နိုင်တဲ့ ကိုယ်ခံစွမ်းအားရသူတွေ အချိုးအစားမြင့်မားလာပြီး ရောဂါပိုးကူးစက်မှုအနည်းငယ်ပဲ ဖြစ်ခဲ့တဲ့ဒေသတွေမှာတော့ ကိုယ်ခံအားရှိသူနည်းတာကြောင့် အခုအခါမှာ ရောဂါပိုးကူးစက်သူ အရေအတွက် တိုးလာတာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
တိုကျိုဆေးပညာတက္ကသိုလ်က ပါမောက္ခ Hamada Atsuo က လတ်တလော ကူးစက်မှုမြင့်တက်လာတာဟာ သတ္တမလှိုင်းရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတစ်ခုလို့ ယူဆနိုင်ကြောင်း ပြောပါတယ်။ မြို့ကြီးတွေမှာ ကူးစက်မှုတွေမြင့်တက်လာတာ မြင်ရပေမဲ့လည်း နယ်မြို့တွေလောက်တော့ သိသိသာသာ ကူးစက်မှု မဖြစ်ဘူးလို့ သူက ပြောကြားခဲ့ပါတယ်။ ကူးစက်မှု သတ္တမလှိုင်းရဲ့ အကြွင်းအကျန်မီးက ပြန်ထလောင်တာမျိုးလို့ ဆိုပါတယ်။ အရင်က လူနည်းနည်းပဲကူးစက်ခဲ့ရင် ခုခံနိုင်စွမ်းအားနည်းတဲ့ ဒေသတွေမှာ အခုအချိန်ကူးစက်မှုတွေ ဖြစ်တယ်လို့ ပါမောက္ခ Hamada က ပြောကြားခဲ့ ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(503) မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် Omicron ရဲ့ မျိုးကွဲဗိုင်းရပ်စ်သစ်များ။
အပိုင်း− ၅ ကူးစက်မှုတွေ အဆမတန်ဆက်ပြီး ပြန့်ပွားဖို့ ရှိနိုင်သလား။

အဖြေ− XBB နဲ့ BQ.1.1 ဆိုတဲ့ မျိုးကွဲ ဗိုင်းရပ်စ် အသစ်တွေ ထွက်လာနေတာကြောင့် ဂျပန်မှာ နောက်ထပ် ကူးစက်မှုတွေ တစ်ဖန်ပြန်မြင့်တက် လာနိုင်သလား ဆိုတာကို ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေရဲ့ အမြင်တွေကို မိတ်ဆက်ပေးရင်း လေ့လာကြည့်ကြရအောင်။
ဂျပန်နိုင်ငံ့ ကူးစက်ရောဂါဆိုင်ရာဌာနက သုတေသီတွေက XBB နဲ့ BQ.1.1 ကူးစက်လို့ ရောဂါလက္ခဏာတွေ ပိုပြီး ဆိုးရွားလာတယ်ဆိုတဲ့ အထောက်အထား အခုထိ မတွေ့ရှိသေးဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့လည်း လေ့လာမှုတချို့မှာတော့ အဲဒီမျိုးကွဲဗိုင်းရပ်စ် အသစ်တွေဟာ လူ့ရဲ့ကိုယ်ခံစွမ်းအားကနေ မသိအောင် ရှောင်နိုင်တဲ့အစွမ်း ရှိတယ်လို့ ဆိုပါတယ်။ အဲဒီ မျိုးကွဲဗိုင်းရပ်စ်အသစ်တွေကို ဆက်ပြီးစောင့်ကြည့်သွားမယ်လို့ သူတို့က ပြောပါတယ်။
ဂျပန်နိုင်ငံမှာ အောက်တိုဘာလ ၁၁ ရက်နေ့အထိ ဒီမျိုးကွဲဗိုင်းရပ်စ်အသစ် ၇ရက်တာ−ပျမ်းမျှကူးစက်မှု ၂၆,၀၀၀ လောက်ရှိခဲ့ပါတယ်။ နိုဝင်ဘာလ ၂၂ ရက်နေ့အထိ တစ်ပတ်အတွင်းမှာ ကူးစက်သူ ၈၈,၀၀၀ လောက်အထိ များလာခဲ့ပါတယ်။
တိုကျိုဆေးဘက်ဆိုင်ရာ တက္ကသိုလ်ဆေးရုံက ပါမောက္ခ Hamada Atsuo က BQ.1. မျိုးကွဲကနေ ဆင့်ကဲပြောင်းလဲလာတဲ့ မျိုးဗီဇကွဲတွေဟာ BA.5 ထက်ပိုပြီး လူရဲ့ကိုယ်ခံအားကနေ ရှာမတွေ့အောင် ရှောင်တိမ်းနိုင်စွမ်းရှိတယ် ဆိုပါတယ်။ မျိုးကွဲ ဗိုင်းရပ်စ် တစ်မျိုးမျိုး ကူးစက်ခဲ့ဖူးပြီးသားသူ ဒါမှမဟုတ် ကာကွယ်ဆေးထိုးပြီးသားသူ ဖြစ်ရင်တောင် ထပ်ကူးစက်နိုင်တယ်လို့ ပြောပါတယ်။ အဲဒါကြောင့် အခုဆောင်းရာသီမှာ အဲဒီမျိုးကွဲ ဗိုင်းရပ်စ်တွေ ကူးစက်ပျံ့နှံ့လာမယ်ဆိုရင် ရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်လာနိုင်ခြေ ရှိပါတယ်။ Omicron မျိုးဗီဇပြောင်းကိုရိုနာ ဗိုင်းရပ်စ်ရဲ့မျိုးကွဲကို ပစ်မှတ်ထားတဲ့ ကာကွယ်ဆေးတွေကို အခုအခါ ထိုးနှံနိုင်ပြီဖြစ်တာမို့ ကာကွယ်ဆေးထိုးကြစေချင်တယ်လို့ ပါမောက္ခ Hamada က ပြောပါတယ်။ BA.5, BQ.1 နဲ့ XBB မျိုးကွဲဗိုင်းရပ်စ်တွေ Omicron ရဲ့မျိုးကွဲဗိုင်းရပ်စ်တွေ ဖြစ်တာကြောင့် Omicron ကို ပစ်မှတ်ထားတဲ့ ကာကွယ်ဆေးကို ထိုးထားရင် ကြိုတင်ကာကွယ်နိုင်တဲ့အပြင် ဒီဆောင်းရာသီမှာ ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် ဖြစ်ပွားမှုတွေကိုလည်း လျှော့ချနိုင်လိမ့်မယ်လို့ ပါမောက္ခ Hamada က ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(502) မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် Omicron ရဲ့ မျိုးကွဲဗိုင်းရပ်စ်သစ်များ။
အပိုင်း− ၄ ဗိုင်းရပ်စ်တွေ မျိုးဗီဇ ဆက်ပြောင်းနေမှာလား?

အဖြေ− Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့မျိုးကွဲသစ် BQ.I ၊ BQ.II နဲ့ XBB တွေ တွေ့ရှိတယ်ဆိုတဲ့ အစီရင်ခံစာတွေ ရှိနေပါတယ်။ အဲဒီလိုမျိုးဗီဇတွေ တစ်ခုပြီးတစ်ခု ဆက်ပြောင်းနေမှာလား။ ကျွမ်းကျင်သူတစ်ဦးရဲ့ အယူအဆနဲ့အတူ အချက်အလက်တချို့ကို လေ့လာကြည့်ပါမယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)က အောက်တိုဘာလ ၂၆ ရက် နေ့မှာ မျိုးကွဲသစ်တွေမှာ တွေ့မြင်ရတဲ့ စိတ်ဝင်စားစရာ ဖြစ်စဉ်တစ်ခု ကို ထောက်ပြခဲ့ပါတယ်။ Omicron ရဲ့မျိုးဗီဇကွဲတွေဟာ မတူညီတဲ့ နေရာဒေသ၊ အချိန်ကာလအမျိုးမျိုးနဲ့ ပေါက်ဖွားလာခဲ့ကြပေမဲ့ တူညီတဲ့ မျိုးဗီဇပြောင်းလဲမှုပုံစံ ရှိနေတယ်လို့ ဆိုပါတယ်။ အဲဒါကတော့ သူတို့တွေဟာ မတူညီတဲ့မျိုးရိုးတွေကနေ ဆင်းသက်လာကြတာဖြစ်ပေမဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် မျိုးဗီဇကို ဆင့်ကဲပြောင်းလဲလာရင်းကနေ တဖြည်းဖြည်းခြင်း တူညီတဲ့ လက္ခဏာတွေရှိလာတဲ့ မျိုးစိတ်အဖြစ် "ပေါင်းစပ်ဆင့်ကဲဖြစ်စဉ်"နဲ့ ပြောင်းလာတဲ့ ဗိုင်းရပ်စ်တွေ ဖြစ်နေတာပဲ ဖြစ်ပါတယ်။
မျိုးရိုးမတူတဲ့ မျိုးဗီဇကွဲ ဗိုင်းရပ်စ်အသစ်တွေဟာ အဆင့်ဆင့်ပြောင်းလဲလာရင်း လူတွေနဲ့လိုက်လျောညီထွေဖြစ်ဖို့ လိုအပ်တယ်လို့ယူဆရတဲ့ အစိတ်အပိုင်းတွေကို သူ့မျိုးရိုးနဲ့သူ ပြောင်းလဲကြည့်ရင်းနဲ့ တူညီတဲ့မျိုးဗီဇအစိတ်အပိုင်းရှိတဲ့ ဆင့်ကဲပြောင်းလဲမှုတွေ ထပ်ဖြစ်ပေါ်လာပုံရတယ်လို့ WHO က ပြောကြားခဲ့ပါတယ်။
ရောဂါပိုးမွှားဗေဒဆိုင်ရာ ကျွမ်းကျင်ပညာရှင် Nagasaki တက္ကသိုလ်က ပါမောက္ခ Furuse Yuki က ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်လောက်ဟာ အခုအခါ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ကူးစက်ခံထားရပြီးတဲ့ လူအများစုမှာရရှိထားတဲ့ ကိုယ်ခံစွမ်းအား ပဋိပစ္စည်းတွေကနေ လွတ်အောင်ရှောင်ဖို့အတွက် တခြားဗိုင်းရပ်စ်မျိုးက Omicron ပုံစံမျိုး ဆင့်ကဲမျိုးကွဲလာတဲ့ ဗိုင်းရပ်စ်တွေလည်း ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်အသစ်က ဆင့်ကဲမျိုးဗီဇပြောင်းလဲမှုတွေ လိုအပ်တာထက်ကို ပိုလုပ်ထားပြီးဖြစ်ပေမယ့် လက်ရှိအနေအထားအတိုင်းပဲ လူသားတွေနဲ့ လိုက်လျောညီထွေ နေမလား ဆက်ပြီး မျိုးဗီဇဆင့်ကဲပြောင်းလဲဦးမလား ဆိုတာ မသိနိုင်သေးဘူးလို့ ပါမောက္ခ Furuse Yuki က ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(501) မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် Omicron ရဲ့ မျိုးကွဲဗိုင်းရပ်စ်သစ်များ။
အပိုင်း− ၃ Omicron ရဲ့ မျိုးကွဲဗိုင်းရပ်စ်အသစ် XBB

အဖြေ− Omicron မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ရဲ့မျိုးကွဲတွေဟာ အခုအခါ ကမ္ဘာတစ်ဝန်း စတင်ကူးစက်ပျံ့နှံ့နေပါတယ်။ စင်္ကာပူနဲ့ တခြားနေရာဒေသတွေမှာ ကူးစက်ပျံ့နှံ့နေတဲ့ Omicron ရဲ့မျိုးကွဲသစ် XBB အကြောင်း လေ့လာကြည့်ရအောင်။
စင်ကာပူနဲ့အိန္ဒိယနိုင်ငံတွေမှာ ကူးစက်မှုအရေအတွက် မြင့်မားလာနေတဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲက XBB ဖြစ်ပါတယ်။
စင်္ကာပူကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ XBB မျိုးကွဲ အဓိက ကူးစက်မှုဖြစ်လာပြီး အောက်တိုဘာလ ၉ ရက်အထိ သီတင်းတစ်ပတ်အတွင်းမှာ ကူးစက်မှုအားလုံးရဲ့ ၅၄ ရာခိုင်နှုန်းရှိခဲ့ပြီး အဲဒီမတိုင်ခင်အပတ်က ကူးစက်မှုအားလုံးရဲ့ ၂၂ ရာခိုင်နှုန်း ရှိခဲ့တာထက် မြင့်တက်သွားတာကို တွေ့ရကြောင်း သိရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ အိုမီခရွန်ရဲ့မျိုးကွဲ XBB ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှုက အောက်တိုဘာလ အနှောင်းပိုင်းအထိ နိုင်ငံပေါင်း ၃၅ နိုင်ငံရှိ နေပြီဖြစ်ကြောင်း ပြောပါတယ်။
WHO ရဲ့ကျွမ်းကျင်ပညာရှင်များအဖွဲ့က XBB မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်ဟာ ကူးစက်နိုင်စွမ်း မြင့်မားပေမဲ့လည်း Omicron ဗိုင်းရပ်စ်နဲ့နှိုင်းယှဉ်ရင် ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် ဖြစ်ပွားနိုင်စွမ်းမရှိသလို ကိုယ်ခံအားကနေ လွတ်မြောက်အောင် ရှောင်နိုင်တဲ့ စွမ်းအားမြင့် မျိုးကွဲဗိုင်းရပ်စ်လို့တော့ မဆိုနိုင်ဘူးလို့ ပြောပါတယ်။
နောက်တစ်ကြိမ် ကူးစက်မှုဖြစ်တယ်ဆိုတဲ့သူတွေဟာလည်း Omicron ကူးစက်ခံရဖူးတဲ့သူတွေမဟုတ်ဘဲ အရင်က မူလ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတွေ ဖြစ်ပါတယ်။ Omicron မျိုးကွဲတွေအတွက်ရှိတဲ့ ကိုယ်ခံအားရဲ့အစွမ်းကနေ လွတ်အောင်ရှောင်ရှားနိုင်တယ်ဆိုတဲ့ အချက်အလက် အထောက်အထား မရှိသေးဘူးလို့လည်း အဲဒီ အဖွဲ့က ပြောပါတယ်။
စင်္ကာပူမှာ XBB ကြောင့် ရောဂါဖြစ်ပွားမှု အောက်တိုဘာလလယ်မှာ အမြင့်ဆုံးအဆင့် ရောက်ရှိသွားခဲ့ပေမဲ့ နောက်ပိုင်းမှာကူးစက်မှု ပြန်ကျလာခဲ့ပါတယ်။
စင်ကာပူကနေ သူ့ရဲ့အိမ်နီးနားချင်းနိုင်ငံတွေဆီ XBB မျိုးကွဲကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု မရှိသေးဘူးလို့ တိုကျို ဆေးဘက်ဆိုင်ရာတက္ကသိုလ်က ပါမောက္ခ Hamada Atsuo က ပြောပါတယ်။ အဲဒီမျိုးကွဲကူးစက်ခံရသူ ဂျပန်မှာလည်း တွေ့ရှိထားပေမဲ့ အရေအတွက် နည်းပါးပါသေးတယ်။ ကူးစက်ပြန့်ပွား နိုင်ခြေနဲ့ပတ်သက်လို့ အရင်က စိုးရိမ်ခဲ့ရသလောက် မမြင့်မားဘူးလို့ သူက ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(500) မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် Omicron ရဲ့ မျိုးကွဲဗိုင်းရပ်စ်သစ်များ။
အပိုင်း− ၂ မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် Omicron ရဲ့ မျိုးကွဲ အသစ် BQ.I နဲ့ BQ.I.I

အဖြေ−Omicron မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ရဲ့မျိုးကွဲအသစ်တွေ ကမ္ဘာတစ်ဝန်း စတင်ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။ အခုတခါ အမေရိကားနဲ့ တခြားနေရာဒေသတွေမှာ ကူးစက်ပျံ့နှံ့နေတဲ့ Omicron ရဲ့မျိုးကွဲသစ် BQ.I နဲ့ BQ.I .I တွေကို လေ့လာကြပါမယ်။
ပြီးခဲ့တဲ့ နွေရာသီတုန်းက ဂျပန်မှာ Omicron ရဲ့မျိုးကွဲ BA.5 အဓိက ကူးစက်ပျံ့နှံ့မှုကြောင့် COVID ကူးစက်မှုလှိုင်းဒဏ်ကို ခံခဲ့ရပါတယ်။ BA.5ကနေ ထပ်ပြီးမျိုးကွဲသွားတာက BQ.I ဖြစ်ပါတယ်။ BQ.I ကနေ ထပ်ပြီး မျိုးဗီဇပြောင်းသွားတာကတော့ BQ.I.I ဖြစ်ပါတယ်။ အောက်တိုဘာလ ၂၉ ရက်အထိ သီတင်းပတ်တစ်ပတ်အတွင်းမှာ အမေရိကားမှာ BQ.I မျိုးကွဲက ကူးစက်မှုအသစ်အားလုံးရဲ့ ၁၄ ရာခိုင်နှုန်းလောက်ရှိခဲ့ပြီး BQ.I.I မျိုးကွဲက ကူးစက်မှုအသစ်တွေရဲ့ ၁၃.၁ ရာခိုင်နှုန်း ဖြစ်ပွားခဲ့ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ပြောကြားချက်အရ BQ.I နဲ့ သူ့ရဲ့ မျိုးကွဲ BQ.I.I ကိုရိုနာဗိုင်းရပ်စ်တွေ ကူးစက်မှုဖြစ်ပွားတာ အောက်တိုဘာလ အစောပိုင်းမှာ နိုင်ငံပေါင်း ၆၅ နိုင်ငံအထိ ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီမျိုးကွဲသစ်တွေဟာ Omicronနဲ့ အရင်မျိုးကွဲတွေနဲ့ယှဉ်ရင် ကိုယ်ခံစွမ်းအားကနေ လွတ်အောင် ရှောင်နိုင်စွမ်း မြင့်မားလာတယ်လို့ ထင်ရကြောင်း WHO က ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒါပေမဲ့ အခုအချိန်ထိ ဗိုင်းရပ်စ်ကူးစက်ပြီး ရောဂါလက္ခဏာ ပိုပြီး ပြင်းပြင်းထန်ထန် ဖြစ်လာတာ ဒါမှမဟုတ် ကိုယ်ခံအားစနစ်ကနေ လွတ်မြောက်နိုင်စွမ်း တိုးလာတာကိုပြတဲ့ ဒေတာအချက်အလက်တွေ မရှိသေးဘူးလို့ ပညာရှင်အဖွဲ့က ပြောကြားခဲ့ပါတယ်။
ယေဘုယျအားဖြင့် အဲဒီဗိုင်းရပ်စ်တွေ လူ့ကိုယ်ခံစွမ်းအားစနစ်ကို လွတ်အောင်ရှောင်နိုင်စွမ်း မြင့်မားလာတာကြောင့် ကာကွယ်ဆေး ထိုးပြီးနောက်မှာလည်း မျိုးကွဲရောဂါပိုးတွေ ကူးစက်နိုင်ခြေရှိပြီး ၊တစ်ခါကိုဗစ်ကူးဖူးလည်း နောက်တစ်ကြိမ် ထပ်ကူးစက်နိုင်ခြေ ပိုများလာတယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် နောက်ထပ် သုတေသနပြု လေ့လာမှုတွေလုပ်ဖို့ လိုအပ်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။
မူလ ကိုရိုနာဗိုင်းရပ်စ်နဲ့ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် တွေကိုပစ်မှတ်ထား တီထွင်တဲ့ ကာကွယ်ဆေးတွေ ထိုးထားလည်း အဲဒီမျိုးကွဲဗိုင်းရပ်စ်ပိုးအသစ် ကူးစက်မှုကို ကာကွယ်နိုင်စွမ်းက နည်းသွားနိုင်ဖွယ်ရှိပါတယ်၊ ဒါပေမဲ့ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ မဖြစ်ပေါ်အောင် ကာကွယ်နိုင်စွမ်းကတော့ ဆက်ရှိနေမယ်လို့ မြင်ရကြောင်း သူတို့က ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(499) မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် Omicron ရဲ့ မျိုးကွဲဗိုင်းရပ်စ်သစ်များ။
အပိုင်း− ၁ မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် Omicron ရဲ့ မျိုးကွဲဗိုင်းရပ်စ်အသစ်များ ပြန့်ပွား ။

အဖြေ− အခုအခါ Omicron မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲသစ်တွေ ကမ္ဘာတစ်ဝန်းမှာ စတင် ပျံ့နှံ့လာနေပါတယ်။ ဒီတစ်ကြိမ်မှာတော့ အခု အသစ်ပေါ်လာတဲ့ ဗိုင်းရပ်စ်မျိုးကွဲသစ်ရဲ့ ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လာနိုင်ခြေနဲ့ အဲဒီမျိုးကွဲသစ်တွေအပေါ် လက်ရှိကာကွယ်ဆေးတွေရဲ့ ထိရောက်မှုကို လေ့လာကြပါမယ်။
ပြီးခဲ့တဲ့ နွေရာသီက ဂျပန်မှာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ BA.5 မျိုးကွဲကြောင့် COVID-19 ကူးစက်မှု သတ္တမလှိုင်း ဖြစ်ပွားခဲ့ပါတယ်။ BA.5 ဟာ ကမ္ဘာတစ်ဝန်းမှာ အချိန်အတော်ကြာ အဓိကကူးစက်ပျံ့နှံခဲ့ပေမဲ့ အခုအချိန်မှာ အချိုးအစား အားဖြင့် တဖြည်းဖြည်းကူးစက်မှု လျော့ကျလာပါတယ်။ BA.5 ကူးစက်မှုလျော့ကျနေတဲ့ အတောအတွင်းမှာ Omicron ရဲ့မျိုးကွဲ အသစ်တွေဖြစ်တဲ့ BQ.I ၊ BQ.I .I နဲ့ XBB အမျိုးအစားတွေ ပေါ်လာပြီး ကမ္ဘာတစ်ဝန်းမှာ ကူးစက်ပြန့်ပွားတဲ့ အရေအတွက် တဖြည်းဖြည်း များလာပါတယ်။
ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင်၊ တိုကျိုဆေးတက္ကသိုလ် က ပါမောက္ခ Hamada Atsuo က “နောက်ပိုင်းမှာ ဘယ်မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်က အဓိက ကူးစက်ပြန့်ပွားမယ်ဆိုတာ အခုအချိန်မှာတော့ တိတိကျကျ ခန့်မှန်းလို့ မရနိုင်သေးပါဘူး။ ဒါပေမဲ့ မျိုးကွဲဗိုင်းရပ်စ်အသစ်တွေဟာ လူသားဆဲလ်တွေနဲ့ပေါင်းလိုက်နိုင်တဲ့ စွမ်းရည်က အတူတူပါပဲ။ လူ့ကိုယ်ခံစွမ်းအားစနစ်ကနေ လွတ်မြောက်အောင် လုပ်ဆောင်နိုင်စွမ်းကတော့ ပိုကောင်း လာတယ်” လို့ ဆိုပါတယ်။ အရေးကြီးတဲ့အချက်တွေကတော့ “ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်တွေ ထွက်ပေါ်လာခဲ့ရင် သူတို့ဟာ လူ့ကိုယ်ခံစွမ်းအားစနစ်ကနေ လွတ်အောင်ရုန်းနိုင်စွမ်း ရှိသလား။ ကူးစက်နိုင်စွမ်း အားကောင်းသလား။ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်စေနိုင်စွမ်းရှိသလား ဆိုတာတွေပဲ ဖြစ် ပါတယ်။ ဒီ၃ချက်ကို အသေအချာ စောင့်ကြည့်စစ်ဆေးဖို့ အရေးကြီးတယ်” လို့ ပါမောက္ခ Hamada က ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(498) အသက် ၄ နှစ်အထိ ကလေးငယ်တွေကို ကာကွယ်ဆေး ထိုးပေးခြင်း။
အပိုင်း− ၈ ကျွမ်းကျင်ပညာရှင်တွေရဲ့ အမြင်။

အဖြေ− ဂျပန်နိုင်ငံမှာ အောက်တိုဘာလကစပြီး အသက် ၆ လကနေ ၄ နှစ်အရွယ်အထိ ကလေးငယ်တွေ COVID-19 ကာကွယ်ဆေး ထိုးပေး ပါတယ်။ ဒီနေ့မှာတော့ အသက် ၄ နှစ်အထိ ကလေးငယ်တွေကို ကာကွယ်ဆေး ထိုးနှံခြင်းအကြောင်းကို နောက်ဆုံးအပိုင်းအနေနဲ့ ကျွမ်းကျင်ပညာရှင်တွေရဲ့ အမြင်ကို လေ့လာကြပါမယ်။
ကလေးငယ်လေးတွေကို ကာကွယ်ဆေးထိုးပေးမလား? ဘာတွေ လိုက်နာလုပ်ဆောင်သင့်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင် နှစ်ဦးကို မေးမြန်းခဲ့ပါတယ်။
Niigata တက္ကသိုလ်က ပါမောက္ခ Saito Akihiko က အသက် ၆လကနေ ၄နှစ်အရွယ်ကလေးငယ်တွေကို နှာခေါင်းစည်းတပ်ပေးဖို့၊ လက်ဆေးဖို့ စတဲ့ ကြိုတင်ကာကွယ်ရေး အစီအမံတွေ လုပ်ဖို့ခက်တယ်လို့ ပြောပါတယ်။
ဒါ့ကြောင့် ဒီအသက်အရွယ်အုပ်စုအတွက် ကာကွယ်ဆေး ထိုးနှံတာဟာ COVID-19 ကူးစက်ခြင်းနဲ့ ရောဂါလက္ခဏာပေါ်လာခြင်းကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တဲ့နည်း ဖြစ်ပါတယ်။ ကိုဗစ် ကူးစက်လာရင်လည်း ပြင်းထန်တဲ့ရောဂါလက္ခဏာတွေ မပေါ်အောင် ကာကွယ်ဆေးက လုပ်ပေးလို့ တစ်ခုတည်းသော ကာကွယ်နည်းဖြစ်တယ်လို့လည်း ပြောနိုင်ကြောင်း သူကပြောပါတယ်။
Kitasato တက္ကသိုလ်က ပါမောက္ခ Nakayama Tetsuo ကတော့ ကာကွယ်ဆေးထိုးနှံခြင်းရဲ့ မကောင်းတဲ့အချက်ထဲက တစ်ခုက ဘေးထွက်ဆိုးကျိုးရှိတာပဲလို့ ပြောပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေး မထိုးထားရင် ကိုဗစ်ကူးပြီး ရောဂါဖြစ်ရာကနေ အသက်ဆုံးပါးနိုင်တဲ့အထိ ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ကိုဗစ်ရဲ့နောက်ဆက်တွဲ ပြဿနာတွေလည်းဖြစ်နိုင်ပြီး ဥပမာအနေနဲ့ ဦးနှောက်က မှန်မှန်ကန်ကန် အလုပ်မလုပ်တဲ့ brain disorder ဦးနှောက်ချို့ယွင်းမှုနဲ့ myocarditis နှလုံးကြွက်သား ရောင်ရမ်းတာတွေဖြစ်ပြီး သေဆုံးနိုင်တာလည်းရှိကြောင်း ပြောပါတယ်။
ပါမောက္ခ Nakayama က လူတွေအနေနဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးကို နှိုင်းယှဉ်ချိန်ဆဖို့နဲ့ သိပ္ပံနည်းကျ အချက်အလက်တွေအပေါ် အခြေခံ ပြီး ကလေးငယ်လေးတွေကို ကာကွယ်ဆေးထိုးမထိုး ဆုံးဖြတ်ကြဖို့ တိုက်တွန်းထားပါတယ်။ အသက် ၆ လ ကနေ ၄ နှစ်အထိ ကလေးငယ်တွေကို ကာကွယ်ဆေးထိုးကြဖို့ ဂျပန့် ကလေးအထူးကု ဆရာဝန်များအဖွဲ့အစည်းကလည်း အကြံပြုထားပါတယ်။ ကာကွယ်ဆေးထိုးထားတာကြောင့် COVID-19 ကူးရင်တောင် ရောဂါလက္ခဏာပေါ်မလာအောင် ကာကွယ်တားဆီးပေးတဲ့ ကောင်းကျိုးက ဘေးထွက်ဆိုးကျိုးထက် များပါတယ်လို့ အဲဒီအဖွဲ့အစည်း က ဆိုပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(497) အသက် ၄ နှစ်အထိ ကလေးငယ်တွေကို ကာကွယ်ဆေး ထိုးပေးခြင်း။
အပိုင်း− ၇ ကိုဗစ်ကူးဖူးတဲ့ ကလေးတွေ ကာကွယ်ဆေးထိုးနှံခြင်းနဲ့ တခြားကာကွယ်ဆေးတွေ ထိုးနှံခြင်း။

အဖြေ− ဂျပန်နိုင်ငံမှာ အောက်တိုဘာလကစပြီး အသက် ၆ လကနေ ၄ နှစ်အရွယ်အထိ ကလေးငယ်တွေ COVID-19 ကာကွယ်ဆေး ထိုးပေး ပါတယ်။ ဒီနေ့မှာတော့ ဗိုင်းရပ်စ်ကူးဖူးတဲ့ ကလေးတွေကို ကာကွယ်ဆေးထိုးနှံခြင်းနဲ့ ကာကွယ်ဆေးအမျိုးမျိုးတွဲပြီး ထိုးနှံခြင်း တို့နဲ့ပတ်သက်လို့ လေ့လာကြည့်ကြပါမယ်။
ကလေးတွေ ကိုဗစ်ဗိုင်းရပ်စ်ကူးစက်ခံရဖူးပေမယ့်လည်း COVID ကာကွယ်ဆေး ထိုးနှံဖို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။
Niigata တက္ကသိုလ်ကပါမောက္ခ Saito Akihiko က “ ကလေးကို ကိုဗစ်ရောဂါပိုး ကူးစက်ခံရပြီး အပျော့စားရောဂါလက္ခဏာပဲ ဖြစ်ခဲ့တယ်ဆိုရင် လုံလောက်တဲ့ ကိုယ်ခံစွမ်းအား ထွက်လာမှာ မဟုတ်ကြောင်း ပြောပါတယ်။ ကိုဗစ်ဗိုင်းရပ်စ် ပိုးအသစ်ကို တိုက်ဖျက်ပေးတဲ့ ခန္ဓာကိုယ်ထဲက ပဋိပစ္စည်းတွေဟာ အချိန်ကြာ လာတာနဲ့အမျှ ပမာဏလျော့နည်းလာတတ်ကြတာကို သိရှိထားပြီး ဖြစ်တာကြောင့် ကာကွယ်ဆေးထိုးနှံမှသာ ခန္ဓာကိုယ်မှာ လုံလောက်တဲ့ကိုယ်ခံစွမ်းအားပဋိပစ္စည်းတွေ လုံလောက်တဲ့အဆင့် ရောက်အောင် ထွက်မှာမို့ ကာကွယ်ဆေးထိုးတာက အာမခံချက် ပေးနိုင်တယ်လို့ ပါမောက္ခ Saito က ဆိုပါတယ်။
ကာကွယ်ဆေးထိုးချိန်ကတော့ ကလေးတွေ ပိုးကူးခံရပြီး ရောဂါလက္ခဏာတွေ သက်သာသွားပြီး ကျန်းမာရေး ပုံမှန်အတိုင်း ပြန်ကောင်းသွားတဲ့အချိန်မှာ ကာကွယ်ဆေး ထိုးနှံပါလို့ ပါမောက္ခ Saito က ပြောကြားခဲ့ပါတယ်။
ကလေးတွေဟာ COVID ကာကွယ်ဆေးထိုးပြီး တခြား ကာကွယ်ဆေးတွေကိုလည်း တွဲထိုးနှံနိုင်တယ်ဆိုပါတယ်။ ကိုဗစ်ကာကွယ်ဆေးကို ရာသီပေါ်တုပ်ကွေး ကာကွယ်ဆေးနဲ့အတူ တစ်နေ့တည်းမှာ ၂မျိုးလုံးထိုးနှံလို့ ရပါတယ်။ ကလေးတွေကို တခြား ကာကွယ်ဆေးတွေထိုးဖို့ အချိန်ကာလက သတ်မှတ်ထားပြီးသား ဖြစ်တဲ့အတွက် သတ်မှတ်ထားတဲ့ကာလမှာ သက်ဆိုင်ရာ ကာကွယ်ဆေးကိုထိုးပြီး COVID ကာကွယ်ဆေးကိုတော့ အနည်းဆုံး သီတင်းနှစ်ပတ်ခွာပြီးမှ ထိုးနှံရပါမယ်လို့ ပါမောက္ခ Saito က အကြံပြုထားပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(496) အသက် ၄ နှစ်အထိ ကလေးငယ်တွေကို ကာကွယ်ဆေး ထိုးပေးခြင်း။
အပိုင်း− ၆ ကိုဗစ်ရောဂါ ဖြစ်တဲ့ ကလေးငယ်တွေမှာ ပြင်းထန်တဲ့ ရောဂါလက္ခဏာ ဖြစ်ပွားခြင်း။

အဖြေ− ဂျပန်နိုင်ငံမှာ အောက်တိုဘာလကစပြီး အသက် ၆ လကနေ ၄ နှစ်အရွယ်အထိ ကလေးငယ်တွေ COVID-19 ကာကွယ်ဆေး ထိုးပေး နေပါတယ်။ ကလေးငယ်တွေကို ကာကွယ်ဆေးထိုးဖို့ လိုမလို ဆုံးဖြတ်ရာမှာ ထည့်သွင်းစဉ်းစားရမယ့် အချက်အလက် အဖြစ် ကိုရိုနာဗိုင်းရပ်စ်ကူးခံရပြီးနောက် ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်တဲ့ကလေးတွေရဲ့ အနေအထားတွေကို လေ့လာကြည့်ကြရအောင်။
ဂျပန် ကလေးအထူးကု ဆရာဝန်များအသင်းရဲ့ အဆိုအရ ကိုရိုနာဗိုင်းရပ်စ်ကူးခံရတဲ့ ကလေးတွေရဲ့ ၉၅ ရာခိုင်နှုန်းကျော်မှာ အပျော့စားရောဂါလက္ခဏာတွေသာ ဖြစ်ပေါ်တတ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေ ဖြစ်ပြီးနောက်ပိုင်း ကူးစက်ခံရတဲ့ ကလေးအရေအတွက် များပြားလာပြီး၊ သေဆုံးတာနဲ့ ပြင်းထန်တဲ့ ရောဂါလက္ခဏာ ဖြစ်ပွားတဲ့ ကလေးဦးရေလည်း တိုးလာခဲ့ပါတယ်။
ဂျပန်နိုင်ငံ့ ကူးစက်ရောဂါဆိုင်ရာဌာန က Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ အများဆုံးဖြစ်ပွားတဲ့ ၂၀၂၂ဇန်နဝါရီလ ကနေ သြဂုတ်လအတွင်း Omicron ကူးစက်ခံရပြီးနောက် သေဆုံးခဲ့တဲ့ အသက် ၂၀ နှစ်အောက် လူငယ် ၄၁ ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးသူ ၂၉ ဦးကို အသေးစိတ် သုတေသနပြုလေ့လာနိုင်ခဲ့ပြီး ဆုံးပါးသွားတဲ့ အသက် ၄ နှစ်နဲ့အောက် ကလေးငယ် ၁၄ ဦးမှာ ၆ ဦးဟာ နဂိုရောဂါအခံ မရှိဘူးဆိုတာကို တွေ့ရှိခဲ့ပါတယ်။
အသက် ၆ လကနေ ၄ နှစ် အရွယ် ကလေးငယ်တွေအကြား ဖြစ်ပွားတဲ့ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေနဲ့ပတ်သက်ပြီး သီးသန့်လေ့လာထား တဲ့ အချက်အလက်တွေ မရှိပါဘူး။ ဒါပေမဲ့ ဂျပန် အထူးကြပ်မတ် ကုသမှုဆိုင်ရာ ဆေးဘက်ဆိုင်ရာအသင်းက အခုနှစ် မတ်လကနေ သြဂုတ်လအတွင်း ဂျပန်နိုင်ငံတစ်ဝန်းက ဆေးရုံတွေမှာ ဆေးရုံတက်ကုသမှုခံယူခဲ့တဲ့ အသက် ၂၀ အောက် အလယ်တန်းကျောင်းသား အရွယ်အထိ ကိုရိုနာဗိုင်းရပ်စ် လူနာတွေရဲ့ အသက်၊ ရောဂါလက္ခဏာ အပါအဝင် အချက်အလက်တွေကို စုစည်း သုတေသနပြုခဲ့ပါတယ်။
အဲဒီ သုတေသနအရ အောက်ဆီဂျင်ပေးဖို့လိုတဲ့သူ ဒါမှမဟုတ် အသက်ရှူစက်တပ်ဖို့ လိုအပ်တဲ့ အသင့်အတင့်ရောဂါပြင်းထန်သူနဲ့ အပြင်းအထန် ရောဂါလက္ခဏာတွေ ဖြစ်တဲ့ လူနာ စုစုပေါင်း ၂၂၀ ရှိတယ်လို့ ဆိုပါတယ်။ အဲဒီလို ရောဂါ လက္ခဏာတွေဖြစ်ပွားသူတွေရဲ့ ၅၈.၆ ရာခိုင်နှုန်းက အသက် ၆နှစ်နဲ့အောက် မူကြိုကလေးတွေ ဖြစ်ပါတယ်။ ပြင်းပြင်းထန်ထန် ကိုဗစ်ရောဂါလက္ခဏာ ဖြစ်ပွားသူ တွေကို သုတေသန လုပ်ကြည့်တဲ့အခါအများစုဟာ ဦးနှောက် ရောင်ရမ်းပြီး မှတ်ဉာဏ် အားနည်းလာတာတွေ့ရသလို ရုတ်တရက် ဦးနှောက် မှန်မှန်ကန်ကန် အလုပ်မလုပ်တော့တာ၊ အဆုတ်အအေးမိ တာနဲ့ မျက်ဖြူလန်ပြီးတက်သွားတဲ့ ကလေးလူနာတွေလည်း များပြားတယ်လို့ ဆိုပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(495) အသက် ၄ နှစ်အထိ ကလေးငယ်တွေကို ကာကွယ်ဆေး ထိုးပေးခြင်း။
အပိုင်း− ၅ ကာကွယ်ဆေးဟာ မျိုးပွားတဲ့ ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းတွေအပေါ် သက်ရောက်မှု ရှိသလား။

အဖြေ− ဂျပန်နိုင်ငံမှာ အောက်တိုဘာလကစပြီး အသက် ၆ လကနေ ၄ နှစ်အရွယ်အထိ ကလေးငယ်တွေ COVID-19 ကာကွယ်ဆေး ထိုးပေး နေပါတယ်။ ကလေးငယ်တွေကို ကာကွယ်ဆေး ထိုးပေးရင် ဘေးထွက်ဆိုးကျိုးအနေနဲ့ ကလေးခန္ဓာကိုယ်ထဲက မျိုးပွားတဲ့ အစိတ်အပိုင်းတွေကို ထိခိုက်နိုင်သလား? ဆိုတာကို လေ့လာကြည့်ပါမယ်။
ဂျပန်မှာ ကလေးငယ်တွေကို အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer က ထုတ်လုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို သုံးပါတယ်။ အဲဒီကာကွယ်ဆေးဟာ mRNA မော်လီကျူး ပါဝင်တဲ့ "messenger RNA(m-RNA)" ကာကွယ်ဆေး အမျိုးအစားသစ် ဖြစ်ပါတယ်။ mRNA ဟာ ကိုဗစ်ရော အိုမီခရွန်ရောရဲ့ ဆူးချွန်ပရိုတင်းထဲက အချက်အလက်တွေကို ကိုယ်ခံအားဆဲလ်တွေဆီ သတင်းပို့တဲ့ အလုပ်လုပ်အောင် ဖန်တီးထားတဲ့ မော်လီကျူးတစ်မျိုးဖြစ်ပါတယ်။ လူတစ်ဦးကို ကာကွယ်ဆေး ထိုးပေးလိုက်တဲ့အခါ mRNA မော်လီကျူးတွေဟာ ယာယီအားဖြင့် ကိုရိုနာဗိုင်းရပ်စ်ရဲ့ spike proteins ကို ထုတ်လွှတ်ပြီး သူ့အစီအစဉ်အတိုင်း လူ့ခန္ဓာကိုယ်ထဲကဆဲလ်တွေက သိလာအောင် လုပ်ပါတယ်။ အဲဒီနောက်ခန္ဓာကိုယ်က သဘာဝအတိုင်း ဗိုင်းရပ်စ်ကိုတိုက်ခိုက်တဲ့ "antibodies" ပဋိပစ္စည်းတွေနဲ့ ကိုယ်ခံအားဆဲလ်တွေကို ထုတ်ပေး ပြီး ဗိုင်းရပ်စ်ကိုချေမှုန်းဖို့ရော ကိုဗစ်ကို မကူးအောင်ကာကွယ်ဖို့ပါ လုပ်ဆောင်ပါတယ်။
အဲဒီ mRNA မော်လီကျူးတွေဟာ လူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်ပြီး မိနစ်ပိုင်းကနေ ရက်အနည်းငယ် အကြာအတွင်းမှာ အစိတ်စိတ် အမွှာမွှာ ပြိုကွဲသွားမှာ ဖြစ်တယ်လို့ ဂျပန်ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။ ဝန်ကြီးဌာနရဲ့ အဆိုအရ ကာကွယ်ဆေးထဲက mRNA ဟာ မျိုးရိုးဗီဇဆိုင်ရာ အချက်အလက်တွေကို သယ်ဆောင်တဲ့ DNA နဲ့ ပေါင်းစပ်တာမျိုး မရှိပါဘူး။ လူသား ခန္ဓာကိုယ်ထဲမှာ DNA ကနေ ကိုယ်ပိုင် mRNA ကို ဖန်တီးပေးတဲ့ စနစ်ရှိပါတယ်။ ဒါပေမဲ့ မျိုးရိုးဗီဇဆိုင်ရာ အချက်အလက်တွေ ဖန်တီးတာဟာ DNA ကနေပဲ တစ်လမ်းသွား စနစ်နဲ့ လုပ်နိုင်ပါတယ်။ mRNA ကနေ DNA ကို မထုတ်နိုင်ပါဘူး။ အဲဒါကြောင့် mRNA ကို ထိုးလိုက်ပေမဲ့လည်း သူ့ရဲ့အချက်အလက်တွေဟာ ခန္ဓာကိုယ်ထဲ အချိန်အကြာကြီး ကျန်နေမှာ မဟုတ်ပါဘူး။ တစ်နည်းအားဖြင့် မျိုးပွားရာမှာ လိုအပ်တဲ့ သုက်ပိုး နဲ့ မျိုးဥတွေရဲ့ မျိုးဗီဇဆိုင်ရာ အချက်အလက်တွေနဲ့ ကာကွယ်ဆေးထဲက mRNA က ပေါင်းစပ်သွားမှာ မဟုတ်ဘူးလို့ စဉ်းစားထားနိုင်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(494) အသက် ၄ နှစ်အထိ ကလေးငယ်တွေကို ကာကွယ်ဆေး ထိုးပေးခြင်း။
အပိုင်း− ၄ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုး အန္တရာယ်တွေက ဘာတွေလဲ။

အဖြေ− ဂျပန်နိုင်ငံမှာ အောက်တိုဘာလကစပြီး အသက် ၆ လကနေ ၄ နှစ်အရွယ်အထိ ကလေးငယ်တွေ COVID-19 ကာကွယ်ဆေး ထိုးပေး နေပါတယ်။ ကာကွယ်ဆေးထိုးတာကနေ ကလေးတွေမှာ ဘယ်လို ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်သလဲ? ဆိုတာကို လေ့လာကြည့်ပါမယ်။
ကိုဗစ်ကာကွယ်ဆေးထိုးခဲ့ပြီး ရှားရှားပါးပါး ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်ခဲ့တာ ဆယ်ကျော်သက်နဲ့နှစ်ဆယ်တန်းအရွယ် ယောကျ်ားလေး ဖြစ်ပါတယ်။ နှလုံးကြွက်သား နဲ့ နှလုံးကို ဖုံးအုပ်ထားတဲ့အမြှေးပါး ရောင်ရမ်းတာတွေ ဖြစ်ခဲ့တယ်လို့ ဆရာဝန် အစီရင်ခံစာ ရှိပါတယ်။
အသက် ၆လကနေ ၄ နှစ်အကြား ကလေးငယ်လေးတွေမှာ ကာကွယ်ဆေးကြောင့် နှလုံးနဲ့ဆိုင်တဲ့ လက္ခဏာတွေ ဖြစ်နိုင်ခြေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ဖို့ လုံလောက်တဲ့ အချက်အလက်တွေ သူတို့မှာ မရှိသေးဘူးလို့ သိရပါတယ်။
ဒါပေမဲ့ သြဂုတ်လ အနှောင်းပိုင်းအထိ အမေရိကားမှာ ကာကွယ်ဆေး ထိုးခဲ့တဲ့ အသက် ၆ လကနေ ၄နှစ် အရွယ် ကလေးငယ် ၆၀၀,၀၀၀ လောက် ရှိပြီး အဲဒီလိုဘေးထွက်ဆိုးကျိုး ခံစားရတယ်ဆိုတာ မရှိဘူးလို့ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ဂျပန်မှာတော့ ကာကွယ်ဆေးထိုးခဲ့သူ အသက် ၅နှစ်ကနေ ၁၁ အကြား ကလေးငယ်တစ်သန်းမှာ နှလုံးနဲ့ဆိုင်တဲ့ ဘေးထွက်ဆိုးကျိုး လက္ခဏာတွေရှိခဲ့တယ်လို့ သံသယရှိတဲ့ကလေး ၂ ဦး ဒါမှမဟုတ် ၃ ဦး ပဲရှိတယ်လို့ ဆိုပါတယ်။
ကာကွယ်ဆေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် Kitasato တက္ကသိုလ်က ပါမောက္ခ Nakayama Tetsuo က ဆယ်ကျော်သက်နဲ့ နှစ်ဆယ်တန်းအရွယ် ယောက်ကျားလေးတွေနဲ့စာရင် ကလေးငယ်တွေဟာ ကာကွယ်ဆေးထိုးပြီး နှလုံးနဲ့ဆိုင်တဲ့ ဘေးထွက်ဆိုးကျိုး လက္ခဏာတွေဖြစ်တာ အလွန်ရှားပါးတယ်လို့ ဆိုပါတယ်။ ကလေးငယ်တွေမှာ အဲဒီလို ဘေးထွက်ဆိုးကျိုး လက္ခဏာတွေ ဖြစ်ပေါ်ခဲ့ရင်တောင် အပျော့စားပဲဖြစ်ပြီး အပြည့်အဝ ပြန်နေကောင်းလာတယ်လို့ ပါမောက္ခ Nakayama က ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ တကယ်လို့ ကလေးငယ်တွေ ကာကွယ်ဆေးထိုးပြီးနောက် ရက်အနည်းငယ်အတွင်းမှာ အသက်ရှုရခက်ခဲတယ် ဒါမှမဟုတ် ရင်ဘတ်အောင့်တယ်လို့ ပြောလာရင် နှလုံးကြွက်သား ဒါမှမဟုတ် နှလုံးအမြှေးပါးရောင်တယ်လို့ သံသယ ရှိနိုင်တာကြောင့် ဆရာဝန် ချက်ချင်းပြသင့်တယ်လို့ ပါမောက္ခ Nakayama က ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(493) အသက် ၄ နှစ်အထိ ကလေးငယ်တွေကို ကာကွယ်ဆေး ထိုးပေးခြင်း။
အပိုင်း− ၃ ဘေးထွက်ဆိုးကျိုးများ။

အဖြေ− ဂျပန်နိုင်ငံမှာ အောက်တိုဘာလကစပြီး အသက် ၆ လကနေ ၄ နှစ်အရွယ်အထိ ကလေးငယ်တွေ COVID-19 ကာကွယ်ဆေး ထိုးပေး နေပါတယ်။ ကလေးငယ်တွေကို ထိုးပေးတဲ့ ကာကွယ်ဆေးကြောင့် ဘေးထွက်ဆိုးကျိုးဘာတွေရှိသလဲ? ဆိုတာကို လေ့လာကြည့်ရအောင်။
ကလေးငယ်တွေမှာ ကာကွယ်ဆေးကြောင့် ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုး အများစုက အပျော့စား ကနေ အလတ်စား လက္ခဏာတွေပဲရှိပါတယ်။ ခဏပဲ ကာကွယ်ဆေးကြောင့် ဝေဒနာခံစားရတာရှိနိုင်တာကြောင့် သိပ်ပြီး စိုးရိမ်စရာ မလိုဘူး လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
Pfizer ဆေးဝါးကုမ္ပဏီက ကလေးတွေမှာ ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုး ဘာတွေဖြစ်ပေါ်သလဲဆိုတာကို သီတင်းတစ်ပတ် ကျော်ကြာ စောင့်ကြည့်ခဲ့ပါတယ်။ အသက် ၂နှစ်ကနေ ၄ နှစ်ကြား ကလေးငယ်တွေဟာ ၃ကြိမ်အထိကာကွယ်ဆေးထိုးတာမှာ ပျမ်းမျှအားဖြင့် ကိုယ်အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်နဲ့ အထက် ဖြစ်လာသူ ၅.၁ ရာခိုင်နှုန်း၊ မောပန်းနွမ်းနယ်မှုဖြစ်သူ ၂၆.၆ ရာခိုင်နှုန်း၊ အော့အန်သူ ၂.၇ ရာခိုင်နှုန်း၊ ဝမ်းပျက်ဝမ်းလျှောသူ ၆.၅ ရာခိုင်နှုန်း ရှိပါတယ်။ အသက် ၆ လကနေ တစ်နှစ်အထိ ကလေးငယ်လေးတွေမှာတော့ ၃ကြိမ်အထိ ကာကွယ် ဆေးထိုးတာမှာ ပျမ်းမျှအားဖြင့် ၇.၁ ရာခိုင်နှုန်းက အဖျား ၃၈ ဒီဂရီ စင်တီဂရိတ်နဲ့ အထက် ဖြစ်ပေါ်တာ တွေ့ရပါတယ်။ ပထမအကြိမ် ကာကွယ်ဆေး ထိုးပြီးချိန်မှာပဲ အစာစားချင်စိတ် လျော့နည်းလာတာ ၂၁.၅ ရာခိုင်နှုန်း၊ စိတ်တိုတဲ့လက္ခဏာ ပြသတဲ့ ကလေးငယ် ၄၇.၄ ရာခိုင်နှုန်း ရှိပါတယ်။
ကာကွယ်ဆေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် Niigata တက္ကသိုလ် က ပါမောက္ခ Saito Akihiko က တိတိကျကျ နှိုင်းယှဉ်ပြောဖို့ခဲယဉ်းပေမဲ့ အသက် ၆ လကနေ ၄ နှစ် ကျော်ရှိတဲ့ ကလေးငယ်တွေမှာ ဆိုးဆိုးရွားရွား ဘေးထွက်ဆိုးကျိုး လက္ခဏာတွေ ခံစားရတာဟာ လူကြီးတွေထက် အကြိမ်ရေနည်းပါးတယ်လို့ ပြောကြားခဲ့ပါတယ်။ အသက် ၅ နှစ်ကနေ ၁၁ နှစ်ရှိသူ ကလေးငယ်တွေနဲ့ နှိုင်းယှဉ်ကြည့်တာ ဒါမှမဟုတ် အသက် ၁၂ နှစ်ကနေ ၁၅ နှစ်အထိ ကလေးတွေနဲ့ ၄နှစ်ကျော်အထိ ကလေးတွေကို နှိုင်းယှဉ်ကြည့်တဲ့အခါ အသက်အငယ်ဆုံး အုပ်စုမှာ ဘေးထွက်ဆိုးကျိုး ဖြစ်ပွားတဲ့ အကြိမ်ရေ နည်းပါးတာ ဒါမှမဟုတ် တူညီတာကိုတွေ့ရတယ်လို့ သူက ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(492) အသက် ၄ နှစ်အထိ ကလေးငယ်တွေကို ကာကွယ်ဆေး ထိုးပေးခြင်း။
အပိုင်း− ၂ ကာကွယ်ဆေးရဲ့ ထိရောက်မှုများ။

အဖြေ− ဂျပန်နိုင်ငံမှာ အောက်တိုဘာလကစပြီး အသက် ၆ လကနေ ၄ နှစ်အရွယ်အထိ ကလေးငယ်တွေ COVID-19 ကာကွယ်ဆေး ထိုးပေး နေပါတယ်။ ၄နှစ်အောက် ကလေးငယ်တွေ ကာကွယ်ဆေးထိုးတာဟာ ထိရောက်မှုရှိရဲ့လား? ဆိုတာကို အသေးစိတ် လေ့လာကြည့်ရအောင်။
ကလေးငယ်တွေကို ကာကွယ်ဆေးထိုးပေးတာဟာ ရောဂါပိုး ကူးပြီးနောက် ရောဂါလက္ခဏာတွေ မဖြစ်ပွားလာအောင် ကာကွယ်ရာမှာ ထိရောက်မှုရှိတယ်လို့ မျှော်လင့်ရပါတယ်။ Pfizer ဆေးဝါးကုမ္ပဏီကြီးက အသက် ၆ လကနေ ၄ နှစ်အကြား ကလေးငယ်တွေကို လက်တွေ့ ကာကွယ်ဆေးထိုးပြီးစမ်းသပ်ခဲ့တာမှာ ကာကွယ်ဆေး ၃ ကြိမ်ထိုးပြီးတဲ့အခါ ကလေးငယ်တွေရဲ့ ကိုယ်ထဲမှာ ထွက်တဲ့ ပဋိပစ္စည်းအဆင့်ဟာ အသက် ၄နှစ်အထက် ကလေးတွေနဲ့ အရွယ်ရောက်ပြီးသူတွေ လက်တွေ့ ဆေးစမ်းသပ်မှုလုပ်အပြီးမှာ ထွက်လာတဲ့ ပဋိပစ္စည်း ရလဒ်နဲ့ အဆင့်နဲ့ တူညီတာကို တွေ့ရပါတယ်။
Pfizer ကုမ္ပဏီဟာ Omicron မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲတွေ အဓိကကူးစက်နေတဲ့ အချိန်အတွင်း အမေရိကန်နဲ့ ဥရောပမှာရှိတဲ့ အသက် ၆ လကနေ ၄ နှစ်အကြား ကလေးငယ်ပေါင်း ၁,၁၀၀ ကျော်ကို သုတေသန လုပ်ခဲ့ပါတယ်။
ကလေးငယ်တွေကို ကာကွယ်ဆေး ထိုးပေးတဲ့ အုပ်စုနဲ့ အန္တရာယ်မရှိတဲ့ ဆားပျော်ရည်ပါတဲ့ ဆေးနဲ့အသွင်တူ အာနိသင်မရှိတဲ့ placebo ဆေးတွေ ထိုးပေးတဲ့ အုပ်စု ဆိုပြီးရှိပါတယ်။
ကူးစက်မှု အခြေအနေတွေကို နှိုင်းယှဉ်ကြည့်တဲ့အခါ ၂၀၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့အထိ အချက်အလက်တွေအရ ကာကွယ်ဆေးထိုးခဲ့တဲ့ ကလေးငယ် ၇၉၄ ဦးမှာ ၁၃ ဦးရောဂါကူးစက်ခံရပြီး အသွင်တူ အာနိသင်မရှိတဲ့ placebo ဆေး ထိုးပေးခဲ့တဲ့ ကလေးငယ် ၃၅၁ ဦးမှာ ၂၁ ဦး ရောဂါပိုး ကူးစက်ခံရတာကို တွေ့ရပါတယ်။ ကာကွယ်ဆေး ၃ ကြိမ် ထိုးပြီးနောက်မှာ ပိုးကူးခံရလည်း ရောဂါလက္ခဏာတွေ မပေါ်အောင် ၇၃.၂ ရာခိုင်နှုန်း ကာကွယ်နိုင်တာကို တွေ့ရပါတယ်။
ပြင်းပြင်းထန်ထန် မဖျားနာအောင် ကာကွယ်ပေးသလားဆိုတာကို သုတေသနလုပ်ဖို့ ကူးစက်ခံရတဲ့ကလေးငယ် အရေအတွက်နည်း တာကြောင့် ဒေတာအချက်အလက် အလုံအလောက် မရှိဘူးလို့ ဆိုပါတယ်။
ကာကွယ်ဆေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်တဲ့ Kitasato တက္ကသိုလ်က ပါမောက္ခ Nakayama Tetsuo က ရောဂါ လက္ခဏာတွေ မပေါ်လာအောင် ကာကွယ်ပေးနိုင်တာကြောင့် ပြင်းပြင်းထန်ထန် မဖျားနာအောင် ကာကွယ်ရာမှာလည်း ထိရောက်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ သုတေသနအလိုက် ရရှိတဲ့ အချက်အလက် ကွဲပြားပေမဲ့လည်း ကာကွယ်ဆေးဟာ အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြားရှိတဲ့ ကလေးတွေကို ပြင်းပြင်းထန်ထန် မဖျားနာအောင် ကာကွယ်ရာမှာ ၄၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ ထိရောက်မှုရှိတယ်လို့ သူက ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(491) အသက် ၄ နှစ်နဲ့ အောက်ကလေးငယ်တွေကို ကာကွယ်ဆေး ထိုးပေးခြင်း။
အပိုင်း− ၁ ကလေးငယ်တွေ ကာကွယ်ဆေးထိုးခြင်းနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အချက်များ။

အဖြေ− ဂျပန်နိုင်ငံမှာ အောက်တိုဘာလကစပြီး အသက် ၆ လကနေ ၄ နှစ်အရွယ်အထိ ကလေးငယ်တွေကို COVID-19 ကာကွယ်ဆေး ထိုးပေးနေပါတယ်။ ကလေးငယ်တွေ ကာကွယ်ဆေးထိုးတာဟာ ထိရောက်မှုရှိရဲ့လား? ဘေးထွက်ဆိုးကျိုး ရှိလားစတဲ့ အချက်တွေကို လေ့လာသွားပါမယ်။ ကာကွယ်ဆေးတွေရဲ့အကြောင်း၊ ကာကွယ်ဆေးထိုးတဲ့ အချိန်နဲ့ ပတ်သက်ပြီး ကြည့်ရအောင်။
လသားအရွယ်ကနေ စတဲ့ ကလေးသေးသေးလေးတွေအတွက် ကာကွယ်ဆေး ကတော့ အမေရိကန်ဆေးဝါးကုမ္ပဏီကြီး Pfizerရဲ့ဆေး ဖြစ်ပါတယ်။ ထိုးပေးတဲ့ ကာကွယ်ဆေးတစ်ကြိမ်စာဟာ အရွယ် ရောက်ပြီးသူတွေကို ထိုးပေးတဲ့ ကာကွယ်ဆေးပမာဏရဲ့ ဆယ်ပုံတစ်ပုံ ဖြစ်ပြီး အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးတွေကို ထိုးပေးတဲ့ ဆေးပမာဏရဲ့ သုံးပုံ ပုံ တစ်ပုံပဲ ဖြစ်ပါတယ်။ ကလေးလေးတွေကို ထိုးပေးတဲ့ ကာကွယ်ဆေးဟာ မူလကိုရိုနာဗိုင်းရပ်စ်ရဲ့ အစိတ်အပိုင်းပဲ ပါဝင်တဲ့ အခြေခံကာကွယ်ဆေးဖြစ်ပါတယ်။ Omicron မျိုးဗီဇပြောင်း ဗိုင်းရပ်စ်တွေရဲ့ ဒြပ်ပစ္စည်း အစိတ်အပိုင်းတွေ မပါဝင်ပါဘူး။
ဂျပန်မှာ ကာကွယ်ဆေးကို ပြည်သူ့ဘဏ္ဍာငွေနဲ့ အသုံးပြုတာ ဖြစ်တာကြောင့် အခမဲ့ထိုးနှံပေးပါတယ်။
ကာကွယ်ဆေးကို ၃ ကြိမ် ထိုးနှံရပါမယ်။ ပထမအကြိမ် ထိုးပြီး သီတင်းပတ် ၃ ပတ်ခြားမှာ ဒုတိယအကြိမ်ထိုးပါ။ အဲဒီနောက် အနည်းဆုံး သီတင်း ၈ ပတ်အကြာမှာ တတိယအကြိမ်ကာကွယ်ဆေး ထိုးနှံရမှာ ဖြစ်ပါတယ်။
မူအားဖြင့် ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ကနေ “ဆက်ရှုကဲန်”(接種券) လို့ခေါ်တဲ့ ကာကွယ်ဆေးထိုးရန်လက်မှတ်နဲ့ အသိပေးစာ ရောက်လာ ပါမယ်။ ဒီလက်မှတ်ကိုယူပြီး ကိုယ်နေထိုင်ရာမြို့နယ်မှာရှိတဲ့ ကလေးအထူးကုဆေးခန်းလိုမျိုး ဆေးဘက်ဆိုင်ရာ ဌာနတစ်ခုခုမှာ ရက်ချိန်း ယူပြီးတော့ ကလေးကို ကာကွယ်ဆေး ထိုးပေးနိုင်ပါတယ်။ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့အလိုက် လူအများကို တစ်နေရာတည်းမှာ ကာကွယ်ဆေး စုထိုးပေးနိုင်အောင် စီစဉ်တာမျိုးလည်း ရှိတတ်ပါတယ်။
ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက ကလေးငယ်တွေမှာ ရောဂါပိုးကူးစက်ခံရသူ အရေအတွက် တိုးလာတယ်လို့ ဆိုပါတယ်။ ရောဂါလက္ခဏာ ပြင်းထန်တဲ့လူနာလည်း များပြီး Omicron ရဲ့မျိုးကွဲဗိုင်းရပ်စ်တွေ ကူးစက်ပျံ့နှံ့တာလည်း ရှိတာကြောင့် ကာကွယ်ဆေးက ထိရောက်ပြီး ဘေးကင်းကြောင်း အတည်ပြုထားပါတယ်။ အသက် ၆ လကနေ ၄ နှစ် အရွယ် ကလေးငယ်တွေကို ကာကွယ်ဆေး ကြိုးစားပြီးထိုးပေးကြဖို့ တိုက်တွန်းထားပါတယ်။ ကလေးကို ကာကွယ်ဆေးထိုးမထိုး ဆိုတာ မိဘအုပ်ထိန်းသူတွေက မိမိဘာသာ ဆုံးဖြတ်နိုင်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(490) ကိုဗစ်နဲ့ ရာသီပေါ် တုပ်ကွေး ကူးစက်မှု တစ်ပြိုင်တည်း ဖြစ်ပွားလာနိုင်။
အပိုင်း− ၇ ကူးစက်ရောဂါ ၂ မျိုး တစ်ပြိုင်တည်း ဖြစ်ပွားလာချိန်မှာ ကိုယ့်ကိုယ်ကို ဘယ်လို ကာကွယ်ကြမလဲ။

အဖြေ− ဂျပန်နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်နဲ့ ရာသီပေါ် တုပ်ကွေးရောဂါ ကူးစက်မှု တစ်ပြိုင်နက်တည်းဖြစ်လာနိုင်တဲ့ အလားအလာရှိလို့ စိုးရိမ် ရကြောင်း ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။ အဲဒီလို ကိုဗစ်နဲ့ ရာသီပေါ်တုပ်ကွေး ကူးစက်မှု တစ်ပြိုင်တည်းဖြစ်လာချိန်မှာ ဘယ်လို ကာကွယ်နိုင်မလဲ။ လေ့လာကြည့်ပါမယ်။
ကိုရိုနာဗိုင်းရပ်စ် နဲ့ ရာသီပေါ် တုပ်ကွေး influenza ရောဂါ ၂ မျိုးလုံးဟာ အဓိကအားဖြင့် အသက်ရှူလမ်းကြောင်းကို တိုက်ခိုက်တဲ့ ကူးစက်ရောဂါတွေဖြစ်ပါတယ်။ ရောဂါကူးစက်ပုံ လမ်းကြောင်းတွေ ကလည်း ဆင်တူပါတယ်။ ဒါကြောင့် အဲဒီရောဂါမကူးစက်အောင် ကာကွယ်တားဆီးနည်းတွေကလည်း သိပ်ပြီးမကွာခြားပါဘူး။
ပထမဆုံးအချက်က လက်နဲ့ လက်ချောင်းတွေကို ပိုးမွှားသန့်စင်အောင် ဆေးကြောပါ။ မိမိဟာ နေအိမ်၊ အဆောက်အအုံ ဒါမှမဟုတ် တခြားသူတွေနဲ့ အနီးကပ်ထိတွေ့မိစေမယ့် နေရာမျိုးမှာနေရင် နှာခေါင်းစည်း ဝတ်ဆင်ဖို့မမေ့ပါနဲ့။ စားသောက်ဆိုင်တွေနဲ့ ဘားတွေလိုမျိုး သောက်စားနေကြတဲ့ နေရာတွေမှာ လေ၀င်လေထွက် ကောင်းအောင် လုပ်ဆောင်ဖို့ အလွန်အရေးကြီးပါတယ်။
ဒုတိယအချက်ကတော့ ကိုယ်အပူချိန် မြင့်တက်ပြီး ဖျားတာနဲ့ ၊ ကျောင်းသွား ဒါမှမဟုတ် အလုပ်သွားတာကို ရှောင်ကြဉ်ပါ။ ကိုဗစ်ရောဂါ လက္ခဏာတွေ ဖြစ်လာတဲ့အခါ တခြားသူတွေနဲ့ မထိတွေ့မိအောင် ရှောင်ရှားသင့်ပါတယ်။ အပြည့်အဝ အနားယူဖို့လည်း အလွန် အရေးကြီးပါတယ်။
ကိုရိုနာဗိုင်းရပ်စ်နဲ့ ရာသီပေါ်တုပ်ကွေးရောဂါကူးစက်မှုတွေ တစ်ပြိုင်နက်တည်း ဖြစ်ပွားလာချိန်မှာ ရောဂါပိုး ကူးစက်ပြန့်ပွားမှု နည်းအောင် ကာကွယ်တားဆီးတဲ့ အခြေခံ လုပ်ဆောင်ချက်တွေကို မပျက်မကွက် ဆက်လုပ်ကြဖို့ အရေးကြီးတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(489) ကိုဗစ်နဲ့ ရာသီပေါ် တုပ်ကွေး ကူးစက်မှု တစ်ပြိုင်တည်း ဖြစ်ပွားလာနိုင်။
အပိုင်း− ၆ ကာကွယ်ဆေးထိုးဖို့ တိုက်တွန်းခြင်း။

အဖြေ− ဂျပန်နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်နဲ့ ရာသီပေါ် တုပ်ကွေးရောဂါ ကူးစက်မှု တစ်ပြိုင်နက်တည်းဖြစ်လာနိုင်တဲ့ အလားအလာ ရှိတာကြောင့် ကျွမ်းကျင်ပညာရှင်တွေက စိုးရိမ်ပူပန်နေကြပါတယ်။ အဲဒီလို အခြေအနေမှာ ကာကွယ်ဆေး ထိုးနှံထားခြင်းဟာ မိမိကိုယ်ကိုယ်ဘယ်လောက် ကာကွယ်ပေးနိုင်သလဲဆိုတာ ပညာရှင်တွေ ရဲ့ သုံးသပ်ချက်ကို လေ့လာကြည့်ကြရအောင်။
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး နဲ့ ရာသီပေါ် တုပ်ကွေးဖြစ်တဲ့ influenza ကာကွယ်ဆေးတွေဟာ ရောဂါပိုးမကူးအောင် ကာကွယ်ရာမှာ ထိရောက်တဲ့အစွမ်း ရှိပါတယ်။ ကာကွယ်ဆေး ထိုးထားတဲ့သူဟာ ရောဂါပိုး ကူးစက်ခံရရင်တောင် ပြင်းထန်တဲ့ ရောဂါလက္ခဏာ ဖြစ်ပွားနိုင်ခြေကို အများကြီး လျော့ပါးသွား စေပါတယ်။
ဂျပန်ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကျွမ်းကျင်ပညာရှင် အဖွဲ့ဝင်တစ်ဦး ဖြစ်တဲ့ Tohoku University က ပါမောက္ခ Osaka Ken က ကိုရိုနာဗိုင်းရပ်စ် နဲ့ ရာသီပေါ်တုပ်ကွေး ကာကွယ်ဆေးတွေကို တစ်ပြိုင်တည်း ထိုးလဲ ဘာပြဿနာမှ မရှိဘူးလို့ ပြောပါတယ်။ တချို့ဆေးဘက်ဆိုင်ရာဌာနတွေမှာ အဲဒီကာကွယ်ဆေး ၂ မျိုးလုံးကို ထိုးပေးနေပါတယ်။ ဒီဆောင်းရာသီမတိုင်ခင် ကာကွယ်ဆေး ၂ မျိုးလုံး ထိုးနှံထားဖို့ အရေးကြီးတယ်လို့ သူက ပြောပါတယ်။ ကိုဗစ် ကာကွယ်ဆေးကို တတိယအကြိမ် ဒါမှမဟုတ် စတုတ္ထအကြိမ် အားဖြည့်ထိုးနှံဖို့နဲ့ ကာကွယ်ဆေးလည်း ထိုးနှံထားကြဖို့ ပါမောက္ခက တိုက်တွန်းထားပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန၊ ကျွမ်းကျင်ပညာရှင်များအဖွဲ့ရဲ့ အကြီးအကဲ Wakita Takaji က Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲတွေကို ပစ်မှတ်ထားတဲ့ ကာကွယ်ဆေးထိုးတာနဲ့ ရာသီပေါ် တုပ်ကွေး ကာကွယ်ဆေး ထိုးတာတွေကို မြှင့်တင်လုပ်ဆောင်ဖို့ အလွန်အရေးကြီးတယ်လို့ ပြောပါတယ်။ ဒါမှ ကူးစက်ပြန့်ပွားမှု နည်းအောင် လျှော့ချနိုင်ပြီး ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်မယ်လို့ သူက ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(488) ကိုဗစ်နဲ့ ရာသီပေါ် တုပ်ကွေး ကူးစက်မှု တစ်ပြိုင်တည်း ဖြစ်ပွားလာနိုင်။
အပိုင်း− ၅ ကိုယ်အပူချိန် တက်လာပြီဆိုရင် ဘာလုပ်သင့်သလဲ။

အဖြေ− ဂျပန်နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်နဲ့ ရာသီပေါ် တုပ်ကွေးရောဂါ တစ်ပြိုင်နက်တည်း ကူးစက်မှု ဖြစ်ပွားနိုင်ခြေ ရှိတယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ တိုးလာနေပါတယ်။ ကိုဗစ်နဲ့ ရာသီပေါ်တုပ်ကွေး ကူးစက်မှုတွေ တစ်ပြိုင်တည်း ဖြစ်ပွားတဲ့ ကာလအတွင်း ကိုယ်ပူလာတာကို သိလိုက်တဲ့အချိန်မှာ ဘာလုပ်သင့်သလဲ ကြည့်ကြရအောင်။
ဂျပန်အစိုးရက ပြည်သူတွေ ကိုယ်ပူလာရင် ဘာလုပ်သင့်သလဲဆိုတဲ့ အကြံပြုချက်တွေကို အောက်တိုဘာ ၁၃ ရက်မှာ ထုတ်ပေးခဲ့ပါတယ်။ အသက် ၁၂နှစ်အောက် ကလေးတွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေ၊ ရောဂါအခံရှိသူတွေနဲ့ အသက်အရွယ်ကြီးသူတွေလိုမျိုး ပြင်းထန်တဲ့ ရောဂါလက္ခဏာ ဖြစ်နိုင်ခြေရှိသူတွေ ဆိုရင် fever clinic ကိုသွားပြဖို့ Fever Consultation Centerတွေကို မိမိနိုင်ငံကဘာသာစကားနဲ့ ဖုန်းနဲ့ဆက်သွယ်ပြီး သွားပြပါ။ ဒါမှမဟုတ် မိသားစု ဆရာဝန်ဆီ ချက်ချင်းဆက်သွယ်ပြီး ဆေးစစ်ဖို့ အကြံပြုထားပါတယ်။ ကိုဗစ် ဖြစ်နေတာလား ရာသီပေါ်တုပ်ကွေး ဖြစ်နေတာလား ဆိုတာကို စစ်ဆေးကြည့်ပြီး လိုအပ်တဲ့ဆေးဝါးတွေ သောက်သုံးကြပါလို့ ဆိုပါတယ်။
ဒါပေမဲ့ ပြင်းထန်တဲ့ရောဂါလက္ခဏာ ဖြစ်ပွားနိုင်ခြေ နည်းပါးတဲ့ လူငယ်တွေအနေနဲ့ ဖျားပြီးနေထိုင်မကောင်း ဖြစ်လာပြီဆိုရင် ကိုဗစ်ရောဂါပိုးကူးစက်နေခြင်း ရှိ၊ မရှိ သိရအောင် စစ်ဆေးဖို့လိုပါတယ်။ မိမိအိမ်မှာဖြစ်စေ အစိုးရကခွင့်ပြုထားတဲ့ ကိုဗစ်ပိုးစစ်တဲ့ antigen test kit ကိုသုံးပြီး စစ်ဆေးကြည့်ဖို့ အကြံပြုထားပါတယ်။ စစ်ဆေးကြည့်လို့ ကိုဗစ်ပိုးမရှိကြောင်း အဖြေထွက်တယ်ဆိုရင် ဖုန်း ဒါမှမဟုတ် အွန်လိုင်းကနေ ဆရာဝန်နဲ့ဆက်သွယ်ပြီး ဆေးကုသမှုခံယူရပါမယ်။ မိသားစု ဆရာဝန်ရှိရင်လည်း ဆက်သွယ်ပြီး သာမန်အအေးမိတာလား တုပ်ကွေးလား သိရအောင်လုပ်ပါ။ ရောဂါနဲ့သင့်လျော်တဲ့ ဆေးကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ပါလို့ ဆိုပါတယ်။
တကယ်လို့ ကိုဗစ်ပိုးရှိနေတယ်လို့ Test kit ကနေ အဖြေထွက်တယ်ဆိုရင် (けんこうフォローアップセンター )လို့ခေါ်တဲ့ နောက်ဆက်တွဲကျန်းမာရေး စစ်ဆေးပေးတဲ့စင်တာကို အွန်လိုင်းကနေ သတင်းပို့ရပါမယ်။ အိမ်မှာပဲနေပြီး ဖျားနာနေတာ ပျောက်ကင်းတဲ့အထိ အနားယူဆေးကုသဖို့ အကြံပြုထားပါတယ်။
ဒါပေမဲ့ ရောဂါလက္ခဏာ ပိုပြီးပြင်းထန်လာပြီး ဆရာဝန်ပြချင်တယ် ဆိုရင် ဖျားနေတဲ့လူနာကို လက်ခံကုသပေးတဲ့ fever clinic တွေကို သွားဖို့လိုပါတယ်။ မိသားစုဆရာဝန်နဲ့ ပြနိုင်ရင်လည်း ရပါတယ်။
မိမိဖျားနာတဲ့အခါ ကုသနိုင်အောင် PCR test kit တွေနဲ့ အဖျားကျဆေးတွေကို အမြဲ အသင့်ဆောင်ထားဖို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(487) ကိုဗစ်နဲ့ ရာသီပေါ် တုပ်ကွေး ကူးစက်မှု တစ်ပြိုင်တည်း ဖြစ်ပွားလာနိုင်။
အပိုင်း− ၄ ဘယ်လောက်အထိ အခြေအနေဆိုးနိုင်တယ်လို့ တွက်ဆထားသင့်သလဲ။

အဖြေ− ဂျပန်နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်နဲ့ ရာသီပေါ်တုပ်ကွေးရောဂါ တစ်ပြိုင်နက်တည်း ကူးစက်မှုဖြစ်ပွားနိုင်ခြေ ရှိတယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ တိုးလာနေပါတယ်။ ဒါကြောင့် ဘယ်လောက်အထိ အခြေအနေဆိုးနိုင်သလဲဆိုတာကို ကြိုတင်တွက်ဆထားသင့်ပါတယ်။ လေ့လာကြည့်လိုက် ကြရအောင်။
ဂျပန်မှာ အခုနှစ်ဇူလိုင်လကနေ စက်တင်ဘာလအထိ ကူးစက်မှု သတ္တမလှိုင်းကြီး ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီလှိုင်းဟာ အခုအထိ ဖြစ်ပေါ်ခဲ့တဲ့ ကူးစက်မှုတွေထဲမှာ အကြီးမားဆုံးဖြစ်ပြီး ကိုဗစ်ကူးစက်သူ ၁၂ သန်းနီးပါးရှိပါတယ်။ သေဆုံးသူကတော့ ၁၃,၅၀၀ လောက်ရှိခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ၂၀၁၈−ခုနှစ် ဆောင်းဦးရာသီကနေ ၂၀၁၉ နွေဦးရာသီအထိ ရာသီပေါ် တုပ်တွေး ဖြစ်ပွားခဲ့သူ ၁၂ သန်းလောက် ရှိခဲ့တယ်လို့ ဂျပန်နိုင်ငံ့ ကူးစက်ရောဂါဆိုင်ရာဌာနက ခန့်မှန်းတွက်ချက်ထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု သတ္တမလှိုင်း ဖြစ်နေတဲ့အတွင်းမှာ ဆေးရုံ၊ဆေးခန်းတွေက ပြင်ပလူနာဌာနကိုလာတဲ့ ဖျားနာသူတွေ ပြည့်လျှံနေခဲ့ပါတယ်။ ကိုယ်ပူလို့ဆရာဝန်ပြချင်တဲ့သူတွေဟာ ကျန်းမာရေးဌာနတွေနဲ့ ပြည်သူ့ကျန်းမာရေးစင်တာတွေကို ဆက်သွယ် ပေမယ့် အဆင်မပြေတာတွေတောင် ဖြစ်စေခဲ့ပါတယ်။ နေရာဒေသအတော်များများမှာ လူနာတွေ ဆေးရုံတက်ဖို့ ခက်တဲ့အပြင် ‌ရောဂါပြင်းထန်လာနိုင်ခြေရှိတဲ့ လူတွေတောင် အရေးပေါ် ဆေးရုံတက်ချင်ရင် တက်ခွင့်ရဖို့ ခက်ခဲတဲ့အထိဖြစ် ခဲ့ပါတယ်။
တကယ်လို့ ကိုဗစ်နဲ့ ရာသီပေါ်တုပ်ကွေးရောဂါ ကူးစက်မှု နှစ်ခု တစ်ပြိုင်နက်တည်း ဖြစ်ပွားလာမယ်ဆိုရင် အလားတူ ဒါမှမဟုတ် အဲဒါထက် ပိုဆိုးတဲ့ အခြေအနေမျိုး ဖြစ်လာနိုင်တာကြောင့် ဆေးပညာရှင်တွေက စိုးရိမ်နေကြပါတယ်။
COVID-19 နဲ့ ရာသီပေါ်တုပ်ကွေး ရောဂါတွေမှာ ကိုယ်အပူချိန် ကြီးတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာနဲ့ အဆစ်အမြစ် ကိုက်ခဲတာ စတဲ့ ဆင်တူရောဂါ လက္ခဏာတွေ ရှိပါတယ်။ အဲဒါကြောင့် လူနာတွေကို သေချာ မစစ်ဆေးဘဲ ဘယ်ရောဂါပိုးကူးနေတာလဲဆိုတာ ခွဲခြားပြောဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။ ကိုယ်ပူလို့ ပြင်ပလူနာဌာနမှာ ရောဂါရှာဖွေဖို့လာတဲ့ ဖျားနာနေတဲ့လူနာတွေနဲ့ စုပြုံလာပြီး ကုသပေးဖို့ မနိုင်မနင်းတွေ ဖြစ်လာနိုင်တယ်လို့ မျှော်လင့်ရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အစိုးရအကြံပေးအဖွဲ့က အဖွဲ့ဝင်တစ်ဦးဖြစ် တဲ့ Toho တက္ကသိုလ်က ပါမောက္ခ Tateda Kazuhiro က သတ္တမလှိုင်းတုန်းကထက် ပြင်ပလူနာဌာနတွေမှာ ဆေးကုသနိုင်တဲ့ အခြေအနေ ပိုမိုဆိုးရွား လာနိုင်တယ်ဆိုတာကို အစိုးရ အနေနဲ့ ကြိုတင် စဉ်းစားပြီး တွက်ဆ ပြင်ဆင်ထားသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(486) ကိုဗစ်နဲ့ ရာသီပေါ် တုပ်ကွေး ကူးစက်မှု တစ်ပြိုင်တည်း ဖြစ်ပွားလာနိုင်။
အပိုင်း− ၃ ကူးစက်ပျံ့နှံ့မှု တစ်ပြိုင်တည်း ဘာကြောင့် ဖြစ်ပွားလာနိုင်တာလဲ။

အဖြေ− ဂျပန်နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်နဲ့ ရာသီပေါ် တုပ်ကွေးရောဂါ တစ်ပြိုင်နက်တည်း ကူးစက်ပျံ့နှံ့လာနိုင်ခြေ ရှိတယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ တိုးလာနေပါတယ်။ ဘာကြောင့် အဲဒီလို ဖြစ်လာနိုင်ခြေ ရှိတာပါလဲ။ လေ့လာကြည့်ကြရအောင်။
ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက ဂျပန်မှာ ၃နှစ်တာ ကာလအတွင်း ပထမဆုံးအဖြစ် ရာသီပေါ်တုပ်ကွေး ကူးစက်ပြန့်ပွားမှုတွေ ဖြစ်မယ်လို့ ကြိုတင်ခန့်မှန်းခဲ့ကြပါတယ်။ သူတို့ပြောတဲ့ အကြောင်းရင်းတွေကို လေ့လာကြည့်ရအောင်။
ပထမအချက်က အမေရိကန်၊ ဥရောပနဲ့ တခြားနိုင်ငံ အများအပြားက ၂၀၂၂ ခုနှစ် နွေဦးကနေစပြီး နွေရာသီကာလနောက်ပိုင်း ပြည်ဝင်ခွင့်တွေကို ပြန်ဖွင့်ခဲ့ပြီး COVID-19 ဆိုင်ရာ ကန့်သတ်ချက်တွေကိုလည်း ဖြေလျှော့လိုက်တာကြောင့် နိုင်ငံတကာ ခရီးသွားလာမှုတွေ များလာခဲ့ပါတယ်။
ဂျပန်နိုင်ငံကလည်း အောက်တိုဘာလမှာ ပြည်ဝင်ခွင့်ဆိုင်ရာ ကန့်သတ်ချက်တွေကို သိသိသာသာ ဖြေလျှော့လိုက်တာမို့ လူအဝင်အထွက် များလာပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတင်မကဘဲ ရာသီပေါ် တုပ်ကွေး ကူးစက်မှုပါ ပျံ့နှံ့လွယ်လာဖွယ် ရှိပါတယ်။
ဒုတိယအချက်ကတော့ ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့၂နှစ် ဆောင်းရာသီမှာ ရာသီပေါ်တုပ်ကွေး အကြီးအကျယ် ကူးစက်ပျံနှံ့မှုမရှိတာကြောင့် လူအများစုမှာ ဒီဗိုင်းရပ်စ်ကို ခုခံနိုင်တဲ့ ကိုယ်ခံအားမရှိဘူးဖြစ်နေတာပဲ ဖြစ်ပါတယ်။ ကူးစက်ရောဂါပိုးကို တန်ပြန်တိုက်ခိုက်နိုင်တဲ့ ပဋိပစ္စည်း လူတွေမှာ နည်းလာတယ်ဆိုရင် ရာသီပေါ်တုပ်ကွေးရောဂါက အရင်နှစ်ကထက်ပိုပြီး ကူးစက်ပျံ့နှံ့လာလိမ့်မယ်လို့ ကျွမ်းကျင်ပညာရှင်တွေက စာတမ်းထဲမှာ သတိပေးထားပါတယ်။
အဲဒီ အကြောင်းအချက်တွေကြောင့် ရာသီပေါ်တုပ်ကွေး ကူးစက်မှုနဲ့ COVID-19 ကူးစက်မှုအဋ္ဌမလှိုင်းပူးတွဲပြီး အခုဆောင်းရာသီမှာ အကြီးအကျယ် ကူးစက်ပြန့်ပွားလာနိုင်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(485) ကိုဗစ်နဲ့ ရာသီပေါ် တုပ်ကွေး ကူးစက်မှု တစ်ပြိုင်တည်း ဖြစ်ပွားလာနိုင်။
အပိုင်း− ၂ လွန်ခဲ့တဲ့ ၂ နှစ်က အခြေအနေ။

အဖြေ− ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူတွေဟာ ၂၀၂၂ ဆောင်းရာသီမှာ ဂျပန်နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်နဲ့ ရာသီပေါ် တုပ်ကွေးရောဂါကူးစက်မှု တစ်ပြိုင်နက်တည်း ဖြစ်ပွားနိုင်ခြေ ရှိလို့ စိုးရိမ်ပူပန်နေပါတယ်။
ကိုဗစ်ကပ်ရောဂါကြီး စတင်ဖြစ်ပွားပြီး ၂နှစ်အတွင်း ဆောင်းရာသီတွေ မှာ COVID19 နဲ့ ရာသီပေါ်တုပ်ကွေး ရောဂါ ၂မျိုး တစ်ပြိုင်နက်တည်း ဖြစ်ပွားမှုမရှိဘူးလို့ သိရပါတယ်။ ဘာကြောင့် ဒီနှစ်မှာ အဲဒီလို စိုးရိမ်မှုတွေ ဖြစ်လာရပါလဲ။ ဆန်းစစ်ကြည့်ကြရအောင်။
ကိုရိုနာကပ်ရောဂါမဖြစ်ခင်က ဂျပန်နိုင်ငံမှာ ဆောင်းရာသီရောက်တိုင်း ရာသီပေါ်တုပ်ကွေးကူးစက်မှုတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။ နှစ်စဉ် လူပေါင်း ၁၀ သန်း ကူးစက်လေ့ရှိပြီး ကူးစက်မှုများတဲ့အခါ သန်း ၂၀အထိ ရာသီပေါ်တုပ်ကွေး ကူးစက်မှု ဖြစ်တယ်လို့ ကျန်းမာရေးတာဝန်ခံတွေက ခန့်မှန်းပါတယ်။
ဒါပေမဲ့ COVID19 စပေါ်လာပြီး ကူးစက်ပြန့်ပွားတဲ့နောက်ပိုင်း ရာသီပေါ်တုပ်ကွေး ကူးတဲ့အရေအတွက် သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။ နိုင်ငံတစ်ဝန်း ဆေးဘက်ဆိုင်ရာဌာန ၅,၀၀၀ လောက်ကနေ ရရှိတဲ့ အချက်အလက်ကို ဂျပန်နိုင်ငံ့ ကူးစက်ရောဂါဆိုင်ရာ သုတေသနဌာနက ခန့်မှန်းတွက်ချက်ခဲ့ပါတယ်။ ၂၀၂၀ ကနေ ၂၀၂၁ အထိကူးစက်သူ ၁၄,၀၀၀ လောက်ရှိပြီး မနှစ်က ဆောင်းရာသီမှာတော့ ကူးစက်သူ ၃,၀၀၀ လောက်ပဲ ရှိတယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံမှာ ရာသီပေါ်တုပ်ကွေးက ဆောင်းရာသီမှာပဲ အဖြစ်များပေမဲ့ အရှေ့တောင်အာရှနဲ့ အာဖရိက နိုင်ငံတွေလို အပူပိုင်း ဒါမှမဟုတ် အာရှကအပူပိုင်းဒေသတွေက လူဦးရေများတဲ့ နေရာတွေမှာတော့ တစ်နှစ်ပတ်လုံး ဒီရောဂါကူးစက်ပျံ့နှံ့တာ တွေ့ရပါတယ်။
ဒီတုပ်ကွေးဗိုင်းရပ်စ်ဟာ လူတွေတစ်နိုင်ငံကနေ တခြားတစ်နိုင်ငံကို ကူးသန်းသွားလာရာကနေ တစ်နိုင်ငံပြီး တစ်နိုင်ငံ ပျံ့နှံ့လာတယ်လို့ ယူဆရပါတယ်။ ဂျပန်မှာတော့ ဗိုင်းရပ်စ်ပိုး ကူးစက်လွယ်တဲ့ ဆောင်းရာသီမှာ အဖြစ်များပါတယ်။
ပြီးခဲ့တဲ့ ၂−နှစ်က ကိုရိုနာကြောင့် ပြည်ဝင်ခွင့်တွေ ထိန်းချုပ်ထားခဲ့ပြီး တစ်ဦးနဲ့တစ်ဦး အကွာအဝေးတစ်ခုခြားပြီး နေထိုင်ရမယ် ဆိုပြီး သတ်မှတ်ထားခဲ့တဲ့အတွက် ရာသီပေါ်တုပ်ကွေး ကူးစက်မှုတွေ လျော့ကျသွားတာ ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(484) ကိုဗစ်နဲ့ ရာသီပေါ် တုပ်ကွေး ကူးစက်မှု တစ်ပြိုင်တည်း ဖြစ်ပွားလာနိုင်။
အပိုင်း− ၁ ဖြစ်နိုင်ခြေ မြင့်မားလာတဲ့ ကူးစက်မှုနဲ့ပတ်သက်တဲ့ ကျွမ်းကျင်သူတွေရဲ့ သတိပေးချက်။

အဖြေ− ဂျပန်နိုင်ငံမှာ ၂၀၂၂ခုနှစ် နွေရာသီကစပြီး တစ်နေ့တာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် အရေအတွက် ကျဆင်းလာခဲ့ပါတယ်။ အောက်တိုဘာ ၁၁ ရက်နေ့ကစပြီး ပြည်ဝင်ခွင့် ကန့်သတ်ချက်တွေကို သိသိသာသာ ဖြေလျှော့ပေးခဲ့ပါတယ်။ နိုင်ငံတစ်ဝန်း ခရီးသွားလာမှု တွန်းအားပေးတဲ့အနေနဲ့ ဂျပန်အစိုးရက ခရီးသွားလာခြင်းကို ထောက်ပံ့မှုပေးတဲ့ အစီအစဉ်ကိုလည်း စတင်ခဲ့ပါတယ်။ တစ်ဘက်မှာလည်း ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူတွေ စိုးရိမ်နေကြတာကတော့ အခုဆောင်းရာသီမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ရာသီပေါ်တုပ်ကွေးကူးစက်မှု တစ်ပြိုင်နက်တည်း ဖြစ်ပွားနိုင်ခြေရှိတဲ့အချက် ဖြစ်ပါတယ်။
အခုတစ်ကြိမ်မှာတော့ ကူးစက်မှုတွေ ဘယ်လိုအနေအထားနဲ့ ဖြစ်မယ်လို့ ခန့်မှန်းထားလဲဆိုတာအပြင် ဘယ်လို တုံ့ပြန်ဆောင်ရွက် ကြမလဲ၊ အစိုးရရဲ့ စီမံဆောင်ရွက်ချက်တွေက ဘယ်လိုရှိသလဲ စတဲ့ သတင်းအချက်အလက်တွေကို လေ့လာကြည့်ပါမယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း၂နှစ်ရဲ့ ဆောင်းရာသီမှာ COVID နဲ့ ရာသီပေါ် တုပ်ကွေး နှစ်မျိုးလုံး ကူးစက်မှု တစ်ပြိုင်နက် ဖြစ်ပွားတာမျိုး မရှိခဲ့ပါဘူး။ ဒါဆိုရင် ၂၀၂၂ ဆောင်းရာသီက အရင်နှစ်တွေနဲ့ဘာတွေ ကွာခြားနေပါသလဲ။
ကိုဗစ်ရောဂါကို တုံ့ပြန်ကိုင်တွယ်ဆောင်ရွက်လာတဲ့ ကျွမ်းကျင် ပညာရှင်တွေက အောက်တိုဘာလ ၅ ရက်နေ့မှာ ရှေ့လျှောက် ဖြစ်လာနိုင်တဲ့ ကူးစက်မှုအလားအလာနဲ့ပတ်သက်ပြီး စာတမ်း တစ်စောင်ကို ကျန်းမာရေးဝန်ကြီးဌာနက ကျွမ်းကျင်ပညာရှင်များ အဖွဲ့ဆီ တင်ပြခဲ့ပါတယ်။ အဲဒီစာတမ်းမှာ ၂၀၂၂ အောက်တိုဘာလ ကနေ ၂၀၂၃ မတ်လအထိ ၆ လတာကာလအတွင်း ရာသီပေါ်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနဲ့အတူ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေဟာ မြင့်မားလာနိုင်တယ်လို့ ရေးသားထားပါတယ်။
အဲဒီစာတမ်းမှာတင်ပြမှုအရ တစ်ပြိုင်နက် ဖြစ်ပွားလာနိုင်တဲ့ ကူးစက်မှုတွေကို ကြိုတင်စဉ်းစားပြီး ကိုင်တွယ်ဖြေရှင်းနည်း အစီအမံတွေ ပြင်ဆင်ဖို့ လိုအပ်တယ်လို့ ကျွမ်းကျင်ပညာရှင်များအဖွဲ့က ထောက်ပြခဲ့ကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အစိုးရအကြံပေးအဖွဲ့က အောက်တိုဘာလ ၁၃ ရက်နေ့က ရာသီပေါ်တုပ်ကွေးရောဂါနဲ့ ကိုဗစ် ကူးစက်ရောဂါ နှစ်မျိုး တစ်ပြိုင်နက်တည်းဖြစ်ပွားရင် ဆောင်ရွက်ရမယ့် လုပ်ငန်းအစီအစဉ်တွေကို ဆုံးဖြတ်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ကတော့ တစ်နေ့တာအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် ၄၅၀,၀၀၀ ရှိပြီး၊ တစ်နေ့တာ ရာသီပေါ်တုပ်ကွေး ကူးစက်ခံရသူ အရေအတွက် ၃၀၀,၀၀၀ အထိရှိတဲ့အခါနဲ့၊ ကူးစက်မှု အမြင့်ဆုံး အနေနဲ့ တစ်နေ့တာကို ၇၅၀,၀၀၀ အထိ ကူးစက်ခံရတဲ့အခါ ဘယ်လိုမျိုး စီမံဆောင်ရွက်မယ်ဆိုတာကို ကြိုတင်တွက်ချက် ပြင်ဆင် ထားဖို့ ဖြစ်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(483) Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို ပစ်မှတ်ထားတဲ့ ကာကွယ်ဆေးအမျိုးအစား ၂ မျိုးအကြောင်း ။
အပိုင်း− ၃ ကာကွယ်ဆေးထိုး ဖို့အချိန်ကာလ။

အဖြေ− ဂျပန်နိုင်ငံမှာ မျိုးဗီဇပြောင်း Omicron ရဲ့မျိုးကွဲ BA. 5 အမျိုးအစား ကိုရိုနာဗိုင်းရပ်စ်ကို ပစ်မှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို အောက်တိုဘာလက စပြီးထိုးပေးခဲ့ပါတယ်။ တစ်ချိန်တည်းမှာဘဲ BA.1 မျိုးကွဲကိုပစ်မှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေကိုလည်း ဆက်လက် ထိုးနှံပေးနေပါတယ်။
အဲဒီ ကာကွယ်ဆေးအမျိုးအစား ၂-မျိုးကိုထိုးရမယ့် အချိန် ကာလနဲ့ပတ်သက်ပြီး လေ့လာကြည့်ကြရအောင်။
မူလကိုဗစ်ကာကွယ်ဆေးကို ဒုတိယအကြိမ်အထိ ထိုးပြီးသွားတဲ့ အသက် ၁၂ နှစ်နဲ့အထက်ရှိပြီးသူ အားလုံး နောက်ဆုံးကာကွယ်ဆေးထိုးခဲ့တာ ၃လပြည့်ပြီးရင် အခုပေါ်လာတဲ့ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲတွေကို ပစ်မှတ်ထားတဲ့ ကာကွယ်ဆေးတွေ ထိုးနိုင်ပါတယ်။ အခု ၂၀၂၂−ခုနှစ်ထဲမှာ လူပေါင်း သန်းတစ်ရာလောက်ကို ဒီကာကွယ်ဆေး အမျိုးအစားသစ်တွေ ထိုးပေးနိုင်မယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။
Pfizerရဲ့ BA.1ကိုပစ်မှတ်ထားတဲ့ ကာကွယ်ဆေး နဲ့ BA.5 မျိုးကွဲကို ပစ်မှတ်ထားတဲ့ ကာကွယ်ဆေးတွေနဲ့ Modernaရဲ့ BA.1 ကိုပစ်မှတ်ထားတဲ့ ကာကွယ်ဆေး စုစုပေါင်း အကြိမ်ရေ ၉၉ သန်း ၈ သောင်းကို နိုဝင်ဘာလကုန်အထိအတွင်းမှာ နိုင်ငံတစ်ဝန်းကို ဖြန့်ပေးဖို့ စီစဉ်ထားပါတယ်။
ကုမ္ပဏီတွေက လုပ်ငန်းခွင်မှာ ကာကွယ်ဆေးထိုးနှံပေးဖို့ BA.1 မျိုးကွဲကိုပစ်မှတ်ထားတဲ့ Moderna ကာကွယ်ဆေး ၅ သန်း သီးခြားအနေနဲ့ လုံလုံလောက်လောက် ရှိနေပါတယ်။ ၂၀၂၂ နှစ်ကုန်နဲ့ ၂၀၂၃ နှစ်သစ်ကူးအားလပ်ရက်တွေမှာ ကူးစက်မှုအဋ္ဌမလှိုင်း ဖြစ်နိုင်ခြေရှိတဲ့အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ကာကွယ်ဆေးထိုးဖို့ ဆန္ဒရှိသူအားလုံး ဆေးထိုးနိုင်အောင် လုပ်ဆောင်သွားမယ်လို့ အဲဒီဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(482) Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို ပစ်မှတ်ထားတဲ့ ကာကွယ်ဆေးအမျိုးအစား ၂ မျိုး
အပိုင်း− ၂ ဘယ်ကာကွယ်ဆေးက ပိုထိရောက်မှု ရှိသလဲ။

အဖြေ− ဂျပန်နိုင်ငံမှာ မျိုးဗီဇပြောင်း Omicron ရဲ့မျိုးကွဲ BA. 5 အမျိုးအစား ကိုရိုနာဗိုင်းရပ်စ်ကို ပစ်မှတ်ထားတဲ့ ကာကွယ်ဆေးကို အောက်တိုဘာ လက စပြီးထိုးပေးခဲ့ပါတယ်။ တစ်ချိန်တည်းမှာဘဲ BA.1 မျိုးကွဲကို ပစ်မှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေကိုလည်း ထိုးနှံပေးနေပါတယ်။
အဲဒီ ကာကွယ်ဆေး အမျိုးအစား ၂မျိုးကို ဂျပန်မှာ ဘယ်လို ထိုးနှံနိုင်မလဲ လေ့လာကြည့်ပါမယ်။
ကိုဗစ်ကာကွယ်ဆေး ထိုးမယ်ဆိုရင် BA.5 ကိုပစ်မှတ်ထားတဲ့ ကာကွယ်ဆေးလား။ BA.1 ကာကွယ်ဆေးလား။ ဘယ်တစ်ခုကို ထိုးသင့်ပါသလဲ။
ကာကွယ်ဆေးနှစ်မျိုးလုံးမှာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲဗိုင်းရပ်စ်တွေကို အရင်ကာကွယ်ဆေးတွေထက် ပိုပြီးထိထိရောက်ရောက် ကာကွယ်နိုင်တဲ့အပြင် နောက်ထပ် မျိုးကွဲဗိုင်းရပ်စ်တွေ ထွက်လာရင်လည်း ထိရောက်စွာ ကာကွယ်နိုင်စွမ်း ရှိနိုင်တယ်လို့ ဂျပန် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒီ ကာကွယ်ဆေး နှစ်မျိုးရဲ့ ထိရောက်မှုအစွမ်းကို နှိုင်းယှဉ်ကြည့်ထားတဲ့ ဒေတာအချက်အလက်တွေ လောလောဆယ်မှာ မရနိုင်သေးဘူးလို့ သိရပါတယ်။ ပြည်သူတွေအနေနဲ့ ကိုယ်နေထိုင်ရာဒေသအလိုက် ရရှိနိုင်တဲ့ ဒီကာကွယ်ဆေး နှစ်မျိုးထဲက တစ်မျိုးကို အမြန်ဆုံး ထိုးပါလို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။
ကာကွယ်ဆေးဆိုင်ရာ ကျွမ်းကျင်သူ Kitasato တက္ကသိုလ်က ပါမောက္ခ Nakayama Tetsuo က " လက်ရှိကူးစက်ပျံ့နှံ့နေတဲ့ အိုမီခရွန်ရဲ့မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် BA.5 ကူးစက်တာ၊ ရောဂါဖြစ်တာကို ကာကွယ်ရာမှာ လတ်တလော ထိုးပေးနေတဲ့ ကာကွယ်ဆေးတွေဟာ ပိုပြီး ထိရောက်မှုရှိတယ်လို့ ဆိုပါတယ်။ မူလက ကိုရိုနာဗိုင်းရပ်စ်နဲ့ ယခင်မျိုးဗီဇကွဲ ဗိုင်းရပ်စ်တွေရဲ့ ကွဲပြားခြားနားမှုနဲ့ နှိုင်းယှဉ်ရင် BA.5 နဲ့ BA.1 မျိုးကွဲရဲ့ ကွဲပြား ခြားနားမှုက သိပ်မများပါဘူး။ BA.1 ကို ပစ်မှတ်ထားတဲ့ ကာကွယ်ဆေးဟာလည်း ရောဂါလက္ခဏာတွေ ပြင်းထန်မလာအောင် ကာကွယ်ရာမှာ ထိရောက်ပါတယ်။
BA.1 ကိုပစ်မှတ်ထားတဲ့ ကာကွယ်ဆေးထိုးဖို့ ကြိုတင်စာရင်းသွင်း ထားပြီးသားဆိုရင် အဲဒီကာကွယ်ဆေးကိုပဲ သွားထိုးသင့်တယ်" လို့ ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(481) Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို ပစ်မှတ်ထားတဲ့ ကာကွယ်ဆေးအမျိုးအစား ၂ မျိုးအကြောင်း။
အပိုင်း− ၁ ကာကွယ်ဆေးတွေကို ရွေးချယ်ပြီး ထိုးနိုင်သလား။

အဖြေ− ဂျပန်နိုင်ငံမှာ မျိုးဗီဇပြောင်း Omicron ရဲ့မျိုးကွဲ BA. 5 အမျိုးအစား ကိုရိုနာဗိုင်းရပ်စ်ကို ပစ်မှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို အောက်တိုဘာလမှာ စပြီးထိုးပေးခဲ့ပါတယ်။ တစ်ချိန်တည်းမှာဘဲ BA. 1 မျိုးကွဲကိုပစ်မှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေကို လည်း ထိုးနှံပေးနေပါတယ်။
အခုတစ်ကြိမ်မှာ အဲဒီ ကာကွယ်ဆေးတွေထိုးတာနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေကို မျှဝေပေးပါမယ်။
ဂျပန်ကျန်းမာရေးဝန်ကြီးဌာနဟာ ကာကွယ်ဆေး အမျိုးအစား ၂ခုနဲ့ ပတ်သက်ပြီး သက်တမ်းကုန်ရက်စောတဲ့ ကာကွယ်ဆေးတွေကို အရင်အသုံးပြုဖို့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေကို တိုက်တွန်းထား ပါတယ်။
ကာကွယ်ဆေးထိုးပေးတဲ့ နေရာတွေဆီကို အိုမီခရွန်ရဲ့ မျိုးကွဲ BA.5 ကိုပစ်မှတ်ထားတဲ့ ကာကွယ်ဆေးတွေရောက်ရှိချိန်မှာ BA.1 မျိုးကွဲကို ပစ်မှတ်ထားတဲ့ ကာကွယ်ဆေး လက်ကျန်ရှိနေဦးမယ်ဆိုရင် အရင်ကာကွယ်ဆေးတွေ အလဟဿ မဖြစ်အောင် သက်တမ်း ကုန်ဆုံးရက်စောတဲ့ ကာကွယ်ဆေးတွေကို အရင်သုံးဖို့ လိုအပ်တယ်လို့ သတ်မှတ်ထားပါတယ်။
ဒါ့အပြင် BA.1 မျိုးကွဲ ကာကွယ်ဆေးထိုးပေးတာကနေ BA.5 မျိုးကွဲ ကာကွယ်ဆေးကို ထိုးပေးဖို့ စလုပ်ချိန်မှာ ကာကွယ်ဆေး၂မျိုးလုံးကို တစ်ပြိုင်နက်တည်း သုံးတာမျိုးလည်း လုပ်နိုင်တယ် ဆိုပါတယ်။
ဒါဆိုရင် ကာကွယ်ဆေးထိုးခံမယ့်သူတွေအနေနဲ့ မိမိထိုးလိုတဲ့ ကာကွယ်ဆေး အမျိုးအစားကို ရွေးချယ်နိုင်ခွင့်ရှိသလား ။
ဘယ်ကာကွယ်ဆေးအမျိုးအစားကို အသုံးပြုမယ်ဆိုတဲ့ သတင်း အချက်အလက်ကို လူတွေကာကွယ်ဆေးထိုးဖို့ ကြိုတင်စာရင်း ပေးချိန်မှာ ပြောမယ်၊မပြောဘူးဆိုတာ ဒေသအလိုက် အုပ်ချုပ်ရေးအဖွဲ့အပေါ် မူတည်ပြီး ဆုံးဖြတ်နိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒါပေမဲ့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တိုင်းဟာ ဒေသတွင်း နေထိုင်သူတွေအတွက် BA.1 မျိုးကွဲ ကာကွယ်ဆေးနဲ့ BA.5 မျိုးကွဲ ကာကွယ်ဆေးတွေ ၂မျိုးပေါင်းပြီး ဒေသအလိုက် ကာကွယ်ဆေး အလုံအလောက် ရရှိအောင် ခွဲဝေပေးမယ်ဆိုတာကို သိရှိထားဖို့ လိုကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(480) ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဆိုင်ရာ ရိုးရှင်းတဲ့ အစီရင်ခံခြင်းစနစ်။
အပိုင်း− ၇ ဂျပန်အစိုးရရဲ့ ရပ်တည်ချက်။

အဖြေ− ဂျပန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေနဲ့ပတ်သက်ပြီး ရိုးရှင်းတဲ့နည်းနဲ့ အစီရင်ခံတဲ့စနစ်ဟာ စက်တင်ဘာလ ၂၆ ရက်က စတင် အသက်ဝင်ခဲ့ပါတယ်။ အဲဒီစနစ်သစ်မှာ ဘာတွေ ပြောင်းလဲသွားသလဲ။ စိုးရိမ်စရာ ဘာတွေရှိသလဲဆိုတာနဲ့ပတ်သက်ပြီး လေ့လာနေပါတယ်။ အဲဒီစနစ်သစ်အပေါ် ဂျပန်အစိုးရရဲ့သဘောထားကို သေသေချာချာ လေ့လာကြည့်ကြရအောင်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဆိုင်ရာ ရိုးရှင်းတဲ့အစီရင်ခံခြင်းစနစ်ရဲ့ အားနည်းချက်၊ အားသာချက်တွေနဲ့ပတ်သက်ပြီး ကျန်းမာရေး ဝန်ကြီး Kato Katsunobu ကသတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောခဲ့ပါတယ်။ " ဒီစနစ်ကို တခြားနေရာတွေထက်စောပြီး လက်ခံကျင့်သုံးတဲ့ ခရိုင်ဒေသန္တရတွေဟာ သူတို့ရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်မှာ ဝန်ထုပ်ဝန်ပိုး ပိုမိုနည်းလာတယ်လို့ အစီရင်ခံခဲ့ကြပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာ အဲဒီစနစ်သစ်က ကိုဗစ်ကူးစက်ခံရသူတွေရဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ ဆက်သွယ်ဖို့လိပ်စာ စတဲ့ အချက်အလက်တွေကို ရေးသွင်းဖို့မလိုတာကြောင့် အဲဒီ အချက်အလက်တွေမရှိရင် ကိုဗစ်ကူးစက်ခံရသူတစ်ယောက် ကျန်းမာရေးအခြေအနေ ဆိုးရွားလာတဲ့အခါ ကောင်းကောင်းမွန်မွန် ဆေးကုသမှုခံယူဖို့နဲ့ ဆေးရုံတက်နိုင်ဖို့ အမြန်လုပ်ချင်လည်း မရနိုင်တဲ့အခြေအနေ ရှိနေတယ်လို့ တင်ပြလာတာရှိပါတယ်” ကျန်းမာရေးဝန်ကြီးဌာနဟာ ရောဂါပိုးကူးစက်မှု ကာကွယ်တားဆီးရေး အစီအမံတွေကို ချောချောမွေ့မွေ့ အကောင်အထည်ဖော်ဖို့အတွက် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး လိုအပ်မယ်ဆိုရင် စနစ်ကို ပိုမိုတိုးတက်ကောင်းမွန်အောင် ပြင်ဆင်ဆောင်ရွက် သွားမယ်လို့ ဝန်ကြီး Kato က ဆက်ပြီးပြောကြားခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် အစီအမံဆိုင်ရာ တာဝန်ခံဝန်ကြီး Yamagiwa Daishiro ကတော့ ဂျပန်မှာ ဆောင်းဦးနဲ့ဆောင်းရာသီမှာ ကူးစက်မှု အဋ္ဌမလှိုင်းဒဏ် ခံရနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီ ကာလတွေအတွင်း ကိုရိုနာဗိုင်းရပ်စ်နဲ့ ရာသီပေါ်တုပ်ကွေး ဗိုင်းရပ်စ်ကို တစ်ပြိုင်နက်တည်း ကူးစက်ခံရတာမျိုးလည်း ရှိလာနိုင်တယ်လို့ သူက သတိပေး ပြောကြားခဲ့ပါတယ်။ အဲဒီလို အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ အသေအချာ လုပ်ဆောင်ထားကြဖို့ သူက တိုက်တွန်းခဲ့ပါတယ်။ “ဘာတွေလုပ်သင့်တယ်ဆိုတာကို ပညာရှင်တွေနဲ့ စေ့စေ့စပ်စပ် အပြန်အလှန်ဆွေးနွေးပြီး ခိုင်မာအားကောင်းတဲ့ အစီအစဉ်တွေ ချမှတ်ဖို့ လိုအပ်ကြောင်းနဲ့ ကျွမ်းကျင်ပညာရှင်တွေရဲ့ သဘောထားအမြင်တွေနဲ့ လူမှုအဖွဲ့အစည်းအပေါ် သက်ရောက်မှုတွေအပါအဝင် စကားပြောဆိုပြီး လုပ်စရာရှိတာတွေကို ရှေ့ဆက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(479) ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဆိုင်ရာ ရိုးရှင်းတဲ့ အစီရင်ခံခြင်းစနစ်။
အပိုင်း− ၆ ကူးစက်မှုကာကွယ်ရေး စနစ်သစ်နဲ့ပတ်သက်ပြီး ပညာရှင်တွေက ဘာ စိုးရိမ်နေလဲ။

အဖြေ− ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေနဲ့ ပတ်သက်ပြီး ရိုးရှင်းတဲ့နည်းနဲ့ အစီရင်ခံတဲ့စနစ်ဟာ စက်တင်ဘာလ ၂၆ ရက်က စတင်အသက်ဝင်ခဲ့ ပါတယ်။ အဲဒီစနစ်သစ်မှာ ဘာတွေ ပြောင်းလဲသွားသလဲ။ စိုးရိမ်စရာ ဘာတွေရှိသလဲ လေ့လာနေပါတယ်။ ပြောင်းလဲလိုက်တဲ့ စနစ်သစ်ဟာ ကူးစက်မှုအခြေအနေ အသေးစိတ်ကို သုတေသနပြုလေ့လာတဲ့နေရာမှာ ခက်ခဲစေမယ်လို့ ကျွမ်းကျင်သူတစ်ဦးက စိုးရိမ်စကားပြောကြားခဲ့တာကို ကြည့်ကြရအောင်။
အရင်စနစ်ဟောင်းတုန်းက ဗိုင်းရပ်စ်ပိုးစစ်ဆေးတွေ့ရှိသူ အားလုံးရဲ့ နေရပ်လိပ်စာ၊ ပေါ်လာတဲ့ရောဂါလက္ခဏာတွေနဲ့ ဖြစ်နိုင်ခြေရှိတဲ့ ကူးစက်မှုလမ်းကြောင်း အပါအဝင် သူတို့ရဲ့ အသေးစိတ် အချက်အလက်တွေကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ HER-SYS ဟားစ(စ်)လို့ခေါ်တဲ့ COVID-19ဆိုင်ရာ ကွန်ပြူတာကွန်ရက်စနစ် ထဲမှာ စာရင်းသွင်းရပါတယ်။
ကျွမ်းကျင်သူတွေဟာ စာရင်းသွင်းထားတဲ့ အချက်အလက်တွေကို အခြေခံပြီး ရောဂါကူးစက်မှုအရေအတွက် အများဆုံးနေရာ၊ အဓိကကူးစက်မှုလမ်းကြောင်းနဲ့ ဒေသတစ်ခုစီမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှု ဘယ်လောက်မြန်သလဲ စတာတွေကို အသေးစိတ် သုတေသနလုပ် လေ့လာပါတယ်။ အစိုးရက အဲဒီလေ့လာသုံးသပ်မှုတွေအပေါ် အခြေခံပြီး ရောဂါပိုး ကာကွယ်တားဆီးရေး အစီအမံတွေကို ရေးဆွဲ ချမှတ်လာခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ အခုရိုးရှင်းတဲ့ပုံစံနဲ့ အစီရင်ခံခြင်းစနစ်ကို အရင်ဆုံးကျင့်သုံးခဲ့တဲ့ ခရိုင်တွေမှာတော့ အစိုးရရဲ့ ကိုဗစ်ဆိုင်ရာ ကွန်ပြူတာကွန်ရက်စနစ်ထဲကို ကူးစက်ခံရသူဦးရေ ထည့်သွင်းတဲ့အခါ အမှန်တကယ် ကူးစက်ခံရသူ အရေအတွက်ထက် စာရင်းက အများကြီးနည်းသွားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရဲ့ အချက်အလက်တွေကို လေ့လာသုံးသပ်လာခဲ့တဲ့ ကျိုတိုတက္ကသိုလ်က ပါမောက္ခ Nishiura Hiroshi က ကိုဗစ် ကူးစက်ခံရသူတစ်ဦးကနေ နောက်ထပ်လူဘယ်လောက်ကို ထပ်ပြီး ကူးစက်သလဲဆိုတာကိုပြတဲ့ ဆင့်ပွားကူးစက်မှုနှုန်းကို အမြန်သိနိုင်ဖို့ တွက်ချက်တာ လုပ်လို့မရတော့ဘူးလို့ ဆိုပါတယ်။
ရောဂါပိုး ကာကွယ်တားဆီးရေးအစီအမံတွေရဲ့ ထိရောက်မှုရှိမရှိနဲ့ လူတွေရဲ့ သွားလာလှုပ်ရှားမှု အပြောင်းအလဲဟာ ကူးစက်မှု အခြေအနေအပေါ် ဘယ်လိုသက်ရောက်မှု ရှိနေသလဲ ဆိုတာတွေကို ခွဲခြမ်းစိတ်ဖြာနိုင်တော့မှာ မဟုတ်ဘူးလို့လည်း သူက ပြောကြားခဲ့ပါတယ်။
ရိုးရှင်းတဲ့စနစ်နဲ့ အစီရင်ခံခြင်းမှာ ရောဂါပိုးကူးစက်ခံရသူတွေရဲ့ ကာကွယ်ဆေးထိုးမှတ်တမ်းတွေကိုလည်း ရေးသွင်းစရာ မလိုတော့တာကြောင့် ကာကွယ်ဆေးတွေရဲ့ ထိရောက်မှုနဲ့ ဗိုင်းရပ်စ်ကို ခုခံနိုင်စွမ်းရှိနေသူတွေ ဘယ်လောက်ရှိနေပြီလည်း ဆိုတာကို လေ့လာသုံးသပ်ဖို့ကလည်း မဖြစ်နိုင်တော့ဘူးလို့ ပါမောက္ခ Nishiura က ထောက်ပြပြောဆိုခဲ့ပါတယ်။ ဒါဟာ ကာကွယ်ဆေး အားဖြည့်ထိုးနှံရမယ့် အချိန်ကာလကို ဆုံးဖြတ်တဲ့အပေါ်မှာလည်း သက်ရောက်မှု ရှိလာနိုင်တယ်လို့ သူက ပြောပါတယ်။
အလွှာပေါင်းစုံကနေ သတင်းအချက်အလက်တွေကို စုဆောင်းပြီး ဘယ်လိုအန္တရာယ်တွေရှိသလဲဆိုတဲ့ အကဲဖြတ်မှုမျိုး လုပ်ဆောင်နိုင်မလားဆိုတာကို စဉ်းစားဖို့လိုတယ်လို့ ပါမောက္ခ Nishiura က ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(478) ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဆိုင်ရာ ရိုးရှင်းတဲ့ အစီရင်ခံခြင်းစနစ်။
အပိုင်း− ၅ ကပ်ရောဂါအပေါ် အစိုးရရဲ့တုံ့ပြန်ဆောင်ရွက်ပုံ အပြောင်းအလဲ။

အဖြေ− ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေနဲ့ ပတ်သက်ပြီး ရိုးရှင်းတဲ့နည်းနဲ့ အစီရင်ခံတဲ့စနစ်ဟာ စက်တင်ဘာလ ၂၆ ရက်က စတင်အသက်ဝင်ခဲ့ပါတယ်။ အဲဒီစနစ်သစ်မှာ ဘာတွေ ပြောင်းလဲသွားသလဲ။ စိုးရိမ်စရာ ဘာတွေရှိသလဲ လေ့လာနေပါတယ်။ အခုတစ်ခါ ကပ်ရောဂါအပေါ် ဂျပန်အစိုးရရဲ့ တုံ့ပြန်ဆောင်ရွက်ပုံ အချိန်နဲ့အမျှ ပြောင်းလဲလာတာက ဘာတွေလဲ ဆိုတာ လေ့လာကြပါမယ်။
ဂျပန်အစိုးရဟာ မျိုးဗီဇပြောင်းကိုရိုနာ ဗိုင်းရပ်စ်အသစ်တွေရဲ့ အသွင်ပြောင်းပုံလက္ခဏာတွေနဲ့ ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်း တိုးတက်လာတာတွေပေါ် မူတည်ပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ နဲ့ပတ်သက်တဲ့ မူဝါဒတွေကို ပြောင်းလဲလာခဲ့ပါတယ်။
ဥပမာ ရောဂါလက္ခဏာမပြဘဲ ကိုဗစ် ကူးစက်နေသူတွေကို မိမိအိမ်မှာပဲ နေကောင်းလာတဲ့အထိနေဖို့ဆိုတဲ့ မူဝါဒကို ပြောင်းလဲခဲ့တာရှိပါတယ်။ လူတွေ သွားလာလှုပ်ရှားမှုနဲ့ စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင်တဲ့အချိန် စတာတွေအပေါ် ကန့်သတ်ချက်တွေ ကိုလည်း ပြန်သုံးသပ်ခဲ့ပြီး ပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။
အခုလို အပြောင်းအလဲတွေလုပ်လာချိန်မှာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့လာခဲ့ချိန်မှာလည်း လူငယ်တွေမှာ ပြင်းထန်တဲ့လက္ခဏာဖြစ်ပွားနိုင်ခြေ နည်းပါးခဲ့တဲ့အပြင် ရောဂါပိုးဟာ ဘားတွေ၊စားသောက်ဆိုင်တွေမှာ ကူးတာကနေ သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာတွေကျောင်းတွေကနေ ကူးစက်ပျံ့နှံ့တာ ဖြစ်လာပြီးနောက်မှာ အိမ်တွေမှာ ကူးစက်တာအဖြစ် ပြောင်းလဲသွားတာကို ပညာရှင်တွေက လေ့လာတွေ့ရှိခဲ့တဲ့အတွက် အစိုးရက ကန့်သတ်ချက်အသစ်တွေ ထပ်မချဘဲ လူမှုရေးလှုပ်ရှားမှုနဲ့ စီးပွားရေး လုပ်ငန်းလည်ပတ်မှုကို ဆက်ထိန်းထားရင်းနဲ့ ရောဂါပိုး ကူးစက်ပြန့်ပွားမှု ထပ်မဖြစ်အောင် ကာကွယ်တားဆီးတဲ့ နည်းလမ်းကို ပြောင်းလဲခဲ့ပါတယ်။
အဲဒီနောက် ဂျပန်ဟာ Omicron မျိုးဗီဇပြောင်း ကိုဗစ်ကို ပစ်မှတ်ထားတဲ့ ကာကွယ်ဆေးတွေ စတင်ထိုးနှံပေးခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်း နိုင်ငံအများအပြားဟာလည်း လူမှုရေးနဲ့စီးပွားရေး လုပ်ငန်းတွေကို ကပ်ရောဂါကြီး မဖြစ်ခင်ကအဆင့်ကို ပြန်ရောက်အောင် ဆောင်ရွက်လာကြတာ ဖြစ်တဲ့အတွက် ဂျပန်အစိုးရဟာ အသက်အရွယ်ကြီးသူတွေနဲ့ ရောဂါပိုးကူးစက်နိုင်ခြေ များတဲ့သူတွေကိုပဲ အဓိကထား အာရုံစိုက် ဆေးကုသပေးနိုင်ဖို့ ရည်ရွယ်ပြီး ကိုဗစ်ကူးစက်သူနဲ့ပတ်သက်တဲ့ အစီရင်ခံခြင်းစနစ်ကို ရိုးရှင်းတဲ့ပုံစံကို ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုဗစ်လူနာတွေ သီးခြားခွဲ နေထိုင်ရမယ့်ကာလ တိုလိုက်ပါတယ်။ ပြည်ပခရီးသွားတွေ ဂျပန်ဝင်ခွင့် ကန့်သတ်ချက်တွေကိုလည်း ဖြေလျှော့ပေးလိုက်ပါတယ်။
နောက်ထပ် ကူးစက်ပြန့်ပွားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထပ်ဖြစ်လာခဲ့ ရင်တောင် ဂျပန်အစိုးရက နိုင်ငံ့ဆေးဘက်ဆိုင်ရာနဲ့ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုတွေ ပုံမှန်ဆက်လက် လည်ပတ်နေအောင် လုပ်ရင်းနဲ့ လက်ရှိအနေအထားအတိုင်း လူမှုရေးနဲ့ စီးပွားရေး လုပ်ငန်းတွေ ဆက်လက်လည်ပတ်နိုင်အောင် ထိန်းထားဖို့ စီစဉ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။ ကျွမ်းကျင်ပညာရှင်တွေရဲ့ သဘောထားအမြင်တွေနဲ့ ကမ္ဘာတစ်ဝန်းက နိုင်ငံတွေရဲ့ ကူးစက်မှုအခြေအနေတွေကို စောင့်ကြည့်သွားရင်းနဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့အတူ ယှဉ်တွဲနေထိုင်တဲ့ခေတ်မှာ ရောဂါပိုး ကူးစက်မှုကို ကာကွယ်တားဆီးနိုင်တဲ့ မူဝါဒကို သုံးသပ်ရင်း ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(477) ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဆိုင်ရာ ရိုးရှင်းတဲ့ အစီရင်ခံခြင်းစနစ်။
အပိုင်း− ၄ ဒီစနစ်သစ်က ပြည်သူ့ကျန်းမာရေးစင်တာတွေရဲ့ အလုပ်ဝန်ကို လျှော့ချပေးနိုင်မလား။

အဖြေ− ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေနဲ့ ပတ်သက်ပြီး ရိုးရှင်းတဲ့ နည်းနဲ့ အစီရင်ခံတဲ့စနစ်ဟာ စက်တင်ဘာ ၂၆ ရက်က စတင်အသက်ဝင်ခဲ့ပါတယ်။ အဲဒီစနစ်သစ်မှာ ဘာတွေ ပြောင်းလဲသွား သလဲ။ စိုးရိမ်စရာ ဘာတွေရှိသလဲ လေ့လာနေပါတယ်။ ဒီစနစ်သစ်ဟာ ဆေးရုံဆေးခန်းတွေနဲ့ ပြည်သူ့ ကျန်းမာရေးဌာနတွေရဲ့ အလုပ်ဝန်ကို လျှော့ချပေးနိုင်မလား ဆိုတာနဲ့ ပတ်သက်ပြီး တိုကျိုက ပြည်သူ့ကျန်းမာရေးစင်တာ တစ်ခုရဲ့ အကြီးအကဲ ပြောတာကို လေ့လာကြည့်ပါမယ်။
တိုကျို၊ Kita မြို့နယ်မှာရှိတဲ့ ပြည်သူ့ကျန်းမာရေးစင်တာအကြီးအကဲ Maeda Hideo ဟာ ကိုဗစ်ရောဂါဆိုင်ရာ အစိုးရရဲ့ ကျွမ်းကျင် ပညာရှင်များအဖွဲ့ဝင်လည်း ဖြစ်ပါတယ်။
ရိုးရှင်းတဲ့အစီရင်ခံခြင်းစနစ်ရဲ့အကျိုးကျေးဇူးတစ်ခုကတော့ ရောဂါပိုးကူးစက်မှု သတ္တမလှိုင်းတုန်းကလို ဆရာဝန်နဲ့ အလွယ်တကူ မပြနိုင်တာမျိုး မရှိတော့ဘဲ သက်ကြီး ရွယ်အိုတွေနဲ့ ရောဂါအခံရှိသူ တွေဟာ ဆေးရုံဆေးခန်းတွေမှာ ပိုပြီး အလွယ်တကူ ကုသနိုင်မှာ ဖြစ်တယ်လို့ သူကပြောပါတယ်။
ပြည်သူ့ကျန်းမာရေးဌာနတွေရဲ့ အလုပ်ဝန်နဲ့ပတ်သက်ပြီး မစ္စတာ Maeda က အခုလုပ်ရတဲ့ ရိုးရှင်းလွယ်ကူတဲ့အလုပ်ကတော့ သိသိသာ သာ လျော့သွားမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အပျော့စားရောဂါ လက္ခဏာရှိသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကို စာရင်းသွင်း တာမလုပ်တော့တာကြောင့် အဲဒီသူတွေထဲကတစ်ဦးဦး ရောဂါ အခြေအနေ ဆိုးရွားလာတဲ့အခါ ကျန်းမာရေးစင်တာတွေအနေနဲ့ ဘယ်လို ကူညီရမလဲဆိုတာ အသေးစိတ် စစ်ဆေးဖို့ လုပ်ငန်းစဉ်တွေ ရှုပ်ထွေးလာမယ်။ တကယ်တမ်း အလုပ်ဝန်ပေါ့သွားတယ် လို့တောင် ပြောရတာခက်ပါတယ်လို့ သူက ပြောပါတယ်။
ရိုးရှင်းတဲ့စနစ်နဲ့ပဲ အစီရင်ခံဖို့လိုတာကြောင့် အသေးစိတ် စာရင်းသွင်းထားဖို့မလိုတဲ့ ကိုဗစ်လူနာတွေဟာ (けんこうフォローアップセンター )လို့ခေါ်တဲ့ နောက်ဆက်တွဲကျန်းမာရေး စစ်ဆေးပေးတဲ့စင်တာတွေမှာ စာရင်းပေးသွင်းထားနိုင်ပါတယ်။ ဒီလို စာရင်းသွင်းထားပြီး အိမ်မှာပဲ နေထိုင်ကုသနေစဉ် ရောဂါအခြေအနေ ပိုဆိုးလာရင် အဲဒီကျန်းမာရေး စင်တာတစ်ခုခုနဲ့ ဆက်သွယ် တိုင်ပင်ပါ။ အဲဒီစင်တာတွေက လူနာကုသဖို့ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်း တစ်ခုခုကို လမ်းညွှန်ပါလိမ့်မယ်။
တိုကျိုမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ အသက် ၆၄ နှစ် ဒါမှမဟုတ် အဲဒါထက်ငယ်ရွယ်သူတွေအနေနဲ့ အကူအညီရဖို့ အွန်လိုင်း ကနေ စာရင်းပေးသွင်းထားနိုင်ပါတယ်။
ဒါပေမယ့် အွန်လိုင်းကနေ စာရင်းပေး ဆက်သွယ်ဖို့ အခက်အခဲ ရှိသူတွေအနေနဲ့ ဆေးရုံဒါမှမဟုတ် fever clinic (ဖျားနာကုအခမဲ့ ဆေးခန်း)တွေကို ချက်ချင်း ဆက်သွယ် ကုသကြပါလို့ Kita ခရိုင်က မစ္စတာ Maeda က ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(476) ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဆိုင်ရာ ရိုးရှင်းတဲ့ အစီရင်ခံခြင်းစနစ်။
အပိုင်း− ၃ ရောဂါလက္ခဏာအနည်းငယ်ပဲ ပြတဲ့လူနာတွေနဲ့ပတ်သက်ပြီး ဆောင်ရွက်ပုံနည်းလမ်း။

အဖြေ− ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေနဲ့ ပတ်သက်ပြီး ရိုးရှင်းတဲ့နည်းနဲ့ အစီရင်ခံတဲ့စနစ်ဟာ စက်တင်ဘာ ၂၆ ရက်က စတင် အသက်ဝင်ခဲ့ပါတယ်။ အဲဒီစနစ်သစ်မှာ ဘာတွေပြောင်းလဲသွား သလဲ။ စိုးရိမ်စရာ ဘာတွေရှိသလဲ လေ့လာနေပါတယ်။ တော့ ကိုဗစ်ကူးစက်ပြီးအပျော့စား ရောဂါလက္ခဏာပဲ ပြသသူ ဒါမှမဟုတ် လုံးဝရောဂါလက္ခဏာမရှိသူ တွေရဲ့ ကူးစက်မှု ကို ဘယ်လို ခြေရာခံလိုက်ဖို့ အာဏာပိုင်တွေက စီစဉ်ထားသလဲ ဆိုတာကို လေ့လာကြပါမယ်။
ရိုးရှင်းတဲ့နည်းနဲ့ အစီရင်ခံတဲ့ ဒီစနစ်သစ်မှာ မိမိဖာသာ ကိုဗစ်ရှိမရှိ စစ်ဆေးကြည့်ပြီး အပျော့စားရောဂါလက္ခဏာရှိသူ ဒါမှမဟုတ် လက္ခဏာမပြတဲ့ ကိုဗစ်ပိုးရှိသူတွေဟာ (けんこうフォローアップセンター )လို့ခေါ်တဲ့ နောက်ဆက်တွဲကျန်းမာရေး စစ်ဆေးပေးတဲ့ စင်တာတွေမှာ စာရင်းပေးသွင်းပြီးရင် ဆေးရုံမှာ သွားပြစရာမလိုဘဲ အိမ်မှာပဲ နေကောင်းတဲ့အထိ အနားယူ နိုင်အောင်လုပ်ထားပါတယ်။
မိမိဖာသာ သီးခြားခွဲနေထိုင်ဖို့ နေရာမရှိရင်ပေးဖို့ အကူအညီ တောင်းခံ နိုင်သလို စားဖို့သောက်ဖို့ အိမ်ကို ပို့ပေးစေချင်တယ်ဆိုရင်လည်း အကူအညီတောင်းခံနိုင်ပါတယ်။ မိမိအိမ်မှာ ပြန်နာလန်ထူလာအောင် အနားယူနေစဉ်အတွင်း ရောဂါလက္ခဏာ အခြေအနေဆိုးရွားလာတယ် ဆိုရင် (けんこうフォローアップセンター )လို့ခေါ်တဲ့ နောက်ဆက်တွဲကျန်းမာရေး စစ်ဆေးပေးတဲ့စင်တာတွေကို ဆက်သွယ် ပြီး တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ စင်တာက ဆေးကုသဖို့ ဆေးဘက် ဆိုင်ရာ ဌာနတစ်ခုခုကို ဆက်သွယ်ညွှန်ကြားပေးပါမယ်။
ဆေးဘက်ဆိုင်ရာဌာနတွေဟာ အရင်ကလို ကိုဗစ်ကူးစက်ထားသူတွေ ရဲ့အခြေအနေကို စောင့်ကြည့်တော့မှာ မဟုတ်တဲ့အတွက် ရုတ်တရက် ရောဂါအခြေအနေဆိုးရွားလာတဲ့အခါ လူနာတွေကို ဆေးကုသဖို့ ဆေးရုံဆေးခန်းတွေနဲ့ အမြန်ချိတ် ဆက်နိုင် အောင် (けんこうフォローアップセンター )လို့ခေါ်တဲ့ နောက်ဆက်တွဲကျန်းမာရေး စစ်ဆေးပေးတဲ့စင်တာတွေရဲ့လိပ်စာ စတဲ့ ဆက်သွယ်နည်းတွေကို အများသိအောင် ဖြန့်ဝေဖို့နဲ့ လူတွေက မိမိဖာသာ သီးခြားခွဲ နေထိုင်ကြဖို့ တောင်းဆိုတာလိုမျိုး ရောဂါပိုးကူးစက်မှု ကာကွယ် တားဆီးရေး အစီအမံတွေကိုဘယ်လို ဆက်လုပ်သွားမလဲဆိုတာလည်း စဉ်းစားရပါဦးမယ်။
အသေးစိတ်အစီရင်ခံတဲ့စနစ်ကို ဖြေလျှော့လိုက် တာကြောင့် အုပ်စုလိုက် ကိုဗစ်ကူးစက်ပြီဆိုရင် သတင်း အချက်အလက်တွေ စုဆောင်း ရရှိဖို့ ခက်ခဲသွားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက မှတ်ချက်ပြုခဲ့ပါတယ်။ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာ တွေနဲ့ ကူးစက်နိုင်မယ့်အန္တရာယ်များတဲ့ ဆေးကုသရေးနေရာတွေမှာ ဗိုင်းရပ်စ်ပျံ့နှံ့မှု မကြီးထွားလာအောင် ကာကွယ်တားဆီးရေး အစီအမံ တွေကို ဆက်လက်လုပ်ဆောင်ကြဖို့ ခရိုင်တွေကို တိုက်တွန်းနေပါ တယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(475) ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဆိုင်ရာ ရိုးရှင်းတဲ့ အစီရင်ခံခြင်းစနစ်။
အပိုင်း− ၂ ကူးစက်ခံရသူတွေ ကို ဘယ်လို ခြေရာခံရှာဖွေမလဲ။

အဖြေ− ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေနဲ့ ပတ်သက်ပြီး ရိုးရှင်းတဲ့နည်းနဲ့ အစီရင်ခံတဲ့စနစ်ဟာ စက်တင်ဘာ ၂၆ ရက်က စတင်အသက်ဝင်ခဲ့ပါတယ်။ အဲဒီစနစ်သစ်မှာ ဘာတွေ ပြောင်းလဲ သွားသလဲ။ စိုးရိမ်စရာ ဘာတွေရှိသလဲ လေ့လာနေပါတယ်။ အခု အာဏာပိုင်တွေက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ရသူ အသစ် ရှိရင် ဘယ်လို ခြေရာခံလိုက်ပြီးသိအောင် စီစဉ်ထား သလဲ ဆိုတာကို လေ့လာကြပါမယ်။
ဂျပန်အစိုးရဟာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေအကြား ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အလုပ်ဝန်ကို လျှော့ချဖို့နဲ့ အသက်အရွယ်ကြီးသူတွေနဲ့ ရောဂါပြင်းထန် လာနိုင်ခြေမြင့်မားသူတွေကို ပိုမိုအာရုံစိုက် ကုသမှုပေးနိုင်ဖို့ ရည်ရွယ် ပြီး ကူးစက်မှုဆိုင်ရာ ရိုးရှင်းတဲ့အစီရင်ခံ စနစ် တစ်ခုကို စတင် ကျင့်သုံး ခဲ့ပါတယ်။
ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းတွေဟာ အရင်ကဆိုရင် ကိုဗစ်လူနာ အားလုံးရဲ့ နာမည်အပြင် အခြားအသေးစိတ် အချက်အလက်တွေ ဖြစ်တဲ့ ရောဂါလက္ခဏာ စပြီးဖြစ်ပေါ်တဲ့အချိန်၊ ကူးစက်ခံရသူတွေကို ဆက်သွယ်ဖို့ လိပ်စာဖုန်းနံပါတ် စတာတွေကို HER-SYS (ဟားစ(စ်) လို့ခေါ်တဲ့ အစိုးရကချုပ်ကိုင်ထားတဲ့ COVID-19 ဆိုင်ရာ ကွန်ပြူတာကွန်ရက်စနစ်ထဲကို ထည့်ပြီး ပြည်သူ့ကျန်းမာရေးစင်တာ တွေဆီ သတင်းပို့ရပါတယ်။ အခုစနစ်သစ်မှာတော့ အသက် ၆၅နှစ်နဲ့ အထက်ရှိသူတွေ၊ ဆေးရုံတက်ဖို့ လိုအပ်သူတွေလိုမျိုး ရောဂါပြင်းထန် လာမယ့်အန္တရာယ် မြင့်မားသူတွေနဲ့ ပတ်သက်ပြီးတော့ပဲ အစီရင်ခံ တင်ပြဖို့ လိုအပ်ပါတယ်။
ရောဂါလက္ခဏာမပြင်းထန်သူတွေအပါအဝင် ရောဂါပိုးကူးစက်ခံရသူ အသက်အရွယ်အုပ်စု တစ်ခုစီတိုင်းရဲ့ အရေအတွက် စုစုပေါင်း ကို "HER-SYS"(ဟားစ(စ်) စနစ်က ဆက်ပြီးခြေရာခံ နိုင်ဖို့လုပ်ထားပါ တယ်။
တစ်ချိန်တည်းမှာပဲ ကူးစက်ခံရသူတစ်ဦးချင်းစီက ပြန်ပြီး နာလန်ထူ သက်သာလာတဲ့အထိ မိမိနေအိမ်မှာပဲ စိတ်ချလက်ချ နေနိုင်အောင် အထောက်အကူပြုမယ့် နည်းလမ်းတွေကိုလည်း စတင်လုပ်ဆောင်နေ ပါတယ်။ ဥပမာ antigen ကို စစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် test kitတွေ အွန်လိုင်းမှာရောင်းချခွင့် ပိတ်ထားတာကို ဖွင့်ပေးလိုက်ပါတယ်။ ခရိုင်တွေအလိုက်(けんこうフォローアップセンター )လို့ခေါ်တဲ့ နောက်ဆက်တွဲကျန်းမာရေး စစ်ဆေးပေးတဲ့စင်တာတွေ ဖွင့်လှစ်ထားတဲ့အပြင် Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို ပစ်မှတ်ထားတဲ့ ကာကွယ်ဆေးထိုးပေးတာကို လည်း စတင်ခဲ့ပါတယ်။ ဒီလို လုပ်ဆောင်ချက်တွေဟာ ဗိုင်းရပ်စ် နောက်ထပ်ကူးစက်ပျံ့နှံ့မှုတွေ အရမ်းဖြစ်ပွားလာတာကို ကာကွယ် တားဆီးနိုင်မယ်လို့ အာဏာပိုင်တွေက မျှော်လင့်ထားပါတယ်။
ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(474) ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဆိုင်ရာ ရိုးရှင်းတဲ့ အစီရင်ခံခြင်းစနစ်။
အပိုင်း− ၁ ရိုးရှင်းတဲ့နည်းနဲ့ အစီရင်ခံတဲ့စနစ် ဆိုတာဘာလဲ။

အဖြေ− ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေနဲ့ ပတ်သက်ပြီး ရိုးရှင်းတဲ့ နည်းနဲ့ပဲ အစီရင်ခံတဲ့စနစ်ကို စက်တင်ဘာ ၂၆ ရက်က စတင်ခဲ့ တာကြောင့် နိုင်ငံတစ်ဝန်းက ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတွေဟာ ရောဂါပြင်းထန်တဲ့ လူနာတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုပဲ ဂျပန်အစိုးရဆီကို အစီရင်ခံဖို့ လိုအပ်ပါတယ်။
အစီရင်ခံတဲ့စနစ်မှာ ဘာတွေ ပြောင်းလဲသွားသလဲ။ အဲဒီလို စနစ် ပြောင်းလဲလိုက်တာကြောင့် စိုးရိမ်စရာ ဘာတွေရှိသလဲ။ အဲဒီအစီရင်ခံ စနစ်ကို ဘယ်လို ရှင်းလင်းလွယ်ကူအောင် ပြုလုပ်ထားလဲ ဆိုတာကို အခုတစ်ခါ လေ့လာကြည့်ကြရအောင်။
ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းတွေအလုပ် ဝန်ပိနေတာကို လျှော့ချဖို့ အတွက် ဗဟိုအစိုးရဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနဲ့ပတ်သက်ပြီး အစီရင်ခံတဲ့ အချက်အလက်တွေကို ရိုးရှင်းအောင် လုပ်လိုက်ပါတယ်။
အသေးစိတ် အချက်အလက် ကို အစီရင်ခံရမယ့်သူတွေက
■အသက် ၆၅ နှစ်နဲ့အထက်ရှိသူတွေ၊
■ဆေးရုံတက်ဖို့ လိုအပ်သူတွေ၊
■ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ကိုဗစ်ကူးစက်ခံရတဲ့အခါ ရောဂါ ပြင်းထန်နိုင်ခြေ မြင့်မားသူတွေဖြစ်ပါတယ်။
ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းတွေဟာ အဲဒီလို ကန့်သတ်ချက်ထဲ မပါတဲ့ ကိုဗစ်ကူးစက်ခံရသူတွေကိုစုစုပေါင်းဦးရေနဲ့ အသက်အရွယ် အုပ်စုကိုပဲ အစီရင်ခံ တင်ပြဖို့ လိုအပ်ပါတယ်။
အရင်အစီရင်ခံတဲ့စနစ်တုန်းက ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတွေဟာ သူတို့စစ်ဆေးတွေ့ရှိတဲ့ ကိုဗစ်ကူးစက်ခံရသူ အားလုံးရဲ့မှတ်တမ်းကို အစိုးရရဲ့ ကွန်ပြူတာအွန်လိုင်းကွန်ရက်စနစ်ထဲမှာ အသေးစိတ် ထည့်သွင်းရပါတယ်။ အခုစနစ်သစ်ကို စတင်ကျင့်သုံးနေတဲ့ ခရိုင်တွေ က သက်ဆိုင်ရာ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ အလုပ်ဝန် ပေါ့သွားတယ် ဆိုပါတယ်။
ဒါပေမဲ့ အပျော့စားရောဂါလက္ခဏာပဲ ပြလို့ အစီရင်ခံတဲ့ အထဲမှာ မပါတဲ့ ကူးစက်ခံရသူတွေ ရောဂါအခြေအနေဆိုးလာတဲ့အခါ ဆရာဝန်အမြန်ပြလို့ ရအောင် ပေါင်းကူးဆက်သွယ်ပေးမယ့် စနစ်တစ်ခု ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ဆရာဝန်တွေနဲ့ တခြားပညာရှင်တွေက ထောက်ပြ ပြောဆိုခဲ့ကြပါတယ်။
ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ သင့်တော်တဲ့ဆောင်ရွက်ချက်တွေ ပြင်ဆင်လုပ်ဆောင်ကြဖို့နဲ့ အပျော့စား ရောဂါလက္ခဏာပဲ ပြတဲ့ ကိုဗစ်ကူးစက်သူတွေဟာ အရင်လိုပဲ သတ်မှတ်ကာလတစ်ခုအထိ သီးခြားခွဲနေထိုင်စေဖို့ ဗဟိုအစိုးရက တိုက်တွန်းထားပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(473) ကာလတို သီးခြားခွဲနေထိုင်ခြင်း− အန္တရာယ်တွေနဲ့ သတိထားရမယ့်အချက်များ။
အပိုင်း− ၅ ဆင့်ပွားကူးစက်နိုင်ခြေ အနည်းဆုံးဖြစ်အောင် ဘာတွေကို လုပ်ဆောင်သင့်သလဲ။

အဖြေ− ဂျပန်အစိုးရဟာ စက်တင်ဘာလ ၇ ရက်က စတင်ပြီး ကိုရိုနာဗိုင်းရပ်စ် လူနာတွေ မိမိဖာသာ သီးခြားခွဲနေထိုင်ရမယ့်အချိန်ကို ကာလတိုအဖြစ် ပြောင်းလဲပြီး ၁၀ ရက်ကနေ ၇ ရက်ကို ရက်လျှော့ချလိုက်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သိပ္ပံနည်းကျ‌စိစစ်ထား တဲ့ အခြေခံ အချက်အလက်တွေနဲ့ အဲဒီစည်းမျဉ်းသစ် သတ်မှတ်ချက် ဟာ ဘေးကင်းစိတ်ချရမှုရှိသလား ဆိုတာကို တင်ဆက်ပေးပါမယ်။
မိမိကနေ သူတပါးကို ဆင့်ပွားကူးဆက်နိုင်ခြေ အနည်းဆုံးဖြစ်အောင် ဘာတွေကိုလုပ်ဆောင်သင့်သလဲ ဆိုတာကို လေ့လာကြည့်ပါမယ်။
ကျန်းမာရေးဝန်ကြီးဌာန၊ကျွမ်းကျင်ပညာရှင်များအဖွဲ့ရဲ့ အကြီးအကဲ Wakita Takaji က မိမိဖာသာ သီးခြားခွဲနေထိုင်တဲ့ ကာလကို လျှော့ချလိုက်ပြီးနောက် ဆင့်ပွားကူးစက်နိုင်မှု အန္တရာယ်နဲ့ပတ်သက်ပြီး လူတွေကို သတိပေးဖို့ အရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။ ဆင့်ပွားကူးစက်တဲ့အန္တရာယ်ကို လျှော့ချနိုင်ဖို့ လူတစ်ယောက်ချင်းစီ က ရောဂါပိုးကူးစက်မှု ကာကွယ်တားဆီးရေး အစီအမံတွေကို သေချာလုပ်ဆောင်ရမယ် လို့ ပြောပါတယ်။
ဆွေးနွေးပွဲမှာ တက်ရောက်လာတဲ့ ပညာရှင်တွေက ကိုရိုနာဗိုင်းရပ်စ် ကူးစက်လို့ ရောဂါဖြစ်ထားသူတွေဟာ ၁၀ ရက်မြောက်နေ့အထိ တခြားသူတွေကို ဗိုင်းရပ်စ်ဆင့်ပွားကူးစက်နိုင်လို့ အလေးထားဖို့ ပြောကြားခဲ့ပါတယ်။ အပြင်ကိုသွားတဲ့အခါ ကူးစက်မှုကာကွယ်ရေး အစီအမံတွေ လုပ်ဖို့ လိုအပ်တယ်လို့ သတိပေးထားပါတယ်။ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးဂေဟာက ဝန်ထမ်းတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် ကူးစက်နိုင်ခြေများတဲ့သူတွေ နဲ့ အနီးကပ် နေ့စဉ်ထိတွေ့နေသူတွေဟာ ပိုပြီး သတိထားနေထိုင်သင့် တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ အဲဒီသူတွေအနေနဲ့ လုပ်ငန်းခွင် မဝင်ခင်မှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရမှုရှိမရှိ စစ်ဆေးဖို့ လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ဗိုင်းရပ်စ်ကူးစက်ခံရသူတွေကို ကူးစက်လို့ရောဂါဖြစ်ပြီး ၁၀ ရက် ပြည့် သည်အထိ သတိမပေါ့ကြဖို့ နှိုးဆော်သတိပေးပါလို့ ကျန်းမာရေး ဝန်ကြီးဌာနကလည်း နိုင်ငံတစ်ဝန်းက ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့တွေ ကို တိုက်တွန်းထားပါတယ်။
၁၀ရက်ပြည့်သည်အထိ မိမိဖာသာလုပ်သင့်တဲ့အစီအမံတွေကတော့ ဥပမာ − အပူချိန်တိုင်းတာဖို့၊ ကူးစက်နိုင်ခြေမြင့်မားတဲ့ အသက်အရွယ် ကြီးသူတွေဆီ မလိုအပ်ဘဲ မသွားဖို့နဲ့ ကူးစက်ခံထားရသူနဲ့ မထိ တွေ့မိအောင် ရှောင်ကြဉ်ဖို့၊ ကူးစက်မှုဖြစ်ဖို့ အန္တရာယ်ရှိတဲ့ နေရာတွေ မသွားဖို့၊ အတူဝိုင်းဖွဲ့ စားသောက်တာတွေကို ရှောင်ကြဉ်ကြဖို့နဲ့ နှာခေါင်းစည်းတပ်ဆင်ဖို့ စတဲ့ အသေးစိတ်ကျတဲ့ အချက်အလက်တွေ ကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
မိမိဖာသာ သီးခြားခွဲနေထိုင်ရမယ့်ကာလကို လျှော့ချလိုက်တာဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ သဘာဝလက္ခဏာရပ်တွေက ပြောင်းလဲသွား လို့ မဟုတ်ပါဘူး။ ဒါကြောင့် ရောဂါပိုး ကူးစက်ခံရပြီး ၇ ရက်ပြည့်တဲ့ နောက်ပိုင်းမှာတောင် ဗိုင်းရပ်စ်ဆင့်ပွားကူးစက်နိုင်ခြေ ရှိနေသေးတယ် ဆိုတာကို သတိပြုစေလိုပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(472) ကာလတို သီးခြားခွဲနေထိုင်ခြင်း− အန္တရာယ်တွေနဲ့ သတိထားရမယ့်အချက်များ။
အပိုင်း− ၄ ကျွမ်းကျင်ပညာရှင်တွေရဲ့ သဘောထားအမြင်တွေက ဘယ်လိုရှိသလဲ။

အဖြေ− ဂျပန်အစိုးရဟာ စက်တင်ဘာလ ၇ ရက်က စတင်ပြီး ကိုရိုနာဗိုင်းရပ်စ် လူနာတွေ မိမိဖာသာ သီးခြားခွဲနေထိုင်ရမယ့်အချိန်ကို ကာလတိုအဖြစ် ပြောင်းလဲခဲ့ပြီး ၁၀ ရက်ကနေ ၇ ရက်ကို လျှော့ချလိုက်ပါတယ်။ အဲဒီလို ရက်လျှော့ချလိုက်တာနဲ့ ပတ်သက်ပြီး သိပ္ပံနည်းကျ‌‌သုတေသန လုပ်ထားတဲ့ အခြေခံအချက်အလက်တွေနဲ့ အဲဒီစည်းမျဉ်းသစ် သတ်မှတ်ချက်ဟာ ဘေးကင်းစိတ်ချရရဲ့လား ဆိုတာကို တင်ဆက်ပေးနေပါတယ်။
အဲဒီစည်းမျဉ်းသစ်သတ်မှတ်ချက်အပေါ် ပညာရှင်တွေရဲ့ အမြင်ကို လေ့လာကြည့်ပါမယ်။
စက်တင်ဘာ ၇ ရက်နေ့က ကျင်းပတဲ့ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနရဲ့ ကျွမ်းကျင်ပညာရှင်များ အစည်းအဝေးမှာ အစိုးရက သီးခြားခွဲနေထိုင်ရမယ့်အချိန်ကို ကာလတိုသတ်မှတ် လိုက်တဲ့အပေါ် ထောက်ခံသူရော ကန့်ကွက်သူပါရှိတာကို တွေ့ရပါ တယ်။
လူနာတစ်ဦးမှာ ရောဂါပိုးကြောင့် လက္ခဏာတွေ စပြလာချိန်က စပြီး ၇ ရက်အတွင်းဟာ ဗိုင်းရပ်စ်အကူးစက်နိုင်ဆုံးအချိန် ဖြစ်တယ်ဆိုတာကို နားလည်တယ်လို့ လက်ခံသူတွေက ဆိုကြပါတယ်။ ဆေးဘက်ဆိုင်ရာ လိုအပ်ချက်မရှိအောင် ပြင်ဆင်ထားဖို့နဲ့ လူတွေသွားလာလှုပ်ရှားမှု အပေါ် ထိန်းချုပ်တဲ့အစီအမံတွေ ဆက်လုပ်ဖို့ လိုအပ်တယ် ဆိုတဲ့ အကြံပေးကြသူတွေ ရှိခဲ့ပါတယ်။
ကန့်ကွက်တဲ့သူတွေကတော့ “ကူးစက်မှုအန္တရာယ် ဘယ်လောက်ရှိ သလဲ ဆိုတဲ့ အချက်အပေါ် အကဲဖြတ်ထားတဲ့ အခြေခံ လေ့လာ ဆွေးနွေးမှုတွေ မလုပ်ထားသေးဘူး”လို့ ပြောကြပါတယ်။ “ကူးစက်နိုင်မှုအန္တရာယ် ၁၀ ရာခိုင်နှုန်းကျော် ရှိနေသေးတဲ့အဆင့်မှာ သီးခြားခွဲနေထိုင်မှုကာလကို အဆုံးသတ်ဖို့ ဆုံးဖြတ်တာဟာ သိပ္ပံနည်းကျ ခွင့်ပြုနိုင်တဲ့ အတိုင်းအတာကို ကျော်ပြီးလုပ်တာ ဖြစ်တယ်”လို့လည်း ပြောဆိုခဲ့ကြပါတယ်။
ဒါ့အပြင် အသက်အရွယ်ကြီးသူတွေနေထိုင်တဲ့ ဂေဟာတွေနဲ့ ဆေးရုံ တွေမှာ သီးခြားခွဲနေထိုင်တဲ့အချိန်ကို ကာလတိုမသတ်မှတ်သင့်ဘူးလို့ တချို့ကျွမ်းကျင်သူတွေက ပြောကြားခဲ့ကြပါတယ်။ ကျိုတို တက္ကသိုလ်က ပါမောက္ခ Nishiura Hiroshi က "ကူးစက်ထားတဲ့ လက္ခဏာပြတာ ၈ ရက်မြောက်နေ့ကနေစပြီး ရောဂါပိုး ကူးစက်မှု ကာကွယ်တားဆီးရေး အစီအမံတွေ ဘယ်လိုလုပ်ဆောင်ထားသလဲ ဆိုတဲ့အပေါ်မှာ မူတည်ပြီး အခြေအနေ ကွာခြားမှု ကြီးမားသွားမယ်” လို့ဆိုပါတယ်။ “ကူးစက်မှုအခြေအနေအပေါ် သက်ရောက်မှုကို တိုင်းတာဖို့ ခက်ပေမဲ့ လူတစ်ယောက်ကနေ ဘယ်နှစ်ယောက်ကို ထပ်ပြီးကူးစက်သလဲ ဆိုတာကို ဖော်ပြနိုင်တဲ့ ပိုးတွေထပ်ဆင့် မျိုးပွားမှုကတော့ များနေမှာလို့ ပြောနိုင်တယ်။ ဒီအချက်အလက် သုံးသပ်ချက်တွေကို အခြေခံပြီး နောက်ထပ် ကူးစက်မှုလှိုင်း ဖြစ်လာတဲ့အခါမှာ ကူးစက်ခံရသူ အရေအတွက် လျင်လျင်မြန်မြန် တိုးလာမယ်။ အဲဒီလိုဆိုရင် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုအပေါ် ဝန်ပိလာမယ်။ လူနာတင်ယာဉ်ခေါ်ဖို့ ဖုန်းဆက်မရနိုင်တဲ့ အခြေအနေ မျိုးတွေ ပိုဖြစ်လာဖို့များတယ်“ လို့ သူ့ရဲ့ စိုးရိမ်မှုကို ထုတ်ဖေါ် ပြောပြခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(471) ကာလတို သီးခြားခွဲနေထိုင်ခြင်း− အန္တရာယ်တွေနဲ့ သတိထားရမယ့်အချက်များ။
အပိုင်း− ၃ ရောဂါဖြစ်တာ ၈ ရက်ကျော်ရင် ကိုယ်ကတစ်ဆင့် တခြားသူကို ကူးစေနိုင်တဲ့ အန္တရာယ် ရှိသေးသလား။

အဖြေ− ဂျပန်အစိုးရဟာ စက်တင်ဘာလ ၇ ရက်က စတင်ပြီး ကိုရိုနာဗိုင်းရပ်စ် လူနာတွေ မိမိဖာသာ သီးခြားခွဲနေထိုင်ရမယ့်အချိန်ကို ၁၀ ရက်ကနေ ၇ ရက်ကို လျှော့ချလိုက်ပါတယ်။ ဒီလို ပြောင်းလဲ လိုက်တာနဲ့ ပတ်သက်ပြီး သိပ္ပံနည်းကျ အခြေခံအချက်အလက်တွေနဲ့ အန္တရာယ်ရှိမရှိ ဆိုတာကို တင်ဆက်ပေးနေပါတယ်။
အခုတစ်ခါ ရောဂါလက္ခဏာစပြတာ ၈ ရက်ပြည့်ပြီးတဲ့နောက် ကိုယ်ကတစ်ဆင့် တခြားသူကို ပြန်ကူးစက်စေနိုင်တဲ့အန္တရာယ်ရှိနိုင်သေး သလား ဆိုတာကို လေ့လာကြည့်ပါမယ်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလကနေ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း ဂျပန်နိုင်ငံ့ ကူးစက်ရောဂါဆိုင်ရာ ဌာန Japan's National Institute of Infectious Diseases က ကိုဗစ် ရောဂါပိုးကူးစက်ပြီး လက္ခဏာတွေ ပြနေတဲ့ ကူးစက်ခံရသူတွေမှာ ဗိုင်းရပ်စ်ပိုးဟာ ဘယ်လောက်ကြာကြာ ရှိနေနိုင်သလဲဆိုတာကို ဆန်းစစ်လေ့လာမှု ပြုလုပ်ခဲ့ပါတယ်။
ရောဂါလက္ခဏာတွေ စပေါ်လာတဲ့နေ့ကို နေ့ သုည Day 0 လို့ သတ်မှတ်ပြီး လေ့လာကြည့်ခဲ့ရာမှာ ပထမနေ့ Day 1 မှာ ရောဂါပိုးဟာ ၉၆.၃ ရာခိုင်နှုန်း၊ စတုတ္ထမြောက်နေ့ Day 4 မှာ ၆၀.၃ ရာခိုင်နှုန်းနဲ့ ၇ ရက်ပြည့်တဲ့နေ့ Day 7 မှာ ဗိုင်းရပ်စ်ပိုး ၂၃.၉ ရာခိုင်နှုန်း ရှိနေတာကို တွေ့ရပါတယ်။ ၈ ရက်ပြည့်တဲ့နေ့ Day 8 မှာတော့ ရောဂါပိုး ၁၆.၀ ရာခိုင်နှုန်းအထိ ကျသွားတာ တွေ့ရပြီး ၉ ရက်မြောက်နေ့မှာ ၁၀.၂ ရာခိုင်နှုန်း၊ ၁၀ ရက်မြောက်မှာ ၆.၂ ရာခိုင်နှုန်း၊ ၁၁ ရက်ပြည့်မှာ ၃.၆ ရာခိုင်နှုန်း၊ ၁၂ ရက်မှာ ၂.၀ ရာခိုင်နှုန်း၊ ၁၃ ရက်မှာ ၁.၁ ရာခိုင်နှုန်းနဲ့ ၁၄ ရက်မြောက်နေ့မှာတော့ ၀.၆ ရာခိုင်နှုန်းအထိ ဆက်ပြီး ကျဆင်းသွား တာကို တွေ့ရပါတယ်။ တစ်နည်းအားဖြင့် စည်းမျဉ်းသစ်အရ မိမိဖာသာ သီးခြားခွဲနေထိုင်တဲ့ကာလ ပြီးဆုံးတဲ့ ၈ရက်မြောက်နေ့မှာ ကူးစက်ခံထားရသူ ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်စ်ပိုး ၁၀ ရာခိုင်နှုန်းကျော် ရှိသေးတယ်ဆိုတာ တွေ့ရပါတယ်။
ကျိုတိုတက္ကသိုလ်က ပါမောက္ခ Nishiura Hiroshi က အမေရိကန် ပြည်ထောင်စုက ဟားဗတ်တက္ကသိုလ်ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ရဲ့ သုတေသန ရလဒ်တွေကို စက်တင်ဘာ ၇ ရက်က လုပ်တဲ့ ပညာရှင်များ အဖွဲ့ အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။ အဲဒီ သုတေသန ရလဒ်အရ ၅ မြောက်နေ့မှာ လူနာ ၅၀ ရာခိုင်နှုန်းကျော်မှာ ဗိုင်းရပ်စ်ရှိနေသေးပြီး ၈ရက်မြောက် မှာတော့ လူနာ၂၅ ရာခိုင်နှုန်းမှာ ဗိုင်းရပ်စ်ရှိနေသေး တာကို တွေ့ရတယ်လို့ သိရပါတယ်။ ပါမောက္ခ Nishiura က ရောဂါလက္ခဏာတွေ စပေါ်ပြီး သတ်မှတ်ထားတဲ့ အချိန်အတိုင်း အတာတစ်ခု ကျော်လွန်သွားတဲ့တိုင်အောင် မိမိကနေ တခြားသူကို ဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့စေနိုင်တဲ့ အန္တရာယ် ရှိနေသေးတယ်လို့ သတိပေး ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(470) ကာလတို သီးခြားခွဲနေထိုင်ခြင်း− အန္တရာယ်တွေနဲ့ သတိထားရမယ့်အချက်များ။
အပိုင်း− ၂ သိပ္ပံနည်းကျ လေ့လာထားတဲ့ အခြေခံအချက်အလက်တွေက ဘာတွေလဲ။

အဖြေ− ဂျပန်အစိုးရဟာ စက်တင်ဘာလ ၇ ရက်က စတင်ပြီး ကိုရိုနာဗိုင်းရပ်စ် လူနာတွေ မိမိဖာသာ သီးခြားခွဲနေထိုင်ရမယ့်အချိန်ကို ကာလတိုအဖြစ် ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။
အဲဒီလို ရက်လျှော့ချလိုက်တာနဲ့ ပတ်သက်ပြီး သိပ္ပံနည်းကျ‌‌သုံးသပ်ထားတဲ့ အခြေခံအချက်အလက်တွေကို ကြည့်ပြီး အဲဒီ စည်းမျဉ်းသစ် သတ်မှတ်ချက်ဟာ ဘေးကင်းစိတ်ချရမှုရှိသလား ဆိုတာကို လေ့လာကြည့်ပါမယ်။
ကိုဗစ်ပိုးရဲ့ရောဂါလက္ခဏာရှိနေသူတွေအတွက် သီးခြားခွဲ နေထိုင်ရမယ့်ကာလကို ၁၀ ရက်ကနေ ၇ ရက်ကို လျှော့ချလိုက်တာ ဘယ်လို အချက်အလက်တွေအပေါ် အခြေခံပြီး စည်းကမ်းကို ပြောင်းလဲလိုက်တာလဲဆိုတာ ကြည့်ကြရအောင်။
စက်တင်ဘာ ၇ ရက်က ပြုလုပ်တဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပညာရှင်အဖွဲ့ အစည်းအဝေးမှာ ကိုဗစ်ပိုးကူးပြီး ရောဂါလက္ခဏာ ပြသသူ လူနာ ၅၉ ဦးရဲ့ ဗိုင်းရပ်စ်ပိုးခန္ဓာကိုယ်ထဲမှာ ဘယ်လောက် ရှိသလဲဆိုတဲ့ အချက်တွေကို တင်ပြခဲ့ကြပါတယ်။
ရောဂါလက္ခဏာစတွေ့တဲ့နေ့ကို သုည Day 0 အဖြစ်သတ်မှတ်ပြီး ၇ ရက်ပြည့်တဲ့နေ့ Day 7 ကနေ Day 13 ၁၃ ရက်ပြည့်တဲ့ အချိန်အတွင်းမှာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဗိုင်းရပ်စ်ပမာဏဟာ ၃ ရက် မြောက်နေ့ Day 3 မှာရှိတဲ့ ပမာဏရဲ့ခြောက်ပုံတစ်ပုံလောက် နည်းသွားတာကို တွေ့ရပါတယ်။ အဲဒီအချက်အလက်တွေဟာ Omicron ရဲ့မျိုးကွဲ BA.I ကူးစက်ပြန့်ပွားနေချိန် ၂၀၂၁ ခုနှစ် နိုဝင်ဘာလကနေ စပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း ဂျပန်နိုင်ငံ့ ကူးစက်ရောဂါဆိုင်ရာဌာန Japan's National Institute of Infectious Diseases က ပြုလုပ်တဲ့ ဆန်းစစ်လေ့လာမှုအပေါ် အခြေခံထားတာ ဖြစ်ပါတယ်။
လူနာတွေဟာ ရောဂါလက္ခဏာပြပြီး ၇ ရက်ပြည့်တဲ့နေ့ Day 7 ကျော်တဲ့အထိ ဗိုင်းရပ်စ်တွေ ဆက်ပွားနေပေမဲ့လည်း တခြားသူတွေကို ရောဂါပိုး ကူးစက်နိုင်ခြေ လျော့ကျသွားပြီလို့ စဉ်းစားနိုင်ကြောင်း သုတေသီတွေက ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(469) ကာလတို သီးခြားခွဲနေထိုင်ခြင်း− အန္တရာယ်တွေနဲ့ သတိထားရမယ့်အချက်များ။
အပိုင်း− ၁ ပြောင်းလဲပြင်ဆင်လိုက်တဲ့ စည်းမျည်းစည်းကမ်းတွေက ဘာတွေလဲ။

အဖြေ− ဂျပန်အစိုးရဟာ စက်တင်ဘာလ ၇ ရက်က စတင်ပြီး ကိုရိုနာဗိုင်းရပ်စ် လူနာတွေ မိမိဖာသာ သီးခြားခွဲနေထိုင်ရမယ့်အချိန်ကို ကာလတိုအဖြစ် ပြောင်းလဲသတ်မှတ်လိုက်ပြီး ကန့်သတ်ချက်တွေ ကိုလည်း ဖြေလျှော့ပေးခဲ့ပါတယ်။ ကိုဗစ်ပိုးရဲ့ရောဂါလက္ခဏာတွေ ရှိနေသူတွေဟာ သီးခြားခွဲနေထိုင်ရမယ့်ရက်ကို ၁၀ ရက်ကနေ ၇ ရက် ကို လျှော့ချလိုက်ပါတယ်။
အခုလို ရက်ကို လျှော့ချလိုက်တာနဲ့ ပတ်သက်ပြီး ဒီတစ်ကြိမ်မှာတော့ သိပ္ပံနည်းကျ‌‌ဝေဖန်ပိုင်းခြားထားတဲ့ အခြေခံအချက်အလက်တွေနဲ့ အခုလို စည်းမျဉ်းသစ်သတ်မှတ်ချက်အပေါ် ကျွမ်းကျင်သူတွေက ဘယ်လိုမြင်သလဲ ဘေးကင်းစိတ်ချရမှုရှိသလား ဆိုတာကို လေ့လာ ကြည့်ပါမယ်။
စက်တင်ဘာလ ၇ ရက်နေ့ကစတင်ပြီး သီးခြားခွဲ နေထိုင်ရမယ့် စည်းမျဉ်းစည်းကမ်းသစ်တွေကို ပြောင်းလဲလိုက်တာကို ပထမပိုင်း အနေနဲ့ ကြည့်ကြရအောင်။
ကိုဗစ်ရဲ့ရောဂါလက္ခဏာတွေ ပြနေသူတွေဟာ
ရောဂါလက္ခဏာတွေ စတင်ဖြစ်ပေါ်ပြီးနောက်တစ်နေ့ကနေ စရေတွက်ရင် ၇ရက်ပြည့်ပြီးတဲ့သူ၊ ရောဂါလည်း သက်သာပြီး ၂၄ နာရီကြာပြီးသွားတဲ့သူဟာ ၈ ရက်ပြည့်မြောက်တဲ့နေ့မှာ သီးခြားခွဲ နေထိုင်ရမယ့် ကာလပြီးဆုံးမှာ ဖြစ်ပါတယ်။
ကိုဗစ်ပိုးရဲ့ရောဂါလက္ခဏာမပြတဲ့သူတွေကတော့
ကိုဗစ်ပိုးတစ်ကြိမ် စစ်ပြီး ၅ ရက်မြောက်နေ့မှာ test kit နဲ့ ကိုယ့်ဖာသာ စစ်ပြီး ကိုဗစ်ဗိုင်းရပ်စ်ပိုး မတွေ့ရှိကြောင်း အထောက်အထား ထွက် တယ်ဆိုရင် ၆ ရက်မြောက်နေ့မှာ သီးခြားခွဲနေထိုင်မှုကာလကို အဆုံးသတ်နိုင်ပါတယ်။
ဒါပေမဲ့ သီးခြားခွဲနေထိုင်မှုကာလပြီးပြီဆိုပြီး သက်ကြီးရွယ်အိုတွေနဲ့ တွေ့ဆုံတာ ဒါမှမဟုတ် လူအများနဲ့အတူ စားသောက်တာတွေ ပြုလုပ်ရင် ရောဂါကူးစက်နိုင်သေးတဲ့ အန္တရာယ်ရှိပါတယ်။ ရောဂါ လက္ခဏာပြသူတွေအနေနဲ့ ရောဂါလက္ခဏာတွေ စတင်ပေါ်လာပြီး ၁၀ ရက် အကြာအထိ တခြားသူတွေဆီ ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်ပါ တယ်။ ရောဂါလက္ခဏာ မပြတဲ့သူတွေကတော့ ၇ ရက်ကြာတဲ့အထိ ကိုယ့်ဆီကနေ တခြားသူတွေဆီ ရောဂါပိုး ကူးစက်နိုင်ပါတယ်။ ကာကွယ်တားဆီးရေး အစီအမံတွေကို အသေအချာ လုပ်ဆောင်ပြီးမှ လူတွေနဲ့တွေ့ဆုံသင့်ပါတယ်။
ဆေးရုံတင်ရမယ့် လူနာတွေနဲ့ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး ဂေဟာမှာ အဆောက်အဦတွေမှာ ဝင်ရောက်ရမယ့်သူတွေလည်း အထက်ပါ ကန့်သတ်ချက်အတိုင်းပဲ အပြောင်းအလဲမရှိပါဘူး။ ရောဂါ လက္ခဏာ စဖြစ်ပြီးနောက်နောက်နေ့ကနေ စရေတွက်ပြီး ၁၀ရက်မြောက်နေ့မှာ၊ ရောဂါသက်သာလာပြီး အနည်းဆုံး ၇၂ နာရီကြာပြီ ဆိုရင် သီးခြားခွဲနေထိုင်ရမယ့် ကာလကို ၁၁ ရက်မြောက် နေ့မှာ အဆုံးသတ်နိုင်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(468) ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်တဲ့ ဆေးဝါးတွေနဲ့ ပတ်သက်တဲ့ နောက်ဆုံးရ အချက်အလက်များ။
အပိုင်း− ၅ အခြားရောဂါ ကုသ ဆေးများ။

အဖြေ− ကိုရိုနာဗိုင်းရပ်စ် ကုသဆေးတွေ နဲ့ပတ်သက်ပြီး ဂျပန်မှာ အတည်ပြုထားတဲ့ နောက်ဆုံးရ အချက်အလက်တွေကို တင်ဆက်ပေးနေပါတယ်။ ဒီတခါ ကိုရိုနာဗိုင်းရပ်စ် ကုသရာမှာလည်း ထိရောက်တဲ့ တခြားရောဂါတွေကုသဖို့ အရင်ကတည်းက တီထွင်ထားတဲ့ ဆေးဝါးတွေနဲ့ပတ်သက်ပြီး လေ့လာကြည့်ကြပါမယ်။

ဗိုင်းရပ်စ်ပိုးသတ်ဆေး remdesivir ကို အီဘိုလာရောဂါကိုကုသဖို့ ပထမဆုံးတီထွင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဆေးဟာ ၂၀၂၀ ပြည့်နှစ် မေလမှာ ဂျပန်က ကိုဗစ်လူနာတွေကို ကုသရာမှာ အရေးပေါ်အသုံးပြုဖို့အတွက် ပထမဆုံး ခွင့်ပြုချက်ပေးခဲ့ပါတယ်။ ဒီဆေးကို ကနဦးမှာ ကိုဗစ်ကြောင့်ရောဂါလက္ခဏာ အသင့်အတင့် ဖြစ်နေသူကနေ ရောဂါပြင်းထန်တဲ့ လူနာတွေကိုကုသဖို့ အသုံးပြုခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် မတ်လမှာတော့ ကျန်းမာရေးဝန်ကြီးဌာနဟာ ရောဂါလက္ခဏာ ပြင်းထန်လာနိုင်ခြေရှိပြီး  လက္ခဏာအပျော့စား ခံစားနေရသူကနေ အသင့်အတင့် ရောဂါလက္ခဏာ ပြသသူ လူနာတွေမှာပါ သုံးစွဲခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှာ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနဟာ ကိုရိုနာဗိုင်းရပ်စ်လူနာတွေကို ကုသဖို့အတွက် စတီးရွိုက် steroid ဆေး တစ်မျိုးဖြစ်တဲ့ dexamethasone ကို ထောက်ခံချက် ပေးခဲ့ပါတယ်။ အဲဒီဆေးဟာ အဆုတ်ရောင်ရောဂါ ပြင်းထန်တဲ့သူတွေနဲ့ ခန္ဓာကိုယ်ရောင်ရမ်းနာကျင်ပြီး ဓာတ်မတည့်တဲ့ ဝေဒနာ ခံစားနေရသူတွေကို ကုသတဲ့ဆေးဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အဆုတ်ရောင်ပြီး အောက်စီဂျင်ပေးဖို့ အသက်ရှူစက်တပ်ရတဲ့ လူနာတွေမှာ COVIDရဲ့လက္ခဏာ အသင့်အတင့်ကနေ ပြင်းပြင်းထန်ထန် ပြသလာရင် အဲဒီဆေးကို အသုံးပြုမှာ ဖြစ်ပါတယ်။

ကိုဗစ်လူနာတွေမှာ သုံးဖို့ ၂၀၂၁ ခုနှစ် ဧပြီလမှာ ဂျပန်အစိုးရက အတည်ပြုပေးလိုက်တဲ့ Baricitinib က အရောင်ကျဆေး ဖြစ်ပါတယ်။ ရောဂါလက္ခဏာ အသင့်အတင့်ဆိုးတာ ဒါမှမဟုတ် ရောဂါပြင်းထန်တဲ့ ကိုဗစ်လူနာတွေကို ကုသရာမှာ သုံးပါတယ်။ ဒီဆေးဟာ လေးဘက်နာလို အဆစ်အမြစ်ရောင် ရောဂါခံစားနေရသူတွေအတွက် တီထွင်ထားတဲ့ သောက်ဆေးတစ်မျိုး ဖြစ်ပါတယ်။ ဂျပန်မှာ ဒီဆေး Remdesivir ဆေးနဲ့သာ တွဲသောက်ရမယ်လို့ ကန့်သတ်ထားပါတယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ အတည်ပြုခဲ့တဲ့ Actemra ဆေးကတော့ Tocilizumab ဆေးလို့ လူတွေသိထားတဲ့ ရောင်ရမ်းနာကျင်မှု သက်သာစေတဲ့ဆေးပါ။ အဲဒီ ဆေးကို COVID ရောဂါလက္ခဏာ အသင့်အတင့် ခံစားနေရသူအပြင် ပြင်းထန်တဲ့ဝေဒနာခံစားနေရတဲ့ လူနာတွေ မှာ steroid ဆေးနဲ့ တွဲပေးပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(467) ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်တဲ့ ဆေးဝါးတွေနဲ့ ပတ်သက်တဲ့ နောက်ဆုံးရ အချက်အလက်များ။
အပိုင်း− ၄ ပဋိပစ္စည်း ကုထုံး

အဖြေ− ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ဆေးတွေရဲ့ ထိရောက်မှု အပါအဝင် ဂျပန်မှာ အတည်ပြုထားတဲ့ ဆေးဝါးတွေနဲ့ ပတ်သက်တဲ့ နောက်ဆုံးရ အချက်အလက်တွေကို လေ့လာကြရပါမယ်။ အခုတခါ ပဋိပစ္စည်းကုထုံးအကြောင်း ကြည့်ကြရအောင်။

ဖန်တီးထားတဲ့ လူလုပ်ပဋိပစ္စည်းတွေဟာ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးရဲ့ မျက်နှာပြင်ပေါ်က ဆူးချွန်ပရိုတိန်းတွေမှာ သွားကပ်လိုက်ပြီး လူသားဆဲလ်တွေထဲကို ဗိုင်းရပ်စ်တွေ ထိုးဖေါက် မဝင်ရောက်နိုင်အောင် တားဆီးပေးပါတယ်။

ဂျပန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက COVID-19 ကို ကုသဖို့အတွက် "antibody cocktail treatment" “ပေါင်းစပ်ပဋိပစ္စည်း ကုထုံး” ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ အတည်ပြုခဲ့ပါတယ်။ Ronapreve ပေါင်းစပ် ပဋိပစ္စည်း ကုထုံးတစ်မျိုးဖြစ်ပြီး အပျော့စားရောဂါလက္ခဏာရှိတဲ့ COVID-19 လူနာတွေမှာ အသုံးပြုဖို့အတွက် ဂျပန်မှာ ပထမဆုံး ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ အဲဒီကုထုံးဟာ Casirivimab နဲ့ Imdevimab လို့ခေါ်တဲ့ ဗိုင်းရပ်စ်ရဲ့ အာနိသင်ကို ပြယ်စေတဲ့ ပဋိပစ္စည်း ၂မျိုးကို ပေါင်းစပ်ပြီး အကြောဆေးအနေနဲ့ ထိုးပြီး ကုသတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ အဲဒီ ဝန်ကြီးဌာနက ယေဘုံယျအားဖြင့် Sotrovimab ကို အသုံးပြုဖို့ ခွင့်ပြုခဲ့ပါတယ်။ စျေးကွက်ထဲမှာ Xevudy ဆိုတဲ့နာမည်နဲ့ ရောင်းတဲ့ ပဋိပစ္စည်းတစ်မျိုးဖြစ်ပြီး ဒရစ်ပ်ပိုက်နဲ့ချိတ်ပြီး သွင်းရတဲ့ အကြောဆေး ဖြစ်ပါတယ်။

သက်ကြီးရွယ်အို လူနာတွေ ဒါမှမဟုတ် ရောဂါအခံ ရှိသူတွေ၊ ရောဂါပြင်းထန်လာနိုင်ခြေရှိတဲ့ အဆုတ်ရောင်တဲ့လက္ခဏာ ရှိတဲ့လူနာတွေကို ဒီဆေးပေးလို့ ရပါတယ်။ ဒါ့အပြင် ရောဂါလက္ခဏာ အပျော့စားကနေ အလယ်အလတ် ရောဂါလက္ခဏာတွေ ပြနေတဲ့ ကိုဗစ်လူနာတွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ဒီဆေးနဲ့ ကုသပေး လို့ရပါတယ်။

ဒီဆေးကတော့ COVID-19 ရောဂါလက္ခဏာတွေ ပေါ်လာပြီး ၇ ရက်အတွင်း မှာ ဆေးတစ်ကြိမ် ပေးပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ် အားနည်းတာကြောင့် ရောဂါကူးစက်ခံရရင် ပြင်းပြင်းထန်ထန် ဖျားနာနိုင်တဲ့ အန္တရာယ်ရှိတဲ့ အနီးကပ် ထိတွေ့မိသူတွေအတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဒီဆေးကို ပေးနိုင်တယ်လို့လည်း ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထားပါတယ်။ လက်တွေ့စမ်းသပ်မှုရလဒ်တွေအရ Ronapreve ပေါင်းစပ် ပဋိပစ္စည်း ကုထုံးနဲ့ ကုသမှုခံယူထားတဲ့ ကိုဗစ်လူနာတွေဟာ ဆေးရုံတက် ကုသရလောက်အောင် ရောဂါ မပြင်းထန်တော့တာ တွေ့ရပြီး သေဆုံးဖို့ အန္တရာယ်ကနေ ၇၀ ရာခိုင်နှုန်းလောက် ကာကွယ်ပေးတာ တွေ့ရှိခဲ့ပါတယ်။ Xevudy ဆေးနဲ့ စမ်းသပ်ကုသမှုမှာတော့ အဲဒီလို ရောဂါဆိုးလာနိုင်ခြေ ကို ၈၅ ရာခိုင်နှုန်းလောက် လျှော့ချပေးတာ တွေ့ရှိခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီ ပဋိပစ္စည်းဆေးဝါးတွေနဲ့ ကုထုံးမှာ ချို့ယွင်းချက်တွေ ရှိနေပါတယ်။ မျိုးဗီဇပြောင်းနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဆူးချွန် ပရိုတင်း ကွဲသွားရင် ထိရောက်မှု နည်းတာ တွေ့ရပါတယ်။ အထူးသဖြင့် အခု နောက်ဆုံး ကူးစက်မှုအမြင့်ဆုံး ဖြစ်စေခဲ့တဲ့ omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အပေါ်  သိသိသာသာ ထိရောက်မှု နည်းပါးတယ်လို့ သိရှိရပါတယ်။

ဂျပန်ကျန်းမာရေးဝန်ကြီးဌာနရဲ့  COVID-19 ကုထုံးဆိုင်ရာ လမ်းညွှန်ချက်မှာတော့ ဆရာဝန်တွေအနေနဲ့ တခြားနည်းလမ်းနဲ့ ကုသဖို့ ရွေးချယ်စရာ မရှိတဲ့အခါမှာမှ ဒီ ပဋိပစ္စည်း ကုထုံးကို အသုံးပြုဖို့ စဉ်းစားကြပါလို့ အကြံပြုထားပါတယ်။

၂၀၂၂ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့က ဗြိတိန်ဆေးကုမ္ပဏီ AstraZeneca ကထုတ်လုပ်တဲ့ Evusheld လို့ခေါ်တဲ့ ကိုယ်ခံအား မြှင့်တင်ပေးတဲ့ ထိုးဆေး တစ်မျိုးကို ဂျပန်နိုင်ငံမှာ အတည်ပြုခဲ့ပါတယ်။ အဲဒီထိုးဆေးကို အဓိကအားဖြင့် ကိုယ်ခံအားစနစ် အားနည်းပြီး ကာကွယ်ဆေးထိုးထားလည်းပဲ ကာကွယ်ဆေးမတိုးတဲ့သူတွေမှာ သုံးရမှာ ဖြစ်ပါတယ်။ 

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(466) ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်တဲ့ ဆေးဝါးတွေနဲ့ ပတ်သက်တဲ့ နောက်ဆုံးရ အချက်အလက်များ။
အပိုင်း− ၃ Xocova ဆေး

အဖြေ− ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါဖြစ်ရင် ကုသနိုင်တဲ့ဆေး တွေနဲ့ပတ်သက်ပြီး နောက်ဆုံးရ အချက်အလက်တွေကို လေ့လာကြရပါမယ်။ အခုတစ်ကြိမ်မှာ Xocova ဆေးအကြောင်း ကြည့်ကြရအောင်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါပြင်းထန်နိုင်ခြေ နည်းတဲ့သူတွေလည်း သောက်နိုင်တဲ့ Xocova ဆေးကို ဂျပန်ဆေးဝါးကုမ္ပဏီ Shionogi က ခွင့်ပြုချက်ရဖို့ လျှောက်ထားခဲ့ပါတယ်။
Xocova ဆေးဟာ ကိုရိုနာ ဗိုင်းရပ်စ်က လူရဲ့ဆဲလ်တွေထဲ ထိုးဖောက်ဝင်ပြီး မျိုးပွားဖို့ အတွက် RNA တွေကို ကော်ပီကူးဖို့လုပ်နေတဲ့အချိန်မှာ ဇီဝဓာတ်ကူပစ္စည်းပရိုတိန်း တစ်မျိုးဖြစ်တဲ့ အင်ဇိုင်း (Enzyme)က အလုပ်မလုပ်နိုင်အောင် တားဆီးပေးတဲ့ ဆေးဖြစ်ပါတယ်။

ဇန်န၀ါရီကနေ ဖေဖော်ဝါရီလအတွင်း အဲဒီကုမ္ပဏီက လက်တွေ့စမ်းသပ်မှုတွေ ပြုလုပ်ပြီး ရလဒ်တွေကို အခုနှစ် ဧပြီလမှာ ထုတ်ပြန်ခဲ့ပါတယ်။
ရောဂါလက္ခဏာ အနည်းငယ်ရှိသူကနေ အလယ်အလတ် ရောဂါလက္ခဏာရှိတဲ့ အသက် ၁၂ နှစ်ကနေ အသက် ၇၀ အောက် ကိုဗစ်လူနာ ၄၂၈ ဦး ကို တစ်နေ့မှာ Xocova တစ်လုံး တိုက်ခဲ့ပြီး ၃ ရက် ပြည့်ပြီးနောက်မှာ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ နှာရည်ယိုတာ၊ အဖျားတက်တာ စတဲ့ လက္ခဏာ ၅မျိုး သက်သာလာတာကို တွေ့ရတယ်လို့ Shionogi ကုမ္ပဏီက ပြောပါတယ်။ အာနိသင်မဲ့ဆေး တိုက်ထားတဲ့ အုပ်စုနဲ့ နှိုင်းယှဉ်ရင် ရောဂါလက္ခဏာ သက်သာတာတွေ့ရပါတယ်။
ကူးစက်နိုင်စွမ်းရှိတဲ့ ဗိုင်းရပ်စ်ပိုးရှိတဲ့ လူနာ အချိုးအစားဟာ ၉၀ ရာခိုင်နှုန်း လျော့ကျသွားပြီး ဗိုင်းရပ်စ်မရှိတော့တဲ့အထိ ကြာရှည်ချိန်ကလည်း ၁ရက်ကနေ ၂ရက် အချိန်ပိုတိုသွားတယ်လို့လည်း Shionogi ကုမ္ပဏီက ပြောပါတယ်။
ဒါပေမဲ့ ဝမ်းလျှောတာ၊ အော့အန်တာစတဲ့ ရောဂါလက္ခဏာ ၁၂ မျိုး ပျောက်ကင်းမှုကို အာနိသင်မဲ့ဆေး သောက်ထားတဲ့ လူနာအုပ်စုနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါမှာ သိသိသာသာ ကွာခြားမှု မရှိတာတွေ့ရတယ်လို့ ဆိုပါတယ်။
ဆေးရဲ့ ထိရောက်မှုနဲ့ ဘေးကင်းစိတ်ချမှုကို အကဲဖြတ်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက အကဲဖြတ်အဖွဲ့တစ်ဖွဲ့က ဇွန်လနဲ့ ဇူလိုင်လမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ဒီဆေးဟာ ပြင်းပြင်းထန်ထန် မဖျားနာအောင် ကာကွယ်ရာမှာ ထိရောက်မှုရှိတယ်လို့ ယူဆကြောင်း အဖွဲ့ဝင်တချို့က ဆိုပါတယ်။ ဒါပေမဲ့ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ လက္ခဏာတွေအပေါ် အမှန်တကယ် ထိရောက်မှုရှိရဲ့လားလို့ မေးခဲ့ကြပါတယ်။
အဲဒါကြောင့် ဒီဆေးကို အတည်ပြုမပြု ကော်မတီက ဆုံးဖြတ်ချက်ပေးဖို့ ရွေ့ဆိုင်းလိုက်ပြီး ဆက်လက် အကဲဖြတ်ဖို့ သဘောတူခဲ့ကြပါတယ်။ Shionogi ဆေးဝါးကုမ္ပဏီက နောက်ဆုံးအဆင့် လက်တွေ့စမ်းသပ်မှုကရတဲ့ အချက်အလက်တွေကို စက်တင်ဘာလကုန်မှာ ထုတ်ပြန်မယ်လို့ ဆိုပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(465) ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်တဲ့ ဆေးဝါးတွေနဲ့ ပတ်သက်တဲ့ နောက်ဆုံးရ အချက်အလက်များ။
အပိုင်း− ၂ Paxlovid ဆေး

အဖြေ− ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါတွေကို ကုသတဲ့ ဆေးဝါးတွေနဲ့ ပတ်သက်ပြီး တင်ဆက်နေပါတယ်။ ဂျပန်မှာ အတည်ပြုထားတဲ့ ဆေးဝါးတွေနဲ့ ပတ်သက်တဲ့ နောက်ဆုံးရ အချက်အလက်တွေကို လေ့လာကြည့်ကြရအောင်။

ဂျပန်အစိုးရက အပျော့စားရောဂါလက္ခဏာရှိသူတွေ အပါအဝင် ကိုရိုနာဗိုင်းရပ်စ် လူနာတွေကို ကုသဖို့အတွက် အခုအထိ သောက်ဆေး ၂ မျိုးကို အတည်ပြုထားပါတယ်။ အဲဒီဆေးဝါးတွေထဲက တစ်မျိုးက အမေရိကန်ဆေးဝါး ကုမ္ပဏီကြီး Merck က ထုတ်လုပ်ထားတဲ့ Lagevrio ဖြစ်ပြီး ကျန်တစ်မျိုးကတော့ အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer က ထုတ်လုပ်တဲ့ Paxlovid ဖြစ်ပါတယ်။ အဲဒီ ဆေးဝါး ၂ မျိုးလုံးကို ပြင်းထန်တဲ့လက္ခဏာတွေ ဖြစ်ပေါ်လာနိုင်ခြေရှိတဲ့ ကိုဗစ်လူနာတွေအတွက် အသုံးပြုနေပြီး လူ့ခန္ဓာကိုယ်ထဲက ဆဲလ်တွေထဲမှာရောက်နေတဲ့ ကိုဗစ်ဗိုင်းရပ်စ်တွေ ဆက်ပြီးမျိုးပွားလို့ မရအောင် ထိထိရောက်ရောက် တားဆီးပေးနိုင်ပါတယ်။

Paxlovid ဆေး နဲ့ လက်တွေ့စမ်းသပ်မှုတွေအရ ရောဂါလက္ခဏာ စပေါ်ပြီး ၃ရက်အတွင်းမှာ ဒီဆေးနဲ့ကုသရင် ဆေးရုံတက် မကုသရပါဘူး။ သေဆုံးနိုင်ခြေကိုလည်း ၈၉ ရာခိုင်နှုန်း လျှော့ချပေးပါတယ်။ ရောဂါ လက္ခဏာစပေါ်ပြီး ၅ရက်အတွင်းမှာ ဒီဆေးနဲ့ ကုသပေးရင်တော့ ၈၈ ရာခိုင်နှုန်းအထိ သေဆုံးနိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ Pfizer က ပြောကြားခဲ့ပါတယ်။

ဆေးသောက်ပြီးနောက်ပိုင်း ဖြစ်ပေါ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ နဲ့ ပတ်သက်ပြီး လေ့လာကြည့်တဲ့အခါ တကယ့်ဆေးတိုက်တဲ့သူနဲ့ အာနိသင်မရှိတဲ့ဆေး ပေးပြီးကုသတဲ့ သူကို နှိုင်းယှဉ်ကြည့်ရာမှာ  အများစုမှာ အပျော့စားလက္ခဏာတွေပဲဖြစ်ပေါ်ပြီး ကွာခြားမှု သိပ်မရှိတာကို တွေ့ရပါတယ်။ ဒီဆေးပေးလို့ရတဲ့ သူတွေကတော့ အသက် ၁၂ နှစ် နဲ့အထက် COVID-19လက္ခဏာ အလယ်အလတ် ပြသနေပြီဖြစ်တဲ့ လူနာတွေနဲ့ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာနိုင်ခြေ မြင့်မားတဲ့လူနာတွေ ဖြစ်တယ်လို့ ဆေးညွှန်းမှာ ရေးသားထားပါတယ်။ တစ်ရက်ကို ဒီဆေး ၂ ကြိမ်သောက်ရမှာ ဖြစ်ပြီး ၅ ရက်ဆက်တိုက် သောက်ရပါမယ်။

Paxlovid ဆေးနဲ့ တွဲသောက်လို့မရတဲ့ ဆေးအမျိုးပေါင်း ၄၀ လောက် ရှိပါတယ်။ ဒါ့ကြောင့် ဒီဆေးကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုတာ မရှိသေးပါဘူး။ ကျောက်ကပ်ချို့ယွင်းနေတဲ့ လူနာကို တိုက်ရင်လည်း ဆေးပမာဏကို ချိန်ညှိဖို့ လိုအပ်ပါတယ်။ ဂျပန်ကျန်းမာရေး ဝန်ကြီးဌာန မှာ လူပေါင်း ၂ သန်းစာအတွက် ဒီဆေးကို လုံလုံလောက်လောက် စုဆောင်းထားရှိပါတယ်။ ဒါပေမယ့်ဇူလိုင်လ ၂၆ ရက်အထိ လူပေါင်း ၁၇,၆၀၀ လောက်ကိုပဲ ဒီဆေးဝါးနဲ့ ကုသပေးခဲ့တယ်လို့ သိရပါတယ်။ Lagevrio လိုမျိုးပဲ Paxlovid ဆေးကိုလည်း မျိုးဗီဇပြောင်း ကိုဗစ်ဗိုင်းရပ်စ်တွေကို တိုက်ဖျက်ဖို့အတွက် ဆက်ပြီး အသုံးပြုလို့ရပါတယ်။ တခြားမျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကိုလည်း ထိထိရောက်ရောက် တိုက်ဖျက်နိုင်တယ်လို့ ဆိုပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

(464) ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်တဲ့ ဆေးဝါးတွေနဲ့ ပတ်သက်တဲ့ နောက်ဆုံးရ အချက်အလက်များ။
အပိုင်း− ၁ Lagevrio ဆေး

အဖြေ− ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါကို ကုသတဲ့ဆေးဝါး တွေနဲ့ ပတ်သက်ပြီး ပြောပြပေးပါမယ်။ ဂျပန်မှာ အတည်ပြုထားတဲ့ ကိုဗစ်ကုသတဲ့ဆေးဝါးတွေနဲ့ပတ်သက်ပြီး နောက်ဆုံးရ အချက်အလက်တွေကို လေ့လာကြည့်ကြရအောင်။

ဂျပန်အစိုးရက အသိအမှတ်ပြုထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အပျော့စားရောဂါလက္ခဏာ ရှိသူတွေကနေစပြီး သောက်သုံးနိုင်တဲ့ ဆေး ၂မျိုး ရှိပါတယ်။ အဲဒါတွေကတော့ အမေရိကန်ဆေးဝါး ကုမ္ပဏီကြီး Merck က ထုတ်လုပ်ထားတဲ့ Lagevrio နဲ့ အမေရိကန် က Pfizer ဆေးဝါးကုမ္ပဏီထုတ် Paxlovid တို့ ဖြစ်ပါတယ်။ အဲဒီ ဆေး ၂ မျိုးလုံးကို ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာနိုင်တဲ့ ကိုဗစ်လူနာတွေအတွက် အသုံးပြုနေပါတယ်။

 Molnupiravir လို့ လူသိများတဲ့ Lagevrio ဆေးဟာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ဂျပန်အစိုးရက အထူး ခွင့်ပြုချက်ကို အရေးပေါ်ထုတ်ပေးခဲ့ပါတယ်။

လူသားခန္ဓာကိုယ်ထဲကို ကိုဗစ်ဗိုင်းရပ်စ်က ထိုးဖောက်ဝင်ပြီး လူ့ခန္ဓာကိုယ်ထဲ ဆဲလ်တွေထဲက RNA ကို ကူးယူမျိုးပွားဖို့လုပ်တဲ့ အခါမှာ အထောက်အကူပြုတဲ့ ဇီဝဓာတ်ကူပစ္စည်း အင်ဇိုင်း(Enzyme)ကို ဆေးကထိန်းချုပ်လိုက်ပါတယ်။ ပြီးတော့ ဗိုင်းရပ်စ်ရဲ့မျိုးဗီဇကို လွဲချော်အောင် လုပ်လိုက်တဲ့အတွက် ဗိုင်းရပ်စ်တွေ ခန္ဓာကိုယ်ထဲမှာ ထပ်မပွားနိုင်တော့ပါဘူး။

အဲဒီဆေးတွေဟာ သက်ကြီး ရွယ်အိုတွေ၊ အဝလွန်သူတွေ ဒါမှမဟုတ် ဆီးချိုရောဂါရှိသူတွေအပါအဝင် အပြင်းဖျားနိုင်ခြေရှိတဲ့ အသက် ၁၈ နှစ်နဲ့အထက် ကိုဗစ်ရောဂါလက္ခဏာ အတော်အသင့်ရှိတဲ့ လူနာတွေအတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။ ရောဂါလက္ခဏာစပြပြီး ၅ ရက်အတွင်း တစ်နေ့မှာ နှစ်ကြိမ်သောက်ရင် ထိရောက်တယ်လို့ အကြံပြုထားပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ရှိနေသူ ဒါမှမဟုတ် ကိုယ်ဝန်ရနိုင်ခြေ ရှိသူတွေအနေနဲ့ သန္ဓေသားအပေါ် သက်ရောက် နိုင်ခြေ ရှိတဲ့အတွက် အဲဒီဆေးကို မသောက်သင့်ပါဘူး။ ပြင်းထန်တဲ့ ရောဂါလက္ခဏာ ဖြစ်နိုင်ခြေများတဲ့ လူနာတွေကို Lagevrio ဆေးတိုက်တဲ့အခါ ဆေးရုံတက် မကုသရအောင် ဒါမှမဟုတ် သေဆုံးနိုင်ခြေကို ၃၀ရာခိုင်နှုန်း လျှော့ချပေးပါတယ်။ ဆေးအစစ်နဲ့အသွင်တူပေမဲ့ အာနိသင် မရှိတဲ့ဆေးပေးပြီး အုပ်စု ၂ စုကို လက်တွေ့စမ်းသပ်ကြည့်တဲ့အခါ ဆေးသောက်ပြီးနောက် ဖြစ်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုးကတော့ ကွာခြားမှု သိသိသာသာ မရှိတာ တွေ့ရပါတယ်။

အခုအချိန်အထိ ဂျပန်နိုင်ငံမှာ Lagevrio ဆေးနဲ့ လူပေါင်း ၃၈၀,၀၀၀ ကျော်ကို ကုသပေးခဲ့ပါတယ်။ ဒီဆေးထုတ်တဲ့ ကုမ္ပဏီက ဒီကုသဆေးတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ထုတ်နိုင်ပြီလို့  ပြောပါ တယ်။ ဂျပန်အစိုးရက ဒီဆေးနဲ့ကုသဖို့ ကုန်ကျစရိတ်ကို အပြည့်အဝ တာဝန်ယူ ကျခံပေးနေပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

463. Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို ပစ်မှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအသစ်။
အပိုင်း− ၅ လက်ရှိကာကွယ်ဆေးကိုပဲ စတုတ္ထအကြိမ် အားဖြည့်ထိုးနှံခြင်းက ထိရောက်မှု ဘယ်လောက်ရှိလဲ။

အဖြေ− လက်ရှိ ကိုဗစ်ကာကွယ်ဆေးကိုပဲ စတုတ္ထအကြိမ် အားဖြည့်ထိုးနှံတာက ဘယ်လောက် ထိရောက်မှုရှိသလဲ?
ဂျပန်မှာ စုစည်းထားတဲ့ အချက်အလက်တွေကို လေ့လာကြပါမယ်။
တိုကျိုမြို့တော် ဆေးပညာသိပ္ပံဌာနက စတုတ္ထအကြိမ် ကာကွယ်ဆေး အားဖြည့်ထိုးနှံထားကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ သွေးနမူနာတွေ ထဲမှာ ဗိုင်းရပ်စ်ရဲ့အာနိသင်ကိုပြယ်စေတဲ့ ပဋိပစ္စည်းပမာဏ ဘယ်လောက်ရှိသလဲဆိုတာကို ဇူလိုင်လမှာ အချက်အလက်တွေ ထုတ်ပြန်ခဲ့ပါတယ်။
အသက် ၆၀နဲ့ ၇၀တန်း အသက်အရွယ်ရှိသူတွေဟာ တတိယအကြိမ် ကာကွယ်ဆေး အားဖြည့်ထိုးနှံအပြီး လေးလအကြာမှာ ဗိုင်းရပ်စ်ပိုးရဲ့ အာနိသင်ကို ပြယ်စေတဲ့ပဋိပစ္စည်း အဆင့်ဟာ ၈၅၅ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် စတုတ္ထမြောက်အကြိမ် ကာကွယ်ဆေးထိုးနှံအပြီးမှာ ၃၉၄၂ အထိ ပဋိပစ္စည်း ပမာဏမြင့်တက်လာပါတယ်။
ပျမ်းမျှအားဖြင့် အဲဒီလူတွေဟာ တတိယအကြိမ် အားဖြည့် ကာကွယ်ဆေး ထိုးပြီးချိန်မှာ ဗိုင်းရပ်စ်ပိုးရဲ့ အာနိသင်ကို ပြယ်စေတဲ့ ပဋိပစ္စည်း အဆင့်ဟာ မြင့်မားနေသေးတာကိုတွေ့ရပေမဲ့ ပဋိပစ္စည်း ပမာဏအနည်းအများကတော့ လူတစ်ဦးချင်းစီကိုလိုက်ပြီး ကွာခြားမှု ရှိနေခဲ့ပါတယ်။ ဒါပေမဲ့လည်း စတုတ္ထအကြိမ် အားဖြည့် ကာကွယ်ဆေး ထိုးပြီးသူတိုင်းကတော့ ပဋိပစ္စည်းပမာဏ မြင့်မားလာတာကို တွေ့ရပါတယ်။
Omicronက နောက်ထပ်ကူးစက်မှုတွေမြင့်တက်လာအောင် လုပ်မယ့် ကိုဗစ်ပိုးမဟုတ်ဘူးလို့ ဂျပန်နိုင်ငံရဲ့ ကိုဗစ်ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ရဲ့ အဖွဲ့ဝင် Toho တက္ကသိုလ်က ပါမောက္ခ Tateda Kazuhiro က ဆိုပါတယ်။
တတိယအကြိမ် ကာကွယ်ဆေး အားဖြည့်မထိုးနှံရသေးသူတွေအနေနဲ့ ကာကွယ်ဆေးကို အမြန်ထိုးနှံဖို့လိုကြောင်း၊ စတုတ္ထအကြိမ် ကာကွယ်ဆေးထိုးဖို့ ကူပွန်လက်မှတ် ရရှိထားသူတွေအနေနဲ့လည်း အမြန်ဆုံး ကာကွယ်ဆေးသွားရောက် ထိုးနှံဖို့ အရေးကြီးတယ်လို့ သူက ပြောပါတယ်။ ကာကွယ်ဆေးကို အမြန်ထိုးနှံကြမှ ကူးစက်မှု မမြင့်တက်အောင် ထိန်းထားနိုင်မယ်လို့ ဆိုပါတယ်။
မိမိနေထိုင်ရာနေရာမှာ ရရှိနိုင်တဲ့ ကိုဗစ်ကာကွယ်ဆေးကိုပဲ အကြိမ်ရေများများ ထိုးနှံထားနိုင်ရင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါ ပြင်းထန်မလာအောင် ကာကွယ်ပေးနိုင်မယ်လို့ ပြောပါတယ်။ ရောဂါပိုးကူးစက်မှု မများအောင်လည်း အတိုင်းအတာတစ်ခုအထိ ထိထိရောက်ရောက် ထိန်းနိုင်မယ်လို့ ယုံကြည်ရပါတယ်။ ခုခံစွမ်းအား ဆိုင်ရာ၊ ဗိုင်းရပ်စ်နဲ့ ကူးစက်ရောဂါဗေဒ ဆိုင်ရာ ကျွမ်းကျင်သူတွေက ကာကွယ်ဆေးကို သတ်မှတ်စံနှုန်းအတိုင်း အကြိမ်ရေပြည့်အောင်ပဲ အမြန်အားဖြည့်ထိုးနှံကြဖို့ စဉ်းစားသင့်တယ်လို့ ပြောပါတယ်။ ဘယ်ကာကွယ်ဆေး အမျိုးအစားကို ထိုးနှံရမလဲ ဆိုတာနဲ့ ပတ်သက် ပြီးလည်း အလွန်အမင်း ရွေးချယ်ပြီး စိုးရိမ်မနေကြဖို့ အကြံပြုထားပါ တယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

462. Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို ပစ်မှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအသစ်။
အပိုင်း− ၄ စတုတ္ထအကြိမ် ကာကွယ်ဆေး အားဖြည့်ထိုးနှံခြင်းက ထိရောက်မှု ဘယ်လောက်ရှိလဲ။

အဖြေ− စတုတ္ထအကြိမ် အားဖြည့် ကာကွယ်ဆေးက ဘယ်လောက် ထိရောက်မှုရှိသလဲ ဆိုတာနဲ့ ပတ်သက်ပြီး အစ္စရေးနဲ့ အမေရိကန်နိုင်ငံတွေမှာ သုတေသန လုပ်ထားတဲ့ အချက်အလက်တွေကို လေ့လာကြပါမယ်။
ကမ္ဘာတစ်ဝန်းက အစီရင်ခံစာတွေမှာတော့ စတုတ္ထမြောက် ကာကွယ်ဆေး အားဖြည့်ထိုးနှံတာဟာ ဆေးရုံတက် ကုသရတဲ့အထိ ရောဂါပြင်းထန်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး ကိုဗစ်ကြောင့် သေဆုံးနိုင်တာကို ရာခိုင်နှုန်းလျော့ကျသွားအောင် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။
အစ္စရေးနိုင်ငံက သုတေသီအဖွဲ့တစ်ဖွဲ့ဟာ ကျန်းမာရေးဝန်ထမ်း ၂၉,၀၀၀ ကျော်ကို စတုတ္ထမြောက်ကာကွယ်ဆေး အားဖြည့် ထိုးနှံပေးပြီး သုတေသနလုပ်ထားတဲ့ ရလဒ်တွေကို ဆေးပညာဂျာနယ် JAMA Network Open မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဩဂုတ်လ ၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အဲဒီအစီရင်ခံစာအရ ပြီးခဲ့တဲ့ ဇန်န၀ါရီလတုန်းက Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားမှုတွေ အရမ်းဖြစ်နေတဲ့အချိန်မှာဆေးဘက်ဆိုင်ရာ ဝန်ထမ်း ၅၃၀၀ ကျော်ကို စတုတ္ထအကြိမ် ကာကွယ်ဆေး အားဖြည့် ထိုးနှံပေးခဲ့ပါတယ်။ အဲဒီ လူတွေထဲက ၃၆၈ ဦး ပဲ ကိုဗစ်ကူးစက်တာ ခံခဲ့ရပါတယ်။ တတိယအကြိမ် ကာကွယ်ဆေး အားဖြည့်ထိုးနှံထားသူ ၂၄,၀၀၀ ကျော်ထဲက ဗိုင်းရပ်စ်ကူးစက်ခံရသူကတော့ ၄,၈၀၂ ဦး ရှိခဲ့ပါတယ်။ အလွယ်ပြောရရင် ကာကွယ်ဆေး ၃ကြိမ်ထိုးထားသူ တွေမှာ ကူးစက်မှုနှုန်းက ၁၉.၈ ရာခိုင်နှုန်းရှိပေမဲ့ ကာကွယ်ဆေး ၄ ကြိမ် ထိုးထားသူတွေမှာ ၆.၉ ရာခိုင်နှုန်းပဲရှိတယ်လို့ ဆိုနိုင်ပါတယ်။ ၄ကြိမ်မြောက်ထိုးထားရင် ကူးစက်ခံရဖို့ ရာခိုင်နှုန်း နည်းပါးတယ်လို့ ပြောနိုင်ပါတယ်။
အမေရိကန်မှာလည်း BA.2 အပါအဝင် Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲတွေ ကူးစက်ပျံ့နှံ့နေချိန်မှာ ပြည်နယ် ၁၀ ခုမှာရှိတဲ့ အရွယ်ရောက်ပြီးသူတွေအကြား mRNA COVID-19 ကာကွယ်ဆေးတွေရဲ့ ထိရောက်မှုကို ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ CDC က သုတေသနပြုပြီး ဇူလိုင်လမှာ အကဲဖြတ်ထားတဲ့ ရလဒ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။
သူတို့ရဲ့ လေ့လာတွေ့ရှိချက်တွေအရ အသက် ၅၀နဲ့အထက် ရှိသူတွေ တတိယအကြိမ် အားဖြည့် ကာကွယ်ဆေးထိုး ပြီးနောက် ၄ လကျော် ကြာတဲ့အချိန်မှာ ဆေးရုံတက် မကုသရအောင် ကာကွယ်နိုင်စွမ်း ၅၅ ရာခိုင်နှုန်း ရှိလာတယ်လို့ ဖော်ပြထားပါတယ်။ စတုတ္ထအကြိမ် အားဖြည့်ကာကွယ်ဆေး ထိုးပြီးတဲ့နောက်မှာတော့ သီတင်း တစ်ပတ်ကျော်မှာတင် ကာကွယ်ဆေးရဲ့ ထိရောက်မှုအစွမ်းက ၈၀ ရာခိုင်နှုန်းအထိ တက်လာခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ကာကွယ်ဆေးထိုးဖို့ အကြံပြုထားပြီး အချိန်ဆွဲပြီး နှောင့်နှေးနေတာမျိုးမလုပ်ဘဲ အားဖြည့်ထိုးနှံကြဖို့ CDC က ပြည်သူတွေကို တိုက်တွန်းထားပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

461. Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို ပစ်မှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအသစ်။
အပိုင်း− ၃ ကာကွယ်ဆေးအသစ်ကို ဘယ်တော့ထိုးနှံနိုင်မလဲ။

အဖြေ− အရင် ကာကွယ်ဆေးထိုးပြီးနောက် အချိန် ဘယ်လောက်အကြာမှာ အားဖြည့်ကာကွယ်ဆေး အသစ်ကို ထိုးနှံ ရမလဲ ဆိုတာကို လေ့လာကြပါမယ်။
ဂျပန်အစိုးရဟာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်တွေကို ပစ်မှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေးအသစ်ကို အစောဆုံး အောက်တိုဘာလလယ်မှာ စတင်ထိုးပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။
အဲဒါကြောင့် တတိယအကြိမ်နဲ့ စတုတ္ထအကြိမ်မြောက် အားဖြည့် ကာကွယ်ဆေး မထိုးရသေးသူတွေဟာ ဒီကာကွယ်ဆေးသစ်ကို စောင့်သင့်သလား?
ဒါမှမဟုတ် အရင်ကတည်းက ရှိတဲ့ ကိုဗစ်ကာကွယ်ဆေးတွေကိုပဲ ထိုးနှံသင့်ပါသလား?
ဂျပန်မှာတော့ သြဂုတ်လ ၂၂ ရက်နေ့အထိ စာရင်းပြုစုထားတာ အရဆိုရင် လူဦးရေရဲ့ ၆၄ ရာခိုင်နှုန်း၊ ကိန်းဂဏန်းနဲ့ဆိုရင် လူပေါင်း ၈၁.၀၁ သန်းဟာ ကာကွယ်ဆေးကို တတိယအကြိမ် အားဖြည့် ထိုးနှံပြီးပါပြီ။ ဒီကိန်းဂဏန်းတွေကို ဝန်ကြီးချုပ်ရုံးရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
အသက်အရွယ်ကြီးရင့်သူတွေလိုမျိုး ကာကွယ်ဆေး ဦးစားပေး ထိုးနှံ ပေးသင့်သူတွေ အုပ်စုထဲက လူပေါင်း ၂၁.၅၄ သန်းလည်း ကာကွယ်ဆေး စတုတ္ထအကြိမ် အားဖြည့် ထိုးနှံပြီးသွားပြီလို့ သိရပါ တယ်။
ကျန်းမာရေးဝန်ကြီးဌာနက ကာကွယ်ဆေးထိုးနှံမှုဆိုင်ရာ ကျွမ်းကျင် သူများအဖွဲ့ရဲ့ အကြီးအကဲလည်းဖြစ် ဂျပန်နိုင်ငံ့ကူးစက်ရောဂါ ဆိုင်ရာဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်လည်း ဖြစ်တဲ့ Wakita Takaji က ကာကွယ်ဆေးအသစ်ကို အောက်တိုဘာလလယ်မှာ ထိုးနှံလို့ ရပြီဆို ရင်တောင် လူတိုင်း ချက်ခြင်းထိုးနှံနိုင်ဖို့ လုံလောက်တဲ့ ပမာဏ ရနိုင်မလား ဆိုတာတော့ မသိသေးဘူးလို့ သတင်းထောက်တွေကို သြဂုတ်လ ၁၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ လက်ရှိ ကာကွယ်ဆေး တွေကလည်း Omicron ကူးစက်မှုကြောင့် ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် မဖြစ်အောင် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဖြစ်နိုင်ရင် တတိယအကြိမ် ဒါမှမဟုတ် စတုတ္ထအကြိမ် ကာကွယ်ဆေးကို အားဖြည့်ထိုးနှံရာမှာ လက်ရှိကာကွယ်ဆေးတွေကိုပဲ အမြန်ဆုံး ထိုးနှံဖို့ စဉ်းစားသင့်တယ်လို့ ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

460. Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို ပစ်မှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအသစ်။
အပိုင်း− ၂ ကာကွယ်ဆေး အသစ်က ဘယ်လောက်ထိရောက် သလဲ။

အဖြေ− ကာကွယ်ဆေးသစ်က ထိရောက်မှု ဘယ်လောက် ရှိသလဲဆိုတာကို လေ့လာကြပါမယ်။
Pfizer ဆေးကုမ္ပဏီကြီးက အခုကာကွယ်ဆေးသစ်ကို အသက် ၅၆ နှစ်နဲ့အထက် ရှိသူ ၁,၂၀၀ ကျော်နဲ့ စတုတ္ထအကြိမ် အားဖြည့်ထိုးနှံပြီး လက်တွေ့စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ရာမှာ Omicronရဲ့မျိုးကွဲ BA.I အမျိုးအစား ကိုရိုနာဗိုင်းရပ်စ်ရဲ့ အာနိသင်ကိုပြယ်စေတဲ့ ပဋိပစ္စည်း ထွက်ရှိမှုဟာ လက်ရှိအသုံးပြုနေတဲ့ ကာကွယ်ဆေးထက် ၁.၅၆ ဆ တိုးလာတာကို တွေ့ရပါတယ်။ ဒီကာကွယ်ဆေးအသစ်ဟာ ဘေးကင်းစိတ်ချရပြီး အန္တရာယ်မရှိဘူးလို့ Pfizer က ပြောပါတယ်။
Moderna ဆေးကုမ္ပဏီက သူတို့ရဲ့ကာကွယ်ဆေးသစ်ကို တခြားပညာရှင်တွေရဲ့ စံသုံးသပ်ချက်တွေ မပြုလုပ်ခင် ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ အမေရိကန်ပြည်ထောင်စုမှာ Omicron ကို ပစ်မှတ်ထားတဲ့ လက်တွေ့ စမ်းသပ်မှု တွေအရ စတုတ္ထအကြိမ် အားဖြည့်ထိုးနှံတဲ့ သူတို့ရဲ့ လက်ရှိကာကွယ်ဆေးနဲ့ နှိုင်းယှဉ်ရင် ကာကွယ်ဆေးအသစ်က BA.I ရဲ့ အာနိသင်ကို ပြယ်စေတဲ့ ပဋိပစ္စည်း ၁.၇၅ ဆ ပိုထွက်စေတယ်လို့ ဖော်ပြထားပါတယ်။
ဒီကာကွယ်ဆေးသစ် ရဲ့ဘေးထွက်ဆိုးကျိုးအဖြစ် ထိုးနှံပြီးတဲ့အခါ အပျော့စားလက္ခဏာတွေကနေ အလတ်စားရောဂါလက္ခဏာတွေ ဖြစ်တတ်ပါတယ်။ လက်မောင်းတစ်ဝိုက် နာကျင်မှု ၇၇ ရာခိုင်နှုန်း၊ မောပန်းနွမ်းနယ်ပြီး နုံးနေတာက ၅၅ ရာခိုင်နှုန်း နဲ့ ခေါင်းကိုက်ဝေဒနာ ဖြစ်တာ ၄၄ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ Moderna က ပြောပါတယ်။
အဲဒီကာကွယ်ဆေးသစ်တွေဟာ လက်ရှိ ကူးစက်မှုမြင့်မားနေတဲ့ Omicron ရဲ့မျိုးကွဲ BA.5 ကို တိုက်ဖျက်နိုင်တဲ့ ပဋိပစ္စည်းတွေကိုလည်း တိုးလာစေမယ်လို့ ယုံကြည်ရပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

459. Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို ပစ်မှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အသစ်။
အပိုင်း− ၁ ကာကွယ်ဆေး အသစ်က ဘယ်လို အလုပ်လုပ်သလဲ။

အဖြေ− ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲ အိုမီခရွန်အမျိုးအစားကို ပစ်မှတ်ထားတဲ့ ကာကွယ်ဆေးအသစ်ကို ထိုးနှံဖို့ အစောဆုံး အောက်တိုဘာလလယ်မှာ စတင်မယ်လို့ ဂျပန်ကျန်းမာရေးဝန်ကြီး ဌာနက ဆုံးဖြတ်ထားပါတယ်။ ဒီအစီအစဉ်မှာ အဲဒီကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးသစ်ရဲ့ အလုပ်လုပ်ပုံ၊ ထိရောက်မှုနဲ့ အရင်ကာကွယ် ဆေးထိုးပြီးနောက် အချိန်ဘယ်လောက်အကြာမှာ ထိုးနှံနိုင်တယ် ဆိုတာတွေကို တင်ဆက်ပေးပါမယ်။ အခု ကာကွယ်ဆေးသစ်က ဘယ်လို အလုပ်လုပ်သလဲ ဆိုတာ လေ့လာ ကြည့်ကြရအောင်။
အဲဒီ ကာကွယ်ဆေးအသစ်ကို Pfizer နဲ့ Moderna ဆေးကုမ္ပဏီကြီး တွေက တီထွင်နေပါတယ်။ bivalent vaccine လို့ခေါ်တဲ့ နှစ်မျိုးစပ် ကာကွယ်ဆေးဟာ လက်ရှိထိုးပေးနေတဲ့ ကာကွယ်ဆေးတွေမှာ အသုံးပြုထားတဲ့ ပါဝင်ပစ္စည်းတွေနဲ့ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲ BA.I က ဒြပ်ပစ္စည်းတွေကို ပေါင်းစပ် ဆေးဖေါ်ထားပါတယ်။
Pfizer နဲ့ Moderna က ထုတ်လုပ်ထားတဲ့ လက်ရှိအသုံးပြုနေတဲ့ ကာကွယ်ဆေးတွေဟာ ခန္ဓာကိုယ်ထဲမှာ spike protein လို့ခေါ်တဲ့ ဆူးချွန်ပရိုတင်းတွေကို ဖွဲ့စည်းတည်ဆောက်ပေးပြီး ခန္ဓာကိုယ်ရဲ့ “ခုခံအားစနစ်”က အဲဒီ ဆူးချွန်ပရိုတင်းတွေကို တန်ပြန် တိုက်ဖျက်ဖို့ ပဋိပစ္စည်း အများအပြားကို ထုတ်ပေးရာကနေ တကယ့် ကိုရိုနာ ဗိုင်းရပ်စ်အစစ်တွေ ခန္ဓာကိုယ်ထဲ ဝင်လာတဲ့အခါ ပြန်လည်တိုက်ထုတ် နိုင်စွမ်း တိုးလာစေပါတယ်။
ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်က မျိုးဗီဇပြောင်းလဲမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေပြီး ဆူးချွန်ပရိုတင်းရဲ့ ပုံသဏ္ဍာန်ကလည်း ပြောင်းလဲ သွားပါတယ်။ အဲဒါကြောင့် Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ရဲ့မျိုးကွဲတွေ ကူးစက်ရင် ကာကွယ်ဆေးရဲ့ ထိရောက်မှု ကျဆင်းလာ ခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတွေရဲ့ ဆူးချွန်ပရိုတင်းအချက်အလက်တွေကို အသုံးပြုပြီး ကာကွယ်ဆေး ထုတ်ရင် ပိုမိုထိရောက်လာမယ်လို့ ယုံကြည်ပြီး တီထွင်နေပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

458. ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေနဲ့ အနီးကပ်ထိတွေ့မိသူများနဲ့ ပတ်သက်၍။
အပိုင်း− ၉ ရောဂါပိုးကူးစက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထပ်မံဖြစ်ပွားချိန်မှာ ဘာတွေသတိထားရမလဲ။

အဖြေ− ကိုဗစ်ကူးစက်ခံရသူတွေနဲ့ အနီးကပ် ထိတွေ့မိသူတွေ အနေနဲ့ ရောဂါပိုး ကူးစက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထပ်ဖြစ်လာချိန်မှာ သတိထားရမယ့်အချက်တွေ ကို  လေ့လာကြပါမယ်။

Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ဟာ တခြား မျိုးဗီဇပြောင်း  ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတွေလိုပဲ လေဝင်လေထွက် မကောင်းတဲ့ နေရာတွေမှာ လူ့ခန္ဓာကိုယ်က ထွက်တဲ့ အမှုန်အမွှားတွေ၊ တံတွေး၊ အရည်အစက်တွေက တစ်ဆင့် ကူးစက်နိုင်ပါတယ်။ ရောဂါပိုး မကူးစက်အောင် ကာကွယ်တားဆီးရေး အစီအမံတွေကို အသေအချာ လုပ်ဆောင်မယ်ဆိုရင် ကူးစက်ပြန့်ပွားမှုကို ကာကွယ်နိုင်ပါတယ်။ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ဟာ မိသားစုဝင် တွေကြားမှာ ကူးစက်မှုတွေ ပိုပြီးဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။ အဲဒါကြောင့် အိမ်ထဲမှာ ဗိုင်းရပ်စ် မကူးစက်အောင် ​ ကြိုတင် ကာကွယ်တဲ့ လုပ်ဆောင်ချက်တွေ ကို  စေ့စေ့စပ်စပ် သေသေချာချာ လုပ်ကြဖို့ အရမ်းအရေးကြီးပါတယ်။ Omicron မျိုးဗီဇပြောင်း ကိုရိုနာ ဗိုင်းရပ်စ် အဓိက ကူးစက်မှု ပြန့်ပွားမှုတွေ ဖြစ်ပြီး နောက်ပိုင်း ရောဂါပိုး ရှိသူတွေနဲ့ အနီးကပ် ထိတွေ့မိသူတွေအပေါ် ကန့်သတ်ချက်တွေကို ဂျပန်အစိုးရက ဖြေလျှော့ပေးခဲ့ပါတယ်။

ဒါပေမဲ့ မပေါ့ဆဘဲ ရောဂါပိုးတားဆီးကာကွယ်ရေး အစီအမံတွေ ကို တစ်ဦးတစ်ယောက်ချင်းစီက ဆက်ပြီးလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ NHK နဲ့ တွေ့ဆုံမေးမြန်းမှုတစ်ခုမှာ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အစိုးရအကြံပေး အဖွဲ့ရဲ့အကြီးအကဲ Omi Shigeru က ရောဂါပိုး ကူးစက်လွယ်တဲ့ နေရာတွေနဲ့ ကူးစက်မှု လမ်းကြောင်းတွေဟာ အရင်အတိုင်းဘဲ ဘာမှမပြောင်းလဲသေးဘူးလို့ ပြောကြားခဲ့ပါတယ်။  မစ္စတာ Omi က လူစုလူဝေးရှိတဲ့နေရာ၊ လူများတဲ့နေရာတွေဟာ ကူးစက်လွယ်လို့ ရှောင်ရှားဖို့နဲ့ လူတွေ အသံကျယ်ကျယ်နဲ့ စကားပြောကြတဲ့ နေရာတွေကို မသွားဖို့ တိုက်တွန်းထားပါတယ်။ သက်ကြီးရွယ်အိုတွေနဲ့တွေ့ဖို့ရှိရင် သွားမတွေ့ခင်မှာ ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ စစ်ဆေးဖို့လည်း သူက ဆက်ပြီး အကြံပြုထားပါတယ်။ ကပ်ရောဂါကာလအတွင်း မိမိတို့ သင်ယူရရှိထားတဲ့ အတွေ့အကြုံတွေ၊ ဗဟုသုတတွေကိုထိထိရောက်ရောက် အသုံးချပြီး ကိုဗစ်ကူးစက်မှုကာကွယ်တားဆီးရေး အစီအမံတွေကို တစ်ဦးချင်းစီ က ဆက်လက် လုပ်ဆောင်သင့်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

457. ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေနဲ့ အနီးကပ်ထိတွေ့မိသူများနဲ့ ပတ်သက်၍။
အပိုင်း− ၈ အနီးကပ် ထိတွေ့မိသူတွေနဲ့ အနီးကပ်ထိတွေ့မိသူများ ။

အဖြေ− ကိုဗစ်ကူးစက်ခံရသူတွေနဲ့ အနီးကပ် ထိတွေ့မိသူတွေအဖြစ် သတ်မှတ်ခံထားရသူတွေနဲ့ သွားပြီး အနီးကပ်နေမိရင် ဘာတွေ လုပ်ဆောင်ရမလဲဆိုတာ လေ့လာကြည့်ကြပါမယ်။

တကယ်လို့ မိမိရဲ့ မိသားစုဝင်တစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ် လူနာနဲ့ "အနီးကပ်ထိတွေ့သူ" ဖြစ်လာတယ်ဆိုရင် ဘာတွေ ဖြစ်လာနိုင် ပါသလဲ။ တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့ရဲ့ကူးစက်ရောဂါ ကာကွယ်ရေး အစီအမံမှာ “အနီးကပ် ထိတွေ့မိသူတွေနဲ့ အနီးကပ် ထိတွေ့သူနဲ့ပတ်သက်ပြီး စည်းမျဉ်း  စည်းကမ်း သတ်မှတ်ထားတာ မရှိဘူး” လို့အရာရှိက ပြောပါတယ်။  “ကိုဗစ်ကူးစက်ခံထားရသူ နဲ့ အနီးကပ်ထိတွေ့မိသူကလွဲပြီး ကျန်တဲ့ မိသားစုဝင်တွေကို သွားလာလှုပ်ရှား ကန့်သတ်တာ တစ်စုံတစ်ရာ မရှိဘူးလို့ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေ က ဆိုပါတယ်။

ဒါပေမဲ့ မိမိတို့ရဲ့ အလုပ်တွေ၊ ကျောင်းတွေမှာ "အနီးကပ် ထိတွေ့မိသူတွေ" နဲ့ ပတ်သက်ပြီး အဖွဲ့အစည်းအလိုက် သတ်မှတ်ထား တဲ့ စည်းမျဉ်း စည်းကမ်းတွေ ရှိတာကြောင့်   သူ့စည်းမျဉ်းအတိုင်း လိုက်နာသင့်တယ်လို့ အရာရှိတွေက ပြောပါတယ်။

အနီးကပ်ထိတွေ့မိသူက ရောဂါကူးစက်ခံလိုက်ရတာမျိုး ရှိနိုင်တာ ကြောင့် သူရဲ့မိသားစုဝင်တွေအနေနဲ့ သတိထားရမယ့် အချက်တွေကို အခုလိုအကြံပြုထားပါတယ်။

(၁) အိမ်က မိသားစုဝင်တွေ မျက်နှာသုတ်ပုဝါ တစ်ထည်တည်း အတူအသုံးမပြုပါနဲ့၊ အစားအစာတွေကို သီးခြားခွဲ စားပါ။ အနီးကပ်ထိတွေ့မိသူက တခြားမိသားစုဝင်တွေနဲ့ အတတ်နိုင်ဆုံး သီးခြားခွဲ နေထိုင်ပါ။

(၂) အိမ်မှာလည်း နှာခေါင်းစည်းတပ်ထားပါ။ လက်ကို ပိုးသတ်ဆေးနဲ့ ဆပ်ပြာနဲ့ ဂရုတစိုက် ဆေးကြောသန့်စင်ပါ။

(၃) တံခါးလက်ကိုင်တွေ၊ လျှပ်စစ်ပစ္စည်းရဲ့ခလုတ်တွေ လိုမျိုး မကြာခဏ လက်နဲ့ထိတွေ့ရတဲ့အရာတွေရဲ့ မျက်နှာပြင်တွေကို ပိုးသတ်ဆေးရည်နဲ့ သုတ်ပါ။

(၄) အခန်းတွင်း လေ၀င်လေထွက် ကောင်းအောင် ပုံမှန် လုပ်ဆောင်ပါ။

Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်က ပြင်းပြင်းထန်ထန် ဖျားနာနိုင်ခြေ နည်းပါးတာကြောင့် လူတွေက ပေါ့ပေါ့ဆဆနေတာမျိုး ရှိပါတယ်။ ဒါပေမဲ့ မိမိရဲ့ မိသားစုဝင်တွေက အသက်အရွယ်ကြီး သူတွေနဲ့ အခြားရောဂါအခံ ရှိသူတွေ ဆိုရင် မကူးစက်အောင် သတိ ထားနေဖို့ လိုအပ်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

456. ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေနဲ့ အနီးကပ်ထိတွေ့မိသူများနဲ့ ပတ်သက်၍။
အပိုင်း− ၇ မိမိဘာသာ သီးခြားခွဲ နေထိုင်တဲ့ ကာလအတွင်း ဆောင်ရန် ရှောင်ရန်အချက်များ။

အဖြေ− ကိုဗစ်ကူးစက်ခံရသူတွေနဲ့ အနီးကပ် ထိတွေ့မိသူတွေအနေနဲ့ မိမိဘာသာ သီးခြားခွဲနေထိုင်ရမယ့် ကာလအတွင်း လိုက်နာရမယ့် အချက်တွေကို ကြည့်ကြရအောင်။

သီးခြားခွဲ နေထိုင်စဉ်အတွင်း အတတ်နိုင်ဆုံး မလိုအပ်ဘဲ အပြင်ထွက်တာကို ရှောင်ကြဉ်ရပါမယ်။ မဖြစ်မနေ အပြင်ထွက်ဖို့ လိုအပ်လာတယ် ဆိုရင်  နှာခေါင်းစည်းတပ်တာ၊ လက်ဆေးတာ နဲ့ တခြားသူနဲ့ အနီးကပ် ထိတွေ့တာ စတဲ့ ရောဂါပိုးကာကွယ်တားဆီးရေး အစီအမံတွေကို လုပ်ဆောင်ထားရပါမယ်။ သီးခြားခွဲနေထိုင်တဲ့ ကာလအတွင်း အလုပ် ဒါမှမဟုတ် ကျောင်း မသွားသင့်ပါဘူး။

တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့ရဲ့ ညွှန်ကြားချက်တွေကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။

(၁) မလိုအပ်ဘဲ အပြင်ထွက်တာ၊ အလုပ်သွားတာ၊ ကျောင်းသွား တာတွေကို ရှောင်ကြဉ်ပြီး အိမ်မှာနေပါ။

(၂) နေ့စဉ် မနက်တစ်ခါ ညနေမှာတစ်ခါ မိမိရဲ့ခန္ဓာကိုယ်အပူချိန်ပုံမှန် ဟုတ်မဟုတ် တိုင်းတာ စစ်ဆေးပေးပါ။

(၃) ဖျားတာ၊ ချောင်းဆိုးတာလိုမျိုး လက္ခဏာတွေ ရှိလာတယ်ဆိုရင် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ စမ်းသပ်စစ်ဆေးပါ။ မိသားစု ဆရာဝန်တွေ ဒါမှမဟုတ် ဆေးရုံဆေးခန်းသွားပြီး ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

(၄) အများနဲ့စီးရတဲ့ သယ်ယူပို့ဆောင်ရေးတွေကို အသုံးပြုတာ အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ။

တိုကျိုမှာရှိတဲ့ St Luke's International Hospital က ကူးစက်ရောဂါ ဆိုင်ရာ ကျွမ်းကျင်သူ Sakamoto Fumie က ရောဂါပိုးကူးစက်မှုတွေ များပြားလာချိန်မှာ ဆရာဝန်နဲ့ချက်ခြင်းတွေ့ဖို့ ခက်ခဲနိုင်တာကြောင့် ဆောင်ထားသင့်တဲ့ အသုံးဝင်မယ့် ပစ္စည်းတွေနဲ့ပတ်သက်ပြီး အခုလို အကြံပြုထားပါတယ်။

(၁)   ဆေးဆိုင်တွေမှာ ဆေးစာမပါဘဲလဲ ရရှိနိုင်တဲ့ Antipyretics နဲ့ အကိုက်အခဲပျောက်ဆေးတွေ။

(၂)  ရေဓါတ်ဖြည့်ဖို့အတွက် Isotonic အချိုရည်တွေ။

(၃) ဂျယ်လီအချိုရည်တွေလိုမျိုး အလွယ်တကူ စားသုံးနိုင်တဲ့ အစားအစာတွေ။

(၄)  နေ့စဥ်အသုံးပြုရတဲ့ လူသုံးကုန်ပစ္စည်းတွေကို ခပ်များများလေး စုထားပါ။

(၆)   ရောဂါအခံရှိသူတွေကတော့ ပုံမှန်သောက်နေရတဲ့ ဆေးဝါးတွေ ကို အပို ဆောင်ထားပါ။

ကာကွယ်ဆေးထိုးထားဖို့လည်း လိုအပ်သလို၊ သီးခြားခွဲနေထိုင်စဉ် ကာလအတွင်း တိုင်ပင်ဆွေးနွေးဖို့ ဒေသန္တရကျန်းမာရေး အာဏာပိုင် တွေနဲ့ ဆက်သွယ်နိုင်မယ့်လိပ်စာ၊ ဖုန်းနံပါတ် စတာတွေကို မှတ်သား ထားကြဖို့လည်း Sakamoto Fumie က အကြံပြုထားပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

455. ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေနဲ့ အနီးကပ်ထိတွေ့မိသူများနဲ့ ပတ်သက်၍။
အပိုင်း− ၆ အလုပ်ခွင်အတွင်း ကူးစက်မှုတွေ ရှိလာရင် ဘယ်လို လုပ်ဆောင်ရမလဲ။

အဖြေ− ကိုဗစ်ကူးစက်ခံရသူတွေနဲ့ အနီးကပ် ထိတွေ့မိသူတွေနဲ့ပတ်သက်ပြီး လုပ်ငန်းခွင်တွေမှာ ကိုရိုနာကူးစက်မှုတွေ ဖြစ်လာရင် ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ ဆိုတာကို ပြောပြပါမယ်။

လုပ်ငန်းခွင်က တစ်ဦးဦး  ဗိုင်းရပ်စ် ကူးစက်ခံရရင် ရောဂါပိုးတွေ့ရှိသူရဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ မူအားဖြင့် အိမ် ဒါမှမဟုတ် တခြားနေရာတွေမှာ သီးခြားခွဲနေထိုင်ရမယ်လို့ သတ်မှတ် ထားတာမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါ တယ်။

ဒါပေမဲ့ ရောဂါပိုးရှိသူနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေဟာ ရောဂါပိုးရှိသူနဲ့ နောက်ဆုံးထိတွေ့ခဲ့တဲ့နေ့ကနေ ၇ ရက်ကြာတဲ့အထိ သက်ကြီးရွယ်အို တွေဆီသွားတွေ့တာ ဒါမှမဟုတ် သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာတွေကို သွားတာ၊ လူအများနဲ့ ဝိုင်းဖွဲ့စားသောက်တာနဲ့ လူ အများအပြားနဲ့ ပြုလုပ်တဲ့ ပွဲတွေ သွားတာလိုမျိုး ကူးစက်မှုအန္တရာယ် မြင့်မားစေမယ့် သွားလာ လှုပ်ရှားမှုတွေကို ရှောင်ကြဉ်ဖို့ တောင်းဆို ထားပါတယ်။

နှာခေါင်းစည်းတပ်တာလိုမျိုး ရောဂါပိုးကူးစက်မှု ကာကွယ် တားဆီးရေးအစီအမံတွေ မလုပ်ဆောင်ဘဲ အလုပ်ခွင်ထမင်း တူတူ စားတာမျိုး ကူးစက်ခံရသူနဲ့ လုပ်ခဲ့ရင် ၅ ရက်ကြာ သီးခြားခွဲ နေထိုင်တာကို လုပ်ပြီး မိမိဘာသာ ကိုဗစ်ရှိမရှိ သွားစစ်တာမျိုး လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

ဆေးရုံဆေးခန်း ဒါမှမဟုတ် သက်ကြီးရွယ်အို  စောင့်ရှောက်ရေး ဂေဟာတွေလိုမျိုး လူတွေကို ကူးစက်ခံရရင် ပြင်းပြင်းထန်ထန် ရောဂါလက္ခဏာ ဖြစ်ပွားနိုင်ခြေများတဲ့ သူတွေ ရှိတဲ့နေရာတွေမှာ ကိုဗစ်ကူးစက်သူ ရှိကြောင်း အတည်ပြုတဲ့အခါ အထူးသတိထားဖို့ လိုအပ် ပါတယ်။ အဲဒီလိုနေရာတွေမှာ ကိုဗစ် ကူးစက်သူနဲ့ အနီးကပ် ထိတွေ့ခဲ့သူ ဖြစ်ခဲ့တယ်ဆိုရင် ၅ ရက်ကြာ သီးခြားခွဲနေထိုင်ဖို့ လိုအပ်ပါတယ်။ ရောဂါပိုး ရှိမရှိ Antigen စစ်ဆေးမှုလုပ် ပြီး ဒုတိယနေ့ Day 2 နဲ့ တတိယနေ့ Day 3 တွေမှာ ပိုးမရှိကြောင်း ပြနေတယ်ဆိုရင် Day 3 ကစပြီး သီးခြားခွဲနေထိုင်စရာ မလိုတော့ပါ ဘူး။ ဒီလမ်းညွှန်ချက်အတိုင်း လုပ်ဆောင်ရမယ့်သူတွေဟာ လူမှု အသိုင်းအဝန်းမှာ မရှိမဖြစ်တဲ့ အလုပ်သမား၊ ဝန်ထမ်းတွေ တင်မကဘဲ ဝန်ထမ်းအားလုံးလိုက်နာ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ရောဂါပိုးရှိသူတွေနဲ့ အနီးကပ်ထိတွေ့ခဲ့တဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ ၊ လူမမာပြုစုစောင့်ရှောက်ပေးသူတွေဟာ နေ့စဉ် ပိုးရှိ မရှိ စစ်ဆေးမှုခံယူရပါမယ်။ ပိုးမရှိကြောင်း ရလဒ်ထွက်တယ်ဆိုရင် လုပ်ငန်းခွင်ကို သွားနိုင်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

454. ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေနဲ့ အနီးကပ်ထိတွေ့မိသူများနဲ့ ပတ်သက်၍။
အပိုင်း− ၅ သီးသန့်ခွဲခြား နေထိုင်ပြီးနောက်ပိုင်း ဘယ်လို ပြုမူနေထိုင်ရမလဲ။

အဖြေ− ဂျပန်အစိုးရဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုတွေ ကာလရှည်ဖြစ်ပွားနေတဲ့ အတောအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူတွေနဲ့  အနီးကပ်ထိတွေ့မိသူတွေနဲ့ပတ်သက်ပြီး လမ်းညွှန်ချက်တွေကို မကြာသေးခင်က ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။

အခု အနီးကပ်ထိတွေ့မိသူက မိမိဘာသာ  သီးခြားခွဲနေထိုင်ပြီး နောက်ပိုင်းမှာ ဘယ်လိုပြုမူနေထိုင်ရမလဲဆိုတာ လေ့လာကြည့် ကြရအောင်။

ကိုဗစ်ဖြစ်သူတွေနဲ့ "အနီးကပ်ထိတွေ့မိသူ" အဖြစ် သတ်မှတ်ခြင်း ခံရသူတွေဟာ မိမိဘာသာ သီးခြားခွဲ နေထိုင်ရမှာ ဖြစ်ပါတယ်။ အဲဒီလို သီးခြားခွဲနေထိုင်ရမယ့်ကာလ ပြီးဆုံးသွားပြီ ဆိုရင်တော့ မိမိတို့ လုပ်ငန်းခွင်ကိုသွားတာ ဒါမှမဟုတ် ကျောင်းတက် ခွင့်ရှိပါတယ်။

ဂျပန်နိုင်ငံ့ကူးစက်ရောဂါဆိုင်ရာဌာနက ၂၀၂၂ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ လူတွေမှာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီဆိုရင် ၃ရက်အတွင်း ရောဂါလက္ခဏာ ပြသနိုင်ခြေမှာ ၅၃.၀၅ ရာခိုင်နှုန်း၊ ၅ရက်အတွင်း ရောဂါလက္ခဏာပြသူ ၈၂.၆၅ ရာခိုင်နှုန်းနဲ့ ၇ရက်အတွင်းမှာ ရောဂါလက္ခဏာ ခံစားလာရသူ ၉၄.၅၃ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။

ဒီကိန်းဂဏန်းတွေကို ကြည့်မယ်ဆိုရင် မိမိအိမ်မှာ သီးခြားခွဲနေထိုင်ချိန် ၅ရက်ဟာ မိမိကို ဗိုင်းရပ်စ်ပိုးကူးစက်တာ ရှိမရှိ သေချာအောင် စောင့်ကြည့်ဖို့ မလုံလောက်ဘူးဆိုတာ ပြသနေပါတယ်။

ဒါကြောင့် ဗိုင်းရပ်စ်ရှိသူနဲ့“အနီးကပ်ထိတွေ့မိသူ” အဖြစ် သတ်မှတ်ခံရသူတွေဟာ သီးခြားခွဲနေထိုင်တဲ့ကာလ ပြီးသွားတာတောင် ၇ ရက်ပြည့်တဲ့နေ့အထိ ကိုယ်အပူချိန် ပုံမှန်တိုင်းပြီး စောင့်ကြည့်ဖို့ လိုသလို၊ တခြားကျန်းမာရေးဆိုင်ရာ အခြေအနေတွေကိုလည်း ဂရုတစိုက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ကူးစက်ပြန့်ပွားမှု ဖြစ်နိုင်ခြေများတဲ့ နေရာတွေသွားတာနဲ့ အုပ်စုလိုက် စားသောက်တာမျိုးကိုလည်း ရှောင်ကြဉ်ရပါမယ်။ ရောဂါပိုးမကူး စက်ရအောင် ကာကွယ်တားဆီးရေး အစီအမံတွေကို လည်း အသေအချာလုပ်ဆောင်ဖို့ အကြံပြုထားပါတယ်။ ၇ရက်ကျော်သွား လည်းပဲ ဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားတာမျိုး မဖြစ်အောင် ကာကွယ်တားဆီးရေး အစီအမံတွေကို ပုံမှန်ဆက်လုပ်သွားဖို့ လိုပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

453. ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေနဲ့ အနီးကပ်ထိတွေ့မိသူများနဲ့ ပတ်သက်၍။
အပိုင်း− ၄ အနီးကပ်ထိတွေ့မိသူအဖြစ်နဲ့ အိမ်မှာပဲသီးခြားခွဲ နေထိုင်နေစဉ်မှာ တခြားမိသားစုဝင်ထဲက တစ်ဦးမှာ ရောဂါကူးစက်ခံ ရရင် ဘာတွေ လုပ်ဆောင်ရမလဲ။

အဖြေ− ကိုဗစ်ဖြစ်သူနဲ့ အနီးကပ်ထိတွေ့မိသူတွေနဲ့ပတ်သက်ပြီး သိသင့်တဲ့ အကြောင်းအရာတွေကို တင်ဆက်ပေးနေပါတယ်။

အခုစတုတ္ထပိုင်းမှာတော့ မိသားစုဝင်ထဲက နောက်တစ်ဦးမှာ ကိုဗစ်ရောဂါ ကူးစက်ခံရပြီဆိုရင် ဘာတွေလုပ်ဆောင်ရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး လေ့လာကြည့်ကြပါမယ်။
မိသားစုအတွင်းမှာ တစ်ဦးက အနီးကပ်ထိတွေ့ခဲ့သူဖြစ်နေပြီး ဒုတိယတစ်ယောက်မှာလည်း ကိုဗစ်ဗိုင်းရပ်စ်ကူးစက်ခံရပြီ ဆိုရင် တခြားမိသားစုဝင်တွေဟာလည်း သီးခြားခွဲ နေထိုင်တဲ့ကာလကို တစ်ကနေပြန်စပြီး အသစ်ပြန်တွက်ဖို့ ဂျပန်အစိုးရက လမ်းညွှန်ထားပါတယ်။ ဥပမာ ကလေးတစ်ဦးမှာ ကိုဗစ်ကူးနေတာ တွေ့ရှိပြီး ရောဂါလက္ခဏာ အနည်းငယ်ပဲ ပြရာကနေ ပြန်နေကောင်း သက်သာလာတယ် ဆိုပါစို့။ လမ်းညွှန်ချက်တွေထဲမှာ ဘာတွေ ပြောထားသလဲ ကြည့်ကြရအောင်။

(၁) အိမ်သူအိမ်သားတွေဟာ ရောဂါပိုးကာကွယ်တားဆီးရေး အစီအမံ တွေကို မှန်မှန်ကန်ကန် လုပ်ဆောင်ထားတယ်ဆိုရင် ကိုဗစ်ရှိမရှိ စမ်းသပ်မှုရလဒ်တွေ မထွက်သေးရင်တောင်၊ ကလေးမှာ ရောဂါလက္ခဏာတွေ စပေါ်လာတဲ့နေ့ကို Day 0 အဖြစ် သတ်မှတ်နိုင်ပါတယ်။ ကျန်တဲ့ မိသားစုဝင်တွေဟာ ၅ ရက် သီးခြားခွဲ နေထိုင်ရပါမယ်။ Day 6 ပြည့်မှ ပုံမှန်အတိုင်း နေလို့ရပါမယ်။

(၂) ကလေးက ရောဂါလက္ခဏာပြပြီး ရောဂါပိုးရှိမရှိစစ်ဆေး နေချိန်ကနေ ကိုဗစ်ရှိကြောင်း အတည်ပြုတဲ့အချိန်အထိ ရောဂါပိုး ကာကွယ်တားဆီးရေး အစီအမံတွေကို အိမ်မှာ မလုပ်ဆောင်ခဲ့ဘူးဆိုရင် ပိုးရှိကြောင်း အတည်ပြုတဲ့နေ့ကို Day 0 အဖြစ်သတ်မှတ်ပါ။ ကျန်ရှိတဲ့ အိမ်သူအိမ်သားတွေက အဲဒီနေ့ကနေနောက်ထပ် ၅ ရက်ကြာ သီးခြားခွဲပြီး အကန့်အသတ်နဲ့နေထိုင်ရမှာ ဖြစ်ပါတယ်။

(၃) ကလေးမှာ ရောဂါလက္ခဏာ စပေါ်တဲ့နေ့ကို Day 0 အဖြစ် သတ်မှတ်ပြီး နောက်တစ်နေ့ကနေ ၁၀ ရက်အတွင်း ဆေးမစစ်ခင် နေကောင်းသက်သာသွားတယ် ဆိုပါစို့။ အဲဒီနောက် အနည်းဆုံး ၇၂ နာရီအကြာအထိ ရောဂါလက္ခဏာပြန်မပေါ်ဘူးဆိုရင် ကူးစက်မှု လုံးလုံးပျောက်ကင်းပြီလို့ ယူဆလို့ရပါတယ်။ ဒီအတောအတွင်း ရောဂါလက္ခဏာပြန်ပေါ်ပြီး အခြေအနေ ပိုဆိုးလာတယ်ဆိုရင်တော့ မိဘတွေအနေနဲ့ ကျန်းမာရေးဆိုင်ရာ အာဏာပိုင်တွေကို ချက်ချင်းဆက်သွယ် အကြံဉာဏ်ရယူပါ။

(၄) ကလေးမှာ ရောဂါပိုးရှိနေပေမယ့် လက္ခဏာမပြဘူးဆိုရင် ရောဂါပိုး စစ်ဖို့ နမူနာစယူတဲ့နေ့ကို Day 0 အဖြစ်ရေတွက်ပြီး အဲဒီနေ့ကနေနောက်ပိုင်း ၇ရက်ပြည့်တဲ့နေ့ရောက်မှသာ ကူးစက်မှုတွေ မဖြစ်နိုင်တော့ဘူး၊ ပြန်ကောင်းမွန်ပြီလို့ သတ်မှတ်ပါတယ်။ ဒါပေမဲ့ ရောဂါပိုးကူးစက်ထားကြောင်း ဆေးစစ်ထားတဲ့ အတည်ပြုချက် ထွက်တဲ့နေ့အထိ အိမ်မှာ ရောဂါပိုးကာကွယ်တားဆီးရေးအတွက် လိုအပ်တဲ့ အစီအမံတွေ မလုပ်ဆောင်ထားဘူး ဆိုရင်တော့ ကျန်မိသားစုဝင်တွေဟာ ပိုးရှိကြောင်းအတည်ပြုတဲ့နေ့ကို Day 0 အဖြစ် သတ်မှတ်ပြီး သီးသန့်ခွဲနေထိုင်ရမှာ ဖြစ်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

452. ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေနဲ့ အနီးကပ်ထိတွေ့မိသူများနဲ့ ပတ်သက်၍။
အပိုင်း− ၃ မိသားစုဝင်တစ်ဦး ကူးစက်ခံရပြီဆိုရင် ကာလ ဘယ်လောက်ကြာ အသွားအလာ ကန့်သတ်ပြီး အိမ်မှာသီးသန့်ခွဲ နေထိုင်သင့်သလဲ။

အဖြေ− ကိုဗစ်ကူးစက်ခံရသူတွေနဲ့ အနီးကပ်ထိတွေ့မိသူတွေနဲ့ ပတ်သက်ပြီး အခု တတိယပိုင်းမှာတော့ မိသားစုဝင်တစ်ဦးဦး ကူးစက်ခံရပြီဆိုရင် အနီးကပ်ထိတွေ့မိသူက အချိန်ကာလ ဘယ်လောက်ကြာအထိ အိမ်မှာ သီးသန့်ခွဲ နေထိုင်သင့်သလဲ ဆိုတာကို လေ့လာကြရအောင်။

အိမ်ထောင်စုတစ်ခုမှာ မိသားစုဝင်တစ်ဦး ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ထားတာ တွေ့ရှိပြီး တခြားမိသားစုဝင်တွေကို အနီးကပ်ထိတွေ့မိသူအဖြစ် သတ်မှတ်ခံရပြီဆိုရင် အဲဒီသူတွေဟာ အသွားအလာကန့်သတ်ခံရပြီး အိမ်မှာပဲ  သီးခြားခွဲနေထိုင်ဖို့ တောင်းဆိုခံရမှာ ဖြစ်ပါတယ်။

အရင်ကတော့ အနီးကပ်ထိတွေ့မိသူတွေဟာ မူအားဖြင့် အိမ်ထဲမှာပဲ ၇ ရက်ကြာနေရမှာဖြစ်ပြီး အသွားအလာ ကန့်သတ်ခံရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၂၂ ရက်က စပြီး လူတွေရဲ့ လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာအလုပ်တွေ လုပ်ဆောင်နိုင်ဖို့ ကန့်သတ်နေထိုင်ရမယ့် ကာလကို ၅ ရက်အထိ လျှော့ချခဲ့ပါတယ်။ ဘယ်ရက်ကနေစပြီး အသွားအလာ ကန့်သတ်နေထိုင်ရမလဲဆိုတာကို  Day Zero တွက်ချက်နည်းလို့ခေါ်တဲ့ ရက်တွက်နည်း ၃မျိုးနဲ့ သတ်မှတ်ထားပါတယ်။ အဲဒါတွေကတော့

−   ၁ ကိုဗစ်ရောဂါပိုးရှိသူမှာ ရောဂါလက္ခဏာတွေ စပြတဲ့နေ့

− ၂ ရောဂါလက္ခဏာမပြတဲ့ ကိုဗစ်ပိုးရှိသူမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိမရှိ  စမ်းသပ် စစ်ဆေးတဲ့နေ့

−   ၃ ကိုဗစ်ပိုးရှိကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး အစီအမံတွေ စတင်ဆောင်ရွက်တဲ့နေ့ တွေ ဖြစ်ပါတယ်။

ရောဂါပိုးရှိသူနဲ့ အနီးကပ်ထိတွေ့မိသူတွေဟာ အဲဒီ ရက် ၃မျိုးထဲက တစ်ရက်ရက်ကို  Day Zero လို့ သတ်မှတ်ပြီး ၅ ရက်ကြာ သီးခြားခွဲ နေထိုင်ဖို့ လိုအပ်ပါတယ်။ ၆ ရက်မြောက်နေ့ကစပြီး  သီးခြားခွဲနေထိုင်တာ ပြီးဆုံးမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ အနီးကပ်ထိတွေ့သူတွေဟာ Day 2 နဲ့ Day 3 နှစ်ခုစလုံးမှာ အစိုးရက သတ်မှတ်ထားတဲ့ ရောဂါပိုး စစ်ဆေးတဲ့ ပစ္စည်းတွေနဲ့ စစ်ဆေးကြည့်ပြီး ၂ရက်စလုံး ရောဂါပိုးမရှိဘူး Negative ပြနေတယ်ဆိုရင် သီးခြားခွဲနေထိုင်တာကို Day 3 အထိ ပဲ သတ်မှတ်ပါတယ်။

အိမ်မှာလုပ်ရမယ့် ရောဂါပိုးမကူးစက်အောင် ကာကွယ်တားဆီးတဲ့ အစီအမံတွေကတော့ နှာခေါင်းစည်းတပ်တာ၊ လက်ဆေးတာ၊ လက်ကို ပိုးသတ်ဆေးနဲ့ပိုးသတ်တာ၊ အခန်းတွင်း လေအဝင်အထွက် ကောင်းအောင် မကြာခဏ လုပ်ဆောင်တာ ဖြစ်ပါတယ်။ မိသားစုဝင်တွေဟာ ရောဂါပိုးရှိသူနဲ့ သီးခြားအခန်းတွေ ခွဲနေရမယ်လို့ မဆိုလိုပါဘူး။

နှာခေါင်းစည်းတပ်ပေးဖို့ ခက်ခဲတဲ့ ကလေးငယ်တွေရှိမယ်ဆိုရင်လည်း လက်ကို သေချာသန့်စင်အောင် ဆေးကြောပေးတာ၊ မျက်နှာသုတ်ပဝါတစ်ခုစီ ခွဲပြီးသုံးတာ စတဲ့ ဆောင်ရွက်မှုတွေကို စဉ်းစားလုပ်ဆောင်နိုင်ပါတယ်။ ဒါ့အပြင် အခန်းတွေကို လေဝင်လေထွက် ကောင်းမွန်အောင် ထားတာနဲ့ အတတ်နိုင်ဆုံး ရောဂါပိုးရှိသူနဲ့ အနီးကပ် မထိတွေ့အောင် ရှောင်ကြဉ်နေတာ စတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးဖို့ မဖြစ်မနေလုပ်ဆောင်ရမယ့် အခြေခံ အချက်တွေကိုတော့ စီမံလုပ်ဆောင်သင့်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

451. ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေနဲ့ အနီးကပ်ထိတွေ့မိသူများနဲ့ ပတ်သက်၍။
အပိုင်း− ၂ အနီးကပ်ထိတွေ့မိသူ အဖြစ် ဘယ်လိုသတ်မှတ်မလဲ။

အဖြေ-  ဂျပန်အစိုးရဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေ ကာလရှည် ဖြစ်ပွားနေတဲ့အချိန်မှာ ကိုဗစ်ကူးစက်ခံရသူတွေနဲ့ အနီးကပ် ထိတွေ့မိသူအဖြစ် သတ်မှတ်တဲ့ သူတို့ရဲ့ လမ်းညွှန်ချက်တွေကို မကြာခင်ကမှ ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။

အခုဒုတိယပိုင်းမှာလည်း အနီးကပ်ထိတွေ့မိသူအဖြစ် ဘယ်လို သတ်မှတ်သလဲ ဆိုတာကို ဆက်လေ့လာကြရအောင်။

ရောဂါကူးစက်မှုတွေ မြင့်တက်လာတဲ့အချိန်တွေမှာ ရောဂါပိုး ကူးစက်ခံရသူနဲ့  အနီးကပ်ထိတွေ့မိသူ ဟုတ်၊ မဟုတ်ဆိုတာကို ဒေသအလိုက် အခြေအနေပေါ် မူတည်ပြီး ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ က ဆုံးဖြတ်ချက်ချဖို့ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ခွင့်ပြုထား ပါတယ်။ ဒါ့အပြင် ရောဂါပိုးကူးစက်သူက ဘယ်နေရာမှာ ကူးစက်ခဲ့သလဲ ဆိုတဲ့အပေါ် မူတည်ပြီး တုံ့ပြန်လုပ်ဆောင်ရမယ့် အချက်တွေက ကွဲပြားမှာဖြစ်တယ်လို့  ဝန်ကြီးဌာနက ဆိုပါတယ်။

ရောဂါပိုးရှိသူဟာ အိမ်မှာမိသားစုနဲ့နေထိုင်ရင်း ကူးစက်ခဲ့တာဆိုရင် ကျန်းမာရေးအာဏာပိုင်တွေက မိသားစုဝင်တွေထဲက အနီးကပ် ထိတွေ့မိသူကို သတ်မှတ်ပြီး သူတို့ကနေတစ်ဆင့် ထပ်ပြီး ကူးစက်နိုင်ခြေ မြင့်မားတာကြောင့် အပြင်သွားလာလှုပ်ရှားမှုတွေ ကန့်သတ်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျန်းမာရေးအာဏာပိုင်တွေက အိမ်သားတစ်ဦးချင်းစီကို တွေ့ဆုံမေးမြန်းတာမျိုးတော့ ပြုလုပ်မှာ မဟုတ်ပါဘူး။

လုပ်ငန်းခွင်အတွင်း ရောဂါပိုးကူးစက်သူ ရှိလာပြီဆိုရင် အချင်းချင်း ကူးစက်ခံရနိုင်ခြေဟာ အိမ်ထောင်စုအတွင်းမှာထက် နည်းပါးတယ်လို့ ယူဆထားပြီး၊ လုပ်ငန်းခွင်အတွင်း အနီးကပ် ထိတွေ့သူတွေကို ကျန်းမာရေးအာဏာပိုင်တွေဟာ လာရောက် သတ်မှတ်ပေးမှာ မဟုတ်ပါဘူး။ လုပ်ငန်းခွင်မှာ COVID-19 ကူးစက်သူတစ်ဦးဦး ရှိခဲ့မယ်ဆိုရင် အဲဒီသူနဲ့ အနီးကပ်ထိတွေ့မိသူ ဟုတ်မဟုတ်ကို မိမိဘာသာ စဉ်းစားဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

ရောဂါကူးစက်ခံရင် ပြင်းထန်တဲ့ ရောဂါလက္ခဏာဖြစ်ဖို့ အန္တရာယ်များတဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာတွေနဲ့ မသန်စွမ်းသူဂေဟာတွေအပြင် ဆေးဘက်ဆိုင်ရာဌာန အမျိုးမျိုးမှာတော့ COVID-19 ကူးစက်သူတစ်ဦးဦး ရှိခဲ့မယ်ဆိုရင် ကျန်းမာရေးဆိုင်ရာ အာဏာပိုင်တွေဟာ အနီးကပ်ထိတွေ့မိသူတွေကို လျင်လျင်မြန်မြန် ရှာဖွေဆုံးဖြတ်မှာ ဖြစ်ပါတယ်။

နေ့ကလေးထိန်း၊ မူကြို၊ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေ မှာတော့ ရောဂါပိုးကူးစက်သူ ရှိလာရင် ဘယ်လိုဆောင်ရွက်မယ်ဆိုတာကို ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့အစည်း နဲ့ ပညာရေးဆိုင်ရာ ဘုတ်အဖွဲ့တွေက ကြိုတင်ပြီး စည်းမျဉ်း စည်းကမ်းတွေကို ဆုံးဖြတ်ထားသင့်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက သတ်မှတ်ထားပါတယ်။ မူကြိုတက်တဲ့ကလေးတွေ၊ မူလတန်းကျောင်းတက်နေတဲ့ ကလေးတွေနဲ့ အလယ်တန်းတက်တဲ့ ကျောင်းသူ၊ကျောင်းသားတွေကြားမှာ  နှာခေါင်းစည်းတပ်တဲ့ စည်းမျဉ်းစည်းကမ်း စတာတွေကလည်း ကွာခြားတာမျိုး ရှိနိုင် ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

450. ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေနဲ့ အနီးကပ်ထိတွေ့မိသူများနဲ့ ပတ်သက်၍။
အပိုင်း− ၁ အနီးကပ်ထိတွေ့မိသူ ဆိုတာ ဘာကို ဆိုလိုသလဲ။

အဖြေ- ကိုရိုနာဗိုင်းရပ်စ်တွေ ကူးစက်ပျံ့နှံ့နေချိန်မှာ ဘယ်လိုပဲ ဂရုစိုက်စိုက် မည်သူကိုမဆို ကူးစက်နိုင်တဲ့အနေအထားကို ရောက်နေတဲ့အတွက် သတိထားဖို့ လိုအပ်ပါတယ်။ ဂျပန်မှာတော့ ကျန်းမာရေးဆိုင်ရာ အာဏာပိုင်တွေက လူမှုရေးနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ရောဂါကူးစက်ပျံ့နှံ့မှုတွေဖြစ်ရင် သက်ရောက်မှုအနည်းဆုံး  ဖြစ်အောင် ရောဂါဖြစ်သူနဲ့ အနီးကပ် ထိတွေ့မိသူဖြစ်ရင် လုပ်ဆောင်ရမယ့်အချက် စံနှုန်းတွေကို အရင်ကလို မဟုတ်ဘဲ ပြောင်းလဲခဲ့ပါတယ်။

ကိုဗစ်ရောဂါဖြစ်သူနဲ့ အနီးကပ်ထိတွေ့သူတွေအနေနဲ့ လုပ်ဆောင်ဖို့ လိုအပ်တဲ့ အချက်တွေနဲ့ ပတ်သက်ပြီး ပြောပြပေးပါမယ်။

ပထမအပိုင်းအနေနဲ့ အနီးကပ်ထိတွေ့မိသူ ဆိုတာ ဘာကို ဆိုလိုသလဲ ဆိုတာကို လေ့လာကြည့်ကြရအောင်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ တစ်ဦးဦးရဲ့အနီးမှာ ရှိခဲ့သူ ဒါမှမဟုတ် အဲဒီသူနဲ့ အချိန်အတော်ကြာ အတူရှိနေခဲ့သူတွေဟာ ကိုဗစ်ကူးနေနိုင်တာကြောင့် အနီးကပ်ထိတွေ့သူတွေအဖြစ် သတ်မှတ် ပါတယ်။ အဲဒီသူတွေဟာ ဗိုင်းရပ်စ်နဲ့ ထိတွေ့ခဲ့တယ်လို့ ယူဆတာ ကြောင့် ရောဂါကူးစက်နိုင်တဲ့ အနီးကပ်ထိတွေ့သူဖြစ်ပါတယ်။

၁− ရောဂါပိုးကူးစက်ခံထားရသူမှာ  ကိုဗစ်ရဲ့ ရောဂါလက္ခဏာစ မပြခင် (၂)ရက်အလို ဒါမှမဟုတ် ရောဂါလက္ခဏာစပြပြီး ၁၀ ရက်အတွင်းမှာ  အဲဒီ သူနဲ့တွေ့ဆုံခဲ့ရင် အနီးကပ်ထိတွေ့သူလို့ သတ်မှတ်ပါတယ်။ ရောဂါလက္ခဏာသက်သာပြီး ၇၂-နာရီအတွင်းမှာ တွေ့ထားရင်လည်း အနီးကပ်ထိတွေ့သူလို့ သတ်မှတ်ပါတယ်။ ဒါ့အပြင် ရောဂါလက္ခဏာမပြတဲ့ ကိုဗစ်လူနာမျိုးဆိုရင် သူတို့ ဆေးမစစ်ခင် ၂  ရက်အလိုကနေ ၇ ရက်အတွင်းကို အနီးကပ်ထိတွေ့မှု ကာလအဖြစ် သတ်မှတ်ပါတယ်။

၂− ကိုဗစ်လူနာနဲ့ နှာခေါင်းစည်းမတပ်ထားဘဲ ထိတွေ့တာ ဒါမှမဟုတ် လူနာရဲ့ အရည်အစက်ကပ်နေတဲ့ အရာရာ တစ်ခုခုကို ကိုင်မိ၊ ထိတွေ့မိတာ ဆိုရင်လည်း အနီးကပ်ထိတွေ့သူ ဖြစ်ပါတယ်။ လူနာနဲ့ လက်တစ်ကမ်း အကွာအဝေးမှာ ၁၅ မိနစ်ကျော် အတူရှိနေရင်လည်း အနီးကပ်ထိတွေ့မိသူ လို့ သတ်မှတ်နိုင်ပါတယ်။

၃− ဒါပေမဲ့ မိမိရဲ့ မိသားစုအတွင်း ကိုဗစ်လူနာရှိရင် ဒါမှမဟုတ် လူနာကို ပြုစုစောင့်ရှောက်နေရင် ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဘိုးဘွားရိပ်သာတွေမှာ ပြုလုပ်သလို ကူးစက်မှုကာကွယ်ရေး အစီအမံတွေကို စေ့စေ့စပ်စပ် သေသေချာချာ လုပ်ဆောင်မယ်ဆိုရင် အနီးကပ်ထိတွေ့သူအဖြစ် သတ်မှတ်ဖို့ မလိုအပ်ပါဘူး။

၄− ရောဂါပိုးရှိသူရဲ့ အနီးဝန်းကျင်မှာ ၁၅ မိနစ်ကျော်ကြာ ရှိနေခဲ့တယ် ဆိုရင်လည်း စကားပြောသလား၊မပြောဘူးလား။ အတူရှိနေတဲ့နေရာ ဒါမှမဟုတ် အခန်းက လေဝင်လေထွက် ကောင်းသလား၊  အားလုံး mask တပ်ထားသလား စတဲ့ အချက်တွေကို ကြည့်ပြီး အနီးကပ်ထိတွေ့မိသူ ဟုတ်မဟုတ် စဉ်းစားဆုံးဖြတ်ဖို့ လိုပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

449. Omicron ရဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် BA.5 ဆိုတာ ဘာလဲ။ အပိုင်း(၆) မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် Omicron ရဲ့ တခြား စိုးရိမ်စရာ မျိုးကွဲတွေရှိသလား။

အဖြေ- Omicron ရဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် BA.5 နဲ့ပတ်သက်ပြီး တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။ အခုတစ်ခါ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် Omicron ရဲ့ တခြား စိုးရိမ်စရာ မျိုးကွဲတွေရှိသလားဆိုတာကို လေ့လာကြည့်ကြပါမယ်။

ဇူလိုင်လ ၁၂ ရက်နေ့က ဂျပန်နိုင်ငံအနောက်ပိုင်း ကိုဘေးမြို့မှာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲအသစ် BA.2.75  ကူးစက်မှုကို ပထမဆုံး တွေ့ခဲ့ရတယ်လို့ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ Quarantine Centre ကကြေညာခဲ့ပါတယ်။

ဇွန်လက အိန္ဒိယမှာ အဲဒီမျိုးကွဲသစ် ပထမဆုံး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ဗြိတိန်၊  ဂျာမနီနဲ့ အမေရိကန်နိုင်ငံတွေ မှာလည်း အဲဒီ မျိုးကွဲကို တွေ့ရှိခဲ့ရပါတယ်။

အဲဒီမျိုးကွဲဟာ BA.5 မျိုးကွဲလိုမျိုးပဲ လူ့ခန္ဓာကိုယ်က ကိုယ်ခံအားကနေရှာမတွေ့ဘဲ ဗိုင်းရပ်စ်လွတ်မြောက်သွားအောင် လုပ်ဆောင်နိုင်စွမ်း ရှိတယ်လို့ သိရပါတယ်။ အဲဒီမျိုးကွဲဟာ အိန္ဒိယမှာ BA.5 မျိုးကွဲထက် ပိုပြီးလျင်လျင်မြန်မြန် ပျံ့နှံ့နေတယ်လို့ အစီရင်ခံစာတွေမှာ ပြသနေပါတယ်။

တိုကျို ဆေးပညာ တက္ကသိုလ်က ပါမောက္ခ Hamada Atsuo က BA.2.75 မျိုးကွဲဟာ ကိုယ်ခံအားစနစ် ကနေ ဗိုင်းရပ်စ်ကို ရှာမတွေ့ဘဲ လွတ်သွားအောင် လုပ်ဆောင်နိုင်စွမ်း ပိုရှိတယ်လို့ ပြောပါတယ်။  BA.2 မျိုးကွဲထက် ကူးစက်နိုင်စွမ်းပိုရှိတာကြောင့် ကိုယ်ခံအား ရှိထားပြီးသူတွေမှာလည်း ကူးစက်ခံရနိုင်တဲ့ အန္တရာယ်မြင့်မားတယ်လို့ သိရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)က အဲဒီ မျိုးကွဲကို သတိထား စောင့်ကြည့်ရမယ့် စိုးရိမ်ရတဲ့ မျိုးဗီဇပြောင်း ဗိုင်းရပ်စ် (VOC-LUM) အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဂျပန် ကျန်းမာရေး အာဏာပိုင်တွေအနေနဲ့ လည်း ဒီ BA.2.75 မျိုးကွဲသစ်ရဲ့ ရောဂါလက္ခဏာတွေကို သတိထား စောင့်ကြည့်သင့်တယ်လို့ ပါမောက္ခ Hamada Atsuo က ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

448.  Omicron ရဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် BA.5 ဆိုတာ ဘာလဲ။ အပိုင်း(၅) BA.5 အပေါ် ကာကွယ်ဆေး ရဲ့ ထိရောက်မှု

အဖြေ- Omicron ရဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် BA.5 အပေါ် ကာကွယ်ဆေး ရဲ့ ထိရောက်မှုနဲ့ ပတ်သက်ပြီး ပြောပြပါမယ်။

ဗြိတိန် ကျန်းမာရေးဆိုင်ရာ အာဏာပိုင်တွေရဲ့ ဇွန်လ ၂၄ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ မေလကုန်အထိ တစ်လတာ အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေရဲ့  သုတေသနအချက်အလက် တွေအရ BA.5 ကူးစက်ခံရသူနဲ့ BA.2 မျိုးကွဲ ကူးစက်ခံရသူတွေအကြား ကာကွယ်ဆေးရဲ့ ထိရောက်မှုဟာ သိသိသာသာ ကွာခြားမှုမရှိခဲ့တာကို တွေ့ရပါတယ်။

ဒီအတောအတွင်း အမေရိကန်အစားအစာနဲ့ဆေးဝါး ကွပ်ကဲရေးဌာန FDA က ဆေးဝါးကုမ္ပဏီတွေကို သူတို့ရဲ့ အားဖြည့်ကာကွယ်ဆေး တွေမှာ BA.4 မျိုးကွဲသစ် နဲ့ BA.5 မျိုးကွဲသစ်တွေကို တိုက်ခိုက်ဖို့ လိုအပ်ချက်နဲ့အံဝင်အောင် စီမံဖို့ နောက်ထပ် spike protein ဆူးချွန်ပရိုတင်းတွေ ထည့်သွင်းဖို့ အကြံပြုထားပါတယ်။ ဒါပေမဲ့ FDA က လက်ရှိ ကာကွယ်ဆေးတွေက ဗိုင်းရပ်စ်ကူးစက်ခံရတဲ့လူနာတွေကို ရောဂါ လက္ခဏာတွေ ပြင်းပြင်းထန်ထန် မဖြစ်ပေါ်အောင် တားဆီး ပေးနိုင်တယ် လို့ ဆိုပါတယ်။ အခု ထိုးနေတဲ့ ကာကွယ်ဆေးကို ပြောင်းလဲထိုးဖို့  တောင်းဆိုတာမျိုး လည်း မရှိပါဘူး။

တိုကျို ဆေးပညာ တက္ကသိုလ်က ပါမောက္ခ Hamada Atsuo က ဂျပန်မှာ အခုဆောင်းဦးရာသီကို  စဝင်နေပြီ ဖြစ်တာကြောင့် ကူးစက်မှုလှိုင်း ပိုမိုကြီးမားနိုင်တယ်လို့ သတိပေးထားပါတယ်။ ဆောင်းဦးရာသီနောက်ပိုင်းမှာ ကာကွယ်ဆေးထိုးဖို့ အစီအစဉ်နဲ့   ကာကွယ်ဆေး အလုံအလောက် ရရှိနိုင်ရေး အစီအမံတွေကိုလည်း အစိုးရ အနေနဲ့ ကြိုတင်ဆွေးနွေးဖို့ တောင်းဆိုထားပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

447. Omicron ရဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် BA.5 ဆိုတာ ဘာလဲ။ အပိုင်း(၄) BA.5 မှာ ကူးစက်ပြီးနောက် ရောဂါဖြစ်ပွားစေနိုင်တဲ့ စွမ်းအားပိုများသလား။

အဖြေ- Omicron ရဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် BA.5 မှာ ကူးစက်ပြီးနောက်ရောဂါဖြစ်ပွားစေနိုင်တဲ့ စွမ်းအားပိုများသလား ဆိုတာကို လေ့လာကြည့်ကြပါမယ်။

တိုကျိုတက္ကသိုလ်၊ ဆေးပညာသိပ္ပံဌာနက ပါမောက္ခ Sato Kei ဦးဆောင်တဲ့ G2P-Japan အဖွဲ့က သူတို့ရဲ့ တွေ့ရှိချက်တွေကို တရားဝင် စာတမ်းမထုတ်ခင် အွန်လိုင်းမှာ တင်ခဲ့တဲ့ အချက်အလက်တွေကို ကြည့်ပါမယ်။

သုတေသီတွေဟာ BA.5 နဲ့ BA.2 မျိုးစိတ်တွေနဲ့လက္ခဏာတူတဲ့ လူလုပ် ဗိုင်းရပ်စ်တွေကို ဖန်တီးခဲ့ကြပါတယ်။

အဲဒီနောက် သူတို့ မွေးမြူထားတဲ့ဆဲလ်တွေထဲကို အဲဒီ ဗိုင်းရပ်စ်အတု တစ်ခုစီ ထည့်သွင်းကူးစက်စေပြီး ဆဲလ်ထဲမှာ ဗိုင်းရပ်စ်ဘယ်လောက် ပွားနိုင်သလဲဆိုတာကို စစ်ဆေးခဲ့ပါတယ်။

၂၄ နာရီအတွင်းမှာ BA.5 ဟာ BA.2 ထက် ဗိုင်းရပ်စ်အကောင်ရေ တိုးပွားမှု ၃၄ ဆ ပိုမြင့်တာကို တွေ့ရှိခဲ့ရပါတယ်။

Hamster လို့ခေါ်တဲ့ ကြွက်တစ်မျိုးကို အသုံးပြုပြီး စမ်းသပ် ကြည့်ရာမှာတော့ BA.2 မျိုးကွဲ ကူးစက်ခံရတဲ့ Hamster တွေက ကိုယ်အလေးချိန် လျော့ကျတာမရှိခဲ့ပေမဲ့ BA.5 မျိုးစိတ် ကူးစက် ခံရတဲ့ Hamster တွေမှာတော့ ကိုယ်အလေးချိန် ၁၀ ရာခိုင်နှုန်းလောက် ကျသွားခဲ့တယ်လို့လည်း အဲဒီအဖွဲ့က ဆိုပါတယ်။

BA.5 ကူးစက်ခံရတဲ့အခါ BA.2 ကူးစက်ခံရတာထက် အဆုတ် ယောင်ယမ်းမှု အဆင့်က သိသိသာသာ ပိုမြင့်မားတယ်လို့ ပြောပါတယ်။

လူတွေမှာ ဖြစ်ပေါ်တဲ့ ရောဂါလက္ခဏာတွေနဲ့ ပတ်သက်ပြီး လေ့လာမှုတွေ ပိုမို လုပ်ဆောင်ဖို့ လိုအပ်နေပေမဲ့ သူတို့ရဲ့ စမ်းသပ်ချက်တွေအရ BA.5 ဟာ BA.2 ထက် ရောဂါ ပိုမိုဖြစ်ပွားစေနိုင်တာကို ညွှန်ပြနေတယ်လို့ အဲဒီအဖွဲ့က ပြောကြားခဲ့ပါ တယ်။

ပါမောက္ခ Sato က ဗိုင်းရပ်စ်ရဲ့ အာနိသင်အစွမ်းဟာ အမြဲတမ်းတော့ အားနည်းနေမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဗိုင်းရပ်စ်ဟာ မျိုးဗီဇပြောင်းလဲမှုတွေ ဆက်ဖြစ်နေတာကြောင့် သတိရှိနေဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

446. Omicron ရဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် BA.5 ဆိုတာ ဘာလဲ။ အပိုင်း(၃) BA.5 ကြောင့် ပြင်းပြင်းထန်ထန် ဖျားနာနိုင်ခြေ ဘယ်လောက်ရှိသလဲ

အဖြေ- Omicron ရဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် BA.5 နဲ့ပတ်သက်ပြီး အခုတစ်ကြိမ်မှာ မျိုးကွဲသစ် BA.5 ကြောင့် ပြင်းပြင်းထန်ထန် ဖျားနာနိုင်ခြေ ဘယ်လောက်ရှိသလဲ ဆိုတာ လေ့လာကြည့်ကြ ရအောင်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က ဇူလိုင်လ ၆ ရက်နေ့မှာ ထုတ်ပြန်တဲ့ အပတ်စဉ်ထုတ် အစီရင်ခံစာမှာ BA.5 ဟာ BA.2 နဲ့ နှိုင်းယှဉ်ရင် ပြင်းပြင်းထန်ထန် ဖျားနာနိုင်ခြေမှာ အပြောင်းအလဲရှိတယ် ဆိုတဲ့ သက်သေ အထောက်အထား မရှိဘူးလို့ ဆိုထားပါတယ်။ ဒါပေမဲ့ နိုင်ငံအများအပြားမှာ ကူးစက်မှုအရေအတွက် မြင့်မားလာနေတဲ့ အတွက် ဆေးရုံတက်ရသူ ဒါမှမဟုတ် အထူးကြပ်မတ် ကုသဆောင်မှာ ဆေးရုံတက်နေရသူ အရေအတွက်လည်း တိုးလာနေပြီး သေဆုံးသူ အရေအတွက်လည်း များလာနေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဥရောပ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးစင်တာက ဇွန်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာလည်း သုတေသန အချက်အလက်က အကန့်အသတ်နဲ့ပဲ ရှိပြီး ရောဂါပြင်းထန်စေတယ် ဆိုတဲ့ အထောက်အထားလည်း မရှိသေးဘူးလို့ ဖော်ပြထားပါတယ်။ တစ်ချိန်တည်းမှာပဲ ဗိုင်းရပ်စ် ကူးစက်မှုအရေအတွက် တိုးလာရင် သေဆုံးသူ အရေအတွက်နဲ့ ဆေးရုံတင်ဖို့ လိုအပ်တဲ့ အရေအတွက် လည်း ပိုများလာနိုင်ခြေရှိတယ်လို့  အဲဒီအစီရင်ခံစာမှာ ရေးသားထား ပါတယ်။

နိုင်ငံတကာ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ၊ တိုကျိုဆေး တက္ကသိုလ်က ပါမောက္ခ Hamada Atsuo က BA.5 မျိုးကွဲသစ်ဟာ ယခင်မျိုးကွဲတွေထက် ကူးစက်နိုင်စွမ်း အနည်းငယ် ပိုရှိနိုင်ပြီး ကိုယ်ခံစွမ်းအားရှိသူတွေကိုတောင် ကူးစက်တယ်လို့ ပြောပါတယ်။ အဲဒီမျိုးကွဲသစ်ဟာ BA.2 မျိုးကွဲနေရာကို အစားထိုး ဝင်ရောက်လာရုံ သာမက ကူးစက်ခံရသူ အရေအတွက် တိုးလာမှာကိုလည်း ရှောင်ရှားလို့မရဘူးလို့ ဆိုပါတယ်။ ကူးစက်ခံရသူတွေ ပိုများလာမယ်ဆိုရင် ပြင်းထန်တဲ့ ရောဂါလက္ခဏာပြတဲ့ လူနာလည်း တိုးလာမှာကို သတိထားသင့်တယ်လို့ သူက ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

445. Omicron ရဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် BA.5 ဆိုတာ ဘာလဲ အပိုင်း(၂)  BA.5 ရဲ့ လက္ခဏာ

အဖြေ- မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် Omicron ရဲ့ မျိုးကွဲသစ် BA.5 နဲ့ပတ်သက်ပြီး အခုဒုတိယအပိုင်းမှာ BA.5 ရဲ့ လက္ခဏာတွေအကြောင်း လေ့လာကြည့်ကြရအောင်။

BA.5 မျိုးကွဲသစ်မှာ လူသားဆဲလ်တွေထဲ ဝင်ရောက်ရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကပါဝင်တဲ့ ဗိုင်းရပ်စ်ရဲ့မျက်နှာပြင် ပေါ်မှာရှိတဲ့ Spike protein လို့ ခေါ်တဲ့ ဆူးချွန်ပရိုတိန်းတွေမှာ L452R မျိုးဗီဇပြောင်းလဲမှု စတာတွေရှိနေတာ တွေ့ရပါတယ်။ L452R မျိုးဗီဇ ပြောင်းလဲမှုဟာ ကိုယ်ခံအားတုံ့ပြန်မှုစနစ်က ဗိုင်းရပ်စ်ကို ရှာမတွေ့ဘဲ လွတ်ထွက်သွားအောင် ကူညီပေးပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဇူလိုင်လအစောပိုင်းမှာ နောက်ဆုံးထုတ်ပြန်ချက်အရ BA.5 မျိုးကွဲသစ်ဟာ BA.1 နဲ့ယှဉ်ရင် ဗိုင်းရပ်စ်ရဲ့အာနိသင်ကို ပြယ်စေတဲ့ပဋိပစ္စည်းရဲ့ ထိရောက်မှုကို ၇ ဆကျော် လျော့နည်းသွားအောင် လုပ်နိုင်တယ်လို့ သိရပါတယ်။

ကာကွယ်ဆေး ထိုးထားတာကြောင့်ဖြစ်စေ၊ ဗိုင်းရပ်စ် ကူးစက်ဖူးလို့ ဖြစ်စေ ရရှိထားတဲ့ ကာကွယ်နိုင်စွမ်းက အချိန်ကြာလာတာနဲ့အမျှ အာနိသင်တွေ လျော့နည်းသွားတာဟာ လတ်တလော ရောဂါပိုး ကူးစက်ပျံ့နှံ့မှုများနေတာလို့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။

ဇွန်လ ၃၀ ရက်နေ့က ပြုလုပ်တဲ့ ဂျပန်နိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပညာရှင် အစည်းအဝေးမှာ  ဂျပန်နိုင်ငံ၊ ကျိုတို တက္ကသိုလ်က ပါမောက္ခ Nishiura Hiroshi က တင်ပြခဲ့တဲ့ အချက်အလက်ထဲမှာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို ခုခံနိုင်တဲ့ ကိုယ်ခံစွမ်းအားရှိသူတွေရဲ့ ရာခိုင်နှုန်း ကျဆင်းလာနေတယ်လို့ ထောက်ပြခဲ့ပါတယ်။ ဇွန်လအနှောင်းပိုင်း အထိ စုစည်းထားတဲ့ အချက်အလက်တွေအရ အသက် ၂၀ တန်းအရွယ်တွေမှာ  ၄၄.၆ ရာခိုင်နှုန်းသာ  ကိုယ်ခံစွမ်းအားရှိသူတွေ ရှိပြီး၊ အသက် ၇၀တန်း မှာတော့ ၃၇.၄ ရာခိုင်နှုန်းပဲ ရှိတော့တာ တွေ့ရပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့ အထိ ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

444. Omicron ရဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် BA.5 ဆိုတာ ဘာလဲ။ အပိုင်း(၁) Omicron ရဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် BA.5

အဖြေ- Omicron ရဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် BA.5 နဲ့ပတ်သက်ပြီး သိသင့်သိထိုက်တာတွေကို ဒီတစ်ကြိမ်မှာ လေ့လာသွားပါမယ်။ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေအပြင် ဂျပန်မှာလည်း အဓိကကူးစက် ပျံ့နှံ့လာနေတဲ့ ဒီ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ အကြောင်း အခု ပထမပိုင်းမှာ တင်ဆက်ပါမယ်။

BA.5 ဗိုင်းရပ်စ်ဟာ Omicron မျိုးဗီပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲတစ်ခု ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ပထမဆုံး တောင်အာဖရိကမှာ စတွေ့ခဲ့တယ်လို့ အတည်ပြုထားပါတယ်။ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှာ မေလကစပြီး အဲဒီမျိုးကွဲ ဗိုင်းရပ်စ် အဓိက ကူးစက်ပျံ့နှံ့ လာပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ရဲ့ အဆိုအရ ဇွန်လလယ်လောက်အထိ အချိန်အတောအတွင်းမှာ ကမ္ဘာတစ်ဝန်း ဒီဗိုင်းရပ်စ် ကူးစက်မှုက နိုဘယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအားလုံးရဲ့ ၄၀ ရာခိုင်နှုန်းလောက် ရှိတယ်လို့  တွက်ဆထားပါတယ်။

အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုဌာနရဲ့ အပတ်စဉ် အစီရင်ခံစာမှာတော့ ဇူလိုင်လ ၂ ရက်နေ့အထိ BA.5 ကူးစက်မှုဟာ နိုင်ငံတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် အသစ်ကူးစက်ခံရမှုရဲ့ ၅၃.၆ ရာခိုင်နှုန်းရှိတယ်လို့ ဖော်ပြထားပါတယ်။

လတ်တလောအချိန်မှာ ကိုရိုနာကူးစက်မှုအရေအတွက် မြင့်တက်လာ နေပြီး အဲဒီအကြောင်းရင်း တစ်ခုက  ဒီ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲကြောင့် ဖြစ်တယ်လို့ ယူဆရပါတယ်။

ဗြိတိန်ကျန်းမာရေးအာဏာပိုင်တွေက BA.5 အမျိုးအစားဟာ BA.2 မျိုးကွဲထက် ၃၅.၁ ရာခိုင်နှုန်း ပိုပြီးမြန်မြန်ဆန်ဆန် ကူးစက် နိုင်စွမ်းရှိတယ်လို့ ဇွန်လ ၂၄ ရက်နေ့က ကြေညာခဲ့ပါတယ်။

တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့ရဲ့ ကိုရိုနာဗိုင်းရပ်စ်အခြေအနေ အကဲဖြတ်ရေးဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့က ဇွန်လ ၂၇ ရက်အထိ သီတင်းပတ်အတွင်း မြို့တော်တွင်း ကူးစက်မှုရဲ့ ၃၃.၄ ရာခိုင်နှုန်းဟာ BA.5 မျိုးကွဲအမျိုးအစား ကူးစက်မှုဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

443. နာတာရှည် COVID ။ အပိုင်း(၈) လူနာတွေကို သင့်လျော်တဲ့ ပြုစုစောင့်ရှောက်မှု ပေးခြင်းဟာ ဘယ်လောက် အရေးပါသလဲ

အဖြေ- COVID-19 ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ နာတာရှည်ဖြစ်တဲ့ ကိုဗစ်နောက်ဆက်တွဲ ရောဂါလက္ခဏာတွေနဲ့ ပတ်သက်ပြီး လေ့လာကြပါမယ်။ COVIDဖြစ်ပြီး နောက်ဆက်တွဲ ရောဂါလက္ခဏာတွေ စွဲကျန်နေတဲ့လူနာတွေကို သင့်လျော်တဲ့ ပြုစုစောင့်ရှောက်မှု ပေးခြင်းဟာ ဘယ်လောက် အရေးပါသလဲ- ဆိုတာကို ကြည့်ကြပါမယ်။

လက်ရှိအချိန်မှာ COVIDနောက်ဆက်တွဲ ရောဂါလက္ခဏာကို ဘယ်အတိုင်းအတာထိသတ်မှတ်နိုင်သလဲ?၊ ဘယ်လိုမျိုး အခြေအနေ တွေက ဒီလိုရောဂါတွေကို ဖြစ်ပွားစေသလဲ? စတဲ့ မသိနားမလည် နိုင်သေးတဲ့ အချက်တွေ အများအပြား ကျန်နေပါသေးတယ်။ ဒါပေမဲ့လည်း ဒီနောက်ဆက်တွဲရောဂါတွေကို အထူးကုသပေးနေတဲ့ ပညာရှင် ၂ ဦးကတော့ အဲဒီလို ကိုဗစ်နောက်ဆက်တွဲ ရောဂါ ခံစားနေရတဲ့လူနာတွေကို ဂရုတစိုက် ပြုစုကုသပေးဖို့ အင်မတန် အရေးကြီးတယ်လို့ အလေးပေးပြောကြားခဲ့ကြပါတယ်။

Kochi တက္ကသိုလ်က ပါမောက္ခ Yokoyama Akihito က “ဘယ်လို အကြောင်းကြောင့်ဖြစ်စေ ဗိုင်းရပ်စ်ကူးစက်ခံရလို့ ရောဂါဖြစ်ပြီး နောက်မှာ ဝေဒနာစွဲကျန်ခံစားနေရသူတွေ ရှိနေတာတော့ အမှန်ပါပဲ။ ဒါကြောင့် ဒီလူနာတွေအတွက် သင့်လျော်တဲ့ ပြုစုကုသမှုတွေ ပေးဖို့ လိုအပ်ပါတယ်” လို့ အလေးပေး ပြောကြားခဲ့ပါတယ်။

Gifu တက္ကသိုလ်က ပါမောက္ခ Shimohata Takayoshi က ဦးနှောက်ဆဲလ်တွေ ရောင်ရမ်းနေတဲ့ လူနာတချို့လည်းရှိသလို၊ နာတာရှည်ရောဂါတွေ ခံစားနေရတာကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ပြီး ရောဂါလက္ခဏာ ပိုဆိုးလာစေတဲ့ လူနာတွေလည်း ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ပါမောက္ခ Shimohata က ဘာအကြောင်းကြောင့်ပဲ ဒီလို ရောဂါလက္ခဏာတွေ ဖြစ်ပါစေ ဆရာဝန်တွေအနေနဲ့ အဲဒီလူနာတွေကို သက်သာရာရအောင် ကူညီပံ့ပိုးကုသမှုတွေ သေသေချာချာ လုပ်ပေးရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

အစိုးရအနေနဲ့ အခုလို အသစ်ပေါ်ထွက်လာတဲ့ ရောဂါလက္ခဏာအတွက် သုတေသနလုပ်ငန်းတွေမှာ ငွေကြေးပံ့ပိုးပြီး သေချာလေ့လာရမှာ ဖြစ်ပါတယ်။ COVID နဲ့ ပတ်သက်တဲ့ ရောဂါလက္ခဏာတွေကို အထူးကုသပေးတဲ့ ဆေးဘက်ဆိုင်ရာ စင်တာ ထူထောင်ပေးတာမျိုးအပြင် ဒီလိုမျိုးလူနာတွေရဲ့ စိတ်ပိုင်းဆိုင်ရာ သက်တောင့်သက်သာ ရှိစေဖို့ ပတ်ဝန်းကျင် လူမှုအသိုက်အဝန်းကလည်း ဒီအခြေအနေတွေကို နားလည်လာဖို့ လိုအပ်တယ်လို့ သူက အလေးပေး ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့က ရရှိထားတာ ဖြစ်ပါတယ်။

442. နာတာရှည် COVID။ အပိုင်း(၇) Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ COVIDရဲ့ နာတာရှည်ရောဂါလက္ခဏာများ။

အဖြေ- COVID-19 ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ နာတာရှည်ဖြစ်တဲ့ ကိုဗစ်နောက်ဆက်တွဲ ရောဂါလက္ခဏာတွေနဲ့ ပတ်သက်ပြီး Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ COVIDရဲ့ နာတာရှည်ရောဂါလက္ခဏာတွေကို လေ့လာကြပါမယ်။

 ၂၀၂၂ ခုနှစ် ဧပြီလကနေ ၄လတာ ကာလအတွင်း Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့လူနာ ၂,၀၀၀ ကျော်ရဲ့ နာတာရှည် COVID ရောဂါလက္ခဏာတွေကို တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က စာရင်းပြုစုခဲ့ပါတယ်။

Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ကိုဗစ်နောက်ဆက်တွဲ ရောဂါလက္ခဏာတွေထဲမှာ ချောင်းဆိုးသူ ၃၈.၆ ရာခိုင်နှုန်း၊ မောပန်းနွမ်းနယ်မှု ခံစားရသူ ၃၄.၀ ရာခိုင်နှုန်း၊ လျှာကအရသာပုံမှန်မရတဲ့သူ ၁၀.၆ ရာခိုင်နှုန်းနဲ့ အနံ့ခံအာရုံမှာ ပြဿနာရှိသူ ၉.၅ ရာခိုင်နှုန်းရှိတယ်လို့ ဖော်ပြထားပါတယ်။

အနံ့၊ အရသာ အာရုံခံစားမှု ကျဆင်းသွားတာနဲ့ ဆံပင်ကျွတ်တာလိုမျိုး လက္ခဏာတွေကတော့ Delta မျိုးဗီဇပြောင်း နဲ့ တခြားမျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားတွေ ကူးစက်တာကြောင့် ဖြစ်ပွားသလောက် မဖြစ်ကြဘူးလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ဂျပန်နိုင်ငံဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးနဲ့ ဆေးဝါးစင်တာက သုတေသီ အဖွဲ့တစ်ဖွဲ့ဟာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့သူတွေနဲ့ တခြားမျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို အသက်အရွယ်၊ ကျား၊ မ နဲ့ ကာကွယ်ဆေးထိုးမှု အခြေအနေတို့ကို နှိုင်းယှဉ်ပြီး သုတေသနရလဒ်ကို ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီရလဒ်အရ Omicron မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေဟာ တခြားမျိုးကွဲကိုဗစ် ကူးစက်ခံရသူတွေနဲ့ နှိုင်းယှဉ်ရင် ကိုဗစ် နောက်ဆက်တွဲ ရောဂါတွေ ဖြစ်တာ ဆယ်ပုံတစ်ပုံ ပဲရှိပါတယ်။

ဒါပေမဲ့ Omicron အမျိုးအစား ကူးစက်ခံရသူ အရေအတွက်က တခြားမျိုးကွဲတွေထက် သိသိသာသာ များတာကြောင့် COVIDကြောင့် နာတာရှည်ရောဂါလက္ခဏာ ခံစားရသူ လူနာအရေအတွက်လည်း များလာဖွယ်ရှိနိုင်တယ်လို့ ကျွမ်းကျင်သူ တွေက သတိပေးထားပါတယ်။

ဗြိတိန်အစိုးရက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ကာကွယ်ဆေး ၂ ကြိမ် ထိုးထားတယ်ဆိုရင် Delta မျိုးကွဲကူးစက်ခံရသူ ထက် Omicron မျိုးကွဲ ကူးစက်ခံရပြီးနောက် COVIDရဲ့ နောက်ဆက်တွဲ ရောဂါလက္ခဏာတွေ ဖြစ်သူက ၅၀ ရာခိုင်နှုန်းခန့် လျော့နည်းပါတယ်။ အခုအထိရရှိထားတဲ့ အချက်အလက်တွေအရ Omicron မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားပြီး နောက်ဆက်တွဲ ရောဂါဖြစ်တာ ကာလပိုရှည်တယ်ဆိုတဲ့ သတင်းပို့မှုမျိုး မရှိပါဘူး။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

441. နာတာရှည် COVID။ အပိုင်း(၆) "brain fog" လို့ခေါ်တဲ့ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ လက္ခဏာဆိုတာဘာလဲ။

အဖြေ- COVID-19 ကူးစက်ခံရပြီးနောက်ပိုင်းမှာဖြစ်တဲ့ ကိုဗစ်နောက်ဆက်တွဲ ရောဂါလက္ခဏာတွေနဲ့ ပတ်သက်ပြီး ဒီနေ့မှာတော့ "brain fog"  လို့ခေါ်တဲ့ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ လက္ခဏာတွေအကြောင်း လေ့လာကြည့်ကြပါမယ်။

"Brain fog" ဆိုတာက COVID ဖြစ်ပြီး နောက်ပိုင်းမှာ ဖြစ်တဲ့ နာတာရှည် ရောဂါလက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။ အဲဒီလိုဖြစ်သူ အများစုဟာ အာရုံစူးစိုက်နိုင်မှု လျော့ပါးလာပြီး ဦးနှောက်က ကောင်းကောင်းအလုပ်မလုပ်မှု ခံစားရတဲ့ အခြေအနေ ဖြစ်ပါတယ်။ COVID ရဲ့ နောက်ဆက်တွဲ နာတာရှည် ရောဂါလက္ခဏာ ကုသရေး လမ်းညွှန်စာအုပ် ပြုစုခဲ့သူတွေထဲက တစ်ဦး ဖြစ်တဲ့ Gifu တက္ကသိုလ်က ပါမောက္ခ ဦးနှောက်အာရုံကြောပါရဂူ Shimohata Takayoshi က "brain fog" ရောဂါဟာ MRI ရိုက်တဲ့အခါမှာရော၊ သွေးစစ်တာကနေပါ တစ်စုံတစ်ရာ အဖြေမထွက်တတ်တာကြောင့် ရောဂါရှာဖွေစစ်ဆေးဖို့ ခက်ခဲတယ်လို့ ပြောပါတယ်။

ဒါပေမဲ့လည်း ဖြစ်ပွားရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး သုတေသန ဆက်လုပ်နေတယ်လို့ သူက ပြောပါတယ်။ ပြည်ပမှာ တိရိစ္ဆာန်တွေနဲ့ စမ်းသပ်မှုတွေအရ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ခန္ဓာကိုယ် တစ်ခုလုံး ရောင်ရမ်းမှု ဖြစ်စေပါတယ်။   ကိုယ်ခံအားပဋိပစ္စည်းတွေက ခန္ဓာကိုယ်ကို ရောင်ရမ်းအောင် လုပ်တဲ့ သေးငယ်တဲ့ cytokines မော်လီကျူး တွေ ထုတ်လွှတ်တာကြောင့်လည်း ဖြစ်တယ်လို့ ပါမောက္ခ Shimohata က ပြောပါတယ်။ ကိုယ်ခံအားစနစ်က မိမိခန္ဓာကိုယ်ကို ပြန်တိုက်ခိုက်တာတွေလည်း ဖြစ်စေပါတယ်။ cytokines မော်လီကျူးလေးတွေက သွေးကြောကနေတစ်ဆင့် ဦးနှောက်ထဲအထိ ရောက်သွားရင် ဦးနှောက်ရောင်ရမ်းမှုကိုလည်း ဖြစ်စေတယ်လို့ ယူဆထားကြောင်း ပါမောက္ခ Shimohata က ပြောကြားခဲ့ပါတယ်။ လတ်တလောမှာ ကုသနည်းမရှိသေးပါဘူး။ ဒီ့ အတွက် ဆရာဝန်တွေ အနေနဲ့ ရောဂါလက္ခဏာဖြစ်လာပုံ အကြောင်းရင်းကိုပဲ နားလည်အောင် လုပ်ပြီး ကုသနေရတာ ဖြစ်တာကြောင့် ပိုမိုကောင်းမွန်တဲ့ ကုသမှုနည်းလမ်းတွေကို ရှာဖွေဖို့ အရေးကြီးတယ်လို့ သူက အလေးပေးပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

440. နာတာရှည် COVID။ အပိုင်း(၅) COVID-19 နောက်ဆက်တွဲ ရောဂါလက္ခဏာတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ်က ဘာလဲ။

အဖြေ- COVID-19 နောက်ဆက်တွဲ ရောဂါလက္ခဏာတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ်က ဘာလဲဆိုတာ လေ့လာကြည့်ကြပါမယ်။

အမေရိကန်ပြည်ထောင်စု၊ Yale တက္ကသိုလ်က ကိုယ်ခံအားစနစ်ကို အထူးပြုလေ့လာနေသူ ပါမောက္ခ Iwasaki Akiko က ကိုဗစ်ရောဂါ ပြင်းပြင်းထန်ထန်ခံစားခဲ့ရသူတွေပဲ နောက်ဆက်တွဲ ရောဂါလက္ခဏာ အမျိုးမျိုး ဖြစ်တာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

အမေရိကားမှာ လုပ်ခဲ့တဲ့ လေ့လာမှုစစ်တမ်းတစ်ခုအရ ကိုဗစ်ရဲ့ နောက်ဆက်တွဲ ရောဂါလက္ခဏာခံစားရသူ ၇၅ ရာခိုင်နှုန်းဟာ သူတို့မှာ ဗိုင်းရပ်စ်ကူးစက်ပြီး ရောဂါဖြစ်ခဲ့တုန်းက ဆေးရုံတက်ဖို့ မလိုအပ်ခဲ့ဘူးလို့ ပြောကြပါတယ်။ ကိုဗစ်ရဲ့ ရောဂါလက္ခဏာမပြတဲ့သူ ဒါမှမဟုတ် အနည်းငယ်ပဲ ရောဂါလက္ခဏာ ပေါ်ခဲ့သူတွေတောင် ကိုဗစ်နောက်ဆက်တွဲ နာတာရှည် ရောဂါလက္ခဏာ ဖြစ်နိုင်တယ်လို့ သုတေသီတွေက ယူဆကြပါတယ်။

ပါမောက္ခ Iwasaki က “ ဒီလိုလက္ခဏာတွေ ပေါ်လာတဲ့ ဖြစ်နိုင်ခြေ အရှိဆုံး အချက်ကတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ ခန္ဓာကိုယ်တွင်း တစ်နေရာရာမှာ ခိုအောင်းနေတာ၊ အဲဒီနောက် ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို ရောင်ရမ်းစေပြီးတဲ့နောက် ရောဂါလက္ခဏာ အမျိုးမျိုး ပေါ်လာတာ”  ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး ရောဂါလက္ခဏာမခံစားခဲ့ရဘဲ ၂လ ဒါမှမဟုတ် ၃လ အကြာမှာမှ နာတာရှည်ကိုဗစ်လိုမျိုး နောက်ဆက်တွဲ ရောဂါလက္ခဏာတွေ စပြတဲ့ လူနာတွေရှိတယ်လို့ သူက ဆိုပါတယ်။

ကာကွယ်ဆေးထိုးထားသူတွေမှာတော့ COVID ရဲ့ နာတာရှည် ရောဂါလက္ခဏာ ဖြစ်ပွားမှုရာခိုင်နှုန်း နည်းပါးကြောင်း ပြထားတဲ့ အစီရင်ခံစာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အစီရင်ခံစာအလိုက် ရာခိုင်နှုန်း ကွဲပြားပါတယ်။

ကာကွယ်ဆေးထိုးထားရုံနဲ့ အဲဒီနောက်ဆက်တွဲ ရောဂါတွေ မဖြစ်ဘူး လို့တော့ မဆိုနိုင်ဘူးလို့ လည်းပါမောက္ခ Iwasaki က ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

439. နာတာရှည် COVID။ အပိုင်း(၄) COVID-19 နောက်ဆက်တွဲ ရောဂါလက္ခဏာတွေ ဘယ်လို ဖြစ်ပေါ်လာသလဲ။

အဖြေ- "COVID-19 နောက်ဆက်တွဲ ရောဂါလက္ခဏာတွေ ဘယ်လိုဖြစ်ပေါ်လာတယ်" ဆိုတာကို ပြောပြပါမယ်။

အမေရိကန်ပြည်ထောင်စု၊ Yale တက္ကသိုလ်က ကိုယ်ခံအားစနစ်ကို အထူးပြုလေ့လာနေသူ ပါမောက္ခ Iwasaki Akiko က ယူဆချက် ၄ ခုကို ပြောပြပါတယ်။

၁) ချောင်းဆိုးတာနဲ့ ဖျားနာတာလိုမျိုး ကနဦးမှာဖြစ်တဲ့ ရောဂါလက္ခဏာတွေ သက်သာသွားပေမဲ့လည်း ကျန်နေတဲ့ ဗိုင်းရပ်စ်တွေနဲ့ ဗိုင်းရပ်စ်ရဲ့ အပိုင်းအစတွေကြောင့် ကာလရှည်ကြာ ရောင်ရမ်းနေတာမျိုး။

(၂) ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က ခန္ဓာကိုယ်ကို ပြန်တိုက်ခိုက်တာမျိုး။

(၃) ရောဂါပိုးကူးစက်မှုကြောင့် ပျက်စီးနေတဲ့ ကိုယ်တွင်းအင်္ဂါတွေ ပြန်ကောင်းမွန်လာဖို့ အချိန်ကြာနေတာမျိုး။

(၄) ရေယုန်ဗိုင်းရပ်စ် လိုမျိုး  COVID-19 မဖြစ်ခင်ကတည်းက ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဗိုင်းရပ်စ်တွေ ပြန်အသက်ဝင် ထကြွလာတာမျိုး။

တွေဟာ ပေါင်းစပ်ပြီး နာတာရှည် COVID နောက်ဆက်တွဲ ရောဂါလက္ခဏာတွေ အမျိုးမျိုး  ဖြစ်ပေါ်လာတတ်တယ်လို့ ယူဆရကြောင်း ပါမောက္ခ  Iwasaki က ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

438. နာတာရှည် COVID။ အပိုင်း(၃) ဘယ်လိုအခြေအနေကို COVID-19ရဲ့ နောက်ဆက်တွဲ ရောဂါလက္ခဏာတွေလို့ သတ်မှတ်နိုင်မလဲ?

အဖြေ- "ဘယ်လိုအခြေအနေကို COVID-19 ရဲ့ နောက်ဆက်တွဲ ရောဂါလက္ခဏာတွေလို့ သတ်မှတ်နိုင်မလဲ"?  ဆိုတာကို ပြောပြပါမယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHOက ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံထားရနိုင်ခြေရှိတယ် ဒါမှမဟုတ် ကူးစက်မှု အတည်ပြုခံခဲ့ရဖူးတဲ့ သူတွေမှာ ၃လအတွင်း ဖြစ်ပွားတဲ့ နေမကောင်းတဲ့ ဝေဒနာ တစ်ခုခုကို COVID-19 ရဲ့နောက်ဆက်တွဲရောဂါ လို့ သတ်မှတ်ပါတယ်။ အဲဒီ ရောဂါလက္ခဏာတွေဟာ COVID-19 စဖြစ်ပြီး သုံးလအတွင်းမှာ ဖြစ်လေ့ရှိပြီး  အနည်းဆုံး ၂လ လောက် ကြာတတ်ပါတယ်။  တခြားရောဂါ လက္ခဏာ တစ်မျိုးမျိုး ဖြစ်တာလို့  ပြောဖို့ခက်တဲ့ ဝေဒနာတွေကို ကိုဗစ်နောက်ဆက်တွဲ ရောဂါဝေဒနာလို့ ခေါ် ကြောင်း WHO က ပြောကြားခဲ့ပါတယ်။ နာတာရှည် ဖြစ်တဲ့အတွက် အင်္ဂလိပ်လိုတော့ Long COVID လို့ခေါ် ပါတယ်။  ဒါပေမဲ့ WHO သတ်မှတ်ထားတဲ့ ရောဂါလက္ခဏာ အမျိုးမျိုးရှိပြီး နိုင်ငံ အသီးသီးက ကျွမ်းကျင်ပညာရှင်တွေကြားမှာ ဒီရောဂါ တွေ အားလုံးဟာ ကိုဗစ်နောက်ဆက်တွဲ နာတာရှည် ရောဂါ ဟုတ်တယ် မဟုတ်ဘူး ဆိုတာနဲ့ ပတ်သက်ပြီး  မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

ဂျပန် ကျန်းမာရေးဝန်ကြီးဌာန ကသုတေသနအဖွဲ့တစ်ခုကို ဦးဆောင်နေသူ Kochi တက္ကသိုလ်က ပါမောက္ခ Yokoyama Akihito ကတော့  "ကျွန်တော်တို့ရဲ့ စစ်တမ်းမှာ ကိုရိုနာ ကူးစက်မခံရသူတွေနဲ့ ပတ်သက်ပြီး သုတေသနလုပ်ထားတဲ့ အချက်အလက်တွေ မရှိတာကြောင့် ဒီရောဂါလက္ခဏာတွေဟာ  ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရဲ့  နောက်ဆက်တွဲ နာတာရှည် ရောဂါဟုတ်မဟုတ်ဆိုတာ ဆုံးဖြတ်ဖို့ အလွန်ခက်တယ်” ပြောပါတယ်။ “လူနာရဲ့ အဆုတ်ဟာ ပုံသဏ္ဍာန် မမှန် ဖြစ်နေပြီး အသက်ရှုရခက်ခဲတယ်ဆိုရင်တော့ ဒါဟာ ကိုဗစ် နောက်ဆက်တွဲ ဝေဒနာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဒါပေမဲ့ အိပ်လို့မရတာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးထိခိုက်တာတွေ ကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲ ဝေဒနာ အဖြစ် ပြောရခက်ပါတယ်”လို့  သူက ဆိုပါတယ်။ “အဲဒီလို ဝေဒနာတွေဟာ တခြားရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပြီး သေသေချာချာ ရောဂါစစ်ဆေးမှု မလုပ်ဘူးဆိုရင် လူနာအတွက်လည်း အကျိုးယုတ်နိုင်ပါတယ်။ COVID-19 နောက်ဆက်တွဲ ရောဂါ လို့ ပြောနေပေမယ့် တခြား ရောဂါလည်း ရှိနေတတ်တာကြောင့်  ကုသပျောက်ကင်းနိုင်တယ် လို့ ဆိုပါတယ်။ နောင် အနာဂတ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေ၊ ကျန်းမာတဲ့လူတွေ နဲ့ တခြား အဆုတ်ရောင်ရောဂါရှိသူတွေကို နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့်  နာတာရှည် COVID နောက်ဆက်တွဲ ရောဂါဟုတ်မဟုတ် သေချာ အောင် လုပ်ဖို့လိုမယ်လို့ ယူဆကြောင်း ပါမောက္ခ Yokoyama Akihito က ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

437. နာတာရှည် COVID။ အပိုင်း (၂) နာတာရှည် COVIDရောဂါ လက္ခဏာတွေက ဘယ်လိုလဲ။

အဖြေ- ကျန်းမာရေး ဝန်ကြီးဌာနရဲ့ သုတေသနစစ်တမ်း အပိုင်း ၂ အဖြစ် COVID ရဲ့ နာတာရှည် ရောဂါလက္ခဏာတွေက ဘယ်လို လက္ခဏာတွေလည်း ဆိုတာကို လေ့လာကြည့်ပါမယ်။

Keio တက္ကသိုလ်က ပါမောက္ခ Fukunaga Koichi ဦးဆောင်တဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သုတေသနအဖွဲ့ဟာ COVID-19 ရောဂါလက္ခဏာ အနည်းငယ်ပဲ ဖြစ်တဲ့သူကနေ ပြင်းပြင်းထန်ထန် ရောဂါဖြစ်တဲ့သူတွေအထိ လူနာပေါင်း ၁,၀၀၀ ကျော်ကို စစ်တမ်းကောက်ယူ သုတေသနပြုခဲ့ပါတယ်။ ကိုဗစ်ရောဂါလို့ သိရပြီးနောက် တစ်နှစ်တာကာလအတွင်း ဘယ်လိုလက္ခဏာတွေ ခံစားခဲ့ရသလဲ လို့ လူနာတွေကို မေးမြန်းခဲ့ကြပါတယ်။

ရောဂါဖြစ်ပြီး တစ်နှစ်အကြာမှာ ကိုဗစ်နောက်ဆက်တွဲ ဝေဒနာအနေနဲ့  မောပန်းနွမ်းနယ်တာကို ခံစားရတဲ့လူနာက ၁၂.၈ ရာခိုင်နှုန်း၊  အသက်ရှူရ ခက်ခဲသူက  ၈.၆ ရာခိုင်နှုန်း၊ ကြွက်သားတွေရဲ့ ကြံ့ခိုင်မှု လျော့ကျလာပြီး အာရုံစုစည်းလို့မရ ဖြစ်သူက ၇.၅ ရာခိုင်နှုန်း၊ မှတ်ဉာဏ်အား နည်းလာသူက ၇.၂ ရာခိုင်နှုန်း၊  အိပ်လို့မရသူက ၇ ရာခိုင်နှုန်း၊ အဆစ်အမြစ် နာကျင်ကိုက်ခဲသူက ၆.၄ ရာခိုင်နှုန်း၊  ကြွက်သားနာကျင်သူက ၅.၅ ရာခိုင်နှုန်း၊ အနံ့ခံမရသူက ၅.၄ ရာခိုင်နှုန်း ၊ သလိပ်ထွက်နေသူက ၅.၂ ရာခိုင်နှုန်း၊ ဆံပင်ကျွတ်သူက ၅.၁ ရာခိုင်နှုန်း ၊ ခေါင်းကိုက်သူက ၅.၀ ရာခိုင်နှုန်း ၊ လျှာက အရသာခံစားရတာ ပုံမှန်အတိုင်း ပြန်မဖြစ်သူက ၄.၇ ရာခိုင်နှုန်း၊ ချောင်းဆိုးနေသူက ၄.၆ ရာခိုင်နှုန်း ၊ ခြေလက်တွေ ထုံကျဉ်နေသူက ၃.၉ ရာခိုင်နှုန်း၊ အမြင်အာရုံကျလာသူက ၃.၆ ရာခိုင်နှုန်းရှိပါတယ်။ လူနာစုစုပေါင်းရဲ့  ၃၃ ရာခိုင်နှုန်းကတော့ ရောဂါလက္ခဏာတစ်ခု မဟုတ် တစ်ခု ရှိနေတတ်ပါတယ်။

ယခင် သုတေသန အဖွဲ့လိုပဲ ဗိုင်းရပ်စ် ကူးစက်မခံရတဲ့သူတွေနဲ့  နှိုင်းယှဉ်ပြီး စစ်တမ်းကောက်ထားတာ မရှိတဲ့အတွက် အခု ပြောပြခဲ့တဲ့ ရောဂါလက္ခဏာတွေဟာ COVID 19 ဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့ ဖြစ်တဲ့ နာတာရှည်လက္ခဏာတွေ ဟုတ်တယ်လို့တော့ အတည်ပြုလို့ မရပါဘူး။ လူနာတွေဟာ ရောဂါဝေဒနာအလိုက် ကုထုံးအမျိုးမျိုးနဲ့ စမ်းသပ်ကုသမှု ခံယူကြပါတယ်။ အထူးဆေးဝါးတွေ သုံးစွဲတာမျိုး မရှိပါဘူး။  

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

436. နာတာရှည် COVID။ အပိုင်း (၁) နာတာရှည် COVIDရောဂါ လက္ခဏာတွေက ဘယ်လိုလဲ။

အဖြေ- ဂျပန်နိုင်ငံမှာ ၂၀၂၂ ခုနှစ် ဇွန်လအနှောင်းပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၉.၃ သန်းကျော်ရှိပါတယ်။ ကိုဗစ်လူနာ အများအပြားဟာ ပြန်နေကောင်းလာပြီး နောက်ပိုင်းမှာလည်း ကိုဗစ်ရဲ့ နောက်ဆက်တွဲဝေဒနာအမျိုးမျိုးကို ခံစားနေရပါတယ်။ အဲဒီလို ရောဂါ လက္ခဏာ အခြေအနေတွေထဲကမှ  နာတာရှည် COVIDရောဂါ လက္ခဏာတွေက ဘယ်လိုလဲ ဆိုတာ သိရအောင် အသေးစိတ် တင်ဆက်ပေးပါမယ်။

Kochi တက္ကသိုလ်က ပါမောက္ခ Yokoyama Akihito ဦးဆောင်တဲ့ ဂျပန် ကျန်းမာရေးဝန်ကြီးဌာနရဲ့ သုတေသနအဖွဲ့က ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ တစ်နှစ်တာကာလအတွင်း အလယ်အလတ် ပြင်းထန်တာ ဒါမှမဟုတ် ပြင်းထန်တဲ့ ရောဂါလက္ခဏာကြောင့် နိုင်ငံတစ်ဝန်းက ဆေးရုံတွေမှာ တက်ရတဲ့ လူနာ ၁,၀၀၀ ကျော်ကို စစ်တမ်းကောက်ယူခဲ့ပါတယ်။

ဆရာဝန်တွေရဲ့ မေးမြန်းချက် မှတ်တမ်းတွေနဲ့ လူနာတွေရဲ့ ဖြေကြားမှုတွေအပေါ် အခြေခံပြီး ဘယ်လိုရောဂါလက္ခဏာတွေ ပေါ်လာသလဲဆိုတာ သုံးလမှာတစ်ကြိမ် ရှာဖွေလေ့လာခဲ့ပါတယ်။ ကိုဗစ်ကူးစက်ပြီး ၃လအကြာမှာ လူနာတွေရဲ့ ၅၀ ရာခိုင်နှုန်းက ကြွက်သားတွေ အားနည်းလာတယ်လို့ ဆိုပါတယ်။   အသက်ရှုရခက်တဲ့ ဝေဒနာခံစားရသူက ၃၀ ရာခိုင်နှုန်း ရှိပါတယ်။ မောပန်းနွမ်းနယ်တာကို ခံစားရသူက ၂၅ ရာခိုင်နှုန်း၊  အိပ်မပျော် တဲ့သူက ၂၀ ရာခိုင်နှုန်းကျော်ရှိပြီး  ၁၈ ရာခိုင်နှုန်းကတော့ အာရုံစုစည်းရ ခက်ခဲတာ ၊ ကြွက်သားနာကျင်တာနဲ့ ချောင်းဆိုးတာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ တချို့ကတော့ ရောဂါလက္ခဏာ အမျိုးမျိုးကို ခံစားရတယ်လို့ ပြောပြကြပါတယ်။ ကိုဗစ်ကူးစက်ပြီး နောက်ပိုင်း ရောဂါလက္ခဏာ ခံစားရသူတွေဟာ အချိန်ကြာလာတဲ့အခါမှာ တဖြည်းဖြည်း သက်သာလာကြတာကိုတွေ့ရပါတယ်။

ရောဂါပိုးကူးစက်ခံရပြီး တစ်နှစ်ကြာတဲ့အခါမှာတော့ အိပ်မပျော်တဲ့ ရောဂါလက္ခဏာရှိသူက ၁၀.၁ ရာခိုင်နှုန်း၊  ကြွက်သားတွေ အားနည်းလာတဲ့သူက ၉.၃ ရာခိုင်နှုန်း၊  အသက်ရှူရ ခက်တဲ့သူက ၆.၀ ရာခိုင်နှုန်း ပဲရှိတယ်လို့ ဆိုပါတယ်။ အာရုံစိုက်လို့မရ သူက ၅.၃ ရာခိုင်နှုန်း၊ ချောင်းဆိုးဝေဒနာ စွဲကျန်တာ၅.၀ ရာခိုင်နှုန်း၊ မောပန်းနွမ်းနယ်မှု ဝေဒနာခံစားရသူက ၄.၉ ရာခိုင်နှုန်း၊ ကြွက်သားနာကျင်မှုခံစားရသူ  ၄.၆ ရာခိုင်နှုန်း ရှိပါတယ်။ ရောဂါလက္ခဏာ တစ်မျိုးမျိုးခံစားရတယ် လို့ ပြောတဲ့လူနာက ၁၃.၆ ရာခိုင်နှုန်း ရှိပါတယ်။

COVID19 ရောဂါဖြစ်ချိန်မှာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်ခဲ့သူတွေဟာ နောက်ဆက်တွဲ ရောဂါလက္ခဏာ ခံစားရနိုင်ခြေများတယ်လို့ သုတေသီတွေက ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

435. နှာခေါင်းစည်းတပ်ဆင်ခြင်းနဲ့ အပူဒဏ်ကာကွယ်ခြင်း။
အပိုင်း (၃) အပူလျှပ်ခြင်း မဖြစ်အောင် ဘာတွေကို သတိထားရမလဲ။

အဖြေ- COVID-19 ကူးစက်မှုကို ကာကွယ်တားဆီးဖို့အတွက်  နှာခေါင်းစည်းကို အခြေခံအားဖြင့် တပ်ရမှာဖြစ်ပေမယ့် ပူပြင်းတဲ့ရာသီမှာတော့ ဆိုးကျိုး သက်ရောက်စေနိုင်တဲ့ အချက် တချို့ ရှိပါတယ်။ 

ပူပြင်းတဲ့ရာသီမှာ နှာခေါင်းစည်း တပ်ပြီး အပူလျှပ်ခြင်းမဖြစ်စေမယ့် နည်းလမ်းတွေထဲမှာ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေကို လေ့လာကြပါမယ်။

အပူလျှပ်တဲ့ အန္တရာယ် နဲ့ပတ်သက်ပြီး လေ့လာနေတဲ့ WHO ရဲ့ သုတေသနအဖွဲ့ဝင် ဖြစ်ပြီး  Nagoya Institute of Technology က ပါမောက္ခ Hirata Akimasa ကို မေးမြန်းကြည့်ခဲ့ပါတယ်။ ပါမောက္ခ Hirata က အပူချိန်နဲ့ စိုထိုင်းဆ မြင့်မားတဲ့ ရာသီမှာ  အပူလျှပ်တဲ့အန္တရာယ်ကို ပုံမှန်သတိထားနေဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ လူတွေဟာ နှာခေါင်းစည်းတပ်ထားချိန်မှာ ရေငတ်လာတာကို သတိမထားမိ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်ကို အရည်ဓာတ်ဖြည့်တင်းဖို့ အတွက် ရေသောက်တဲ့ အကြိမ် အရေအတွက် နည်းသွားတတ်တာကို သတိထားဖို့ လိုတယ်လို့ ပြောပါတယ်။

ရေသောက်နည်းရင် ခန္ဓာကိုယ်ဟာ အရည်ဓာတ်ဆုံးရှုံးပြီး ကိုယ်တွင်းအပူချိန် မြင့်တက်လာတဲ့အခါ အပူလျှပ်တဲ့အန္တရာယ် ဖြစ်တတ်တယ်လို့ ပါမောက္ခ Hirata က ရှင်းပြပါတယ်။ သတိထားပြီး ရေများများသောက်ကြဖို့ တိုက်တွန်းထားပါတယ်။ Mask တပ်ဆင်တာနဲ့ ပတ်သက်ပြီး ရောဂါကူးစက်နိုင်ခြေများတဲ့ နေရာတွေမှာ ဆိုရင် Mask ကို တပ်ထားသင့်ပြီး  တခြားသူတွေနဲ့ လုံလောက်တဲ့ အကွာအဝေးခြားပြီး နေလို့ရရင် Mask မတပ်လဲ ရပါတယ်လို့ ပြောပါတယ်။ နေရာနဲ့ အခြေအနေပေါ် မူတည်ပြီး Mask ကိုတပ်မယ် မတပ်ဘူး ဆုံးဖြတ်ဖို့ အရေးကြီးတယ်လို့ သူက ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

434. နှာခေါင်းစည်းတပ်ဆင်ခြင်းနဲ့ အပူဒဏ်ကာကွယ်ခြင်း။
အပိုင်း (၂) နှာခေါင်းစည်း mask တပ်ထားရင် အပူလျှပ်မှု အန္တရာယ် ဘယ်လောက်ရှိသလဲ။

အဖြေ- COVID-19 ကူးစက်မှုကို ကာကွယ်တားဆီးဖို့အတွက် နှာခေါင်းစည်းတပ်တာဟာ အခြေခံလုပ်ရမယ့်အချက် ဖြစ်ပေမယ့် ပူပြင်းတဲ့ရာသီမှာတော့ တခြား ဆိုးကျိုး သက်ရောက်စေနိုင်တဲ့ အချက် တချို့ ရှိပါတယ်။
နှာခေါင်းစည်း mask တပ်ထားရင် အပူလျှပ်မှု အန္တရာယ် ဘယ်လောက်ရှိသလဲ ဆိုတာနဲ့ ပတ်သက်ပြီး လေ့လာနေတဲ့ WHO နဲ့ သက်ဆိုင်တဲ့ အဖွဲ့ဝင် Nagoya Institute of Technology က ပါမောက္ခ Hirata Akimasa နဲ့ မေးမြန်းထားတာကို လေ့လာကြည့်ပါ။
အရင်ကတည်းက လုပ်လာတဲ့ သုတေသနတွေမှာ နှာခေါင်းစည်းတပ်ထားသူနဲ့ မတပ်ထားသူ နှိုင်းယှဉ်ပြီး ကိုယ်တွင်းအပူချိန် အပြောင်းအလဲကို တိုင်းတာကြည့်တဲ့အခါ mask တပ်ထားတဲ့သူက ကိုယ်တွင်းအပူချိန် ၀.၀၆ ကနေ ၀.၀၈ ဒီဂရီစင်တီဂရိတ် အထိ အပူချိန် တက်လာတာကို တွေ့ရပြီး အပူလျှပ်အန္တရာယ် ဖြစ်နိုင်ခြေရှိတဲ့ တစ်ဒီဂရီအထိ အပူချိန် တက်မလာဘူးလို့ ပါမောက္ခ Hirata က ပြောပါတယ်။
နှာခေါင်းစည်းတပ်တာ တစ်ခုထဲကြောင့် ခန္ဓာကိုယ် အပူချိန်တက်လာပြီး အပူလျှပ်တဲ့အန္တရာယ် ဖြစ်နိုင်ခြေ မရှိဘူးလို့ ပါမောက္ခ Hirata က ပြောပါတယ်။ ဒါပေမဲ့ နှာခေါင်းစည်းတပ်ပြီး လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်မယ်ဆိုရင်တော့ ခန္ဓာကိုယ် အပူချိန်တက်ပြီး အပူလျှပ်အန္တရာယ် ဖြစ်နိုင်ခြေ များနိုင်တယ်လို့ သူက ထောက်ပြပြောဆိုခဲ့ပါတယ်။
မွေးကင်းစ ကလေးငယ်တွေနဲ့ လမ်းလျှောက်တတ်ခါစ ကလေးတွေကို နှာခေါင်းစည်းတပ်တာကြောင့် အပူလျှပ်တဲ့ အန္တရာယ် ဖြစ်နိုင်သလား ဆိုတာကိုတော့ လေ့လာထားတဲ့ အချက်နည်းသေးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကလေးငယ်တွေ အပူလျှပ်အန္တရာယ် ဖြစ်မှာနဲ့ ပတ်သက်ပြီး အုပ်ထိန်းသူတွေအနေနဲ့ အစိုးရရဲ့လမ်းညွှန်ချက်တွေကို အထူးဂရုပြု လိုက်နာကြဖို့ သူက တိုက်တွန်းခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

433. နှာခေါင်းစည်းတပ်ဆင်ခြင်းနဲ့ အပူဒဏ်ကာကွယ်ခြင်း။
အပိုင်း (၁) ပူပြင်းတဲ့ရာသီဥတုမှာနှာခေါင်းစည်းကို ဘယ်လို ထိထိရောက်ရောက် တပ်ဆင်မလဲ။

အဖြေ- ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကာကွယ်တားဆီးရေး အစီအမံတွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် နှာခေါင်းစည်း တပ်ဆင်ရပါတယ်။ ဒါပေမဲ့ ပူအိုက်တဲ့ ရာသီမှာ နှာခေါင်းစည်း တပ်ထားရင် ခန္ဓာကိုယ်က ပိုပူလာပြီး၊ အသက်ရှူကြပ်တာနဲ့ စိတ်လည်း မွန်းကြပ်လာနိုင်ပါတယ်။
ဒါ့ကြောင့် ရာသီဥတု ပူနေချိန်မှာ အပူဒဏ်မခံစားရအောင် နှာခေါင်းစည်းကို ဘယ်လိုထိထိရောက်ရောက် တပ်ဆင်မလဲဆိုတာကို ဒီတစ်ကြိမ်မှာ ပြောပြပေးပါမယ်။
ဂျပန်မှာတော့ အစိုးရဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ တုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာ အခြေခံမူဝါဒတွေကို မေလ ၂၃ ရက်နေ့မှာ စပြောင်းလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်တားဆီးရေး အစီအမံတစ်ခု အနေနဲ့ နှာခေါင်းစည်းတပ်ဆင်ခြင်းဟာ အလွန်အရေးကြီးတဲ့ လုပ်ဆောင်မှု တစ်ခုအဖြစ် ဆက်ရှိနေပါတယ်။ ဒါပေမဲ့ အခုအခါ တချို့အနေအထားမျိုးတွေမှာတော့ နှာခေါင်းစည်းကို ချွတ်ထားလည်း ရတယ်လို့ ပြောင်းလဲ ထုတ်ပြန်ထားပါတယ်။
ပြင်ပမှာရှိနေချိန် လူတစ်ဦးနဲ့တစ်ဦးအကြား ၂ မီတာနဲ့အထက် အကွာအဝေး ရှိနေမယ်ဆိုရင် နှာခေါင်းစည်းတွေကို ချွတ်ထားလို့ ရပါတယ်။ ကိုယ့်အနီးနားမှာ လူတွေရှိနေပေမဲ့လည်း စကားစမြည် ပြောဆိုတာမျိုး မလုပ်ဘူးဆိုရင်လည်း နှာခေါင်းစည်းမတပ်ထား လို့ ရပါတယ်။
ရာသီဥတု အလွန်ပူပြင်းတာကြောင့် အပူလျှပ်တဲ့အန္တရာယ်မျိုးကို ကာကွယ်ဖို့ အထူးသဖြင့် နွေရာသီမှာ နှာခေါင်းစည်းတွေကို မတပ်ထားဖို့ အစိုးရက အကြံပြုထားပါတယ်။
အဆောက်အအုံတွင်းမှာ ရှိနေစဉ်မှာလည်း လူတစ်ဦးနဲ့တစ်ဦးအကြား ၂ မီတာနဲ့အထက် အကွာအဝေး ရှိနေမယ်၊ စကားလဲ မပြောဖြစ်ကြဘူး ဆိုရင်တော့ နှာခေါင်းစည်းတွေကို မတပ်ထားလဲ ရပါတယ်။
ကျောင်းတွေမှာ အားကစားလုပ်တဲ့ အချိန်တွေအတွင်း နှာခေါင်းစည်းတွေ ချွတ်ထားနိုင်ပါတယ်။ ကျောင်းဆင်းသွားချိန်မှာ ကျောင်းတွင်းအသင်းအဖွဲ့အလိုက် လှုပ်ရှားမှုတွေ လုပ်ရင်လည်း အလားတူ နှာခေါင်းစည်းချွတ်ထားဖို့ ညွှန်ကြားထားပါတယ်။ လူတစ်ဦးနဲ့တစ်ဦးအကြား ထိတွေ့ကစားရတဲ့ အားကစားပြိုင်ပွဲတွေမှာ ဆိုရင်တော့ အားကစားအသင်းအလိုက် ချမှတ်ထားတဲ့ လမ်းညွှန်ချက်တွေအတိုင်း လိုက်နာဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။
အသက် ၂နှစ်အောက် ကလေးတွေကို နှာခေါင်းစည်း တပ်ဆင်ဖို့ အကြံပြုထားတာမျိုး မရှိပါဘူး။ အသက် ၂ နှစ်နဲ့အထက် နေ့ကလေးထိန်းကျောင်းတွေ တက်နေတဲ့ ကလေးတွေလည်း ကျောင်းတွေမှာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လို အကွာအဝေးမှာ နေသည်ဖြစ်စေ နှာခေါင်းစည်းတပ်ဆင်ဖို့ တောင်းဆိုထားခြင်း မရှိပါဘူး။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

432. ကလေးသူငယ်များ ကာကွယ်ဆေးထိုးနှံခြင်း။
အပိုင်း(၉) ကလေးသူငယ်တွေ ကာကွယ်ဆေး ထိုးသင့်သလား။

အဖြေ - ဂျပန်နိုင်ငံမှာ လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလကစပြီး အသက် ၅ နှစ်ကနေ ၁၁ နှစ်အကြား ကလေးငယ်တွေကို ကာကွယ်ဆေးထိုးနှံပေးခဲ့ပါတယ်။
ကလေးတွေနဲ့ သူတို့ရဲ့ အုပ်ထိန်းသူတွေအနေနဲ့ ကာကွယ်ဆေးထိုး သင့်မသင့် အတူတကွ ဆုံးဖြတ်ရာမှာ အထောက်အကူပြုမယ့် အချက်အလက်သစ်တွေကို မိတ်ဆက်ပေးနေပြီး နဝမပိုင်း က နောက်ဆုံးအပိုင်းဖြစ်ပါတယ်။ ကလေးတွေ ကာကွယ်ဆေးထိုးတာနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေက ဘယ်လိုစဉ်းစားသလဲ ဆိုတာကို လေ့လာကြည့်ကြပါမယ်။
Kitasato University က ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာ ကျွမ်းကျင်သူ ပါမောက္ခ Nakayama Tetsuo က သူ့ရဲ့ အမြင်တွေကို အခုလို မျှဝေထားပါတယ်။ ပြင်းထန်တဲ့ ပန်းနာရင်ကျပ်ရောဂါ လိုမျိုး ရောဂါအခံရှိတဲ့ ကလေးတွေအနေနဲ့ ကာကွယ်ဆေးထိုးကြဖို့ သူက အကြံပြုပေမဲ့ ကျန်းမာရေးပြဿနာ ထွေထွေထူးထူးမရှိတဲ့ ကလေးတွေရဲ့ မိသားစုတွေအနေနဲ့ ကလေးရဲ့နေထိုင်မှုပုံစံနဲ့ မိမိတို့ရဲ့ မိသားစု အနေအထားပေါ်မူတည်ပြီး ဆုံးဖြတ်ကြဖို့ ပါမောက္ခ Nakayama က အကြံပေးထားပါတယ်။ ကျောင်းပြင်ပလှုပ်ရှားမှုတွေ၊ ကျောင်းကလပ်အသင်း လှုပ်ရှားမှု ဒါမှမဟုတ် အားကစားလုပ်ဆောင်မှု တွေ အပါအဝင် လူစုလူဝေးနေရာတွေကို မကြာခဏ သွားလေ့ရှိတဲ့ ကလေးတွေအနေနဲ့ ကာကွယ်ဆေးထိုးကြဖို့ ပါမောက္ခ Nakayama က အကြံပြုထားပါတယ်။ အဘိုးအဘွားတွေနဲ့ အတူနေထိုင်တဲ့ ကလေးငယ် တွေကိုလည်း အဘိုးအဘွားတွေကို ကလေးကနေ တစ်ဆင့် ရောဂါ မကူးစေဖို့ ကာကွယ်ဆေးထိုးပေးဖို့ အကြံပြု ထားပါတယ်။
ယေဘုံယျအားဖြင့် ကလေးတွေဟာ ကာကွယ်ဆေးတွေအမျိုးမျိုး ထိုးကြရတာကြောင့် ကျန်းကျန်းမာမာနဲ့ နေထိုင်နိုင်ပါတယ်လို့ ပါမောက္ခ Nakayama က ပြောပါတယ်။ ဝက်သက်ရောဂါပိုး ကူးစက်ပြီး ဝက်သက်ပေါက်ပေမယ့် ဦးနှောက်အမြှေးရောင်တဲ့အထိ ဆိုးရွားတဲ့ ရောဂါလက္ခဏာအပါအဝင် တခြား ဆိုးရွားပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပွားသူဟာ လူတစ်ထောင်မှာ တစ်ဦးသာ ရှိခဲ့ပါတယ်။ ဒါ့ကြောင့် လူတွေဟာ ကာကွယ်ဆေးကိုထိုးကြပြီး ဝက်သက် ရောဂါပိုး ကူးစက်ခံရသူမရှိသလောက် ဖြစ်လာပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကိုလည်း တခြားကာကွယ်ဆေး တွေလိုပဲ စဉ်းစားသင့်ပါတယ်။ လူတွေအနေနဲ့ ကာကွယ်ဆေးနဲ့ ကူးစက်ရောဂါတွေအကြောင်းကို ပိုသိလာ‌အောင်မိမိဘာသာ လေ့လာဖို့ အရေးကြီးတယ်လို့ သူက အလေးပေး ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မေလ ၁၈ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

431. ကလေးသူငယ်များ ကာကွယ်ဆေးထိုးခြင်း။
အပိုင်း(၈) ကာကွယ်ဆေးနည်းပညာအသစ်ကို သုံးထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဖြစ်တာကြောင့် စိုးရိမ်စရာရှိမရှိ။

အဖြေ - ဂျပန်နိုင်ငံမှာ လွန်ခဲ့တဲ့ဖေဖေါ်ဝါရီလကစပြီး အသက် ၅ နှစ်ကနေ ၁ နှစ်အကြား ကလေးငယ်တွေကို ကာကွယ်ဆေးထိုးနှံ ပေးခဲ့ပါတယ်။
ကလေးတွေနဲ့ သူတို့ရဲ့ အုပ်ထိန်းသူတွေအနေနဲ့ ကာကွယ်ဆေးထိုး သင့်မသင့် အတူတကွ ဆုံးဖြတ်ရာမှာ အထောက်အကူပြုမယ့် အချက်အလက်သစ်တွေကို မိတ်ဆက်ပေးနေပြီး အဋ္ဌမပိုင်းမှာ ကာကွယ်ဆေး နည်းပညာအသစ်ကို သုံးထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဖြစ်တာကြောင့် စိုးရိမ်စရာရှိမရှိ လေ့လာကြည့် ကြပါမယ်။
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဟာ ကမ္ဘာမှာ ပထမဆုံးအကြိမ်အဖြစ် "messenger RNA" နည်းပညာကို အသုံးပြုထားပါတယ်။ အဲဒီ "messenger RNA"ဆိုတာ DNAအတွက် ပရိုတင်းတည်ဆောက်ဖို့ ညွှန်ကြားချက်ပေးတဲ့ မော်လီကျူးလေးတွေ ဖြစ်ပြီး ရောဂါတွေကို ကုသရာမှာ အသုံးချဖို့ ဖြစ်နိုင်ခြေရှိတယ်ဆိုပြီး သုတေသန ပြုလာကြ တာ နှစ်ပေါင်း ၃၀ ကျော်ကြာ ရှိပါပြီ။ Messenger RNA ဟာ အလွယ်တကူ ပြိုကွဲ ပျက်စီး သွားနိုင်ပြီး ကာကွယ်ဆေးထိုးပြီး တာနဲ့ ရက်အနည်းအတွင်းမှာ ဒီမော်လီကျူးလေးတွေ ပျက်စီးသွားပါတယ်။
ခန္ဓာကိုယ်ထဲမှာလည်း ကျန်ရှိနေမှာမဟုတ်သလို ဆိုးကျိုး သက်ရောက်မှုလည်း ဖြစ်မှာမဟုတ်ဘူးလို့ ဂျပန်ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ကာကွယ်ဆေးထိုးပြီးနောက် နှစ်အတော်ကြာလာတဲ့အချိန်ကျမှ ကာကွယ်ဆေးကြောင့် နေမကောင်းဖြစ်တာမျိုး ဖြစ်နိုင်ဖွယ် မရှိဘူးလို့ဆိုပါတယ်။


ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မေလ ၁၇ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

430. ကလေးသူငယ်များ ကာကွယ်ဆေးထိုးခြင်း။
အပိုင်း(၇) ကလေးတွေ ကာကွယ်ဆေးထိုးခြင်းကြောင့် ပြင်းပြင်းထန်ထန် ဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ။

အဖြေ - ဂျပန်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်လကျော်ကစပြီး အသက် ၅ နှစ်ကနေ ၁ နှစ်အကြား ကလေးငယ်တွေကို ကာကွယ်ဆေးထိုးနှံပေးခဲ့ပါတယ်။
ကလေးတွေနဲ့ သူတို့ရဲ့ အုပ်ထိန်းသူတွေအနေနဲ့ ကာကွယ်ဆေးထိုး သင့်မသင့် အတူတကွ ဆုံးဖြတ်ရာမှာ အထောက်အကူပြုမယ့် အချက်အလက်သစ်တွေကို မိတ်ဆက်ပေးနေပါတယ်။ ဒီ သတ္တမပိုင်းမှာတော့ ကလေးတွေ ကာကွယ်ဆေးထိုးခြင်းကြောင့် ဖြစ်နိုင်တဲ့ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေအကြောင်းကို လေ့လာကြည့်ကြပါမယ်။
ကလေးတွေ ကာကွယ်ဆေးထိုးပြီးတဲ့နောက် နှလုံးကြွက်သား ရောင်ရမ်းမှုကြောင့် လှုပ်ရှားရခက်ခဲတဲ့ ဘေးထွက်ဆိုးကျိုး ဝေဒနာ ခံစားရသူ ရှားရှားပါးပါး ရှိခဲ့တယ်လို့ ဂျပန်ကျန်းမာရေး ၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဂျပန်မှာ ဧပြီလ ၁ရက်နေ့အထိ အသက် ၅ နှစ်ကနေ ၁၁နှစ်အကြား ကလေးငယ် ၅၃၄,၀၀၀ ကို ကာကွယ်ဆေး ထိုးပေးခဲ့ တာမှာ ကလေးတစ်ဦးသာ အဲဒီလိုလက္ခဏာ ဖြစ်ပေါ်ခဲ့ပါတယ်။
အမေရိကန်ဟာ ဂျပန်ထက်စောပြီး ကလေးတွေကို ကာကွယ်ဆေး စထိုးခဲ့ပြီး ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်တဲ့ သုတေသနပြု စမ်းသပ်မှုတွေ အများကြီးလုပ်ဆောင်ခဲ့ပါတယ်။
အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး စင်တာရဲ့ ထုတ်ပြန်ချက်အရ ပထမအကြိမ် ကာကွယ်ဆေးထိုးပြီး နှလုံး ထိခိုက်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးဖြစ်သူ ယောက်ျားလေး အယောက် တစ်သန်းမှာ တစ်ယောက်မှ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဒုတိယအကြိမ် ထိုးပြီးတဲ့နောက်မှာတော့ ၄.၃ ဦး ရှိခဲ့ပါတယ်။ မိန်းကလေးတွေကို ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးတဲ့နောက် အချက်အလက် လုံလုံလောက်လောက် မရှိခဲ့တဲ့အတွက် ဘေးထွက်ဆိုးကျိုးဖြစ်သူ ရှိမရှိ မပြောနိုင်ပါဘူး။ မိန်းကလေးတွေ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးပြီးတဲ့နောက်မှာ ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမားဖြစ်သူ တစ်သန်းမှာ ၂ ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုဘေးထွက် ဆိုးကျိုးဖြစ်ပွားခဲ့သူအားလုံးဟာ ရောဂါလက္ခဏာ မပြင်းထန်ဘဲ အဲဒီနောက် ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။
ကာကွယ်ဆေးထိုးပြီးနောက် ကလေးငယ် ၂ ဦး သေဆုံးခဲ့တယ်လို့ အမေရိကန်က သတင်းတွေမှာ ဖော်ပြခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့ အဲဒီ ကလေးနှစ်ဦးစလုံးမှာ ရောဂါအခံရှိပြီး ကာကွယ်ဆေးမထိုးခင် ကတည်းက နေမကောင်းဖြစ်နေခဲ့တာပါ။ သူတို့သေဆုံးမှုနဲ့ ကာကွယ်ဆေး ဆက်စပ်တယ်ဆိုတဲ့ အချက်အလက်တွေ မရှိဘူးလို့ ဆိုပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မေလ ၁၆ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

429. ကလေးသူငယ်များ ကာကွယ်ဆေးထိုးနှံခြင်း။
အပိုင်း(၆) ကလေးတွေ ကာကွယ်ဆေးထိုးလို့ ဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုး တွေက ဘာတွေလဲ။

အဖြေ - ဂျပန်နိုင်ငံမှာ လွန်ခဲ့တဲ့ဖေဖေါ်ဝါရီကစပြီး အသက် ၅ နှစ်ကနေ ၁ နှစ်အကြား ကလေးငယ်တွေကို ကာကွယ်ဆေးစထိုးပေးခဲ့ပါတယ်။
ကလေးတွေနဲ့ သူတို့ရဲ့ အုပ်ထိန်းသူတွေအနေနဲ့ ကာကွယ်ဆေးထိုး သင့်မသင့် အတူတကွ ဆုံးဖြတ်ရာမှာ အထောက်အကူပြုမယ့် အချက်အလက်သစ်တွေကို မိတ်ဆက်ပေးလာခဲ့တာ ဆဋ္ဌမပိုင်းမှာ ကလေးတွေ ကာကွယ်ဆေးထိုးလို့ ဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုး တွေအကြောင်းကို လေ့လာပါမယ်။
ကာကွယ်ဆေးဆိုတာ ထိုးပြီးရင် ဘေးထွက်ဆိုးကျိုး ထွက်တာတွေလည်း ရှိပါတယ်။ ကာကွယ်ဆေးထိုးပြီးနောက် ကိုယ်ခံအား စနစ်က ခန္ဓာကိုယ်ထဲဝင်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို မှတ်သားတဲ့ အခါမျိုးမှာ အဖျားတက်တာ ဒါမှမဟုတ် ဆေးထိုးထားတဲ့ နေရာက နာကျင်တာတွေ ခံစားရနိုင်ပါတယ်။ ဘယ်လို လက္ခဏာတွေလဲ ဆိုတာ အသေးစိတ်လေ့လာကြည့်ပါမယ်။
အမေရိကန် ဆေးဝါးကုမ္ပဏီ Pfizer ရဲ့ သုတေသနတစ်ခုအရ ကာကွယ်ဆေးထိုးတဲ့ ကလေးသူငယ်တွေမှာ ဆေးထိုးထားတဲ့နေရာ တစ်ဝိုက် နာကျင်မှုဖြစ်သူ ပထမအကြိမ် ထိုးပြီးနောက်မှာ ၇၄ ရာခိုင်နှုန်းရှိပြီး ဒုတိယအကြိမ်ဆေးထိုးပြီးနောက် ၇၁ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ် ။ မောပန်းနွမ်းနယ်ပြီး နှုံးနေသလိုခံစားရသူ က ပထမအကြိမ် ထိုးပြီးနောက် ၃၄ ရာခိုင်နှုန်းရှိပြီး ဒုတိယဆေး ထိုးပြီးနောက် ၃၉ ရာခိုင်နှုန်းရှိတယ်လို့ အစီရင်ခံခဲ့ပါတယ်။ ကာကွယ်ဆေး ပထမအကြိမ် ထိုးပြီးတဲ့နောက်မှာ ကိုယ်အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်နဲ့ အထက်ရှိသူ ၃ ရာခိုင်နှုန်း ရှိပါတယ်။ ဒုတိယအကြိမ်ဆေးထိုးပြီးတဲ့နောက်မှာ ၇ ရာခိုင်နှုန်း အပူချိန် တက်ခဲ့ပါတယ်။
လေ့လာမှုရလဒ်တွေအရ အသက် ၅ နှစ်ကနေ ၁၁ နှစ် ကြား ကလေးတွေဟာ အရွယ်ရောက်ပြီးသူတွေထက် ဘေးထွက်ဆိုးကျိုး နည်းပါးတယ်ဆိုတာ ပြသနေပါတယ်။ ကြွက်သားနာကျင်တာ ဒါမှမဟုတ် ဆေးထိုးထားတဲ့ လက်မောင်း လှုပ်ရှားရခက်တာ လိုမျိုး လက္ခဏာအပျော့စား ကလေးတိုင်းလို ဖြစ်ပေမဲ့ အဲဒီလို ကိုယ်လက် မသက်မသာဖြစ်တာက တစ်ရက်၊နှစ်ရက်အတွင်း သက်သာသွားနိုင် ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မေလ ၁၃ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

428. ကလေးသူငယ်များ ကာကွယ်ဆေးထိုးနှံခြင်း။
အပိုင်း(၅) ကလေးငယ်တွေကို ကာကွယ်ဆေးထိုးတာဟာ ထိရောက်မှု ဘယ်လောက်ရှိသလဲ။

အဖြေ - ဂျပန်နိုင်ငံမှာ ၂၀၂၂ ဖေဖေါ်ဝါရီလကစပြီး အသက် ၅ နှစ်ကနေ ၁ နှစ်အကြား ကလေးငယ်တွေကို ကာကွယ်ဆေးထိုးနှံပေးခဲ့ပါတယ်။
ပဉ္စမပိုင်းမှာတော့ ကလေးငယ်တွေကို ကာကွယ်ဆေးထိုးတာဟာ ထိရောက်မှု ဘယ်လောက်ရှိသလဲ ဆိုတာကို လေ့လာကြပါမယ်။
၂၀၂၁ ခုနှစ်မှာ အမေရိကန် ဆေးဝါးကုမ္ပဏီ Pfizer က အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြားကလေးတွေကို သူတို့ရဲ့ကာကွယ်ဆေး လက်တွေ့စမ်းသပ် ထိုးပေးခဲ့ပါတယ်။ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးပြီးနောက် ၇ရက် ဒါမှမဟုတ် အဲဒါထက်ပိုကြာပြီးချိန်မှာ ကလေးတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရဲ့ လက္ခဏာမပေါ်အောင် ၉၀.၇ ရာခိုင်နှုန်း ကာကွယ်ပေးတယ်လို့ အဲဒီ ဆေးဝါးကုမ္ပဏီ Pfizer က ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ ကာကွယ်ဆေးဟာ ဂျပန်နဲ့ ကမ္ဘာ့တခြားနေရာတွေမှာ လတ်တလော ပျံ့နှံ့နေတဲ့ Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲအသစ် မကူးစက်အောင်ကာကွယ်ဖို့မှာတော့ ထိရောက်မှု နည်းတယ်လို့ သိရှိရပါတယ်။
အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်တားဆီးရေးဗဟို (CDC) က ၂၀၂၂ခုနှစ် မတ်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာ တစ်ခုမှာ အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးတွေကို Pfizer ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီး သုတေသနပြုစစ်ဆေးခဲ့တဲ့အခါ Omicron အမျိုးအစား ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်ခြေကို ရဲ့ ၃၁ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။
မတ်လ၃၀ ရက်နေ့က အမေရိကန် သုတေသီတွေထုတ်ပြန်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာတော့ အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးတွေကို Omicron အမျိုးအစား ကူးစက်ရင် ဆေးရုံတက် မကုသရအောင် ကာကွယ်ဆေးက ၆၈ ရာခိုင်နှုန်း ကာကွယ်ပေးတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီလေ့လာမှုအရ ပြင်းထန်တဲ့ လက္ခဏာတွေ ဖြစ်ပေါ်တဲ့ ကလေးတွေ အားလုံးနီးပါးဟာ ကာကွယ်ဆေး မထိုးရသေးတာကို တွေ့ရတယ်လို့ ပါရှိပါတယ်။
ကာကွယ်ဆေးဟာ ရောဂါပိုး မကူးစက်အောင် အပြည့်အဝ မတားဆီးပေးနိုင်ပေမဲ့ ဆေးရုံတက်ရသည်အထိ ပြင်းထန်တဲ့ လက္ခဏာတွေ ဖြစ်ပေါ်မလာအောင် ထိထိရောက်ရောက် ကာကွယ်ပေးတယ်ဆိုတဲ့အချက်ကို သုတေသန ရလဒ်တွေက ပြသနေပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မေလ ၁၂ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

427. ကလေးသူငယ်များ ကာကွယ်ဆေးထိုးနှံခြင်း။
အပိုင်း(၄) ကလေးတွေ COVID-19 ဖြစ်တဲ့အခါ ဘယ်လို ရောဂါလက္ခဏာတွေ ဖြစ်သလဲ။

အဖြေ - ဂျပန်နိုင်ငံမှာ လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလကျော်ကစပြီး အသက် ၅ နှစ်ကနေ ၁၁ နှစ်အကြား ကလေးငယ်တွေကို ကာကွယ်ဆေးထိုးနှံပေး ခဲ့ပါတယ်။
ဒီတစ်ကြိမ်မှာတော့ ကလေးတွေနဲ့ သူတို့ရဲ့ အုပ်ထိန်းသူတွေအနေနဲ့ ကာကွယ်ဆေးထိုး သင့်မသင့် အတူတကွ စဉ်းစားဆုံးဖြတ်ရာမှာ အထောက်အကူပြုမယ့် အချက်အလက်တွေကို မိတ်ဆက်ပေးပါမယ်။ အခု စတုတ္ထပိုင်းမှာ ကလေးတွေ COVID-19 ဖြစ်တဲ့အခါ ဘယ်လို ရောဂါလက္ခဏာတွေဖြစ်သလဲ လေ့လာကြည့်ရအောင်။
ဧပြီလ ၁၉ ရက်နေ့အထိ သီတင်းပတ်အတွင်း ဂျပန်နိုင်ငံတစ်ဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအသစ် ၃၁၄,၃၇၀ ဦး ရှိခဲ့တယ်လို့ ဂျပန် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအသစ် ရဲ့ ၁၅.၂ ရာခိုင်နှုန်း ဒါမှမဟုတ် ၄၇,၆၅၉ ဦးက အသက် ၁၀ နှစ်အောက်ကလေးတွေ ဖြစ်ပါတယ်။ အသက်အရွယ် အုပ်စုအားလုံးမှာ ကူးစက်မှုအများဆုံးကတော့ ကလေးတွေ ဖြစ်ပါတယ်။
ကပ်ရောဂါကြီး စတင်ဖြစ်ပွားချိန်ကစပြီး ၂နှစ်အတွင်းမှာ အသက် ၁၀ နှစ်အောက် ကလေးသူငယ် ၉၅၉,၆၆၂ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပါတယ်။
ဧပြီလ ၁၉ ရက်နေ့အထိ သီတင်းတစ်ပတ်အတွင်းမှာ ကလေးငယ် ၄ ဦး ကိုဗစ်ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။ ကလေးလူနာအများစုဟာ အပျော့စား ရောဂါလက္ခဏာတွေသာ ဖြစ်ပေမဲ့ တခါတရံမှာတော့ ကိုယ်အပူချိန်မြင့်တာ၊ အော့အန်တာနဲ့ လည်ချောင်းအတွင်းမှာ ရောင်ရမ်းတာကြောင့် အသက်ရှူရခက်ခဲတဲ့ လက္ခဏာတွေရှိတာ တွေ့ရပါတယ်။
နှလုံး ဒါမှမဟုတ် အဆုတ်ရောဂါအခံရှိတဲ့ ကလေးတွေမှာ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာနိုင်ခြေ ပိုများတယ်လို့ ဂျပန်ကလေး အထူးကုဆရာဝန်အဖွဲ့ က ပြောခဲ့ပါတယ်။ ကိုဗစ်ရောဂါလက္ခဏာ မပြဘဲ ကူးစက်ခံရရင် ပျောက်သွားတာတောင်မှ ဒီလိုကလေးမျိုး တွေဟာ ကိုဗစ်ကူးစက်ခံရရင် ချောင်းဆိုးတာနဲ့ အသက်ရှုကြပ်တာ လိုမျိုး နောက်ဆက်တွဲ နာတာရှည်ဝေဒနာတွေ စွဲကျန်ခဲ့နိုင်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မေလ ၁၁ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

426. ကလေးသူငယ်များ ကာကွယ်ဆေးထိုးနှံခြင်း။
အပိုင်း(၃) ကလေးသူငယ်တွေ ကာကွယ်ဆေး ထိုးသင့်သလား။

အဖြေ - ကလေးတွေကို ကာကွယ်ဆေးထိုးတာနဲ့ပတ်သက်ပြီး ကလေးတွေ ကိုယ်တိုင်ရော သူတို့ရဲ့ အုပ်ထိန်းသူတွေပါ ကာကွယ်ဆေးထိုး သင့်မသင့် အတူတကွ ဆုံးဖြတ်ရာမှာ အထောက်အကူပြုမယ့် အချက်အလက်တွေကို မိတ်ဆက်ပေးပါမယ်။ တတိယပိုင်းမှာ ကလေးသူငယ်တွေ ကာကွယ်ဆေး ထိုးသင့်သလား ဆိုတဲ့အချက်ကို လေ့လာကြည့်ပါမယ်။
မိသားစုတစ်စုနဲ့တစ်စု အနေအထားတွေ မတူကြသလို စဉ်းစား တွေးခေါ်ပုံနည်းလမ်းတွေဟာလည်း မတူညီတာကြောင့် ကလေးတွေကို ကာကွယ်ဆေးထိုးဖို့ ဆုံးဖြတ်တဲ့အခါ ဘယ်အချက်ကို စဉ်းစားပြီး ကာကွယ်ဆေး ထိုးမယ်မထိုးဘူး ဆုံးဖြတ်ကြမလဲဆိုတာ ရှိပါတယ်။ အရေးကြီးတဲ့အချက်ကတော့ ကာကွယ်ဆေးထိုး တာကြောင့် ရရှိမယ့် အကျိုးကျေးဇူးနဲ့ ဖြစ်နိုင်ခြေ ဘေးထွက်ဆိုးကျိုး ဘယ်အရာက အလေးသာသလဲ ဆိုတာကို ချိန်ဆဖို့ဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးတာကြောင့် ရရှိမယ့် အကျိုးကျေးဇူးတွေကတော့ ကူးစက်ခံရရင် ပြင်းပြင်းထန်ထန် မဖျားနာအောင် ကာကွယ်ပေးတာ၊ တခြားသူတွေကို ဗိုင်းရပ်စ်ကူးပြီးပြန့်ပွားသွားတာမျိုး မဖြစ်အောင် ကာကွယ်ပေးတာနဲ့ ကျောင်းနဲ့ တခြားနေရာတွေကို စိတ်ချလက်ချ သွားလာနိုင်တာတို့ ပါဝင်ပါတယ်။ ကာကွယ်ဆေးထိုးပြီးတဲ့နောက် မလိုလားအပ်တဲ့ ပုံစံနဲ့ ခန္ဓာကိုယ်က တုံ့ပြန်မှုတွေရှိတာ၊ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာတာပဲ ဖြစ်ပါတယ်။ နောက်အချက်တွေကတော့ ဂျပန်မှာ ကလေးငယ်တွေ အကြား ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပေမယ့် ကူးစက်ခံထားရပေမယ့် ကလေးတွေမှာ ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် ဖြစ်ပွားမှု ဂျပန်မှာ အတော်ရှားပါးပါတယ်။
ဂျပန်နဲ့ ကမ္ဘာတစ်ဝန်းမှာ အဓိကကူးစက် ပျံ့နှံ့လာနေတဲ့ Omicron အမျိုးအစား မျိုးဗီဇ ပြောင်း ကိုရိုနာဗိုင်းရပ်စ်အပေါ် ကာကွယ်ဆေးရဲ့ ထိရောက်မှုနည်းပါးလာတာကလည်း စဉ်းစားရမယ့် အချက်ဖြစ်ပါတယ်။
တခြားအသက်အရွယ် အုပ်စုတွေလိုမျိုးပဲ အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးတွေကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးပါတယ်။ ဒါပေမဲ့ ဝက်သက်၊ ရေကျောက်နဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးနှံတာလိုမျိုး
အုပ်ထိန်းသူတွေအနေနဲ့ ကြိုးပမ်းဖို့လိုအပ်တယ် ဆိုတဲ့ ပြဋ္ဌာန်းချက်မျိုးမရှိဘဲ ကာကွယ်ဆေးထိုးဖို့ မထိုးဖို့ကို မိမိကလေးနဲ့အတူ အသေအချာ စဉ်းစား ဆုံးဖြတ်ဖို့ အရေးကြီးပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မေလ ၁၀ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

425. ကလေးသူငယ်များ ကာကွယ်ဆေးထိုးနှံခြင်း။
အပိုင်း(၂) ကာကွယ်ဆေးက ဘယ်လို အလုပ်လုပ်လဲ။

အဖြေ - ဂျပန်နိုင်ငံမှာ လွန်ခဲ့တဲ့ဖေဖေါ်ဝါရီလကစပြီး အသက် ၅ နှစ်ကနေ ၁ နှစ်အကြား ကလေးငယ်တွေကို ကာကွယ်ဆေးထိုးနှံပေးခဲ့ပါတယ်။
ဒီအသက်အရွယ်အုပ်စု ကလေးတွေရဲ့ ၉ ရာခိုင်နှုန်းလောက်က ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးသွားပြီ ဖြစ်ပါတယ်။ ကလေးတွေဟာ ဗိုင်းရပ်စ်ပိုးကြောင့် ပြင်းထန်တဲ့ လက္ခဏာတွေ ဖြစ်ပေါ်နိုင်ခြေ မရှိပါဘူး။ ဒါပေမဲ့ ကလေးသူငယ်တွေအကြား ရောဂါကူးစက်မှု အရေအတွက်ကတော့ မကျဆင်းသေးတာကတော့ စိုးရိမ်စရာ ဖြစ်ပါတယ်။
ဒီတစ်ကြိမ်မှာတော့ ကလေးတွေရဲ့ အုပ်ထိန်းသူတွေအနေနဲ့ ကလေးတွေကို ကာကွယ်ဆေးထိုး ပေးသင့်မသင့် ဆုံးဖြတ်ရာမှာ အထောက်အကူပြုမယ့် အချက်အလက်တွေကို မိတ်ဆက်ပေးပါမယ်။ အခုဒုတိယပိုင်းမှာ ကာကွယ်ဆေးက ဘယ်လို အလုပ်လုပ်လဲ ဆိုတာကို လေ့လာကြည့်ရအောင်။
ကာကွယ်ဆေးဆိုတာဟာ ဗိုင်းရပ်စ်တွေနဲ့ ဘက်တီးရီးယားတွေလိုမျိုး ပြင်ပက ခန္ဓာကိုယ်ထဲ ဝင်ရောက်လာတဲ့ ရောဂါပိုးတွေကို တိုက်ခိုက်ပေးတဲ့ ခန္ဓာကိုယ်ရဲ့ "ခုခံအားစနစ်" ရဲ့လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးတာ ဖြစ်ပါတယ်။
အသေးစိတ်လေ့လာကြည့်ကြပါမယ်။ ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျက်နှာပြင်မှာ ထိုးထွက်နေတဲ့ ဆူးချွန်ပရိုတင်း "spike proteins"ဆိုတာတွေ ပါရှိပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေမှာတော့ ဆူးချွန်ပရိုတင်းရဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ အချက်အလက်တွေကို သတင်းပို့တဲ့ အလုပ်လုပ်ဖို့စီစဉ်ထားတဲ့ "messenger RNA(m-RNA)"လို့ခေါ်တဲ့ ပရိုတင်း ထွက်အောင် လှုံ့ဆော်ပေးတဲ့ မော်လီကျူးတွေ ပါဝင်ပါတယ်။ ကာကွယ်ဆေးကို ထိုးလိုက်ရင်(m-RNA)ရဲ့အစီအစဉ်အတိုင်း ဆူးချွန်ပရိုတင်းကို ဖွဲ့စည်းတည်ဆောက်ပါတယ်။
ဆူးချွန်ပရိုတင်းဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ "ခုခံအားစနစ်"က ဒီပရိုတင်းတွေကို လူ့ခန္ဓာကိုယ်ထဲမှာ မရှိသင့်တဲ့အရာတွေအဖြစ် မှတ်သားထားတဲ့ ဗိုင်းရပ်စ်ကို တိုက်ခိုက်တဲ့ "antibodies" ပဋိပစ္စည်းတွေကို ထုတ်ပေးပါတယ်။ လူ့ခန္ဓာကိုယ်ထဲကို ဗိုင်းရပ်စ်ပိုး အမှန်တကယ် ဝင်ရောက်လာချိန်မှာ ဒီ"antibodies" ပဋိပစ္စည်းတွေက ရောဂါပိုးကို ဘယ်လို တိုက်ထုတ်ရမယ်ဆိုတာကို မှတ်သားထားတာကြောင့် တိုက်ခိုက်နိုင် ပါတယ်။
ကာကွယ်ဆေးမထိုးရသေးချိန် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့အခါ လူ့ခန္ဓာကိုယ်က ဝင်ရောက်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ပုံသဏ္ဍာန်နဲ့ ကိုက်ညီမယ့် ပဋိပစ္စည်း"antibodies" ကိုယ်ခံအားစနစ်ကို ထုတ်ပေးပြီး ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ထုတ်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ကနေ လုံလောက်တဲ့ ပဋိပစ္စည်း ကို လျင်လျင်မြန်မြန် မထုတ်နိုင်တာမျိုး ဒါမဟုတ် ဗိုင်းရပ်စ်အရေအတွက် များလွန်းတာကြောင့် တိုက်ထုတ်ဖို့ မစွမ်းတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အဲဒီလို ဖြစ်လာတဲ့အချိန်မှာ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့လူတွေဟာ ချောင်းဆိုးတာ၊ အလွန်အမင်း ပင်ပန်းနွမ်းနယ်တာတွေလိုမျိုး ရောဂါတွေခံစားလာရပြီး တစ်ခါတစ်ရံမှာ အပြင်းဖျားနာတာတွေ ဖြစ်တတ်ပါတယ်။ ကာကွယ်ဆေးထိုးထားမယ်ဆိုရင်တော့ လူ့ခန္ဓာကိုယ်က ဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်တဲ့ ပဋိပစ္စည်း "antibodies"တွေ ကို ကြိုပြီး ထုတ်ပေးထားပါတယ်။ မိမိ ခန္ဓာကိုယ်မှာ ဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်အောင် အသင့်ပြင်ထားတာ ကြောင့် ရောဂါပိုး မကူးစက်အောင်နဲ့ ဗိုင်းရပ်စ်ကြောင့် ရောဂါလက္ခဏာတွေမပေါ်လာအောင်၊ ဝေဒနာ ပြင်းထန်မလာအောင်၊ ကာကွယ်နိုင်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မေလ ၉ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

424. ကလေးသူငယ်များ ကာကွယ်ဆေးထိုးနှံခြင်း။
အပိုင်း(၁) ကာကွယ်ဆေးထိုးမှု ခံယူပြီးတဲ့ ကလေးသူငယ် ဘယ်လောက်ရှိသလဲ။

အဖြေ - ဂျပန်နိုင်ငံမှာ လွန်ခဲ့တဲ့၂လပိုင်းကစပြီး အသက် ၅ နှစ်ကနေ ၁ နှစ်အကြား ကလေးငယ်တွေကို ကာကွယ်ဆေးထိုးနှံပေးခဲ့ပါတယ်။
ဒီအသက်အရွယ်အုပ်စု ကလေးတွေရဲ့ ၉ ရာခိုင်နှုန်းလောက်က ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးသွားပါပြီ။ ကလေးတွေဟာ ဗိုင်းရပ်စ်ပိုး ကူးစက်လို့ ရောဂါဖြစ်ပွားလည်း ပြင်းထန်တဲ့ လက္ခဏာတွေ ဖြစ်ပေါ်နိုင်ခြေ မရှိပါဘူး။ ဒါပေမဲ့ ကလေးသူငယ်တွေအကြား ရောဂါ ကူးစက်မှု အရေအတွက်ကတော့ ကျဆင်းသွားတာမရှိပါဘူး။
ကလေးတွေကို အမေရိကန် ဆေးဝါးကုမ္ပဏီကြီး Pfizer က ထုတ်လုပ်တဲ့ ကာကွယ်ဆေးကို အသုံးပြု ထိုးပေးတာ ဖြစ်ပြီး သီတင်း ၃ပတ်ခြားပြီး နှစ်ကြိမ်ထိုးပေးနေပါတယ်။ ထိုးပေးတဲ့ ဆေးပမာဏကတော့ အရွယ်ရောက်ပြီးသူတွေကို ထိုးပေးတဲ့ ပမာဏရဲ့ သုံးပုံတစ်ပုံ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် မေလ ၂ ရက်နေ့အထိ အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေး ၉၉၈,၀၀၀ ကျော်ဟာ အနည်းဆုံး ကာကွယ်ဆေး တစ်ကြိမ် ထိုးပြီးပြီ ဖြစ်ပါတယ်။ ဒါဟာ ဂျပန်မှာ အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးဦးရေ ၇,၄၁၀,၀၀၀ ရှိပြီး ၁၃.၅ ရာခိုင်နှုန်းလောက် ဆေး တစ်ကြိမ်ထိုးပြီးတာ ဖြစ်ပါတယ်။ ကာကွယ်ဆေး ၂ ကြိမ် ထိုးပြီးတဲ့ ကလေးက ၆၆၀,၀၀၀ နီးပါး ရှိပြီး ကလေးအားလုံးရဲ့ ၈.၉ ရာခိုင်နှုန်း ဖြစ်ပါတယ်။
နိုင်ငံတချို့မှာတော့ ဂျပန်ထက်စောပြီး အဲဒီအသက်အရွယ် အုပ်စုက ကလေးသူငယ်တွေကို ကာကွယ်ဆေး စထိုးပေးခဲ့ကြပါတယ်။ အမေရိကားမှာ ဧပြီလ ၂၀ ရက်နေ့အထိ အဲဒီအသက်အရွယ်အုပ်စု ကလေးအားလုံးရဲ့ ၂၈.၃ ရာခိုင်နှုန်းကို ကာကွယ်ဆေး နှစ်ကြိမ်ထိုး ပေးခဲ့ပြီး၊ ကနေဒါမှာတော့ ဧပြီလ ၁၀ ရက်နေ့အထိ အဲဒီ အသက်အရွယ် အုပ်စုက ကလေးငယ်ပေါင်း ၄၀.၇ ရာခိုင်နှုန်း ကို နှစ်ကြိမ်ကာကွယ်ဆေး ထိုးပြီးသွားပြီ ဖြစ်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မေလ ၆ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

423. မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ရဲ့ "BA.2" နဲ့ "XE" မျိုးကွဲများ။
အပိုင်း (၆) ရောဂါပိုး ကာကွယ်တားဆီးရေးအတွက် နေ့စဉ်လုပ်ဆောင်ရမယ့် အစီအမံများ။

မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲတွေနဲ့ အဲဒီမျိုးကွဲတွေ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးရေးဆိုင်ရာ စီမံဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ဒီနောက်ဆုံးအပိုင်းမှာတော့ ရောဂါပိုး ကာကွယ်တားဆီးရေးအတွက် နေ့စဉ်လုပ်ဆောင်ရမယ့် အစီအမံတွေကိုလေ့လာပါမယ်။
မျိုးကွဲပေါင်းစပ် ကိုရိုနာဗိုင်းရပ်တွေဟာ အရင်အပိုင်းတွေမှာ လေ့လာခဲ့တဲ့ မျိုးကွဲတွေအပြင်၊ တောင်အာဖရိကနဲ့ တခြားဒေသ တွေမှာတွေ့တဲ့ Omicron ရဲ့ မျိုးကွဲ "BA.4" နဲ့ "BA.5" အမျိုးအစား မျိုးကွဲကိုရိုနာဗိုင်းရပ်စ်တွေလည်း ရှိပါသေးတယ်။ ဒါပေမဲ့ အဲဒီမျိုးကွဲဗိုင်းရပ်စ်တွေက ဘယ်လောက်ထိ ကူးစက်နိုင်စွမ်းရှိလဲ၊ ကူးစက်ခံရတဲ့အခါ သေဆုံးနှုန်း ဘယ်လောက်ရှိလဲ ဆိုတာကို ကျွမ်းကျင်သူတွေက မတွက်ချက်ရသေးပါဘူး။ မျိုးကွဲဗိုင်းရပ်စ်တွေ မျိုးစုံ ပေါင်းစပ်ပြီး ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲအသစ်တွေ ထွက်လာနိုင်ခြေ မြင့်မားနေဆဲဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးထားပါတယ်။ အဲဒါကြောင့် ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးဗီဇဆိုင်ရာ သုတေသနပြုမှုတွေကို ဆက်လုပ်ဆောင်ပြီး အချက်အလက်တွေကို အားလုံးကို မျှဝေသင့်တယ်လို့ WHO ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
တိုကျိုဆေးဘက်ဆိုင်ရာတက္ကသိုလ် ဆေးရုံက ပါမောက္ခ Hamada Atsuro က "BA.4" နဲ့ "BA.5 ဆိုတာ Omicron အမျိုးအစား မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲ "BA.2" လိုမျိုး အမျိုးအစား ဖြစ်တယ်လို့ ပြောပါတယ်။
"BA.4" နဲ့"BA.5မျိုးကွဲဗိုင်းရပ်စ်တွေဟာ Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်က ကူးစက်ခြင်းနဲ့ မျိုးပွားခြင်းတွေ ဆက်တိုက် ပြုလုပ်နေစဉ်အတွင်းမှာ မျိုးဗီဇတွေ ပြောင်းသွားတဲ့ မျိုးကွဲဗိုင်းရပ်စ်တွေ ဖြစ်တယ်လို့ဆိုပါတယ်။
ဒီမျိုးကွဲတွေဟာ ကူးစက်မှုတွေကြီးမားပြီး ကြောက်စရာ ကောင်းတဲ့ ဗိုင်းရပ်စ် ဖြစ်လာနိုင်သလား၊ သိပ်ပြီးကူးစက်နိုင်စွမ်းမရှိတဲ့ဗိုင်းရပ်စ် လားဆိုတာကို မသိသေးခင်မှာ စောင့်ကြည့်လေ့လာနေဖို့က အရေးကြီးတယ်လို့ သူက ပြောကြားခဲ့ပါတယ်။ မျိုးကွဲ ၂ခုပေါင်းစပ် ထားတဲ့ "XE" အမျိုးအစားဟာ ကူးစက်နိုင်စွမ်းကြီးတဲ့ ဗိုင်းရပ်စ် လို့ ဆိုပေမဲ့ အဲဒီ ဗိုင်းရပ်စ်ကနေ နောက်ထပ် ကြီးမားတဲ့ကူးစက်မှုလှိုင်းကို ဖြစ်ပေါ်စေမလား ဆိုတာ သေချာမပြောနိုင်သေးဘူးလို့ သူက ပြောပါတယ်။ လုံးဝ မတူကွဲပြားတဲ့ မျိုးကွဲဗိုင်းရပ်စ် အသစ် ထွက်ပေါ်လာနိုင်ခြေကိုလည်း သတိထား စောင့်ကြည့်သင့်တယ်လို့ ပါမောက္ခ Hamada က ပြောပါတယ်။ အဲဒါကြောင့် နေ့စဉ် လေ့လာစောင့်ကြည့်ရေးစနစ်ကို ဆက်လက်ထားရှိဖို့ လိုအပ်ပြီး ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇဆိုင်ရာ သုတေသနပြုလေ့လာမှုတွေကို ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။
ကျန်းမာရေးနဲ့လူမှုဖူလုံရေးဆိုင်ရာ နိုင်ငံတကာ တက္ကသိုလ်က ပါမောက္ခ Wada Koji က ကျွန်တော်တို့ အခုအထိ တွေ့ခဲ့ရတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်တွေဟာ ကျွန်တော်တို့ မှန်းဆထားတာ ကိုကျော်လွန်ပြီး မျိုးဗီဇပြောင်းလဲတာမျိုး မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
ဆက်ပြီး စောင့်ကြည့်လေ့လာနေရမှာဖြစ်ပေမယ့် ကူးစက်မှု ကို ကာကွယ်တားဆီးနိုင်ဖို့ နေ့စဉ် လုပ်ရမယ့်အစီအမံတွေနဲ့ ဆောင်ရွက်မှုတွေမှာ ကြီးကြီးမားမား အပြောင်းအလဲလုပ်ဖို့ မလိုဘူးလို့ ထင်ကြောင်းသူက ပြောပါတယ်။
ပါမောက္ခ Wada ကတော့ လက်ရှိမှာ "BA.2" အမျိုးအစား မျိုးကွဲဗိုင်းရပ်စ်ဟာ အဓိကကူးစက်နေတဲ့ ရောဂါပိုးဖြစ်နေပေမယ့် အဲဒီနောက် "XE" မျိုးကွဲဗိုင်းရပ်စ်က အဓိက ကူးစက်တဲ့ ပိုးအဖြစ် ပြောင်းလဲသွားရင်လည်း နေ့စဥ်ကာကွယ်ဖို့အတွက် လုပ်ဆောင်သင့်တဲ့ အစီအမံတွေက ပြောင်းလဲလုပ်ဆောင်စရာ မလိုသလို COVID-19 ကာကွယ်ဆေးထိုးနှံဖို့ ကိုလည်း ဆက်ပြီးလုပ်ဆောင်သွားရမယ်လို့ သူက ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

422. မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ရဲ့ "BA.2" နဲ့ "XE" မျိုးကွဲများ။
အပိုင်း (၅) COVID-19 ရဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတွေ ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတဲ့ ပေါင်းစပ်ဗိုင်းရပ်စ်များ။

မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲတွေနဲ့ အဲဒီမျိုးကွဲတွေ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးရေးဆိုင်ရာ စီမံဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး အခုတစ်ခါ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်တွေ ပေါင်းစပ်ထားတဲ့ မျိုးကွဲဗိုင်းရပ်စ် အသစ်တွေအကြောင်း လေ့လာကြည့်ကြပါမယ်။
Omicron မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲ "BA.I" နဲ့"BA.2" တို့ ပေါင်းစပ်ထားတဲ့ "XE" ပေါင်းစပ်မျိုးကွဲဗိုင်းရပ်စ်လိုပဲ တခြား ပေါင်းစပ်မျိုးကွဲတွေရှိပါတယ်။ "XD" နဲ့ "XF" ပေါင်းစပ် မျိုးကွဲ ဆိုတာကတော့ကူးစက်မှု ပဉ္စမလှိုင်းမှာ အဓိက ကူးစက်ခဲ့တဲ့ Delta မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်နဲ့ Omicron ရဲ့မျိုးကွဲ "BA.I" အမျိုးအစားက ပေါင်းစပ်သွားတာ ဖြစ်ပါတယ်။ XD ပေါင်းစပ်မျိုးကွဲမှာတော့ အစိတ်အပိုင်းအများစုက Delta မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပြီးတော့ မျက်နှာပြင်ပေါ်က ဆူးချွန် ပရိုတင်းတွေကတော့ Omicron ရဲ့မျိုးကွဲ BA.I ဖြစ်ပါတယ်။
ဗြိတိန်ကျန်းမာရေးအာဏာပိုင်တွေရဲ့ မှတ်တမ်းတွေအရ အဲဒီပေါင်းစပ် မျိုးကွဲ XD အမျိုးအစား ကိုရိုနာဗိုင်းရပ်စ်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ပထမဆုံး တွေ့ရှိခဲ့ပြီး ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့အထိ ပြင်သစ်မှာ XD ပေါင်းစပ်မျိုးကွဲ ကူးစက်မှု ၆၆ ခု၊ ဒိန်းမတ်နိုင်ငံ မှာတော့ ကူးစက်မှု ၈ ခုနဲ့ ဘယ်လ်ဂျီယံနိုင်ငံမှာတော့ ကူးစက်မှု ၁ မှု ရှိခဲ့ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က XD ပေါင်းစပ်မျိုးကွဲရဲ့ ဗီဇပြောင်းပုံက အန္တရာယ်ရှိပြီး သတိထား စောင့်ကြည့်ရမယ့် မျိုးကွဲတစ်ခုအဖြစ် (VUM) စာရင်းသွင်းထားပါတယ်။ ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် ဖြစ်စေနိုင်မှု ရှိမရှိနဲ့ လက်ရှိ ကာကွယ်ဆေးတွေက အဲဒီပိုးအပေါ် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်စွမ်း ရှိမရှိ ဆိုတာတွေကို ရှင်းရှင်းလင်းလင်း မသိရသေးတဲ့ မျိုးဗီဇပြောင်း COVID-19 ပိုးတွေကို သတိထားစောင့်ကြည့်ရမယ့် ပိုးတွေအဖြစ် သတ်မှတ်ပါတယ်။
XF ပေါင်းစပ်မျိုးကွဲကတော့ ဆူးချွန်ပရိုတင်း အပါအဝင် ဗိုင်းရပ်စ်ရဲ့ အစိတ်အပိုင်းအများစုက BA.I မျိုးကွဲဖြစ်ပါတယ်။ Delta မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပါတဲ့ အစိတ်အပိုင်းက တချို့ နေရာတွေမှာပဲ ပေါင်းစပ်ထားတာ တွေ့ရပါတယ်။
၂၀၂၂ခုနှစ် ဇန်နဝါရီ ၇ ရက်နောက်ပိုင်း ဗြိတိန်မှာ ပေါင်းစပ်မျိုးကွဲ XF ကူးစက်ခံရသူ ၃၉ ဦး တွေ့ရှိခဲ့တယ်လို့ ဗြိတိန်ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။
ဒါပေမဲ့ ဖေဖော်ဝါရီ ၁၄ ရက်နောက်ပိုင်းမှာတော့ ကူးစက်မှုသတင်း တစ်စုံတစ်ရာ မရှိဘူးလို့ သူတို့က ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

421. မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ရဲ့ "BA.2" နဲ့ "XE" မျိုးကွဲများ။
အပိုင်း (၄) မျိုးကွဲအသစ် "XE" အကြောင်း။

အဖြေ− မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲတွေနဲ့ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးရေးဆိုင်ရာ စီမံဆောင်ရွက်ချက် တွေနဲ့ ပတ်သက်ပြီး Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲအသစ် "XE" အကြောင်း လေ့လာကြည့်ကြရအောင်။

မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် "XE"ဟာ ဗိုင်းရပ်စ် အမျိုးအစားပေါင်းစုံပါဝင်တဲ့ ပေါင်းစပ်မျိုးဗီဇပြောင်းအမျိုးအစား ဖြစ်ပါတယ်။ ဗြိတိန်နဲ့ တခြားနိုင်ငံတွေမှာ တွေ့ရှိနေရပြီလို့ အစီရင်ခံစာ ထွက်ထားပါတယ်။ ဂျပန်နိုင်ငံ လေဆိပ်က ဗိုင်းရပ်စ် စစ်ဆေးရေး ဌာနမှာ Omicron ရဲ့မျိုးကွဲ XE ပေါင်းစပ်ဗိုင်းရပ်စ် ကူးစက်ထားသူကို ပထမဆုံး တွေ့ရှိခဲ့တယ်လို့ ဂျပန့်ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၁၁ ရက်မှာ ကြေညာခဲ့ပါတယ်။
ဗိုင်းရပ်စ်တွေဟာ သေးငယ်တဲ့ မျိုးဗီဇပြောင်းလဲမှုတွေကို အကြိမ်ကြိမ် ပြုလုပ်ပြီး အစွမ်းသတ္တိအသစ်တွေထွက်ပေါ်လာရာကနေ ပေါင်းစပ် မျိုးကွဲဗိုင်းရပ်စ်အသစ် ဖြစ်ပေါ် လာတာမျိုးရှိသလို လူတစ်ဦးကို အမျိုးအစားမတူတဲ့ မျိုးကွဲဗိုင်းရပ်စ်တွေကူးစက်တာခံရပြီး မျိုးဗီဇမှာပါတဲ့ ဓာတ်ပစ္စည်းတွေကပြောင်းလဲ ပေါင်းစပ်သွားရာကနေ ပေါင်းစပ်မျိုးကွဲဗိုင်းရပ်စ် ဖြစ်ပေါ်လာတာလည်း ရှိပါတယ်။
"XE" ပေါင်းစပ်ဗိုင်းရပ်စ်ဟာ Omicron ရဲ့မျိုးကွဲတွေဖြစ်တဲ့ "BA. 1" နဲ့ "BA.2" တို့ ပေါင်းစပ်ထားတာဖြစ်ပါတယ်။ လူသားဆဲလ်တွေထဲကို ဗိုင်းရပ်စ်ကူးစက်ဝင်ရောက်ဖို့ အဓိကအခန်းကဏ္ဍကနေ အလုပ်လုပ်တဲ့ ဗိုင်းရပ်စ်ရဲ့မျက်နှာပြင်ပေါ်က ဆူးချွန်ပရိုတင်းတွေ အပါအဝင် "XE" ပေါင်းစပ်ဗိုင်းရပ်စ်ရဲ့ အစိတ်အပိုင်း အများစုဟာ "BA.2” ဖြစ်နေပြီး ကျန်တဲ့ အစိတ်အပိုင်းတွေကတော့ “BA.1”ဖြစ်နေပါတယ်။
“XE” ဟာ Omicronရဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ထုတ်ပြန်ထားပါတယ်။ ဗြိတိန်ကျန်းမာရေးအာဏာပိုင်တွေက ၂၀၂၂ ခုနှစ်ဇန်နဝါရီ ၁၉ ရက်မှာ မျိုးကွဲသစ် “XE” ပေါင်းစပ်ဗိုင်းရပ်စ်အမျိုးအစားကို စတင်တွေ့ရှိခဲ့ပါတယ်။ အဲဒီနောက် ဧပြီလ ၅ ရက်နေ့အထိ အဲဒီဗိုင်းရပ်စ်အမျိုးအစား ကူးစက်ခံရမှု ၁,၁၇၉ ခုရှိခဲ့တယ်လို့ အစီရင်ခံထားပါတယ်။ အစုလိုက်အပြုံလိုက် အသေးစားကူးစက်မှု ရှိခဲ့ပေမဲ့ ဂျပန် နိုင်ငံတွင်း ကူးစက်မှုတွေရဲ့ ၁ ရာခိုင်နှုန်းအောက်မှာသာ ရှိခဲ့ပါတယ်။
ဗြိတိန်ကျန်းမာရေးအာဏာပိုင်တွေက မတ်လ ၃၀ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး သင်္ချာပုံစံနဲ့ တွက်ချက်မှုအရ XE ပေါင်းစပ်ဗိုင်းရပ်စ်ရဲ့ ကူးစက်နိုင်စွမ်းဟာ BA.2 အမျိုးအစားထက် ၁၂.၆ ရာခိုင်နှုန်း ပိုမြန်တယ်လို့ ခန့်မှန်း တွက်ချက် ထားပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

420. မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ရဲ့ "BA.2" နဲ့ "XE" မျိုးကွဲများ။
အပိုင်း (၃) Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲ "BA.2" ရဲ့ ပြန့်ပွားလာနိုင်ခြေ

ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲတွေနဲ့ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီး ရေးဆိုင်ရာ စီမံဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး တတိယပိုင်း အဖြစ် Omicron မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲ "BA.2" ရဲ့ ပြန့်ပွားလာနိုင်ခြေနဲ့ ပတ်သက်ပြီး လေ့လာကြည့်ကြရအောင်။

ဂျပန် ကူးစက်ရောဂါများ ဌာနက ကူးစက်ရောဂါ စောင့်ကြည့်ခြင်း၊ ကာကွယ်ဆေးထိုးခြင်းနဲ့ သုတေသနပြုခြင်းဆိုင်ရာ စင်တာက အကြီးအကဲ မစ္စတာ Suzuki Motoi က ပြောပြပါမယ်။
Omicron ရဲ့ မျိုးကွဲ "BA.2" အမျိုးအစားဟာ ကူးစက်မှု သတ္တမလှိုင်းမှာ အဓိကကူးစက်ပျံ့နှံ့မယ့် ရောဂါပိုးဖြစ်လိမ့်မယ်လို့ တွက်ဆထားပါတယ်။
"BA.2" အမျိုးအစားဟာ BA.I အမျိုးအစားထက် ကူးစက်နိင်စွမ်း အနည်းငယ်ပိုနိုင်တယ်လို့ ယူဆထားတာကြောင့် ဆဋ္ဌမလှိုင်းထက် သတ္တမလှိုင်းဟာ ကူးစက်မှု ပိုမိုမြင့်မားလာနိုင်ခြေ ရှိတယ်ဆိုတဲ့အချက်ကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။ ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုစနစ် တွေ အားကောင်းဖို့နဲ့ ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ထားဖို့လိုပါတယ်။
ကူးစက်မှုဆဋ္ဌမလှိုင်းမှာ Omicron ရဲ့မျိုးကွဲ "BA. 1" အမျိုးအစား စတင်ပျံ့နှံ့လာတုန်းက Delta မျိုးဗီဇပြောင်း ဗိုင်းရပ်စ်လောက် ရောဂါပြင်းပြင်းထန်ထန် မဖြစ်နိုင်ဘူးဆိုပြီး လူတွေဟာ ဂရုစိုက်မှု နည်းလာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ဆဋ္ဌမလှိုင်းမှာ ကူးစက်မှု အရေအတွက်ဟာ ရှေ့အရင် ကူးစက်မှု လှိုင်းတွေထက် သိသိသာသာ များခဲ့ပြီး သေဆုံးသူအရေအတွက်လည်း ပိုပြီး များပြားခဲ့ပါတယ်။
"BA.2" အမျိုးအစား မျိုးဗီဇပြောင်းဗိုင်းရပ်စ် မှာလည်း အလားတူ အဖြစ်မျိုး ဖြစ်လာမှာကို စိုးရိမ်နေပါတယ်။
ကမ္ဘာတစ်ဝန်း နိုင်ငံအများစုမှာ "BA.2" မျိုးကွဲဗိုင်းရပ်စ်ဟာ တခြားမျိုးကွဲတွေရဲ့ နေရာကို အစားထိုးဝင်လာခဲ့ပြီး ရောဂါကူးစက်မှု အများဆုံးအဓိကဗိုင်းရပ်စ်ဖြစ်ခဲ့တယ်လို့ ယုံကြည်ရကြောင်း တိုကျိုဆေးဘက်ဆိုင်ရာ တက္ကသိုလ်ဆေးရုံက ပါမောက္ခ Hamada Atsuo က ပြောကြားခဲ့ပါတယ်။ ဥရောပနိုင်ငံတချို့မှာ ရောဂါဖြစ်ပွားမှုတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ "BA.2" ဗိုင်းရပ်စ်မျိုးကွဲလို့ သူက မှတ်ချက်ပေးခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ အားဖြည့်ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေကို မြှင့်တင် လုပ်ဆောင်တာအပြင် လူတစ်ဦးနဲ့တစ်ဦး ထိတွေ့မှု လျှော့ချပြီး ရောဂါကူးစက်မှု ကာကွယ်တားဆီးရေးဆိုင်ရာ အစီအမံတွေကို အားကောင်းကောင်းနဲ့ ပိုမိုလုပ်ဆောင်ဖို့ဟာ အရေးကြီးတယ်လို့ သူက ပြောဆိုခဲ့ပါတယ်။
အထူးသဖြင့် အသက်၂၀ တန်းအရွယ် လူငယ်တွေအကြား ရောဂါကူးစက်မှုအသစ်တွေ တိုးလာတာကြောင့် အဲဒီအသက်အုပ်စုကို ဗဟိုပြုပြီး ကာကွယ်တားဆီးရေး အစီအမံတွေလုပ်တာဟာ တစ်ဖန် ကူးစက်မှုတွေ မြင့်မားလာမှာကို လျှော့ချဖို့အတွက် အဓိကအရေးပါတဲ့ သော့ချက် ဖြစ်လာနိုင်တယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

419. မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ရဲ့ "BA.2" နဲ့ "XE" မျိုးကွဲများ။ အပိုင်း (၂) ကမ္ဘာတစ်ဝန်းမှာ ပျံ့နှံနေတဲ့ "BA.2" မျိုးကွဲ

အဖြေ− ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ "BA.2"ရဲ့ လက္ခဏာတွေနဲ့ ကာကွယ်ဆေးရဲ့ ထိရောက်မှုကို လေ့လာကြည့်ကြရအောင်။
"BA.2" မျိုးကွဲဟာ "BA.I" မျိုးကွဲထက် ပိုပြီးကူးစက်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ပြောပါတယ်။ ဒိန်းမတ်နိုင်ငံက အချက်အလက်တွေကို လေ့လာမှု တစ်ခုအရ ရောဂါပိုးရှိတဲ့ လူတစ်ဦးကနေ အခြားတစ်ဦးကို ကူးစက်ဖို့အချိန်မှာ "BA.2" ဟာ "BA.1" ထက် ၁၅ ရာခိုင်နှုန်း အချိန်ပိုတိုတာကို တွေ့ရှိရပါတယ်။ လူတစ်ဦးဆီကနေ လူဘယ်နှစ်ဦးအထိကို ကူးစက်ပြန့်ပွားအောင် မျိုးပွားနိုင်သလဲ ဆိုတဲ့ အချက်မှာလည်း "BA.I" ထက် ၂၆ ရာခိုင်နှုန်း ပိုများတာကို တွေ့ရှိခဲ့ရပါတယ်။ တစ်ဘက်မှာတော့ ပြင်းပြင်းထန်ထန် ဖျားနာမှု ဖြစ်ပွားနိုင်ခြေ နည်းပါးပုံရပါတယ်။
ဗြိတိန်က လုပ်တဲ့ သုတေသနကို WHOက ကိုးကားဖော်ပြထား တာမှာ"BA. 1" နဲ့ BA.2 ကူးစက်ခံရသူတွေအကြား ဆေးရုံတက် ကုသရတဲ့နှုန်းထားက ကွာခြားမှုမရှိဘူးလို့ ဆိုပါတယ်။ "BA.1" ကူးစက်ခံဖူးသူတွေလည်း "BA.2" မျိုးကွဲ ပြန်ကူးစက်နိုင်တာကိုလည်း သတိထားရပါမယ်။

အားဖြည့်ကာကွယ်ဆေး၃ ကြိမ်ထိုးနှံအပြီး အနည်းဆုံး တစ်ပတ်အကြာမှာ "BA.I" မျိုးကွဲကို ကာကွယ်နိုင်စွမ်း ၇၁.၃ ရာခိုင်နှုန်းရှိပြီး "BA.2"မျိုးကွဲကို ကာကွယ်နိုင်စွမ်း ၇၂.၂ ရာခိုင်နှုန်း ရှိတယ်လို့ ဗြိတိန် ကျန်းမာရေးစောင့်ရှောက်မှု သုတေသနဌာနက ဆိုပါတယ်။ တတိယအကြိမ် ကာကွယ်ဆေးထိုးပြီးနောက် အနည်းဆုံး သီတင်းပတ် ၁၅ ပတ်အကြာမှာ ကာကွယ်ဆေးရဲ့ ထိရောက်မှုဟာ ကျဆင်းသွားပါတယ်။ အဲဒီအချိန်မှာ "BA. 1" ကို ၄၅.၅ ရာခိုင်နှုန်းပဲ ကာကွယ်ပေးပြီး "BA.2" ကိုတော့ ၄၈.၄ ရာခိုင်နှုန်းပဲ ကာကွယ်ပေးနိုင်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

418.  မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ရဲ့  "BA.2" နဲ့ "XE" မျိုးကွဲများ။ အပိုင်း (၁) ကမ္ဘာတစ်ဝန်းမှာ ပျံ့နှံနေတဲ့  "BA.2" မျိုးကွဲ

အဖြေ− မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲတွေနဲ့ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးရေးဆိုင်ရာ စီမံဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး လေ့လာရပါမယ်။
Omicron အမျိုးအစား ပိုမိုကူးစက်နိုင်တဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲတစ်ခု ဖြစ်တဲ့ "BA.2"နဲ့ တခြား မျိုးကွဲတစ်ခုဖြစ်တဲ့ XE အကြောင်းကို ပထမဆုံး ကြည့်ကြရအောင်။

XE မျိုးကွဲကို ဧပြီလ ၁ ရက်နေ့ ဂျပန်ကို အမေရိက ကနေလာတဲ့ အမျိုးသမီးတစ်ဦးမှာ ပထမဆုံးတွေ့ရှိခဲ့တယ်လို့ အတည်ပြုထား ပါတယ်။
ကမ္ဘာမှာ အဓိကကူးစက်နေတာကတော့ Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲ "BA.2" အမျိုးအစားဖြစ်ပြီး အဲဒီပိုးက "BA.1(one)" ဗိုင်းရပ်စ်မျိုးစိတ် ကနေ ထပ်ပြောင်းလဲသွားတာ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ရဲ့ မျက်နှာပြင်မှာရှိတဲ့ ဆူးချွန်ပရိုတင်းတွေရဲ့ မျိုးဗီဇဆိုင်ရာပစ္စည်းတွေမှာ ဗီဇပြောင်းလဲမှု တွေ အများကြီးရှိနေတာကို ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲလို့ ခေါ် တာ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ရဲ့ မျက်နှာပြင်မှာရှိတဲ့ ဆူးချွန်ပရိုတင်းတွေဟာ လူသားရဲ့ဆဲလ်တွေထဲကို ဗိုင်းရပ်စ်ဝင်ရောက်ရာမှာ အဓိကအသုံးပြု ပါတယ်။
"BA.2" မျိုးကွဲ ကူးစက်ခံရသူအရေအတွက် ရာခိုင်နှုန်းအင်မတန် များပြားပါတယ်။ ဗြိတိန် ကျန်းမာရေး အာဏာပိုင်တွေက မတ်လ ၂၇ ရက်အထိ တစ်ပတ်ကို ၉၃.၉ ရာခိုင်နှုန်း ဒီမျိုးကွဲ ကူးစက်ခံတယ်လို့ ပြောပါတယ်။ အမေရိကန်မှာတော့ ဧပြီလ ၂ ရက်နေ့အထိ တစ်ပတ်အတွင်း "BA.2" မျိုးကွဲ ကူးစက်ခံရသူ အရေအတွက်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအားလုံးရဲ့ ၇၂.၂ ရာခိုင်နှုန်းရှိမယ်လို့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာက ခန့်မှန်းထားပါတယ်။
"BA.2" မျိုးကွဲကူးစက်မှုဟာ မေလမှာ ဂျပန်နိုင်ငံတစ်ဝန်း ကူးစက်ခံရသူတွေရဲ့ ၉၃ ရာခိုင်နှုန်း၊ ဇွန်လပထမပတ်မှာ ၁၀၀ ရာခိုင်နှုန်းနီးပါးဖြစ်လာမယ်လို့ ဆိုပါတယ်။
ဂျပန်မှာ Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲ "BA. 1" ကူးစက်မှုကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကုန်က ပထမဆုံး အတည်ပြုခဲ့ပါတယ်။ "BA.2" မျိုးကွဲ ကူးစက်မှုကို ဖေဖော်ဝါရီလလယ်က တိုကျိုမှာ ပထမဆုံးအတည်ပြုခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

417. ကိုရိုနာဗိုင်းရပ်စ်ရဲ့ နောက်ဆက်တွဲ နာတာရှည် ရောဂါလက္ခဏာတွေများ ။ အပိုင်း (၅)

အဖြေ− ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် စွဲကျန်ခဲ့တဲ့ နောက်ဆက်တွဲ နာတာရှည်ရောဂါလက္ခဏာတွေနဲ့ ပတ်သက်ပြီး နောက်ပိုင်းကုသမှုတွေမှာ အသုံးပြုနိုင်ဖို့ သုတေသနပြု ထားတဲ့ ရလဒ်တွေကို လေ့လာကြည့်ပါမယ်။

Saitama ခရိုင် အာဏာပိုင်တွေနဲ့ Saitama ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတွေဟာ နာတာရှည် ရောဂါလက္ခဏာတွေရှိတဲ့ လူနာတွေကို လေ့လာခဲ့ကြပါတယ်။ အများစုက Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မများလာခင်က ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံရသူတွေ ဖြစ်ပါတယ်။
Saitamaခရိုင် က အရာရှိတွေဟာ ခရိုင်တွင်းမှာ နာတာရှည် ရောဂါလက္ခဏာ ပြသတဲ့ လူနာတွေအတွက် ဆေးကုသရေးဌာန ၁၄၀ ကျော်အထိ နေရာအနှံ့ ထားရှိမှာ ဖြစ်ပါတယ်။ Saitama ဆေးဘက်ဆိုင်ရာအဖွဲ့ရဲ့ အကြီးအကဲ Maruki Yuichi က နောက်တစ်ကြိမ် ကူးစက်မှုလှိုင်းမှာ နာတာရှည် ရောဂါလက္ခဏာစွဲကျန်ခဲ့တဲ့ လူနာအရေအတွက်ဟာ ပဉ္စမလှိုင်းမှာ ကူးစက်ခံရသူထက် ၂ ဆ ကျော်များလိမ့်မယ်လို့ တွက်ဆထားပါတယ်။
အဲဒီ လူနာတွေကို စမ်းသပ်ကုသပေးတာကနေ သိရှိလာတဲ့ တွေ့ရှိချက်အသစ်တွေက ဆရာဝန်တွေကို အထောက်အကူပြုနိုင်မယ် လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

416. ကိုရိုနာဗိုင်းရပ်စ်ရဲ့ နောက်ဆက်တွဲ နာတာရှည် ရောဂါလက္ခဏာတွေများ ။ အပိုင်း (၄)

အဖြေ− နာတာရှည်လက္ခဏာတွေ သက်သာပြီး ပြန်ကောင်းမွန်လာတဲ့ လူနာတစ်ဦးရဲ့အကြောင်းကို လေ့လာကြည့်ကြပါမယ်။
စိုင်းတာမ ခရိုင်က အသက် ၁၆ နှစ်အရွယ် အထက်တန်းကျောင်းသူတစ်ဦး ဟာ အထက်တန်းကျောင်းစတက်ပြီး မကြာမီ ၂၀၂၁ ခုနှစ် မေလမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပါတယ်။ သူဟာ ပြင်းပြင်းထန်ထန် ခေါင်းကိုက်တာ၊ အသက်ရှုရခက်တာနဲ့ ၃၉ ဒီဂရီနီးပါးအထိ အဖျားတက်တာတွေ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် သတ်မှတ်ထားတဲ့ ဟိုတယ်မှာ သီးသန့်ခွဲခြားနေထိုင်ခဲ့ပြီးနောက် ကျောင်းပြန်တက်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလို ပြန်တက်ပြီး သိပ်မကြာခင်မှာဘဲ ခေါင်းမူးဝေတာ၊ ခေါင်းကိုက်တာ၊ အလွန်အမင်း ပင်ပန်းနွမ်းနယ်တာနဲ့ အနံ့နဲ့ အရသာ ခံစားမှု အာရုံချို့ယွင်းလာတာ ကို စတင် ခံစားလာရပါတယ်။ ၂၀၂၁ ခုနှစ် ဆောင်းဦးရာသီအထိ ကိုယ်လက်မအီမသာ ဖြစ်တာ ပင်ပန်းနွမ်းနယ်ပြီး မူးဝေနေတာကြောင့် ကျောင်း ဆက်မတက်နိုင်တော့ဘဲ အိပ်ယာထဲမှာဘဲ နေရတဲ့ အချိန်အတော်များလာခဲ့ရပါတယ်။ ဆေးခန်း ၄ ခုလောက် သွားပြပြီး ကုသမှုခံယူခဲ့ပေမဲ့ ရောဂါလက္ခဏာတွေ မပျောက်ကင်းခဲ့ပါဘူး။
အဲဒီနောက် ကိုဗစ်ရောဂါ နောက်ဆက်တွဲ နာတာရှည်ဝေဒနာတွေကို အထူးကုသပေးနေတဲ့ နား၊ နှာခေါင်း၊ လည်ချောင်း ဆေးခန်းတစ်ခုကို သွားပြခဲ့ပါတယ်။ အဲဒီဆေးခန်းက ဆရာဝန်က မူးဝေနေတာ လျော့ပါးစေဖို့ လေ့ကျင့်ခန်းတွေလုပ်နည်းကို သင်ပေးပြီး အနံ့ခံအာရုံ ကောင်းဖို့အတွက် လည်း လေ့ကျင့်နည်းနဲ့ ကုသခဲ့ပါတယ်။
မူးဝေတဲ့ ဝေဒနာ သက်သာအောင် လူနာကို နံရံပေါ်မှာရှိတဲ့ အမှတ်တစ်ခုကို စိုက်ကြည့်စေတဲ့ လေ့ကျင့်ခန်းကို လုပ်ခိုင်းပါတယ်။ ဦးခေါင်း ရော ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေကို ရော မလှုပ်ဘဲ မျက်လုံးကိုပဲ အပေါ်၊ အောက်၊ ဘယ်ညာ ရွှေ့ကြည့်တဲ့ လေ့ကျင့်ခန်းကိုလည်း လုပ်ခိုင်းခဲ့ပါတယ်။ ဒီလေ့ကျင့်ခန်းက အမြင်အာရုံ ဟန်ချက်ပြန်ညီလာစေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ အနံ့ခံအာရုံ ပြန်ကောင်းလာဖို့အတွက်ကတော့ လာဗင်ဒါ ဒါမှမဟုတ် သံပုရာသီးလိုမျိုး ရနံ့တွေပါတဲ့ အဆီတွေကို ရှုရှိုက်ရင်း လာဗင်ဒါ ပန်းပင်ပုံ နဲ့ သံပုရာသီး ပုံတွေကို ကြည့်စေတာမျိုး လေ့ကျင့်ခိုင်းပါတယ်။ အနံ့ခံအာရုံနဲ့ မှတ်ဉာဏ်ကို ပြန် ချိတ်ဆက်မိအောင် ပြုလုပ်ပေးတာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေကို နေ့စဉ် အိမ်မှာ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ပြီးနောက် သူ့ရဲ့ ရောဂါလက္ခဏာတွေဟာ တဖြည်းဖြည်း သက်သာခဲ့လာပါတယ်။
သူသွားရောက် ကုသခဲ့တဲ့ ဆေးခန်းကဆေးရုံအုပ် Sakata Hideaki က “ဖြစ်ဖြစ်ချင်း ဆရာဝန်နဲ့ အမြန်ပြပြီး သင့်လျော်တဲ့ ကုသမှု ခံယူလိုက်တဲ့ လူနာတွေက အတော်လေး ပြန်ကောင်းလာတာ တွေ့ရပါတယ်၊ ဒါပေမဲ့ ဝေဒနာခံစားရတာ ၃ လကနေ ၆ လကြာပြီးမှ ဆေးခန်းလာပြတဲ့ လူနာကတော့ တိုးတက်မှု အနည်းငယ်ပဲရှိတာကို တွေ့ရတယ်” လို့ ပြောပြပါတယ်။ “ ကူးစက်မှု ဆဋ္ဌမလှိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတဲ့ လူနာတွေ ထပ်ထွက်လာဦးမှာ ဖြစ်တဲ့အတွက် စိတ်အေးလက်အေးနဲ့နေလို့တော့ မရနိုင်သေးဘူး”လို့ သူက ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

415. ကိုရိုနာဗိုင်းရပ်စ်ရဲ့ နောက်ဆက်တွဲ နာတာရှည် ရောဂါလက္ခဏာတွေများ ။ အပိုင်း (၃)

အဖြေ− ကိုရိုနာရောဂါကနေ ပြန်ကောင်းလာပြီး ၆ လကျော် ကြာတဲ့အထိ နောက်ဆက်တွဲ ရောဂါလက္ခဏာတွေ ခံစားနေရတဲ့ လူနာတစ်ဦးကို လေ့လာကြည့်ကြရအောင်။
အဲဒီ လူနာကတော့ စိုင်းတာမ ခရိုင်မှာနေထိုင်တဲ့ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး ဖြစ်ပါတယ်။ သူဟာ ၂၀၂၁ ခုနှစ် သြဂုတ်လမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီး ကိုယ်အပူချိန် ၃၉ ဒီဂရီနီးပါးအထိ မြင့်တက်လာခဲ့ပြီး မောပန်းနွမ်းနယ်တာ၊ အဆုတ်ယောင် တာတွေ ဖြစ်ခဲ့ပါတယ်။ အိမ်မှာပဲ ဆေးကုသရင်း ပြန်သက်သာလာ ပေမဲ့လည်း အနံ့ခံအာရုံနဲ့ အရသာခံစားမှုအာရုံတွေ ချို့ယွင်းသွားပြီး အစားများများ မစားနိုင်တော့ပါဘူး။ အဲဒီ အမျိုးသားဟာ ကိုယ်အလေးချိန် ၁၀ ကီလိုဂရမ်ကျော် ကျသွားခဲ့ပါတယ်။ အဲဒီနောက် ပြန်ကျန်းမာလာပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ် ပြန်ဝင်နိုင်ခဲ့ ပါတယ်။ ဒါပေမဲ့ သူဟာ မောပန်းနွမ်းနယ်ပြီး နုံးနေတာနဲ့ အိပ်မပျော်တာတွေ ဆက်ဖြစ်နေခဲ့ပြီး အဲဒီနှစ် ဒီဇင်ဘာလကစပြီး အလုပ်ဆက်မလုပ် နိုင်တော့ပါဘူး။
“ညကို တစ်နာရီလောက်ပဲ အိပ်ပျော်ပြီး မနက်လင်းတဲ့အထိ ဆက်အိပ်လို့မရဘူး။ အလုပ်မှာလည်း ခံနိုင်ရည် မရှိပါဘူး။ ဘာလုပ်ရမယ်ဆိုတာကို သိနေတာတောင် စိတ်သွားတိုင်း ကိုယ်မပါဘဲ တွေဝေနေပြီး ခြေတွေလက်တွေက တုံ့ဆိုင်းသလို ဖြစ်လာပါတယ်၊ ဒီလို အခြေအနေနဲ့ အလုပ်သွားလုပ်လို့ မရနိုင်ဘူး” လို့ သူက ပြောပြပါတယ်။
ကိုဗစ်အလွန် နောက်ဆက်တွဲ နာတာရှည် ရောဂါဆိုင်ရာ ဆရာဝန်က အဲဒီအမျိုးသားမှာ အာရုံစူးစိုက်နိုင်စွမ်း လျော့ပါးလာတာနဲ့ သတိမေ့တာစတဲ့ Brain Fog လို့ခေါ်တဲ့ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ လက္ခဏာတွေ ရှိနေတယ်လို့ ပြောပြပါတယ်။ သူဟာ ဆေးကုသပြီး နေ့စဉ် လူနေမှုဘဝနေထိုင်ပုံတွေကို ဆရာဝန်ရဲ့ လမ်းညွှန်မှုတွေ ခံယူခဲ့ပေမဲ့ ၇လလောက်အထိ အခြေအနေက တိုးတက် မလာပါဘူး။ ခေါင်းမူးတာ၊ နုံးချိနေတာမျိုး ဖြစ်နေတုန်းပဲလို့ ဆိုပြီး အဲဒီလောက် အချိန်ကြာကြာ ကုသနေရမယ်လို့ သူမမျှော်လင့်ထားကြောင်းနဲ့ သူ့ရှေ့ အနာဂတ်အတွက် စိုးရိမ်နေတယ်လို့ သူက ပြောပါတယ်။
သူ့ကို ကုသပေးနေတဲ့ ဆရာဝန် Kodaira Makoto က မောပန်းနွမ်းနယ်တာနဲ့ Brain Fog လို့ခေါ်တဲ့ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာလက္ခဏာတွေဟာ ၆လ ဒါမှမဟုတ် ဒါ့ထက်ပိုကြာတတ်တဲ့ ကိုဗစ်အလွန် အဓိကရောဂါလက္ခဏာ ၂ မျိုး ဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီလို လူနာတွေကို စဉ်ဆက်မပြတ် ပံ့ပိုးကူညီပြီး ကုသပေးဖို့ လိုအပ်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

414. ကိုရိုနာဗိုင်းရပ်စ်ကူးစက်လူနာတွေကို လက်တွေ့ ကုသပေးနေတဲ့ ဆရာဝန်တွေက နောက်ဆက်တွဲ နာတာရှည် ရောဂါလက္ခဏာ တွေနဲ့ပတ်သက်ပြီး လမ်းညွှန်ချက်တွေ ပေးထားတာ ရှိပါသလား ။ အပိုင်း (၂)

အဖြေ− ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာတွေကို လက်တွေ့ကုသပေးနေတဲ့ ဆရာဝန်တွေ ရဲ့လမ်းညွှန်ချက်တွေ ပေးထားတာရှိပါတယ်။ လေ့လာကြည့်ကြပါမယ်။

စိုင်းတာမ ခရိုင်နဲ့ စိုင်းတာမ ဆေးဘက်ဆိုင်ရာအဖွဲ့က ၂၀၂၁ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲ နာတာရှည် ရောဂါလက္ခဏာ ခံစားနေရသူ လူနာ ၄၂၂ ဦးကို စစ်ဆေးထားတဲ့ အချက်အလက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီလေ့လာမှုမှာ ကိုဗစ်အလွန် နောက်ဆက်တွဲ နာတာရှည် ရောဂါလက္ခဏာတွေအပြင် ဆရာဝန်တွေက လူနာ ရဲ့ ရောဂါသက်သာအောင် လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေကိုပါ ဖေါ်ပြထားပါတယ်။

အခုပထမဆုံး Internal Medicine Center က ဆရာဝန်တွေရဲ့ လမ်းညွှန်ချက်တွေကို လေ့လာကြည့်ကြရအောင်။
၁) လူနာတွေဟာ မောပန်းနွမ်းနယ်လွယ်တာအပြင် မူးဝေတာ၊ သတိမေ့တာနဲ့ အာရုံစူးစိုက်နိုင်စွမ်း လျော့ပါးလာတာ စတဲ့ Brain Fog လို့ခေါ်တဲ့ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာလက္ခဏာ အမျိုးမျိုး ခံစားရလေ့ရှိပါတယ်။
၂) အဲဒီ ရောဂါလက္ခဏာတွေ ပြန်လည်ကောင်းမွန်လာဖို့ အချိန် ၆လ ဒါမှမဟုတ် အဲဒါထက်ပိုပြီး ကြာမြင့်နိုင်ပါတယ်။ အဲဒီ ရောဂါလက္ခဏာတွေ‌ကြောင့် လူနာတွေ နေ့စဉ် ပုံမှန်လုပ်ဆောင် ရမယ့်အလုပ်တွေကို ထိခိုက်စေနိုင်ပါတယ်။
၃) နေ့စဉ်အလုပ်တွေ လုပ်ချိန်နဲ့ အနားယူချိန်ကို ဟန်ချက်ညီညီ ဖြစ်စေဖို့ ဆရာဝန်တွေအနေနဲ့ လူနာတွေကို ညွှန်ကြား ပေးသင့်ပါတယ်။
၄) လူနာကိုယ်တိုင် က အဲဒီ ရောဂါလက္ခဏာတွေကို နေ့စဉ် ဘယ်လို ကိုင်တွယ်ဖြေရှင်းသွားနိုင်သလဲဆိုတာ သိလာအောင် ဆရာဝန်က ပံ့ပိုးကူညီပေးဖို့ လိုအပ်ပါတယ်။

နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန်ကြီးတွေကတော့ အခုလို လမ်းညွှန်ချက်တွေ ပေးခဲ့ပါတယ်။

၁) ကိုဗစ်အလွန် နာတာရှည် ရောဂါလက္ခဏာတွေဟာ ဆယ်ကျော်သက်တွေအကြားမှာ ပိုပြီး အဖြစ်များပါတယ်။
၂) လူနာတွေဟာ အနံ့ခံ အာရုံ ဒါမှမဟုတ် အရသာခံစားမှု အာရုံတွေ ကျဆင်းသွားတာကြောင့် နေ့စဉ်ဘဝမှာ နေထိုင်ရတာ စိတ်အလိုမကျ တာတွေကို ခံစားကြရပါတယ်။ ဆရာဝန်တွေရဲ့ စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုဟာ အရေးကြီးပါတယ်။
၃) အနံ့ခံအာရုံလေ့ကျင့်ခန်းကို ကုသမှုနည်းလမ်းတစ်ခု ဖြစ်တဲ့ အနံ့မျိုးစုံကို ရှူရှိုက်စေတာမျိုး ကိုညွှန်ကြားပြီး အနံ့ခံအာရုံကို ပိုမိုကောင်းမွန်လာစေဖို့ လေ့ကျင့်ခန်းတွေကို ဆရာဝန်တွေက လမ်းညွှန်ဖို့ ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

413. ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါဖြစ်ပြီးတဲ့ အခါ ဖြစ်တတ်တဲ့ နောက်ဆက်တွဲ နာတာရှည် ဝေဒနာတွေက ဘာပါလဲ။ အပိုင်း (၁)

အဖြေ− ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါဖြစ်ပြီးတဲ့ အခါ ဖြစ်တတ်တဲ့ နောက်ဆက်တွဲ နာတာရှည် ဝေဒနာတွေနဲ့ ပတ်သက်ပြီး လေ့လာကြပါမယ်။
စိုင်းတာမ ခရိုင်နဲ့ စိုင်းတာမ ဆေးဘက်ဆိုင်ရာအဖွဲ့က ၂၀၂၁ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲ နာတာရှည် ရောဂါလက္ခဏာ ခံစားနေရသူပြင်ပလူနာ ၄၂၂ ဦးကို ခရိုင်အတွင်းက ဆေးရုံ ၇ ခု မှာ လေ့လာခဲ့ပါတယ်။
လေ့လာမှုအရ လူနာတွေရဲ့ ၂၅.၆ ရာခိုင်နှုန်းဟာ အနံ့ခံအာရုံဆိုင်ရာ ပြဿနာတွေရှိတာကို တွေ့ရှိခဲ့ရပြီး အဲဒီလူနာတွေရဲ့ ၁၆.၆ ရာခိုင်နှုန်းက အသက်ရှုကြပ်တာအပါအဝင် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ပြဿနာတွေရှိနေတယ်လို့ ဆိုထားပါတယ်။ လူနာတွေရဲ့ ၁၅.၆ ရာခိုင်နှုန်းက ပင်ပန်းနွမ်းနယ်မှု ခံစားနေရတယ်လို့ ဖော်ပြထားပြီး ၁၄.၇ ရာခိုင်နှုန်းက ချောင်းဆိုး၊ သလိပ်ကပ်တာတွေ ဖြစ်တယ်လို့ ဆိုကြပါတယ်။
အဲဒီနောက် ဆံပင်ကျွတ်တယ်လို့ ဆိုသူက ၉.၇ ရာခိုင်နှုန်း၊ ဖျားနာတာနဲ့ ခေါင်းကိုက်တာ ဒါမှမဟုတ် ဦးခေါင်းအနောက်ဘက်က နာနေ၊အောင့်နေတယ်လို့ ဆိုသူက ၉.၀ ရာခိုင်နှုန်း၊ လျှာက အရသာပုံမှန်ပြန်မခံစားရဘူးလို့ ဆိုသူက ၇.၁ ရာခိုင်နှုန်းရှိတယ်လို့ ဆိုထားပါတယ်။
လေ့လာမှုအရ တချို့လူနာတွေဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်တယ်လို့ သိရှိရပြီးတဲ့နောက် တစ်နှစ်လောက်ကြာနေတာတောင် နာတာရှည် ရောဂါလက္ခဏာတွေ ဆက်ပြီးခံစားနေရတာကိုလည်း တွေ့ရပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

412. ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆဋ္ဌမလှိုင်းရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပြီး ဖြစ်ပေမဲ့ ဘာ့ကြောင့် လျင်လျင်မြန်မြန် မကျဆင်းသွားတာ ပါလဲ။ အပိုင်း (၅)

အဖြေ− အခု ဂျပန်နိုင်ငံမှာ Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆဋ္ဌမလှိုင်းရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ရောဂါကူးစက်မှုနှုန်း ကျဆင်းတာ နှေးကွေးနေပြီး အသစ်ကူးစက်မှုတွေလည်း မြင့်မားနေဆဲ ဖြစ်ပါတယ်။ နောက်ထပ်ကူးစက်မှုတွေ ထပ် မြင့်မားလာပြီး သတ္တမလှိုင်း ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်တဲ့ အသံတွေလည်း ကြား နေပါတယ်။ ကူးစက်မှု ဘာ့ကြောင့် မကျဆင်းသွားတာ ပါလဲ။ နောက်ထပ် ဖြစ်ပေါ်လာနိုင်တာတွေအတွက် ဘာတွေ ပြင်ဆင်ထားနိုင်မလဲ ? လေ့လာကြည့်ကြရအောင်။
ဂျပန်အစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အကြံပေးအဖွဲ့ခေါင်းဆောင် Omi Shigeru က တစ်စိတ်တစ်ပိုင်း အရေးပေါ်အခြေအနေကြေညာ ထားတာကို ရုပ်သိမ်းပြီးတဲ့နောက်ပိုင်း ကူးစက်မှုအသစ် အရေအတွက် တိုးလာနိုင်တယ်လို့ မတ်လ ၁၇ ရက်နေ့က ပြောကြားခဲ့ပါတယ်။ ရောဂါလက္ခဏာပြင်းထန်တဲ့ လူနာအရေ အတွက်ကို နည်းအောင် ထိန်းထားဖို့နဲ့ ဆေးဝါးကုသမှု စနစ်အပေါ် ဝန်မပိစေအောင် ရှောင်ကြဉ်ဖို့ဟာ အရေးအကြီးဆုံး လို့လည်း ပြောကြားခဲ့ပါတယ်။
ကာကွယ်ဆေးထိုးဖို့ လိုပေမဲ့လည်း ဒါတစ်ခုထဲနဲ့တင် မလုံလောက်ဘူးလို့ ဆိုပါတယ်။ ရောဂါကူးစက်မှု ကာကွယ် တားဆီးရေး အစီအမံတွေကို မလိုက်နာဘူးဆိုရင် ဥရောပနိုင်ငံတချို့မှာလို ကိုဗစ်ကြောင့် သေဆုံးတဲ့သူ အရေအတွက် တိုးလာမယ်လို့ မစ္စတာ Omi က ပြောပါတယ်။ သေးငယ်တဲ့ အရည်အစက်တွေက လေထဲမှာ ပျံ့နှံ့နေတာကနေ တစ်ဆင့် ကူးစက်မှုတွေ များလာနေတာကြောင့် မိမိကိုယ်တိုင်ရော တခြားသူတွေကိုပါ ရောဂါပိုးကနေ ကာကွယ်ဖို့အတွက် နှာခေါင်းစည်းတွေ ဆက်ပြီးဝတ်ဆင်ကြဖို့ တိုက်တွန်းထားပါတယ်။
ကျန်းမာရေးနဲ့ လူမှုဖူလုံရေးဆိုင်ရာ နိုင်ငံတကာ တက္ကသိုလ်က ပါမောက္ခ Wada Koji က မိမိကိုယ်တိုင်အတွက်ရော၊ မိသားစုနဲ့ သူငယ်ချင်းတွေကိုပါ ကိုဗစ်ရောဂါ ကနေ ကာကွယ်ဖို့ အမြန်ဆုံး ကာကွယ်ဆေးထိုးကြဖို့ နဲ့ ကန့်သတ်ချက်တွေ ဖြေလျှော့လိုက်ရင် ကူးစက်မှုတွေ ပိုများ လာနိုင်တာကြောင့် လူငယ်တွေပါ ကာကွယ်ဆေး ကို အပြည့်အဝ ၃ကြိမ် ထိုးနှံကြဖို့ တိုက်တွန်းနေပါတယ်။ တစ်စိတ်တစ်ပိုင်း အရေးပေါ်အခြေအနေဆိုင်ရာ အစီအမံတွေ ရုတ်သိမ်းလိုက်ပြီးတဲ့ နောက်ပိုင်းမှာ ပြည်သူတွေကို ဘယ်လို နေစေချင်လဲ ဆိုတာနဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ဘယ်လို ဆက်လုပ်ဆောင်ရမလဲ ဆိုတာကို အစိုးရက ရှင်းရှင်းလင်းလင်း ကြိုပြောထားသင့်တယ် လို့လည်း သူက ပြောကြားခဲ့ပါတယ်။
Okinawa Chubu ဆေးရုံက မစ္စတာ Takayama Yoshihiro က ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်တွေတုန်းက နွေဦးရာသီ ကျောင်းပိတ်ရက်တွေ အပြီးမှာ ကူးစက်မှုတွေ မြင့်တက်လာခဲ့တာကြောင့် ဒီနှစ် အဲဒီအချိန် မှာလဲ ရောဂါပိုးကူးစက်မှု သတ္တမလှိုင်း ဖြစ်လာနိုင်ခြေရှိတာကို ထည့်သွင်းစဉ်းစားပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာတွေမှာလည်း ရောဂါကူးစက်ခံရသူ တွေ့ရှိတာနဲ့ အစီအမံတွေကို ချက်ခြင်း မြန်မြန်ဆန်ဆန် လုပ်ဆောင်တာနဲ့ ကာကွယ်ဆေး တတိယအကြိမ် အားဖြည့်ထိုးနှံတာတွေကို အရှိန်မြှင့်လုပ်ဆောင်မယ်ဆိုရင် လူထုအတွင်းမှာ ကန့်သတ်ချက်တွေ ချမှတ်တာမျိုး မလုပ်ဆောင်ဘဲနဲ့ လည်း သတ္တမလှိုင်းကို ကျော်လွှားနိုင်မယ် မျှော်လင့်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

411. ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆဋ္ဌမလှိုင်းရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပြီး ဖြစ်ပေမဲ့ ဘာ့ကြောင့် လျင်လျင်မြန်မြန် မကျဆင်းသွားတာ ပါလဲ။ အပိုင်း (၄)

အဖြေ− အခု ဂျပန်နိုင်ငံမှာ Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆဋ္ဌမလှိုင်းရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ရောဂါကူးစက်မှုနှုန်း ကျဆင်းတာ နှေးကွေးနေပြီး အသစ်ကူးစက်မှုတွေလည်း မြင့်မားနေဆဲ ဖြစ်ပါတယ်။ နောက်ထပ်ကူးစက်မှုတွေ ထပ် မြင့်မားလာပြီး သတ္တမလှိုင်း ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်တဲ့ အသံတွေလည်း ကြား နေပါတယ်။
ဒီစတုတ္ထပိုင်းမှာတော့ Omicron ရဲ့ မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် BA.2 Omicron အမျိုးအစားဟာ အစားထိုး ကူးစက် ပြန့်ပွား လာနိုင်ခြေ ရှိသလားဆိုတာကို လေ့လာကြည့်ကြရအောင်။
ကိုရိုနာဗိုင်းရပ်စ် Omicron ရဲ့မျိုးကွဲ BA.2 Omicron အမျိုးအစားဟာ အခုနောက်ဆုံး ဂျပန်မှာ ကူးစက်မှုတွေ ဖြစ်နေတဲ့ အကြား စိုးရိမ်စရာအချက်တစ်ခု လို့သိရပါတယ်။ မတ်လ ၁၅ ရက်နေ့က ပြုလုပ်တဲ့ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကျွမ်းကျင်ပညာရှင်များအဖွဲ့ အစည်းအဝေးမှာ ဂျပန်နိုင်ငံတွင်း BA.2 Omicron ကူးစက်ပျံ့နှံ့ လာနိုင်တဲ့ ခန့်မှန်းချက်တွေကို တင်ပြဆွေးနွေးခဲ့ကြပါတယ်။
ကျိုတိုတက္ကသိုလ်က ပါမောက္ခ Nishiura Hiroshi က တိုကျိုမှာ ကူးစက်မှုတွေနဲ့ပတ်သက်ပြီး အချက်အလက်တွေကို လေ့လာတွက်ချက်ခဲ့ပြီး BA.2 Omicron အမျိုးအစား ဗိုင်းရပ်စ်ရဲ့ ကူးစက်မှုဟာ မူရင်း Omicron ကူးစက်မှုအားလုံးရဲ့ ၈၂ ရာခိုင်နှုန်း ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
နိုင်ငံ့ ကူးစက်ရောဂါဆိုင်ရာ ဌာန၊ ကြပ်မတ်ကုသခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်း၊ ကူးစက်ရောဂါ ပြန့်ပွားခြင်းနဲ့ ကာကွယ်ခြင်း ဆိုင်ရာစင်တာရဲ့ အကြီးအကဲ မစ္စတာ Suzuki Motoi က ပုဂ္ဂလိကစမ်းသပ်စစ်ဆေးရေး အဖွဲ့အစည်း ၂ခုက စစ်ဆေးထားတဲ့ ရလဒ်နမူနာတွေကို သုံးသပ်လေ့လာကြည့်ပြီး ဂျပန်နိုင်ငံတစ်ဝန်း BA.2 ကူးစက်မှုဟာ ဧပြီလ ပထမပတ်မှာ ကူးစက်မှုအားလုံးရဲ့ ၇၀ ရာခိုင်နှုန်း ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။ မေလ ပထမပတ်မှာတော့ ကူးစက်မှုအားလုံးရဲ့ ၉၇ ရာခိုင်နှုန်းဖြစ်လာမယ်လို့ တွက်ချက်ထားပါတယ်။
BA.2 Omicron ဟာ လတ်တလောမှာ အဓိကကူးစက်ပျံ့နှံ့နေတဲ့ BA.1 Omicron ရောဂါပိုးထက် ၂၀ ရာခိုင်နှုန်းလောက် ပိုမိုကူးစက်နိုင်စွမ်း ရှိတယ်လို့ ယူဆထားပါတယ်။ BA.2 ဟာ BA.1 နေရာမှာ စတင် အစားထိုးဝင်ရောက်လာမယ်ဆိုရင် လက်ရှိဆောင်ရွက်နေတဲ့ အစီအမံတွေနဲ့ ရောဂါပိုး ကူးစက်မှုတွေကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

410. ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆဋ္ဌမလှိုင်းရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပြီး ဖြစ်ပေမဲ့ ကူးစက်မှုနှုန်း ကျဆင်းမှု နှေးကွေးနေတာ ဘာကြောင့်လဲ။ အပိုင်း (၃)

အဖြေ− အခု ဂျပန်နိုင်ငံမှာ Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆဋ္ဌမလှိုင်းရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ရောဂါကူးစက်မှုနှုန်း ကျဆင်းတာ နှေးကွေးနေပြီး အသစ်ကူးစက်မှုတွေလည်း မြင့်မားနေဆဲ ဖြစ်ပါတယ်။ နောက်ထပ်ကူးစက်မှုတွေ ထပ် မြင့်မားလာပြီး သတ္တမလှိုင်း ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်တဲ့ အသံတွေလည်း ကြား နေပါတယ်။ ကူးစက်မှု ဘာ့ကြောင့် လျင်လျင်မြန်မြန် မကျဆင်းသွားတာ ပါလဲ။ ဒီအခြေအနေကနေ ရှေ့ဆက် ဘာတွေ ဖြစ်ပေါ်လာနိုင်သလဲ။
ဒီတတိယပိုင်းမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟာ သိသိသာသာ ကျဆင်းလာတာကို မမြင်ရဘဲ ပြန်မြင့်တက်လာနိုင်ခြေ ရှိသလားဆိုတာကို လေ့လာကြည့်ကြရအောင်။
Nagoya Institute က ပါမောက္ခ Hirata Akimasa ဦးဆောင်တဲ့ သုတေသနအဖွဲ့ဟာ လူလုပ်အသိဉာဏ် AI ထဲကို လူတွေရဲ့ သွားလာလှုပ်ရှားမှု၊ ယခင်ရောဂါ ကူးစက်မှုလမ်းကြောင်း၊ ကာကွယ်ဆေးထိုးတာရဲ့ အကျိုးသက်ရောက်မှုစတဲ့ အချက်အလက် တွေကို ထည့်သွင်း မှတ်သားစေပြီး တိုကျိုမှာ ရှေ့ ဆက် ဘာဆက်ဖြစ်မလဲဆိုတာကို အစမ်းပုံဖေါ် တွက်ချက် ကြည့်ခဲ့ပါတယ်။
တွက်ချက်လို့ရတာ တစ်ခုကတော့ တစ်စိတ်တစ်ပိုင်း အရေးပေါ်အခြေအနေဆိုင်ရာ အစီအမံတွေ ရုတ်သိမ်းလိုက်ပြီး နောက်ပိုင်းမှာ လူတွေရဲ့ သွားလာလှုပ်ရှားမှုဟာ ပြီးခဲ့တဲ့နှစ် အလားတူကာလက အဆင့်အတိုင်း ပြန်ဖြစ်လာမယ်လို့ မှတ်ယူ တွက်ချက်ထားပါတယ်။ တိုကျိုမှာ နေ့စဉ်ကူးစက်မှု အသစ် ပမာဏဟာ ဧပြီလအစောပိုင်းမှာ ၅,၄၀၀ လောက်အထိ ကျဆင်းသွားလိမ့်မယ်လို့ ခန့်မှန်းထားပြီး အဲဒီနောက် ကူးစက်မှု အနည်းငယ် ပြန်တက်လာမယ်လို့ ဆိုပါတယ်။ ဧပြီလအနှောင်းပိုင်းမှာ တစ်နေ့ကို ၅,၆၀၀ ကျော်လောက် ကူးစက်မှုရှိ လာမယ်လို့ က AI က ခန့်မှန်း တွက်ချက်ထားပါတယ်။
လူတွေရဲ့ သွားလာလှုပ်ရှားမှုဟာ အရင်နှစ်ကထက် ၂၀ ရာခိုင်နှုန်း တိုးလာမယ်လို့ သတ်မှတ်ပြီး တွက်ချက်ကြည့်ရာမှာတော့ နေ့စဉ် ကူးစက်မှုအသစ် ပမာဏဟာ ဧပြီလဆန်းပိုင်းကနေ တဖြည်းဖြည်း တိုးလာပြီး ဧပြီလလယ်မှာ တစ်ရက်ကို ၇၇၀၀ ကျော်အထိ ကူးမယ်လို့ AI ကခန့်မှန်းထားပေးပါတယ်။
နှစ်သစ်ကူး အားလပ်ရက်တွေအတွင်းကလို လူတွေ သွားလာ လှုပ်ရှားမှု နဲ့ လူအစုအဝေးနဲ့ စားသောက်ကြတာတွေ တိုးလာမယ်လို့ သတ်မှတ်ပြီး AI နဲ့ တွက်ချက်ကြည့်ရာမှာတော့ တစ်နေ့တာ ကူးစက်မှုအသစ်ပမာဏဟာ မတ်လကုန်မှာ စတင်တိုးလာပြီး ဧပြီလလယ်မှာ တစ်ရက်ကို ၁၃,၀၀၀ ကျော် ကူးစက်မှုရှိလာမယ်လို့ အဖြေထွက်ပါတယ်။
ကာကွယ်ဆေး အားဖြည့်ထိုးနှံတာရဲ့ အကျိုးသက်ရောက်မှုကို ထည့်သွင်းစဉ်းစားမယ်ဆိုရင်တော့ ရောဂါလက္ခဏာ ပြင်းထန်တဲ့ လူနာ အရေအတွက် သိသိသာသာ မတိုးလာနိုင်ဘူးလို့ သုတေသီတွေက ဆိုပါတယ်။ ဒါပေမဲ့ ကူးစက်မှုတွေ ပြန်မမြင့်တက်လာအောင် တားဆီးဖို့ တစ်စားပွဲတည်း အတူဝိုင်းဖွဲ့စားသောက်မှုကို ရှောင်ကြဉ်တာ၊ လူဦးရေကို ကန့်သတ်တာ စတဲ့ အစီအမံတွေကို လုပ်ဖို့ လိုအပ်တယ်လို့ သူတို့ကပြောပါတယ်။
လူတွေရဲ့ သွားလာလှုပ်ရှားမှုများတာနဲ့ လူအုပ်စုကြီးလိုက် ဝိုင်းဖွဲ့ စားသောက်ကြတာတွေ တိုးလာရင် ရောဂါပိုး ကူးစက်မှုတွေကို လျှော့ချဖို့ အခက်အခဲဖြစ်စေတယ်လို့ မစ္စတာ Hirata က ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

409. ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆဋ္ဌမလှိုင်းရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပြီး ဖြစ်ပေမဲ့ ကူးစက်မှုနှုန်း ကျဆင်းမှု နှေးကွေးနေတာ ဘာကြောင့်လဲ။ အပိုင်း (၂)

အဖြေ− အခု ဂျပန်နိုင်ငံမှာ Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆဋ္ဌမလှိုင်းရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ရောဂါကူးစက်မှုနှုန်း ကျဆင်းတာ နှေးကွေးနေပြီး အသစ်ကူးစက်မှုတွေလည်း မြင့်မားနေဆဲ ဖြစ်ပါတယ်။ နောက်ထပ်ကူးစက်မှုတွေ ထပ် မြင့်မားလာပြီး သတ္တမလှိုင်း ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်တဲ့ အသံတွေလည်း ကြား နေပါတယ်။ ကူးစက်မှု ဘာ့ကြောင့် လျင်လျင်မြန်မြန် မကျဆင်းသွားတာ ပါလဲ။ ဒီအခြေအနေကနေ ရှေ့ဆက် ဘာတွေ ဖြစ်ပေါ်လာနိုင်သလဲ။
ဒီဒုတိယပိုင်းမှာတော့ ကလေးတွေအကြား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအခြေအနေကို လေ့လာကြည့်ကြရအောင်။
ရောဂါကူးစက်မှု ဆဋ္ဌမလှိုင်းဟာ အမြင့်ဆုံးအဆင့်ကနေ ပြန်ကျလာနေပြီ ဖြစ်ပေမဲ့လည်း အသက် ၁၀ နှစ်အောက် ကလေးငယ်တွေ ကူးစက်ခံရတဲ့ ပမာဏဟာ မတ်လ ၁၅ ရက်အထိ သီတင်းတစ်ပတ်အတွင်းမှာ ၆၅၀၀၀ ကျော် ရှိခဲ့တယ်လို့ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
၂၀၂၁ ခုနှစ် သြဂုတ်လ ၃၁ ရက်အထိ ကူးစက်မှု ပဉ္စမလှိုင်းအတွင်းမှာ သီတင်းတစ်ပတ်အတွင်း ကူးစက်ခံရသူအသစ် ၁၀,၃၈၀ ဦး ရှိခဲ့တာထက် ကူးစက်မှုပမာဏက ပိုပြီး မြင့်မားလာခဲ့တာ တွေ့ရပါတယ်။
ရောဂါကူးစက်မှုအသစ်တွေအကြား ကလေးငယ်တွေရဲ့ ကူးစက်မှုနှုန်းလည်း မြင့်တက်လာခဲ့ပါတယ်။ ဇန်နဝါရီလ အစောပိုင်းမှာ ကလေးသူငယ်ကြား ကူးစက်မှုဟာ ၅ ရာခိုင်နှုန်းလောက်ပဲ ရှိခဲ့ပေမဲ့ မတ်လ ၁၅ ရက်နေ့အထိ တစ်ပတ်တာအတွင်း ကူးစက်မှုနှုန်းဟာ ၂၁ ရာခိုင်နှုန်း အထိ မြင့်တက်လာခဲ့ပါတယ်။ ဖေဖော်ဝါရီ လလယ်မှာ ရောဂါကူးစက်မှု အရေအတွက် စတင်ကျဆင်းလာခဲ့ပေမဲ့ ဒီပြင် အသက်အပိုင်းအခြားနဲ့ နှိုင်းယှဉ်ရင် ကလေးတွေကြား ကူးစက်မှုပမာဏဟာ အလွန်များပြားခဲ့ပါတယ်။
မူကြိုနဲ့ နေ့ကလေးထိန်းကျောင်းတွေလိုမျိုး ကလေးသူငယ် ပြုစုစောင့်ရှောက်ရေး ဌာနတွေမှာ အစုလိုက်အပြုံလိုက် ကူးစက်မှုပမာဏဟာ မတ်လ ၁၄ ရက်ကနေ တစ်ပတ်တာအတွင်း ၂၂၉ ဦးအထိ စံချိန်တင်မြင့်တက်ခဲ့ပြီး အရင်သီတင်းပတ်ကထက် ၅၆ ဦး ပိုများခဲ့ပါတယ်။ ကျောင်းတွေမှာ အစုလိုက်အပြုံလိုက် ကူးစက်မှုဟာ အလားတူကာလမှာပဲ ၅၉ ဦးကနေ ၃၁၈ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။
ကျောင်းတွေနဲ့ မူကြို၊ နေ့ကလေးထိန်းကျောင်းတွေလိုမျိုး ကလေးငယ်တွေ အတူစုဝေးရှိနေတဲ့နေရာတွေမှာ Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ဟာ Delta အမျိုးအစားထက် ပိုပြီး ကူးစက်ပျံ့နှံ့လွယ်တာ တွေ့ရတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
အဲဒီ အသက်အရွယ်အုပ်စု ကလေးတွေအကြား ကာကွယ်ဆေးထိုးတဲ့နှုန်းကလည်း တခြားအသက်အရွယ်အုပ်စု တွေထက် နည်းနေတယ်လို့လည်း သူတို့က မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

408. ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆဋ္ဌမလှိုင်းရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပြီး ဖြစ်ပေမဲ့ ကူးစက်မှုနှုန်း ကျဆင်းမှု နှေးကွေးနေတာ ဘာကြောင့်လဲ။ အပိုင်း (၁)

အဖြေ− အခု ဂျပန်နိုင်ငံမှာ Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆဋ္ဌမလှိုင်းရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ရောဂါကူးစက်မှုနှုန်း ကျဆင်းတာ နှေးကွေးနေပြီး အသစ်ကူးစက်မှုတွေလည်း မြင့်မားနေဆဲ ဖြစ်ပါတယ်။ နောက်ထပ်ကူးစက်မှုတွေ ထပ် မြင့်မားလာပြီး သတ္တမလှိုင်း ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်တဲ့ အသံတွေလည်း ကြား နေပါတယ်။ ကူးစက်မှု ဘာ့ကြောင့် လျင်လျင်မြန်မြန် မကျဆင်းသွားတာပါလဲ။ ဒီအခြေအနေကနေ ဘာတွေနောက်ထပ်ဖြစ်ပေါ်လာနိုင်သလဲ။ လေ့လာကြည့်ကြရအောင်။
ရောဂါကူးစက်မှု နှေးကွေးနေတာရဲ့ နောက်ကွယ်က အဓိကအကြောင်းရင်းတွေကို ကျွမ်းကျင်သူတွေက အခုလို ထောက်ပြထားပါတယ်။ ပထမအချက်ကတော့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး တတိယအကြိမ် အားဖြည့်ထိုးနှံမှုတွေ နှောင့်နှေးနေ တာကြောင့် သက်ကြီးရွယ်အိုတွေ အကြား ကူးစက်မှုတွေ ဆက်ပြီး ဖြစ်ပေါ်နေတာကြောင့်လို့ ဆိုပါတယ်။ နောက်တစ်ချက်ကတော့ ဒီတစ်ခေါက် ကိုရိုနာဗိုင်းရပ်စ်ဟာ ကလေးတွေအကြား ကူးစက်ပျံ့နှံ့မှု အကြီးမားဆုံး ဖြစ်ပွားနေတာကြောင့်လို့ ပြောပါတယ်။
၂၀၂၁ခုနှစ် ဇူလိုင်လအနှောင်းပိုင်း ကူးစက်မှု ပဉ္စမလှိုင်းတုန်းက အခြေအနေကို ပြန်လေ့လာကြည့်မယ်ဆိုရင် ကူးစက်မှုတွေ မြင့်တက်နေချိန်မှာ အသက် ၆၅နဲ့အထက်ရှိသူတွေရဲ့ ၇၀ ရာခိုင်နှုန်းကျော်ဟာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီးပြီ ဖြစ်တာကြောင့် ကိုရိုနာဗိုင်းရပ်စ်ဟာ လူငယ်တွေအကြား ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပျံ့နှံ့ခဲ့ပေမဲ့ သက်ကြီးရွယ်အိုတွေကို ကူးစက်မှုမရှိခဲ့တာကို တွေ့ရပြီး ကူးစက်သူ အရေအတွက် အလျင်အမြန် ကျဆင်းသွားခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလအစောပိုင်း ကူးစက်မှုတွေ မြင့်တက်လာချိန်မှာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးထားပြီးအချိန် ကြာလာလို့ COVID-19 အပေါ် ကာကွယ်ဆေးရဲ့ ထိရောက်မှုကလည်း အားနည်းလာချိန် ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် အဲဒီအချိန်မှာတတိယအကြိမ် အားဖြည့် ကာကွယ်ဆေး ထိုးနှံပြီးခဲ့သူ အသက် ၆၅ နှစ်နဲ့ အထက်ရှိသူတွေကလည်း ဂျပန်နိုင်ငံက သက်ကြီး ရွယ်အို အားလုံး ရဲ့ ၁ ရာခိုင်နှုန်းအောက်မှာပဲ ရှိခဲ့ပါတယ်။
ကူးစက်မှုအရေအတွက် အမြင့်ဆုံး စံချိန်တင်ခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့အထိ အချိန်မှာတော့ ကာကွယ်ဆေးထိုးနှံပြီးတဲ့ သက်ကြီးရွယ်အိုတွေဟာ ၁၅ ရာခိုင်နှုန်း ရှိလာခဲ့ပါတယ်။ ဒီလို အနေအထားတွေအောက်မှာ ငယ်ရွယ်သူတွေအကြား ကူးစက်မှုတွေ ပြန့်လာခဲ့ပြီးနောက် အသက်အရွယ်ကြီးသူတွေ ဆီကို ကူးစက်ပျံ့နှံလာ တာတွေဖြစ်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေဟာ အသက်ကြီးသူတွေအကြား ကူးစက်ပြန့်ပွားနေဆဲ ဖြစ်ပါတယ်။ မတ်လ ၁၄ ရက်အထိ သီတင်းပတ် တစ်ပတ်အတွင်း နိုင်ငံတစ်ဝန်း သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာတွေမှာ အစုလိုက်အပြုံလိုက် ကူးစက်မှုပေါင်း ၃၄၁ ခုအထိ ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

407. ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တာလား။ COVID-19 လား။ မိမိမှာ ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်ဖြစ်နေတယ်လို့ သံသယရှိတယ်ဆိုရင် ဘာလုပ်သင့်သလဲ။ အပိုင်း (၈)

အဖြေ− အခု ဂျပန်နိုင်ငံမှာ Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပြန့်ပွား နေပါတယ်။ အခုအချိန်မှာ Hinoki လို့ခေါ်တဲ့ ထင်းရှူးပန်း ဝတ်မှုန်တွေလည်း ပျံ့လွင့်နေတာကြောင့် ရာသီပေါ် ရောဂါ တစ်မျိုး ဖြစ်တဲ့ ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တဲ့ ရောဂါလည်း အဖြစ်များ နေကြပါတယ်။
ဒီအဋ္ဌမပိုင်းမှာတော့ ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်ဖြစ်နေတယ်လို့ သံသယရှိတယ်ဆိုရင် စောစောစီးစီး ဆရာဝန်နဲ့ ပြသဖို့ အရေးကြီးတယ်ဆိုတဲ့ အချက်ကို တင်ဆက်ပေးပါမယ်။
အရင်တုန်းက မဖြစ်ခဲ့ဘူးပေမဲ့ တကယ်လို့ အခုနှစ်မှာ ရုတ်တရက် ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်လို့ ဖြစ်တာလို့ ထင်ရတဲ့ ရောဂါ လက္ခဏာတွေ ရှိလာတယ်ဆိုရင် သတိထားသင့်ပါတယ်။ ပန်းဝတ်မှုန်နဲ့ဓာတ်မတည့်လို့ ဖြစ်တဲ့လက္ခဏာတွေ လို့ တစ်ထစ်ချ မယူဆသင့်ပါဘူး။
အာရဇ်ထင်းရှူးပင် ကပန်းတွေပွင့်လို့ ဝတ်မှုန်တွေဟာ ဂျပန်နိုင်ငံတစ်ဝန်းမှာ စပြီး ပျံ့နှံ့နေပြီလို့ သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနရဲ့ ပန်းဝတ်မှုန်ဆိုင်ရာ အင်တာနက်သတင်းစာမျက်နှာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
ဂျပန် မိုးလေဝသ အေဂျင်စီရဲ့ ပန်းဝတ်မှုန်ဆိုင်ရာ သတင်း ခန့်မှန်းချက်တွေမှာ တွေ့ရတာကတော့ ၊ ဂျပန်နိုင်ငံအရှေ့ပိုင်းက နေရာအများအပြားမှာ ပန်းဝတ်မှုန်ပျံ့လွင့်မှုတွေဟာ မနှစ်က အလားတူရာသီချိန်ထက် အနည်းငယ်ပို များတာ ဒါမဟုတ် အများအပြား လေထဲမှာ လွင့်နေတယ်လို့ ဆိုပါတယ်။
မိမိ အပြင်ထွက်တဲ့အခါမှာ မကြာခဏ နှာချေတာ ဒါမှမဟုတ် နှာရည်ယိုတာတွေ ဖြစ်တယ်ဆိုရင် ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်လို့လား ဒါမှမဟုတ် COVID-19 ရဲ့ လက္ခဏာတွေလား ဆိုတာ ခွဲခြားပြီး မပြောနိုင်တာကြောင့် မိမိ ပတ်ဝန်းကျင်ကသူတွေကို စိတ်ပူပန် စေနိုင်ပါတယ်။
ဒါကြောင့် ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်လို့ ဖြစ်တဲ့ ရောဂါလက္ခဏာတွေ ရှိတယ်ဆိုရင် အမြန်ဆုံး ဆေးကုသမှု ခံယူသင့်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

406. ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တာလား။ COVID-19 လား။ ဝေခွဲမရ ဖြစ်နေတဲ့အခါ ဘာလုပ်သင့်သလဲ။ အပိုင်း (၇)

အဖြေ− အခု ဂျပန်နိုင်ငံမှာ Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပြန့်ပွားမှုတွေ ဖြစ်နေပါတယ်။ အခုအချိန်မှာ Hinoki လို့ခေါ်တဲ့ ထင်းရှူးပင်က ပန်းဝတ်မှုန် တွေ ပျံ့လွင့်နေတာကြောင့် ရာသီပေါ် ရောဂါတစ်မျိုး ဖြစ်တဲ့ ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တဲ့ ရောဂါလည်း အဖြစ်များနေကြပါတယ်။
ဒီသတ္တမပိုင်းမှာတော့ မိမိမှာ ဖြစ်နေတဲ့ ရောဂါလက္ခဏာတွေဟာ COVID-19 ကြောင့်ဖြစ်တာလား ဒါမှမဟုတ် ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်လို့ ဖြစ်တာလားဆိုတာကို ဝေခွဲမရ ဖြစ်နေတဲ့အခါ ဘာလုပ်သင့်သလဲဆိုတာ လေ့လာပါမယ်။
Japan Society of Otorhinolaryngology-Head and Neck Surgery လို့ခေါ်တဲ့ ဦးခေါင်းပိုင်းနဲ့ နား−နှာခေါင်း−လည်ချောင်း ခွဲစိတ်အထူးကု ဂျပန်နိုင်ငံပိုင် အဖွဲ့အစည်းမှာ ကိုရိုနာဗိုင်းရပ်စ် ဆိုင်ရာ စီမံခန့်ခွဲရေးဌာနကို ဦးဆောင်နေသူ ဒေါက်တာ Kimura Yurika က ဒီလို ပြောပြပေးထားပါတယ်။
မိမိမှာ ကိုယ်အပူချိန်တက်လာတာလိုမျိုး ထူးခြားတဲ့ ရောဂါလက္ခဏာတွေ မရှိရင်၊ မိမိနဲ့နီးစပ်တဲ့ ပတ်ဝန်းကျင်မှာ COVID-19 ကူးစက်ခံထားရသူ မရှိဘူးဆိုရင် ပုံမှန်အတိုင်း ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တဲ့ရောဂါ ဝေဒနာ ဖြစ်နေတာလို့ ဆရာဝန်က ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ တကယ်လို့ အရင်ကတည်းကပန်းဝတ်မှုန် ဓာတ်မတည့်တဲ့ လက္ခဏာတွေအတိုင်း နှာချေတာ၊ နှာရည်ယိုတာ လိုမျိုးခံစားရတာအပြင် ကိုယ်အပူချိန်တက်တာ၊ လည်ချောင်းနာတာ ဒါမှမဟုတ် ခေါင်းကိုက်တာ စတဲ့ လက္ခဏာတွေပါ ဖြစ်လာတယ် ဆိုရင်တော့ ဆေးခန်းကို သွားမပြခင် မိမိအတွက်ရော၊ မိမိ ပတ်ဝန်းကျင်မှာ မကူးအောင် အတွက်ပါ ရောဂါဖြစ်စဉ် နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဆေးခန်း၊ဆေးရုံကို ကြိုတင် အကြောင်းကြားသင့်တယ်လို့ ဒေါက်တာ Kimura Yurika က ပြောပါတယ်။
ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့် ဖြစ်တတ်သူတွေ ကို အခုလို အချိန်အခါ မှာ စောစီးစွာ ဆေးကုသမှု ခံယူစေချင်တယ်လို့ သူက ပြောပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

405. ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တာလား။ COVID-19 လား။ နှာချေတာ ဒါမှမဟုတ် နှာရည်ယိုတာ စဖြစ်လာရင် ဘာလုပ်သင့်သလဲ ။ အပိုင်း (၆)

အဖြေ− အခု ဂျပန်နိုင်ငံမှာ Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပြန့်ပွားမှုတွေ ဖြစ်နေပါတယ်။ အခုအချိန်မှာ Hinoki လို့ခေါ်တဲ့ ထင်းရှူးပင်က ပန်းဝတ်မှုန် တွေ ပျံ့လွင့်နေတာကြောင့် ရာသီပေါ် ရောဂါတစ်မျိုး ဖြစ်တဲ့ ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တဲ့ ရောဂါလည်း အဖြစ်များနေကြပါတယ်။
ဒီဆဋ္ဌမပိုင်းမှာတော့ နှာချေတာ ဒါမှမဟုတ် နှာရည်ယိုတာ စဖြစ်လာရင် ဘာလုပ်သင့်သလဲ ဆိုတာကို လေ့လာရပါမယ်။
Japan Society of Otorhinolaryngology-Head and Neck Surgery လို့ခေါ်တဲ့ ဦးခေါင်းပိုင်းနဲ့ နား−နှာခေါင်း−လည်ချောင်း ခွဲစိတ်အထူးကု ဂျပန်နိုင်ငံပိုင် အဖွဲ့အစည်းက ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်ဖြစ်တတ်သူတွေကို ပုံမှန်ဆရာဝန် ပြတာထက် ကြိုတင်ပြီး ဆရာဝန်နဲ့ ပြသကြဖို့ တိုက်တွန်းထားပါတယ်။
ရောဂါကို စောစီးစွာ ကြိုတင် ကုသမှုခံယူတာဟာ ပန်းဝတ်မှုန်နဲ့ဓာတ်မတည့်မှု လက္ခဏာဖြစ်နေရင်လည်း ဝေဒနာကို လျှော့ချနိုင်ပါမယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။ ရောဂါလက္ခဏာတွေ မဖြစ်ပေါ်လာခင် ဒါမှမဟုတ် ရောဂါလက္ခဏာ အနည်းငယ်ပဲ ပြတဲ့အချိန်မှာ ကြိုတင်ကုသမှု ခံယူတာဟာ နောက်ပိုင်းမှာ ရောဂါလက္ခဏာ ပြင်းထန်လာမှာကိုလည်း ကြိုတင် ကာကွယ်ပေးနိုင်တဲ့ အကြောင်း လေ့လာမှုတွေမှာ ပြသနေပါတယ်။

ဂျပန်မှာ ပန်းဝတ်မှုန်နဲ့ဓာတ်မတည့်တာကို ကုသတဲ့ ဆေးဝါးအများအပြား ရှိပါတယ်။ ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တဲ့ ဝေဒနာ ဖြစ်တယ်ဆိုရင် နား-နှာခေါင်း-လည်ချောင်း ဆရာဝန်ဆီမှာ သွားရောက်ပြသပါ။ ဒါမှသာ ခံစားနေရတဲ့ ရောဂါလက္ခဏာတွေနဲ့ ကိုက်ညီမယ့် ဆေးဝါးကိုရမှာ ဖြစ်ပြီး သင့်တော်တဲ့ဆေးကုသမှုကို ခံယူနိုင်မှာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
အဲဒီလို ကုသမှုခံယူလိုက်ပြီးတဲ့နောက် ပန်းဝတ်မှုန်ကြောင့် ဓာတ်မတည့်ဖြစ်တဲ့ လက္ခဏာတွေ သက်သာသွားပေမဲ့ လည်ချောင်းနာတာ၊ ခေါင်းကိုက်တာ ဒါမှမဟုတ် အလွန်အမင်း ပင်ပန်းနွမ်းနယ်ပြီး နုံးနေတာ စတဲ့ လက္ခဏာတွေ ဆက်ဖြစ်လာ မယ်ဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသလားဆိုတာ သတိထား ကြည့်ဖို့ လိုအပ်ပါတယ်။
ဒါ့အပြင် ပန်းဝတ်မှုန်နဲ့ဓာတ်မတည့်မှုအတွက် ဆေးကုသမှု ခံယူပြီးနောက်မှာလည်း အဲဒီရောဂါလက္ခဏာတွေ သက်သာ မလာဘူးဆိုရင်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ သိထားရမှာ ဖြစ်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

404. ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တာလား။ COVID-19 လား။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာကို မသိတာကြောင့် တခြားသူတွေကို ဗိုင်းရပ်စ် ဘယ်လိုကူးစက်ပြန့်ပွားစေနိုင်လဲ။ အပိုင်း (၅)

အဖြေ− အခု ဂျပန်နိုင်ငံမှာ Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပြန့်ပွားမှုတွေ ဖြစ်နေပါတယ်။ အခုအချိန်မှာ Hinoki လို့ခေါ်တဲ့ ထင်းရှူးပင်က ပန်းဝတ်မှုန် တွေ ပျံ့လွင့်နေတာကြောင့် ရာသီပေါ် ရောဂါတစ်မျိုး ဖြစ်တဲ့ ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တဲ့ ရောဂါလည်း အဖြစ်များနေကြပါတယ်။
ဒီပဉ္စမပိုင်းမှာတော့ လူတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာကို မသိတာကြောင့် တခြားသူတွေကို ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားစေနိုင်တဲ့ အန္တရာယ်ရှိတာနဲ့ ပတ်သက်ပြီး လေ့လာရပါမယ်။

Japan Society of Otorhinolaryngology-Head and Neck Surgery လို့ခေါ်တဲ့ ဦးခေါင်းပိုင်းနဲ့ နား−နှာခေါင်း−လည်ချောင်း ခွဲစိတ်အထူးကု ဂျပန်နိုင်ငံပိုင် အဖွဲ့အစည်းက Omicron အမျိုးအစား မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေ ဖြစ်နေတဲ့အတွင်းမှာ ပန်းဝတ်မှုန် နဲ့ ဓာတ်မတည့်လို့ ဖြစ်တဲ့ ရာသီပေါ် ပန်းဝတ်မှုန် ဓာတ်မတည့်မှု ရောဂါတွေဖြစ်လာတဲ့အခါမှာ တွေ့ရတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး စာရင်းပြုစုထားတာကို ထုတ်ပြန်ခဲ့ပါတယ်။
လူတွေက သူတို့ ဖြစ်နေတဲ့ ရောဂါလက္ခဏာတွေဟာ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံထားရလို့ ဖြစ်နေတယ် ဆိုတာကို မသိဘဲ ပန်းဝတ်မှုန်နဲ့ဓာတ်မတည့်လို့ ဖြစ်တယ်လို့ထင်ပြီး ဗိုင်းရပ်စ် ကူးစက်မှု ကြိုတင်ကာကွယ်ရေး အတွက် လုပ်ရမယ့်အစီအမံတွေကို မလုပ်မိကြတာကြောင့် တခြားလူတွေကိုပါ ဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့ သွားနိုင်ခြေ ရှိတယ်လို့ အကြံပြုချက်ထဲမှာ ဆိုထားပါတယ်။
ပန်းဝတ်မှုန်ဓာတ်မတည့်သူတွေမှာ Omicron အမျိုးအစား ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကူးစက်ခံရရင် အထူးသဖြင့် သူတို့ နှာချေတဲ့အခါမှာ သတိထားသင့်ပါတယ်။
နှာချေတာဟာ ချောင်းဆိုးတာထက် တံတွေးအရည်အစက် ၁၀ ဆ ပိုထွက်စေလို့ ရောဂါပိုးကို ပျံ့နှံ့စေတယ်လို့ အဲဒီ အဖွဲ့အစည်းက ပြောပါတယ်။
ပန်းဝတ်မှုန်ဓာတ်မတည့်တာကို မကုသဘူးဆိုရင် Covid 19 ပိုး ပျံ့နှံ့ကူးစက်နိုင်ခြေ ပိုများတယ်လို့ အဲဒီအဖွဲ့အစည်းက သတိပေးထားပါတယ်။ လူတွေဟာ ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တာကြောင့် ယားယံတဲ့ဝေဒနာ ဖြစ်တဲ့အခါ ဒါမှမဟုတ် နှာရည်ကျတဲ့အခါမှာ ဗိုင်းရပ်စ်ပိုးရှိနေတဲ့ လက်နဲ့ သူတို့ရဲ့ မျက်လုံးကို ပွတ်မိတာ ဒါမှမဟုတ် နှာခေါင်းကို လက်နဲ့ သုတ်မိတာတွေကြောင့် ရောဂါပိုးကူးစက်နိုင်သလို နှာခေါင်းကထွက်တဲ့ အရည်အစက် အကျိအချွဲတွေကနေ တစ်ဆင့်လည်း ရောဂါပိုး ကူးစက်လာနိုင်ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

403. ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တာလား။ COVID-19 လား။ ဘာရောဂါ ဖြစ်နေတာလည်းဆိုတာ ဝေခွဲမရခြင်းကြောင့် ဖြစ်တဲ့ စိုးရိမ်ပူပန်မှုအပေါ် ဘယ်လို အကြံပြုချက်တွေ ရှိသလဲ။ အပိုင်း (၄)

အဖြေ− အခု ဂျပန်နိုင်ငံမှာ Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပြန့်ပွားမှုတွေ ဖြစ်နေပါတယ်။ အခုအချိန်မှာ Hinoki လို့ခေါ်တဲ့ ထင်းရှူးပင်က ပန်းဝတ်မှုန် တွေ ပျံ့လွင့်နေတာကြောင့် ရာသီပေါ် ရောဂါတစ်မျိုး ဖြစ်တဲ့ ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တဲ့ ရောဂါလည်း အဖြစ်များနေကြပါတယ်။
ဒီစတုတ္ထပိုင်းမှာတော့ ရောဂါဝေဒနာဖြစ်လာရင် ဘာရောဂါ ဖြစ်နေတာလည်းဆိုတာ ဝေခွဲမရခြင်းကြောင့် ဖြစ်တဲ့ စိုးရိမ်ပူပန်မှုနဲ့ ပတ်သက်ပြီး အကြံပြုချက်တွေကို ပြောပြပါမယ်။
Japan Society of Otorhinolaryngology-Head and Neck Surgery လို့ခေါ်တဲ့ ဂျပန်နိုင်ငံ့ ဦးခေါင်းပိုင်းနဲ့ နား−နှာခေါင်း−လည်ချောင်း ခွဲစိတ်အထူးကု အဖွဲ့အစည်းက Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေဖြစ်ပွားနေတဲ့အတွင်းမှာ ပန်းဝတ်မှုန် နဲ့ ဓာတ်မတည့်မှုဖြစ်တဲ့ ရာသီပေါ် ရောဂါတွေဖြစ်လာတဲ့အတွက် ကြုံတွေ့ရတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး စာရင်းပြုစုထားတာကို အကြံပြုချက် ထုတ်ပြန်ခဲ့ပါတယ်။
ပထမအချက် အနေနဲ့ လေထဲကပန်းဝတ်မှုန်တွေနဲ့ ထိပြီး ဓာတ်မတည့်လို့ ဖြစ်နေတာလား ဒါမှမဟုတ် COVID-19 ဖြစ်နေတာလားဆိုတာ ဝေခွဲမရတာကြောင့် လူတွေ စိုးရိမ်ပူပန်မှုတွေ ခံစားနေရတယ်လို့ အဲဒီအဖွဲ့က ထောက်ပြခဲ့ပါတယ်။ ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်မှု ဖြစ်တတ်သူတွေဟာ ဒီအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရ ရင်လည်း သိဖို့ ခက်ခဲလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
လူနာရဲ့ ရောဂါလက္ခဏာဟာ ပန်းဝတ်မှုန်ဓာတ်မတည့်မှုကြောင့် ဖြစ်တာလား ဒါမှမဟုတ် Omicron အမျိုးအစား ကူးစက်ခံရလို့ ဖြစ်တာလား ဆိုတာ ကျွမ်းကျင်တဲ့ ဆရာဝန်တစ်ဦးတောင် ဝေခွဲဖို့ ခက်ခဲပါလိမ့်မယ်။ ဒါကြောင့် လူနာအနေနဲ့ မိမိမှာ ဒီရောဂါလက္ခဏာတွေ ဘာကြောင့်ခံစားနေရမှန်း မသိနိုင်တာ အံ့သြစရာကိစ္စတော့ မဟုတ်ပါဘူး။
ပန်းဝတ်မှုန် ဓာတ်မတည့်မှုကြောင့် နှာချေတာ၊ နှာရည်ယိုတာတွေ ဖြစ်တဲ့အခါ ကျောင်းသွား၊ အလုပ်သွား လုပ်လို့ရပေမဲ့ Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရလို့ အလားတူ ဝေဒနာဖြစ်တယ်လို့ သံသယရှိမယ်ဆိုရင် အိမ်မှာပဲနေ သီးခြားခွဲနေပြီး ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
ဘာရောဂါ ဖြစ်နေမှန်း မသိလို့ ဘာလုပ်ရမှန်း ဝေခွဲမရနိုင်ဘဲ လူတွေ စိတ်ပူပန်တာ ဖြစ်နိုင်ပါတယ်လို့ ဆိုပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

402. ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တာလား။ COVID-19 လား။ နှာချေတာ ဒါမှမဟုတ် နှာရည်ယိုတာတွေ ဖြစ်လာရင် ဘာတွေကို သတိပြုသင့်ပြီး ကြိုတင်ပြင်ဆင်သင့်သလဲ။ အပိုင်း (၃)

အဖြေ− အခု ဂျပန်နိုင်ငံမှာ Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပြန့်ပွားမှုတွေ ဖြစ်နေပါတယ်။ အခုအချိန်မှာ Hinoki လို့ခေါ်တဲ့ ထင်းရှူးပင်က ပန်းဝတ်မှုန်တွေ ပျံ့လွင့်နေတာကြောင့် ရာသီပေါ် ရောဂါ တစ်မျိုး ဖြစ်တဲ့ ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တဲ့ ရောဂါလည်း အဖြစ်များနေကြပါတယ်။
တတိယပိုင်းမှာတော့ နား−နှာခေါင်း−လည်ချောင်း ဆရာဝန်များ အဖွဲ့တစ်ဖွဲ့က ထုတ်ပြန်တဲ့ အကြံပြုချက် တစ်ခုကို လေ့လာကြည့်ကြရအောင်။
Japan Society of Immunology and Allergology in Otolaryngology ဂျပန်နိုင်ငံ နား-နှာခေါင်း-လည်ချောင်းဆိုင်ရာ ကိုယ်ခံစွမ်းအားနဲ့ ဓာတ်မတည့်မှု ရောဂါဗေဒ အဖွဲ့အစည်းထဲက အဖွဲ့တစ်ဖွဲ့က ၂၀၁၉ ခုနှစ်မှာ နိုင်ငံတစ်ဝန်းလုံး စစ်တမ်းကောက်ယူခဲ့ပါတယ်။ ဖြေဆိုသူတွေရဲ့ ၄၂.၅ ရာခိုင်နှုန်းက ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တဲ့ရောဂါမျိုး ရှိတယ်လို့ ဖြေဆိုပြီး ၃၈.၈ ရာခိုင်နှုန်းကတော့ ထင်းရှူးပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တဲ့ ရောဂါရှိတယ်လို့ ဆိုပါတယ်။ ရလဒ်တွေအရ ဂျပန်နိုင်ငံမှာ လူ ၃ဦးမှာ လူတစ်ဦးထက်ပိုပြီး ပန်းဝတ်မှုန်နဲ့ဓာတ်မတည့်တဲ့ရောဂါ ခံစားနေရတယ်လို့ သိရပါတယ်။ ဒီလောက် လူတွေအများကြီး နှာချေတာနဲ့ နှာရည်ယိုတာလိုမျိုး ရောဂါလက္ခဏာတွေ ဖြစ်ပေါ်တဲ့အခါ COVID-19 ရှိမရှိ စမ်းသပ်ကြည့်ဖို့ မလွယ်ကူတော့ပါဘူး။
အဲဒါကြောင့် ဒီရောဂါကို ခန့်မှန်းတွက်ဆနိုင်အောင် Japan နား−နှာခေါင်း−လည်ချောင်း ဆေးပညာရှင်အဖွဲ့က ပန်းဝတ်မှုန်ဓာတ်မတည့်မှုဖြစ်တဲ့ ရာသီမတိုင်ခင် ဇန်နဝါရီ ၂၅ ရက်နေ့မှာ သူတို့ရဲ့ အင်တာနက်စာမျက်နှာမှာ အကြံပေးချက်တစ်ခု တင်ခဲ့ပါတယ်။
ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်သူတွေမှာ ဖြစ်လေ့ရှိတဲ့ နှာရည်ယိုတာ၊ နှာချေတာ၊ နှာခေါင်းပိတ်တာ၊ အနံ့ပျောက်တာနဲ့ မောပန်းနွမ်းနယ်ပြီး နုံးနေတာ စတဲ့ ရောဂါလက္ခဏာတွေဟာ အထူးသဖြင့် Omicron အမျိုးအစား COVID-19 ကူးစက်ခံရသူတွေမှာလည်း အဖြစ်များတဲ့ လက္ခဏာတွေဖြစ်ပါတယ်။ ဒါကြောင့် ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တဲ့ ရောဂါရှိသူတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရခြင်း ရှိမရှိ သိဖို့ ခက်ခဲစေတယ်လို့ အဲဒီအဖွဲ့က ဆိုပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

401. နှာချေတာ ဒါမှမဟုတ် နှာရည်ယိုတာ တွေဖြစ်လာရင် ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တာလား။ COVID-19 လား။ အပိုင်း (၂)

အဖြေ− အခု ဂျပန်နိုင်ငံမှာ Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပြန့်ပွားမှုတွေ ဖြစ်နေပါတယ်။ အခုအချိန်မှာ နောက်ရာသီပေါ်ရောဂါ တစ်မျိုးက Hinoki လို့ခေါ်တဲ့ ထင်းရှူးပင်က ပန်းဝတ်မှုန်တွေ ပျံ့လွှင့်နေတာကြောင့် ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တာဖြစ်တတ် ကြတာပဲ ဖြစ်ပါတယ်။ လေထဲကပန်းဝတ်မှုန်တွေနဲ့ ထိပြီးနှာချေတာ ဒါမှမဟုတ် နှာရည်ယိုတာတွေ ဖြစ်တဲ့အခါ ဒါဟာ ပန်းဝတ်မှုန်ဓာတ်မတည့်လို့ ဖြစ်နေတာလား ဒါမှမဟုတ် COVID-19 ဖြစ်နေတာလားဆိုတာ တွေးစရာတွေ ဖြစ်လာပါတယ်။
အဲဒီလို လက္ခဏာတွေ ဘယ်အကြောင်းရင်းကြောင့် ဖြစ်လာသလဲဆိုတာ ဝေခွဲနိုင်အောင် လုပ်ဆောင်ရမယ့် အချက်တွေကို လေ့လာပါမယ်။ အဲဒီလို လက္ခဏာတွေဖြစ်တဲ့ လူနာတွေကို စစ်ဆေးကြည့်ရှုပေးနေတဲ့ ဆရာဝန်တစ်ဦးနဲ့ မေးမြန်းတာတွေကို သိရပါမယ်။

Japan Society of Otorhinolaryngology-Head and Neck Surgery ဂျပန်နိုင်ငံ့ ဦးခေါင်းပိုင်းနဲ့ နားနှာခေါင်းလည်ချောင်း ခွဲစိတ်အထူးကု အဖွဲ့အစည်းကို ဦးဆောင်တဲ့ ဒေါက်တာ Kimura Yurika က ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေတောင် ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်လို့ ဖြစ်တာလား Omicron အမျိုးအစား ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ရောဂါလက္ခဏာလားဆိုတာကို ခွဲခြားဖို့ ခက်ခဲတယ်လို့ ပြောကြားခဲ့ပါတယ်။ တစ်ခါက ဆေးခန်းကို နှာချေတာနဲ့ နှာရည်ယိုတာတွေဖြစ်လို့ လာပြတဲ့ လူနာတစ်ဦးကို ပန်းဝတ်မှုန်ဓာတ်မတည့်ရင် ပေးတဲ့ဆေးနဲ့ ပုံမှန်ကုသပေးခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ရက်အကြာမှာ အဲဒီလူနာဟာ လည်ချောင်းနာလာပြီး ကိုရိုနာဗိုင်းရပ်ပိုး ကူးစက်ခံရတယ်ဆိုတာ စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ ဒေါက်တာ Kimura က ပြောပြပါတယ်။
ဒီလူနာရဲ့ ဖြစ်ရပ်ကြောင့် ကိုဗစ်ရောဂါအစောပိုင်းအဆင့်မှာ ဖြစ်တဲ့ လက္ခဏာတွေနဲ့ ခွဲခြားပြီး သိဖို့ ခက်ခဲတယ်ဆိုတာ သူ သိလာရတယ်လို့ ဆိုပါတယ်။ ပန်းဝတ်မှုန်ဓာတ်မတည့်မှုဖြစ်လာရင် နှာခေါင်းကထွက်တဲ့ အကျိအချွဲတွေက ဖြူလာတဲ့ လက္ခဏာ ပြသတယ်လို့ ဆေးပညာအရဆိုပေမဲ့ ဓာတ်မတည့်တဲ့ ရောဂါလက္ခဏာ အစောပိုင်းအဆင့်မှာ အဲဒီလို လက္ခဏာမပြတဲ့ ဖြစ်ရပ်တွေ အများကြီးရှိနေတယ်လို့ ဒေါက်တာ Kimura က ဆိုပါတယ်။ လူနာကို ကိုဗစ်စစ်မကြည့်ဘဲနဲ့ ပန်းဝတ်မှုန်ဓာတ်မတည့်မှု ဖြစ်တာလား၊ COVID-19 ကူးစက်ခံရတာလားဆိုတာ ခွဲခြားဖို့ ဆရာဝန်တွေအတွက်တောင် ခက်ခဲတယ်လို့ ဒေါက်တာ Kimura က ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

400. ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တာလား။ COVID-19 လား။ နှာချေတာ ဒါမှမဟုတ် နှာရည်ယိုတာ တွေဖြစ်လာရင် ဘာတွေကို သတိပြုသင့်ပြီး ကြိုတင်ပြင်ဆင်သင့်သလဲ။ အပိုင်း (၁)

အဖြေ− အခု ဂျပန်နိုင်ငံမှာ Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပြန့်ပွားမှုတွေ ဖြစ်နေပါတယ်။ အခုအချိန်မှာ နောက်ရာသီပေါ်ရောဂါ တစ်မျိုးက Hinoki လို့ခေါ်တဲ့ ထင်းရှူးပင်က ပန်းဝတ်မှုန်တွေ ပျံ့လွှင့်နေတာကြောင့် ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်တာဖြစ်တတ် ကြတာပဲ ဖြစ်ပါတယ်။ လေထဲကပန်းဝတ်မှုန်တွေနဲ့ ထိပြီးနှာချေတာ ဒါမှမဟုတ် နှာရည်ယိုတာ တွေ ဖြစ်တဲ့အခါ ဒါဟာ ပန်းဝတ်မှုန်ဓာတ်မတည့်လို့ ဖြစ်နေတာလား ဒါမှမဟုတ် COVID-19 ဖြစ်နေတာလားဆိုတာ တွေးစရာတွေ ဖြစ်လာပါတယ်။
အဲဒီလို လက္ခဏာတွေ ဘယ်အကြောင်းရင်းကြောင့် ဖြစ်လာသလဲဆိုတာ ဝေခွဲရအောင် လုပ်ဆောင်ရမယ့် အချက်တွေကို လေ့လာပါမယ်။ ပထမပိုင်းမှာတော့ ဘာတွေကို သတိပြုသင့်ပြီး ကြိုတင်ပြင်ဆင်သင့်သလဲ ဆိုတာကို လေ့လာကြရအောင်။

ပန်းဝတ်မှုန်ဓာတ်မတည့်ခြင်းရဲ့ အဓိကလက္ခဏာတွေက နှာချေတာ၊ နှာရည်ယိုတာ၊ နှာခေါင်းပိတ်တာ၊ မျက်လုံးယားယံတာ၊ ပင်ပန်းနွမ်းနယ်ပြီး နုံးနေတာ၊ ကိုယ်အပူချိန်မြင့်တာ၊ လည်ချောင်းနာတာ၊ လည်ချောင်းယားယံတာ၊ ချောင်းဆိုးတာ၊ ခေါင်းကိုက်တာနဲ့ နားရွက်ယားယံတာတွေ ဖြစ်တယ်လို့ နား၊နှာခေါင်းနဲ့ လည်ချောင်းဆရာဝန်တွေက ဆိုပါတယ်။
ဒီအတောအတွင်း ဂျပန်နိုင်ငံ့ ကူးစက်ရောဂါဆိုင်ရာ ဌာနက Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေမှာ အဖျားရှိသူက ၆၆.၆ ရာခိုင်နှုန်း ၊ ချောင်းဆိုးသူ ၄၁.၆ ရာခိုင်နှုန်း၊ ပင်ပန်းနွမ်းနယ်ပြီး နုံးနေသူ ၂၂.၅ ရာခိုင်နှုန်းနဲ့ ခေါင်းကိုက်သူ ၂၁ .၁ ရာခိုင်နှုန်းရှိတယ်လို့ ဆိုထားပါတယ်။ ၁၂.၉ ရာခိုင်နှုန်းကတော့ ချောင်းဆိုးတာအပြင် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေ ပါပြသပြီး၊ ၂.၇ ရာခိုင်နှုန်းကတော့ မအီမသာဖြစ်တာ ဒါမှမဟုတ် ပျို့အန်တာ၊ ၂.၃ ရာခိုင်နှုန်းက ဝမ်းလျှောတာနဲ့ ၀.၈ ရာခိုင်နှုန်းက အနံ့ ဒါမှမဟုတ် လျှာက အရသာ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဂျပန်နိုင်ငံ့ ကူးစက်ရောဂါဆိုင်ရာ ဌာနရဲ့ နောက်ထပ် စစ်တမ်းတစ်ခုမှာတော့ လူနာတွေရဲ့ ၄၅.၁ ရာခိုင်နှုန်းက ချောင်းဆိုးခြင်း၊ ၃၂.၈ ရာခိုင်နှုန်းက ကိုယ်အပူချိန် မြင့်ခြင်း၊ ၃၂.၈ ရာခိုင်နှုန်းက လည်ချောင်းနာခြင်း၊ ၂၀.၅ ရာခိုင်နှုန်းမှာ နှာရည်ယိုခြင်း၊ ၁.၆ ရာခိုင်နှုန်းက အနံ့ပျောက်ခြင်းနဲ့ လျှာက အရသာမရတာကို ၀.၈ ရာခိုင်နှုန်းက ခံစားရတယ်လို့ သိရပါတယ်။
ဗြိတိန် သုတေသီအဖွဲ့တစ်ဖွဲ့ရဲ့ စစ်တမ်းတစ်ခုမှာတော့ Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့လူနာတွေရဲ့ ၆၀ ရာခိုင်နှုန်းမှာ နှာချေတဲ့ ဝေဒနာ ဖြစ်ပေါ်တယ်လို့ ဖော်ပြထားပါတယ်။
လူတစ်ဦးနဲ့ တစ်ဦးမှာ ဖြစ်ပေါ်တဲ့ ရောဂါလက္ခဏာတွေ ကွဲပြားပေမဲ့လည်း ပန်းဝတ်မှုန်ဓာတ်မတည့်သူတွေနဲ့ Omicron အမျိုးအစား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေမှာ နှာချေတာနဲ့ နှာရည်ယိုတာမျိုး အဓိက ဖြစ်ကြတာကြောင့် တူညီတဲ့ လက္ခဏာတွေ ရှိတယ်လို့ သိရပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

399. အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးငယ်တွေအတွက် ကိုဗစ် ကာကွယ်ဆေးထိုးခြင်းနဲ့ ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်ရဲ့ သဘောထားအမြင်။

အဖြေ− ဂျပန်နိုင်ငံမှာ အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးငယ်တွေကို COVID ကာကွယ်ဆေး ထိုးပေးနေပြီ ဖြစ်ပါတယ်။ Kitasato တက္ကသိုလ်က ကာကွယ်ဆေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် ကလေးအထူးကု ပါမောက္ခ Nakayama Tetsuo က ကလေးတွေကို ကိုဗစ် ကာကွယ်ဆေးထိုးပေးတာရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေအပြင် ကလေးကို ရောဂါကူးစက်ခံရတဲ့အခါ ဘာတွေ ဖြစ်နိုင်သလဲ ဆိုတာကိုပါ နားလည်ထားသင့်တယ်လို့ ပြောပါတယ်။
ပါမောက္ခ Nakayama က ထည့်သွင်းစဉ်းစားရမယ့် အချက်အလက် များစွာကို ကိုးကားပြီး ထောက်ပြပြောဆိုခဲ့ပါတယ်။ ကလေးငယ်တွေ ရောဂါပိုး ကူးစက်ခံရပြီး ရောဂါလက္ခဏာအနည်းငယ်ပဲ ဖြစ်ရင်တောင် အိမ်ထဲမှာပဲ ကြာကြာ နေထိုင်ရမှာ ဖြစ်တဲ့အတွက် ကလေးရဲ့ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာမှာ အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ သူက ပြောပါတယ်။
ပါမောက္ခ Nakayama က ကာကွယ်ဆေးတွေဟာ ရောဂါပိုးကူးစက်မှုကို အပြည့်အဝ မကာကွယ်နိုင်ပေမဲ့ ရောဂါလက္ခဏာတွေကို ထိန်းထားပေးနိုင်ပုံရတယ်လို့ ပြောပါတယ်။
ကာကွယ်ဆေးထိုးထားရင် ကလေးတွေကတစ်ဆင့် သူတို့နဲ့အတူ နေထိုင်တဲ့ မိဘ ဒါမှမဟုတ် အဘိုးအဘွားတွေကို မကူးစက်အောင် လည်း တားဆီး ကာကွယ်ပေးနိုင်တယ်လို့ သူက ပြောပါတယ်။
နဂို ရောဂါအခံရှိတဲ့ ကလေးတွေကိုတော့ ဗိုင်းရပ်စ် ကူးစက်ခံရရင် ရောဂါလက္ခဏာ ပြင်းထန်လာနိုင်တဲ့အတွက် ကာကွယ်ဆေး ထိုးပေးသင့်တယ်လို့ ပါမောက္ခ Nakayama ကအလေးပေး အကြံပြုထားပါတယ်။
ဒါပေမဲ့ ကလေးတိုင်းကို ကာကွယ်ဆေး ထိုးသင့်ကြောင်း အကြံပြုဖို့နဲ့ ပတ်သက်ပြီးတော့ ပညာရှင်တွေကြားမှာ သဘောထားကွဲလွဲမှုတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။
ကလေးတွေအကြား ကူးစက်မှုတွေ များလာပေမဲ့လည်း အများစုက အပြင်းအထန် ဖျားနာတာမျိုး မဟုတ်တဲ့အတွက် ကာကွယ်ဆေးထိုးဖို့ မလိုအပ်ဘူးလို့ လူတွေက ထင်ကောင်းထင်နိုင်ပေမဲ့ ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် ဖြစ်လာ မလာ ဆိုတာ ကိုတော့ ကြိုတင် မသိနိုင်ဘူးလို့ ပါမောက္ခ Nakayama က ပြောပါတယ်။
ကာကွယ်ဆေးကို အတင်းအကြပ် ထိုးခိုင်းတာမျိုး မလုပ်သင့်ဘဲ လူတိုင်း ဆေးပညာအရ ကိုယ်ကိုယ်တိုင် သိနားလည်အောင် လုပ်ပြီး ဆုံးဖြတ်တတ်ဖို့ အရေးကြီးတယ်လို့ သူက ပြောပါတယ်။ ပြည်သူတွေအနေနဲ့ တိကျမှန်ကန်တဲ့ သတင်း အချက်အလက်တွေ ရယူဖို့နဲ့ သိပ္ပံနည်းကျရှုထောင့်ကနေ ကြည့်ပြီး မိမိတို့ဘာသာ ဆုံးဖြတ်ချက်ချပြီး လုပ်ကြစေချင်ကြောင်း ပါမောက္ခ Nakayama က ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

398. အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးငယ်တွေအတွက် ကိုဗစ် ကာကွယ်ဆေးထိုးခြင်းနဲ့ ပတ်သက်ပြီး မိဘ ဒါမှမဟုတ် အုပ်ထိန်းသူတွေမှာ ဘယ်လိုသဘောထားမျိုးရှိသလဲ။

အဖြေ− ဂျပန်နိုင်ငံမှာ အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးငယ်တွေကို COVID ကာကွယ်ဆေး ထိုးပေးနေပြီ ဖြစ်ပါတယ်။ တိုကျိုမြို့ Koto မြို့နယ်မှာ နေထိုင်သူတွေထဲက အသက် ၅ နှစ်ကနေ ၁၁ နှစ်အရွယ် ကလေးငယ်တွေရဲ့ အိမ်ကို LINE အက်ပလီကေးရှင်း နဲ့ အွန်လိုင်းကနေတစ်ဆင့် ဆက်သွယ်ပြီး စစ်တမ်းတစ်ခု ပြုလုပ်ခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကနေ ၁၃ ရက်အတွင်းမှာ ပြုလုပ်ခဲ့တဲ့ အဲဒီ စစ်တမ်းကို လူ ၂,၀၀၀ ကျော်က တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
စစ်တမ်းမှာ မိမိရဲ့ရင်သွေးတွေကို ကာကွယ်ဆေးထိုးစေချင်သလားလို့ မေးမြန်းခဲ့ရာမှာ ဖြေဆိုသူတွေရဲ့ ၃၁.၃ ရာခိုင်နှုန်းက “ဟုတ်ကဲ့ အမြန်ဆုံးထိုးပေးချင်ပါတယ်” လို့ ဖြေကြပြီး ၄၈.၇ ရာခိုင်နှုန်းက “ခဏစောင့်ကြည့်ပြီး ပြဿနာမရှိဘူးဆိုရင် ထိုးပေးမယ်” လို့ ဖြေခဲ့ပါတယ်။ တုံ့ပြန်ဖြေကြားသူတွေရဲ့ ၂၀ ရာခိုင်နှုန်းကတော့ သူတို့ရဲ့ ရင်သွေးတွေကို “ကာကွယ်ဆေးမထိုးစေချင်ဘူး” လို့ ဖြေခဲ့ကြပါတယ်။
ကလေးတွေ ကာကွယ်ဆေးထိုးတဲ့အပေါ် စိုးရိမ်မှု ရှိမရှိ မေးမြန်းရာမှာတော့ ဖြေဆိုသူတွေရဲ့ ၃၉.၆ ရာခိုင်နှုန်းက “အလွန်စိုးရိမ်တယ်”လို့ ဖြေခဲ့ကြပြီး ၄၉.၇ ရာခိုင်နှုန်းကတော့ “အနည်းငယ် စိုးရိမ်ပူပန်တယ်” လို့ ပြန်ဖြေခဲ့ကြတဲ့အတွက် မိဘ အုပ်ထိန်းသူ တော်တော်များများဟာ သူတို့ရဲ့ ကလေးငယ်တွေ ကာကွယ်ဆေးထိုးပေးဖို့ စဉ်းစားရာမှာ စိုးရိမ်ပူပန်မှု ရှိတယ် ဆိုတာကို သိရပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

397. အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးငယ်တွေအတွက် ကိုဗစ် ကာကွယ်ဆေးက ဆေးရုံတက်ကုသရမှုကနေ ဘယ်လောက် ကာကွယ်ပေးနိုင်သလဲ။

အဖြေ− အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြားက ကလေးတွေအပေါ် Pfizer-BioNTech ကာကွယ်ဆေးရဲ့ ထိရောက်မှုနဲ့ ပတ်သက်ပြီး လေ့လာထားတဲ့ သုတေသနတစ်ခုရဲ့ ရလဒ်တွေကို အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ CDC က မတ်လ ၁ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ သုတေသနကို ၂၀၂၁ခုနှစ် ဧပြီလအစောပိုင်းကနေ ၂၀၂၂ခုနှစ် ဇန်နဝါရီလ အစောပိုင်းအတွင်း အထိလေ့လာထားတာ ဖြစ်ပါတယ်။ အဲဒီသုတေသနမှာ COVID-19 ကူးစက်ခံထားရပြီး အမေရိကန်တစ်ဝန်းက ဆေးရုံတွေမှာ အရေးပေါ်ကုသမှု ခံယူနေရသူ ဒါမှမဟုတ် ဆေးရုံတက်ကုသခဲ့ရသူ ကလေးတွေနဲ့ ဆယ်ကျော်သက် ကလေးငယ် ၄၀,၀၀၀ လောက်ပါဝင်ပါတယ်။
လေ့လာမှုအရ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးပြီးတဲ့ အသက် ၅နှစ်ကနေ ၁၁ နှစ်ကြား ကလေးငယ်တွေဟာ ဆေးရုံတက် ကုသရမှုကနေ ၇၄ ရာခိုင်နှုန်း ကာကွယ်ပေးတာတွေ့ရတယ်လို့ ဆိုပါတယ်။
အသက် ၁၂ နှစ်ကနေ ၁၇ နှစ်ကြား ဆယ်ကျော်သက်ကလေး တွေမှာတော့ ကာကွယ်ဆေးထိုးပြီးတဲ့ အချိန်ကာလအလိုက် ဆေးရုံတက် မကုသရအောင် ကာကွယ်ပေးနိုင်စွမ်း ၇၃ ရာခိုင်နှုန်းကနေ ၉၄ ရာခိုင်နှုန်းအထိ ကွာခြားမှုရှိတယ်လို့ ဆိုပါတယ်။
ကာကွယ်ဆေးရဲ့ထိရောက်မှု အစွမ်းဟာ အချိန်ကြာလာတာနဲ့အမျှ ကျဆင်းလာပေမဲ့လည်း ဆေးရုံတက် မကုသရအောင် ကာကွယ်ပေးနိုင်စွမ်း မြင့်မားနေသေးတာကြောင့် ဒီအသက်အရွယ်အုပ်စုကို ကာကွယ်ဆေးထိုးဖို့ CDC က အကြံပြုထားပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

396. အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးငယ်တွေအတွက် ကိုဗစ် ကာကွယ်ဆေးက ဘယ်လောက် အရေးပါသလဲ။

အဖြေ− အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်က ကျန်းမာရေးအာဏာပိုင်တွေဟာ Omicronအမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အဓိက ကူးစက်ပြန့်ပွားနေချိန်မှာ အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြားက ကလေးတွေမှာ Pfizer ကာကွယ်ဆေးထိုးပြီးနောက် ကာကွယ်နိုင်စွမ်း သိသိသာသာ ကျဆင်းသွားတာကို တွေ့ရှိရကြောင်း သုတေသန ရလဒ် ကို ထုတ်ပြန်ခဲ့ပါတယ်။
Kitasato တက္ကသိုလ်က ကာကွယ်ဆေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် ကလေးအထူးကု ပါမောက္ခ Nakayama Tetsuo က အသက်၅နှစ်ကနေ ၁၁နှစ် အရွယ် ကလေးတွေကို ကာကွယ်ဆေးထိုးတဲ့အခါ အသက် ၁၂ နှစ်နဲ့အထက် ကလေးတွေကို ထိုးပေးတဲ့ ကာကွယ်ဆေး ပမာဏရဲ့ သုံးပုံတစ်ပုံကိုပဲ ထိုးပေးခဲ့ ကြတယ်လို့ ဆိုပါတယ်။
အသက် ၁၁ နှစ်ကနေ ၁၂ နှစ်ကြား ကလေးငယ်တွေရဲ့ ခန္ဓာကိုယ် အရွယ်အစားက ပုံမှန်အားဖြင့် သိပ်ပြီး ကွာခြားမှုမရှိတာကြောင့် ကာကွယ်ဆေးပမာဏ လျှော့ထိုးတဲ့အခါ ဆေးရဲ့ ထိရောက်မှုက နည်းပါးသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ငယ်ရွယ်တဲ့ ကလေးတွေကို ထိုးတဲ့ဆေးပမာဏနည်းရင် ကာကွယ်ဆေးရဲ့ ထိရောက်မှု သက်တမ်းလည်း တိုမယ်ဆိုတာကို အလွယ်တကူ ခန့်မှန်းနိုင်တယ်လို့ သူက ဆိုပါတယ်။
ပါမောက္ခ Nakayama က ကာကွယ်ဆေးထိုးခြင်းရဲ့ မူလ ရည်ရွယ်ချက်က ရောဂါပိုးရှိနေသူတွေ ရောဂါပြင်းထန်မလာအောင် ကာကွယ်ဖို့ ဖြစ်တာကြောင့် Pfizer ကာကွယ်ဆေးကို ထိုးထားမယ်ဆိုရင် ဆေးရုံတက်ကုသရမှုကို အနည်းဆုံး ၅၀ ရာခိုင်နှုန်းဝန်းကျင် ကာကွယ်ပေးနိုင်တဲ့အပြင် တခြား ကောင်းကျိုးတွေလည်း ရှိတယ်လို့ သူက ပြောကြားခဲ့ပါတယ်။ ဘာမှ ကာကွယ်ထားတာ မလုပ်ဘဲ ရောဂါကူးစက်ခံရတာထက် ကာကွယ်ဆေးထိုးထားတာက ပိုကောင်းတယ်လို့ သူက ဆိုပါတယ်။
ကလေးတွေကို ကာကွယ်ဆေးထိုးပေးဖို့ သင့်တော်တဲ့ ဆေးပမာဏကို ဆုံးဖြတ်ဖို့ ခက်ခဲတဲ့ပြဿနာ ကတော့ ရှိသေးတယ်လို့ သူက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။ အရွယ်ရောက်ပြီးသူတွေကိုထိုးပေးတဲ့ ဆေးပမာဏကနေ ဘယ်အချက်ကို အခြေခံပြီး ဘယ်လောက် လျှော့ပြီး ကလေးတွေကို ထိုးပေးသင့်သလဲ ဆိုတာကို သေချာ စဉ်းစားဆုံးဖြတ်ဖို့ လိုတယ်လို့ သူပြောပါတယ်။
အသက်အရွယ်အလိုက်သာမကဘဲ ကလေးရဲ့ ခန္ဓာကိုယ် အရွယ်အစားကိုပါ ထည့်သွင်းတွက်ချက် မလား ?
ဆေးပမာဏအနည်းငယ်ပဲ ထိုးပေးမယ့် အသက်အရွယ်ကို အခု သတ်မှတ်ထားတာထက် ပိုငယ်တဲ့ ကလေးငယ်လေးတွေ ကိုပဲ ပြောင်းလဲ သတ်မှတ်မလား ဆိုတာ ဂရုတစိုက် စဉ်းစားဆုံးဖြတ်ရမယ်လို့ သူက ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မတ်လ ၉ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

395. အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးငယ်တွေ ကိုဗစ် ကာကွယ်ဆေးထိုးပြီး အချိန်ကြာလာတာနဲ့အမျှ ရောဂါပိုးကို ကာကွယ်နိုင်စွမ်း ဘယ်လို ပြောင်းလဲလာသလဲ။

အဖြေ− အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်က ကျန်းမာရေးအာဏာပိုင်တွေဟာ Pfizer ကာကွယ်ဆေးထိုးထားပြီးတဲ့ အသက် ၅ နှစ်ကနေ ၁၇ နှစ်ကြားက ကလေးတွေမှာ ရောဂါကူးစက်မှု ဘယ်လောက်ရှိသလဲ၊ ဆေးရုံတက်ကုသရမှုတွေကို ကာကွယ်ရာမှာ ထိရောက်မှု ဘယ်လောက်ရှိသလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး လေ့လာထားတာ တွေကို ဖေဖော်ဝါရီ ၂၈ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
အစီရင်ခံစာမှာ ဖော်ပြထားတာအရ အသက် ၁၂ နှစ်ကနေ ၁၇ နှစ်ကြား ကလေးတွေဟာ ကာကွယ်ဆေး ထိုးထားပြီး Omicron အမျိုးအစား မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အဓိက ကူးစက်ပြန့်ပွားမှု ဖြစ်လာနေတဲ့အချိန် ဒီဇင်ဘာလလယ်မှာ ရောဂါပိုးကူးစက်မှုအပေါ် ကာကွယ်ဆေးရဲ့ ထိရောက်မှုဟာ ၆၆ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ ဇန်နဝါရီလ အနှောင်းပိုင်းရောက်တဲ့အခါမှာ တော့ ကာကွယ်နိုင်စွမ်းက ၅၁ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါ တယ်။
ဒါပေမဲ့ အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား အသက်အရွယ် အုပ်စုကို အလားတူ အချိန်မှာ ကာကွယ်ဆေး ထိုးပြီးတဲ့နောက် ၆၈ ရာခိုင်နှုန်း ထိရောက်မှု ရှိခဲ့ပြီး အဲဒီနောက် ၁၂ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်စွမ်း ကျဆင်းသွားတယ်လို့ ဖေါ်ပြထားပါတယ်။
သုတေသီတွေက ပြောကြားချက် အရ အသက်၅နှစ်ကနေ ၁၁နှစ် အရွယ် ကလေးလေးတွေကို အသက် ၁၂ နှစ်နဲ့အထက် ကလေးတွေကို ထိုးပေးတဲ့ ကာကွယ်ဆေး ပမာဏရဲ့ သုံးပုံတစ်ပုံကိုပဲ ထိုးပေးခဲ့တာကြောင့် အခုလို ကာကွယ်နိုင်စွမ်း ကျသွားတာ ဖြစ်တယ်လို့ ပါတယ်။
Pfizer ကာကွယ်ဆေးက ဆေးရုံတက်ကုသတာမျိုးမဖြစ်အောင် ဘယ်လောက်ကာကွယ်ပေးနိုင်သလဲ ဆိုတာ ဇန်နဝါရီလ အနှောင်းပိုင်းအထိ သုတေသနပြု လေ့လာထားချက်အရ အသက် ၁၂ နှစ်ကနေ ၁၇နှစ် နှစ်ကြားကလေးတွေမှာ ၇၃ ရာခိုင်နှုန်း ကာကွယ်နိုင်စွမ်း ရှိပြီး အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးငယ်တွေမှာတော့ ၄၈ ရာခိုင်နှုန်း ကာကွယ်နိုင်စွမ်း ရှိတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။
ကလေးအများစုမှာ ပြင်းထန်တဲ့ ရောဂါ လက္ခဏာတွေ မဖြစ်ပေါ်တာကြောင့် တိတိကျကျ ဆန်းစစ်လေ့လာဖို့ အတွက် သုတေသနအချက်အလက် လုံလုံလောက်လောက် မရှိဘူးလို့ သုတေသီတွေက ပြောပါတယ်။
CDC ရဲ့ ဒီထုတ်ပြန်ချက်ကို တခြား အဖွဲ့အစည်းတွေက လေ့လာစစ်ဆေးကြည့်ဖို့ လိုအပ်နေသေးပေမဲ့ ကလေးငယ်တွေကိုထိုးတဲ့ ကာကွယ်ဆေး အမျိုးအစားအလိုက် ဆေးပမာဏကို ပြောင်းလဲဖို့အပြင် ကာကွယ်ဆေးကို ထပ်မံပြီး အားဖြည့်ထိုးနှံဖို့ စဉ်းစားသင့်ကြောင်း နားလည်တတ်ကျွမ်းသူတွေက အလေးပေး ပြောကြားခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မတ်လ ၈ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

394. အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးငယ်တွေ ကိုဗစ် ကာကွယ်ဆေးထိုးခြင်းရဲ့ ဘေးထွက်ဆိုးကျိုးနဲ့ပတ်သက်တဲ့ အမေရိကန်ကျန်းမာရေးဆိုင်ရာ အာဏာပိုင်တွေရဲ့ အကဲဖြတ်ချက်။

အဖြေ− ကလေးငယ်တွေ ကာကွယ်ဆေးထိုးတာကြောင့် ဆိုးဆိုးရွားရွား ဖြစ်နိုင်ခြေရှိတဲ့ ဘေးထွက် ဆိုးကျိုးတွေထက် ကောင်းကျိုး တွေ ပိုများတယ်လို့ အမေရိကန်ကျန်းမာရေး အာဏာပိုင်တွေက အကြံပြုထားပါတယ်။ ကာကွယ်ဆေးဟာ ဘေးကင်းစိတ်ချရမှု၊ ထိရောက်မှုရှိပြီး ဆိုးကျိုးထက် ကောင်းကျိုးပိုများတာကြောင့် အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ CDC က အသက် ၅ နှစ်ကနေ ၁၁ နှစ် အသက်အရွယ်အုပ်စုက ကလေးတွေကို COVID ကာကွယ်ဆေးထိုးကြဖို့ အကြံပြုထားပါတယ်။ ကနေဒါနဲ့ ပြင်သစ် နိုင်ငံတွေက ကျန်းမာရေးဆိုင်ရာ အာဏာပိုင်တွေကလဲ အလားတူ အကြံပြုထားပါတယ်။ ဗြိတိန်နဲ့ ဂျာမဏီ အာဏာပိုင်တွေ ကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရရင် ရောဂါပြင်းထန်လာနိုင်ခြေ မြင့်မားတဲ့ ကလေးတွေနဲ့ ခုခံအားစနစ်ကျဆင်းတတ်တဲ့ မိသားစုက မွေးဖွားလာတဲ့ ကလေးတွေအနေနဲ့ ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးသင့်တယ်လို့ ဆိုထားပါတယ်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ ကာကွယ်ဆေး ထိုးနှံခြင်းဆိုင်ရာ CDC ရဲ့ အကြံပေးကော်မတီက ကလေးငယ်တွေ ကာကွယ်ဆေးထိုးခြင်းရဲ့ ကောင်းကျိုး၊ဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတာကို ဖော်ပြပါမယ် ။
ကာကွယ်ဆေးထိုးတာဟာ ကလေးငယ်တွေကို ဗိုင်းရပ်စ် ကူးစက်ခံရတဲ့အခါမှာ ပြင်းထန်တဲ့ လက္ခဏာတွေ မဖြစ်အောင် တားဆီးပေးပြီး၊ ကလေးတွေကနေတစ်ဆင့် ရောဂါပိုးတွေ တခြားသူတွေဆီ ကူးစက်ပြန့်ပွားမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကာကွယ်ဆေးထိုးထားရင် ကလေးကို စိတ်ချလက်ချ ကျောင်းလွှတ်နိုင်မယ်ဆိုတဲ့ ကောင်းကျိုးတွေ ရှိတာကို ကော်မတီက ပြောကြားခဲ့ပါတယ်။
ဘေးထွက်ဆိုးကျိုးအနေနဲ့တော့ မိုင်ယိုကာဒိုင်းတစ် myocarditis လို့ခေါ်တဲ့ နှလုံးကြွက်သား ရောင်ရမ်းမှုရှိတာမျိုးဖြစ်နိုင်တာမျိုး ရှားရှားပါးပါးရှိပြီး အခြား ဘေးထွက်ဆိုးကျိုး ဝေဒနာကို ကာကွယ်ဆေးထိုးတဲ့ ကလေးက ကာလတိုခံစားရနိုင်ခြေရှိတယ်လို့ အဲဒီ ကော်မတီက ထောက်ပြခဲ့ပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မတ်လ ၇ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

393. အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးငယ်တွေ ကိုဗစ် ကာကွယ်ဆေးထိုးခြင်းရဲ့ ဘေးထွက်ဆိုးကျိုးနဲ့ပတ်သက်တဲ့ အမေရိကန်ရဲ့ အစီရင်ခံစာ။

အဖြေ− အမေရိကန်မှာ အသက် ၅နှစ်ကနေ ၁၁ နှစ်အောက် ကလေးတွေကို နိုဝင်ဘာလက စပြီး ကာကွယ်ဆေးထိုးပေးခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ ကာကွယ်ဆေးထိုးခဲ့တဲ့ ကလေးငယ် ပေါင်း ၈.၇ သန်းလောက်မှာ ဖြစ်ခဲ့တဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်ရပ်ပေါင်း ၄,၂၄၉ ခုကို လေ့လာထားတဲ့ သုတေသနတစ်စောင်ကို အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေး စင်တာ CDC က ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်မှာ ကာကွယ်ဆေးထိုးပြီးနောက်ဝေဒနာ တစ်မျိုးမျိုး ခံစားရရင် CDC ကို သတင်းပေးပို့နိုင်တဲ့ စနစ်ရှိပါတယ်။
အဲဒီလို သတင်းပေးပို့လာတဲ့ အချက်တွေကို လေ့လာမှုအရ သတင်းပေးပို့ လာတာတွေရဲ့ ၉၇.၆ ရာခိုင်နှုန်း ဒါမှမဟုတ် ကလေး ၄,၁၄၉ ဦးဟာ ပြင်းထန်တဲ့ ရောဂါဝေဒနာ ခံစားရခြင်း မရှိဘူးလို့ CDC က ပြောပါတယ်။ ကာကွယ်ဆေး ထိုးပြီးတဲ့နောက် ခံစားရတဲ့ ဝေဒနာတွေရဲ့ လက္ခဏာတွေကို အသေးစိတ်ကို လေ့လာကြည့်ရာမှာ အော့အန်ခြင်း ဖြစ်ပွားခဲ့သူ ၇.၆ ရာခိုင်နှုန်း ဒါမှမဟုတ် ၃၁၆ ဦးရှိပါတယ်။ သတင်းပို့လာသူတွေရဲ့ ၇ ရာခိုင်နှုန်း ဒါမှမဟုတ် ၂၉၁ ဦးမှာ အဖျားရှိခဲ့ပါတယ်။ ခေါင်းကိုက်ဝေဒနာ ခံစားရသူကတော့ ၆.၂ ရာခိုင်နှုန်း ဒါမှမဟုတ် ၂၀၁ ဦး ရှိပြီး မူးမေ့လဲတဲ့သူ အရေအတွက် အလားတူပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ မူးဝေတဲ့ ဝေဒနာခံစားရတာ ၅.၉ ရာခိုင်နှုန်း ဒါမှမဟုတ် ၂၄၄ ဦးရှိပြီး ပင်ပန်းနွယ်နယ်ပြီး နုံးသလို ခံစားရတာက ၄.၈ ရာခိုင်နှုန်း ဒါမှမဟုတ် ၂၀၁ ဦးရှိခဲ့ပါတယ်။
ပြင်းထန်တဲ့ ဝေဒနာတွေခံစားခဲ့ရတယ်လို့ CDC ကနေ သတင်းထုတ်တဲ့ ၁၀၀ ဦးမှာ ဖျားနာတဲ့သူ ၂၉ ရာခိုင်နှုန်း ဒါမှမဟုတ် ၂၉ ဦး၊ အော့အန်တဲ့သူ ၂၁ ဦး ဒါမှမဟုတ် ၂၁ ရာခိုင်နှုန်း၊ ရုတ်တရက် နှလုံးအောင့်တာ ၁၂ ဦး ဒါမှမဟုတ် ၁၂ ရာခိုင်နှုန်း ရှိပါတယ်။
ကာကွယ်ဆေးထိုးခဲ့တဲ့ ကလေးငယ် ၁၁ ဦးမှာ မိုင်ရိုကာဒဲတသ်စ် myocarditis လို့ခေါ်တဲ့ နှလုံးကြွက်သား ရောင်ရမ်းမှုရှိတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပေမဲ့ အဲဒီကလေးငယ်တွေ အားလုံး နေပြန်ကောင်း သွားပြီ လို့ သိရပါတယ်။ လေ့လာမှုအရ myocarditis ဖြစ်ပွားသူ အချိုးဟာ ကာကွယ်ဆေးထိုးတဲ့ အသက်၁၂ နှစ်နဲ့အထက် အသက်အရွယ်အုပ်စုနဲ့ နှိုင်းယှဉ်ရင် ဒီအသက်ငယ်တဲ့ အုပ်စုမှာ ဖြစ်တာ အလွန်နည်းတယ်လို့ ဆိုပါတယ်။
ကာကွယ်ဆေးထိုးပြီးနောက် သေဆုံးသွားခဲ့တဲ့ ကလေးငယ် ၂ဦး လည်း ရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အဲဒီ ကလေးငယ် ၂ ဦးမှာ ရှုပ်ထွေးတဲ့ ရောဂါ ဆေးမှတ်တမ်းရာဇဝင် ရှိခဲ့ပြီး ကာကွယ်ဆေး မထိုးခင်အချိန်မှာ ကျန်းမာရေး အခြေအနေသိပ်မကောင်းဘူးလို့ CDC က ပြောကြားခဲ့ပါတယ်။ သေဆုံးမှုနဲ့ ကာကွယ်ဆေးထိုးတာ ဆက်စပ် ပတ်သက်နေတယ်ဆိုတဲ့ လေ့လာထားချက် မှတ်တမ်းတစ်စုံတစ်ရာ မရှိဘူး လို့သိရပါတယ်။

ဒီသတင်းအချက်အလက်တွေက ၂၀၂၂ ခုနှစ်၊ မတ်လ ၄ ရက်နေ့က ရရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

392. အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးငယ်တွေ ကိုဗစ်ကာကွယ်ဆေး ကာကွယ်ဆေး စမ်းသပ်ထိုးနှံမှုတွေမှာ ဘေးကင်းစိတ်ချရမှု ဘယ်လောက်တွေ့ရှိခဲ့ရသလဲ။

အဖြေ− Pfizer နဲ့ BioNTech ဆေးဝါးကုမ္ပဏီတွေက အမေရိက၊ စပိန်နဲ့ တခြား နိုင်ငံတွေမှာ အသက် ၅ နှစ်ကနေ ၁၁ နှစ်အထိ ကလေး ၂,၂၀၀ ကို ကာကွယ်ဆေး စမ်