ဂျပန့်ရိုးရာ ဇာတ်ပြောအနုပညာ လာကုဂိုး ပညာရှင် Katsura Nobita နဲ့ တွေ့ဆုံခြင်း
Backstories

ဂျပန့်ရိုးရာ ဇာတ်ပြောအနုပညာ လာကုဂိုး ပညာရှင် Katsura Nobita နဲ့ တွေ့ဆုံခြင်း

    ကိုငယ်
    လာကုဂိုးဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ကျော်ကစပြီး ဂျပန်မှာ ထွန်းကားလာတဲ့ ဇာတ်ပြောအနုပညာ ဖြစ်ပါတယ်။
    လူတစ်ယောက်တည်းက စင်မြင့်ပေါ်မှာ ရယ်စရာ၊ လွမ်းစရာ ဇာတ်လမ်းတွေကို တီးလုံးတွေ၊ ဇာတ်ပို့ ပစ္စည်းကိရိယာတွေ မသုံးဘဲ စကားပြောတွေ ဟန်ပန်အမူအယာတွေနဲ့ တစ်နေရာထဲမှာ ထိုင်ပြီး ဖျော်ဖြေတာ ဖြစ်ပါတယ်။
    အများအားဖြင့် ရှေးခေတ်လူမှုပတ်ဝန်းကျင်ထဲက ဇာတ်လမ်းတွေဖြစ်ပြီး ဆရာကနေ တပည့်ကို နှုတ်တိုက် လက်ဆင့်ကမ်းပြီး ရိုးရာကို ထိန်းသိမ်းလာခဲ့တဲ့ ဒီအနုပညာဟာ ဂျပန်မှာ ဒီနေ့ခေတ်အထိ လူကြိုက်များတဲ့ အနုပညာတစ်မျိုးပါပဲ။
    ဂျပန့်ရိုးရာ ဇာတ်ပြောအနုပညာ လာကုဂိုးအကြောင်း သိရအောင် လာကုဂိုး ပညာရှင်တစ်ဦးနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

    လာကုဂိုးနဲ့ ဆုံတွေ့ခြင်း

    လာကုဂိုးကို ဖျော်ဖြေတင်ဆက်သူ ပညာရှင်တွေကို ဂျပန်လို "Rakugoka" (လာကုဂိုးခ) - လာကုဂိုးပညာရှင် ဒါမှမဟုတ် "Hanashika" (ဟာနာ့ရှိခ) - ဇာတ်ပြောပညာရှင် လို့ ခေါ်ကြပြီး ပညာရှင်တစ်ယောက်ဖြစ်လာဖို့ အတော်လေး ခက်ခက်ခဲခဲ ကြိုးပမ်းရပါတယ်။
    စိတ်ဝင်စားစရာ လာကုဂိုးအနုပညာလောကအကြောင်းနဲ့ ပတ်သက်ပြီး လာကုဂိုးပညာရှင် Katsura Nobita (※)နဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

    ကိုငယ် -- မင်္ဂလာပါ။
    Katsura Nobita -- မင်္ဂလာပါ။ ကျွန်တော့်နာမည် Katsura Nobita ပါ။

    ကိုငယ် -- နို့ဘိတာစန် က မြန်မာစကား အတန်အသင့် နားလည်တယ်ဆိုတာ မြန်မာနိုင်ငံကို ရောက်ဖူးလို့လား။ မြန်မာနဲ့ ဘယ်လိုများ ပတ်သက်နေပါသလဲ ။

    Katsura Nobita -- မိခင်နဲ့ ဖခင် က မြန်မာလူမျိုး ဖြစ်ပြီးတော့ ကျွန်တော့်ကို ဂျပန်မှာ မွေးတာပါ။
    လာကုဂိုးအတွက် တပည့်ခံ ပညာသင်ယူတာ မစခင်မှာ မြန်မာနိုင်ငံကို သွားချင်လို့ သွားဖို့ စီစဉ်ခဲ့တာ။ အဲဒီနေ့မှာ အဖေက အိပ်ယာထနောက်ကျပြီး လေယာဉ်မမီတာနဲ့ မြန်မာနိုင်ငံကို မသွားလိုက်ရဘူးလေ။ အဲဒီနောက်မှာ လာကုဂိုးပညာကို တပည့်ခံပညာသင်ယူဖို့ ဖြစ်သွားတာကြောင့် တစ်ခါမှ မြန်မာနိုင်ငံကို မသွားဖူးသေးပါဘူး။

    ကိုငယ် -- လာကုဂိုးဇာတ်လမ်းဆန်ဆန် ပြုံးချင်စရာ အဖြစ်အပျက်ပါပဲ။ ဒါနဲ့ လာကုဂိုးကို ဘယ်လိုစပြီး စိတ်ဝင်စားခဲ့တာပါလဲ။

    Katsura Nobita -- ကျွန်တော် အထက်တန်းကျောင်းသား ဘဝမှာတုန်းက တိုကျို တာကာဒါနို ဘာဘာမှာ ဂျပန်လူမျိုးတွေအတွက် မြန်မာဘာသာကျောင်း ရှိခဲ့တယ်။ အနာဂတ်မှာ ဘာသာပြန်အလုပ် လုပ်ချင်တာကြောင့် တစ်ပတ်မှာ တစ်ကြိမ်၊ အင်္ဂါနေ့ဖြစ်မယ်ထင်တယ်။ ကျွန်တော် တက်ခဲ့တယ်။ အထက်တန်းကျောင်းဆင်းပြီး ညနေ ၆ နာရီ ၇နာရီလောက်က စတဲ့သင်တန်းကို အပတ်တိုင်းသွားခဲ့ပါတယ်။
    အဲဒီမှာ အကြောင်းတိုက်ဆိုင်ပြီး "Edokotoba" (အဲဒိုးခိုတိုဘ) ဆိုတဲ့ ရှေးတုန်းက အဲဒိုးစကားကို လေ့လာဖို့ ဖြစ်လာခဲ့တယ်။ ဒါနဲ့ ကိုးကားစရာ မှတ်တမ်းမှတ်ရာတွေကို လိုက်ရှာကြည့်ရင်း အင်တာနက်က ဗီဒီယိုတွေတင်တဲ့ စာမျက်နှာမှာ လာကုဂိုးကို တွေ့ခဲ့ရတယ်။ ဟာ ဒါ စိတ်ဝင်စားစရာ ကောင်းပါလားဆိုပြီး လာကုဂိုးကို ကြည့်ရင်းကြည့်ရင်း ကိုယ်တိုင် လုပ်ကြည့်ချင်စိတ်တွေ ပေါ်လာခဲ့ရတာက အကြောင်းရင်းပါပဲ။

    ကိုငယ် -- နို့ဘိတာစန် က ဂျပန်ရိုးရာ လာကုဂိုးပညာရှင်ဖြစ်ဖို့ ဆုံးဖြတ်ခဲ့တာ ဘာကြောင့်ပါလဲ။

    Katsura Nobita -- အဆုံးအဖြတ်ပေးခဲ့တာလို့ ပြောမလား။ နည်းနည်း ဆန်းဆန်းပြားပြား ပြောရရင် ဓာတ်လိုက်ခံလိုက်ရသလို ခံစားမိခဲ့လို့ပါပဲ။ ဒါကို ငါလုပ်မယ်ဆိုပြီးတော့။ ကျွန်တော် တစ်သက်လုံး ဒီအလုပ်ကို လုပ်သွားမှာပါ။

    ဖြတ်လမ်းမရှိတဲ့ ခရီးကြမ်း

    ကိုငယ် -- မြန်မာဘာသာလေ့လာရင်း ဂျပန်ရိုးရာ အဲဒိုးစကားကို စိတ်ဝင်စားသွားတာ ရေစက်ပါလာတယ်လို့ ပြောရမလားပါပဲ။ လာကုဂိုး ကို စိတ်ဝင်စားပြီး ဖျော်ဖြေတင်ဆက်သူ ဖြစ်ချင်လာတဲ့ဆိုတော့ ဘယ်လိုဘယ်ပုံ သင်ယူရပါသလဲ။

    Katsura Nobita -- အခုခေတ်အခါမှာ ဂျပန်လို "Manzai" (မန်းဇိုင်း) လို့ခေါ်တဲ့ ဟာသဖျော်ဖြေမှုပုံစံ လူရွှင်တော် ဖြစ်ဖို့အတွက် ကျောင်းတွေ အမျိုးမျိုးရှိပါတယ်။ အရင်က မန်းဇိုင်းဟာလည်း တပည့်ခံခွင့်တောင်းပြီး သင်ယူရတဲ့စနစ် ဖြစ်ခဲ့ပေမဲ့ အဲဒီစနစ်ပျက်သွားခဲ့ပြီး အခုအခါမှာ မန်းဇိုင်း သင်တန်းကျောင်းတွေရှိပါတယ်။ လာကုဂိုးလောကမှာတော့ မပြောင်းလဲဘဲ၊ တပည့်ခံသင်ယူတဲ့စနစ်ကို ကျင့်သုံးနေပြီး ဆရာ တစ်ယောက်ယောက်ဆီမှာ မဖြစ်မနေ တပည့်ခံရမယ်လို့ သတ်မှတ်ထားပါတယ်။

    ကိုငယ် -- တပည့်ခံစနစ်နဲ့ သင်ယူဖို့ ကလွဲပြီး တခြားနည်းလမ်းမရှိဘူးပေါ့။

    Katsura Nobita -- လာကုဂိုး အလုပ်ကိုလုပ်တဲ့နေရာမှာ ကြေးစားပညာရှင်အဖြစ်နဲ့ လုပ်ချင်တာလား။ အပျော်တမ်း လိုက်စားသူအဖြစ် လုပ်ချင်တာလားဆိုပြီး ကွဲပြားပါတယ်။ အပျော်တမ်းလိုက်စားသူ ဝါသနာရှင်အနေနဲ့ လုပ်ချင်တာဆိုရင် ပုံမှန်အားဖြင့် ကြေးစားပညာရှင်တွေကဖွင့်တဲ့ လာကုဂိုးသင်တန်းတွေကို တက်ကြရမယ်လို့ ထင်ပါတယ်။ ကြေးစားပညာရှင်ဖြစ်ချင်တာ ဆိုရင်တော့ အရင်ဆုံး တပည့်ခံသင်ယူမှ ရပါမယ်။ လာကုဂိုးကို ကျောင်းတက်သင်ယူလို့ မရပါဘူး။ ဒီလောကမှာ ဆရာရှိကို ရှိရပါတယ်။
    လာကုဂိုးပညာရှင်ဖြစ်ဖို့ "Zenza-minarai" (ဇဲန်းဇ မိနာလာအိ) ၊ "Zenza" (ဇဲန်းဇ) ၊ "Futatsume" (ဖူတာ့ဆုမဲ) ၊ "Shin-uchi" (ရှင်းအုချိ) ဆိုပြီး အဆင့် ၄ ဆင့် ခွဲထားပါတယ်။ Zenza-minarai အဆင့်က ကိုယ်တပည့်ခံတဲ့ ဆရာအပေါ်လိုက်ပြီး ကွဲပေမဲ့ တပည့်ခံပြီး ၆ လကနေ ၂ နှစ်လောက် အထိ အတွင်းဖြစ်ပါတယ်။ ၆ လပဲ ကြာတဲ့လူရှိသလို ၂ နှစ်ကြာတဲ့လူလည်း ရှိပါတယ်။ အဲဒီနောက်မှာ Zenza အဆင့် ရောက်ပါတယ်။ ဒီအဆင့်က အလုပ်သင်တဲ့ကာလပါ။ တိုကျိုမြို့ထဲမှာ "Yose" (ယောစဲ) တို့ "Jooseki" (ဂျောစဲကီ) တို့လို ဇာတ်ရုံတွေရှိပါတယ်။ အဲဒီဇာတ်ရုံတွေကို တစ်နှစ်ပတ်လုံး နေ့စဉ်လိုလို သွားရပါတယ်။ ပိုက်ဆံက ခရီးစရိတ်လောက်ပဲ ရပါတယ်။ ဒီအလုပ်ကို ၄ နှစ် လုပ်ရပါတယ်။ အဲဒီ ၄ နှစ်အတွင်းမှာ ဆရာသမားတွေရဲ့ ကီမိုနိုဝတ်စုံတွေကို ခေါက်ပြီးသိမ်းတာမျိုး။ ဆရာသမားတွေဆီက ဇာတ်လမ်းတွေကို သင်ယူတာမျိုး။ Rakugokai (လာကုဂိုးခိုင်) စတဲ့ ပွဲလမ်းတွေမှာ ပရိသတ်ရှေ့ထွက်ပြီး လာကုဂိုးဖျော်ဖြေရတာမျိုး။ အဲဒီလို အတွေ့အကြုံတွေကို ယူရတာပါ။

    ၄ နှစ်ပြည့်သွားတဲ့အခါ Futatsume အဆင့်ကို ရောက်ပါတယ်။ ဒါကတော့ ပညာစုံပြီ ဆိုတဲ့ အဆင့်ဖြစ်ပြီး ဆရာပြောတဲ့အတိုင်း တသွေမတိမ်း လုပ်ကိုလုပ်ရမှာမျိုး မဟုတ်တော့ဘဲ နည်းနည်း လွတ်လပ်လာပါတယ်။ အဲဒီအဆင့်မှာ ၁၀ နှစ် လုပ်ပြီးရင်တော့ Shin-uchi ဖြစ်လာပါပြီ။ ဒါက တစ်နည်းအားဖြင့် ဆရာအဆင့်ပေါ့။
    လာကုဂိုးဆိုတာ ဆရာရဲ့ခွင့်ပြုချက်မရှိဘဲ ထင်သလို လုပ်လို့ရတာမျိုးမဟုတ်ပါဘူး။ Keeko (ခေးခို) လို့ခေါ်တဲ့ ဆရာဆီက သင်ယူလေ့ကျင့်မှုနဲ့ အသေးစိတ် သင်ယူရတာဖြစ်ပါတယ်။

    ကိုငယ် -- နို့ဘိတာ စန်ရော အခု ပညာရှင်တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတာ ဘယ်နှနှစ် ရှိသွားပါပြီလဲ။

    Katsura Nobita -- ကျွန်တော်က ၄ နှစ်မြောက်ပါပြီ။ Zenza-minarai အဆင့်က ၆ လရှိခဲ့ပါတယ်။ Zenza အဆင့် သင်ယူဆည်းပူးမှုတွေကို အခု ၃ နှစ်ခွဲ လုပ်ခဲ့တဲ့ အနေအထားပါ။ နောက် ၆ လ အခုနှစ် အောက်တိုဘာလလယ်ဆိုရင် Futatsume အဆင့်ကို တက်ရမှာပါ။
    ဒီလောကမှာ Futatsume ကနေ Shin-uchi အဆင့်တက်ရတာနဲ့ Zenza ကနေ Futatsume အဆင့်ကိုတက်ရတာ ဘယ်အချိန်မှာ ပိုပြီးပျော်သလဲလို့ မေးလေ့ရှိကြတယ်လို့ ဆိုပါတယ်။အများစုက Zenza ကနေ Futatsume တက်ရတာ ပိုပြီးပျော်တယ်လို့ ဖြေကြတယ်လို့ ကြားဖူးပါတယ်။ Zenza အဆင့် သင်ယူဆည်းပူးမှုတွေဆိုတာ တစ်နှစ်မှာ ၃၆၅ ရက်လုံး နားရက်မရှိ ဆိုတော့ အဲဒီအနေအထားကနေ လွတ်မြောက်တာက အတော် ပျော်စရာကောင်းတဲ့ သဘောပါပဲ။

    ကိုငယ် -- ဒီလိုဆိုတော့ အဲဒီ တပည့်ခံသင်ယူတဲ့စနစ်မှာ ဆရာကို ဘယ်လို ရွေးပါသလဲ။

    Katsura Nobita -- ပုံမှန်အားဖြင့် ဆရာက ဇာတ်ရုံမှာ ဖျော်ဖြေမှု ပြီးလို့ ထွက်တာတဲ့အခါ အပြင်မှာ "ဆရာအလုပ်များနေတဲ့ကြားမှာ စိတ်မရှိပါနဲ့ တပည့်အဖြစ် လက်ခံပေးပါ ခင်ဗျာ" ဆိုပြီး တောင်းဆိုရတာပါ။
    ကျွန်တော်ကတော့ ထူးခြားတဲ့ပုံစံဖြစ်နေပါတယ်။ ကျွန်တော့်မှာ ဆရာ နှစ်ယောက်ရှိနေပါတယ်။ အခုအချိန်မှာ ကျွန်တော်က Sandaime Katsura Sinzi ဆိုတဲ့ ဆရာ့ဆီမှာ ပညာသင်နေပါတယ်။ အရင်ဆုံး ပထမ ဆရာ Nanadaime Tyokarou Baraku ဆီမှာ တပည့်ခံပြီး ပညာသင်ခဲ့တာပါ။ ဖြစ်ချင်တော့ ဆရာ့ဆီရောက်ပြီး ၂လ၊ ၃လ လောက်မှာ ဆရာက နေမကောင်းဖြစ်ခဲ့တယ်။ "ဒီအတိုင်းဆိုရင် ငါ သေသွားမှာမို့ မင်းကို တခြား ဆရာတစ်ယောက်လက် အပ်ခဲ့မယ်" ဆိုပြီး ဆရာအချင်းချင်း တိုင်ပင်ပြီး ကျွန်တော်က ပြောင်းရွှေ့တဲ့ ပုံစံနဲ့ ဆရာ Katsura Sinzi ရဲ့ တပည့် ဖြစ်လာခဲ့တာပါပဲ။
    ဒါကြောင့် ပြောင်းလာတဲ့အချိန်မတိုင်ခင်က Katsura Sinzi ရဲ့ လာကုဂိုးဖျော်ဖြေမှုကို တစ်ခါမှ မကြားဖူးခဲ့ပါဘူး။ ဆရာ့ ဖျော်ဖြေမှုကို မကြားဖူးဘဲ တပည့်ခံယူတယ်ဆိုတာ ပြောရရင် လောင်းကစားတစ်ခုလိုပါပဲ။ ဟဲဟဲ။ ဒါက ထူးထူးခြားခြား ပုံစံပါ။ ဆရာ့ ဖျော်ဖြေမှုကို အကြိမ်ကြိမ်ကြည့် ၊ ဒီဆရာ တော်တယ် ဆိုပြီး သဘောကျလို့ တပည့်ခံတယ်ဆိုတာက ပုံမှန်အနေအထားပါ။

    ကိုငယ် -- ဒီ တပည့်ခံသင်ယူတဲ့စနစ်မှာ လက်တွေ့ အားဖြင့် ဘယ်လိုအလုပ်တွေကို လုပ်ရပါသလဲ။

    Katsura Nobita -- ရှေးခတ်က Uchideshi (အုချိဒယ်ရှိ) လို့ ခေါ်တဲ့ ဆရာ့အိမ်မှာ အတူနေ အတူနေပြီး မနက်အိပ်ရာကထ သန့်ရှင်းရေးလုပ်၊ ထမင်းချက်၊ အဝတ်လျှော်တာတွေကနေ Zenza သင်ယူမှု အတွက် ဇာတ်ရုံကို သွား၊ အဝတ်လဲနားနေခန်းအလုပ်ကိုလုပ်၊ အဲဒီက ပြန်လာရင် သန့်ရှင်းလုပ် ဆိုတာမျိုး ရှိခဲ့ပေမဲ့ အခုခေတ်မှာတော့ Kayoideshi (ခါယောအိဒယ်ရှိ) လို့ ခေါ်တဲ့ တစ်အိမ်တည်းမှာ မနေဘဲ လာပြီးအလုပ်လုပ်တဲ့ ပုံစံက များပါတယ်။
    မနက် ၉ နာရီလောက်မှာ ဆရာ့အိမ်ကိုသွား သန့်ရှင်းရေးတွေဘာတွေလုပ်၊ ထမင်းအတူစားပြီး ဇာတ်ရုံကို သွားတာမျိုး ရှိပါတယ်။ အဲဒီလိုအချိန်မှာ ဆရာက လမ်းစရိတ် နည်းနည်းပါးပါး ထုတ်ပေးပါတယ်။ အခုက အတူနေတာမဟုတ်တော့ ထမင်းနဲ့ လမ်းစရိတ်ထောက်ပံ့ပေးတဲ့ သဘောပေါ့။ ဒါကြောင့် တပည့်ကို လက်ခံတယ်ဆိုတာ ဆရာက အတော်အသင့် ဝင်ငွေမရှိလို့ မရဘူး။ မဟုတ်ရင် ဖိုးသူတော်လဲရင် တောင်ဝှေးမကယ်နိုင်ဖြစ်ကုန်မှာမို့ ဝင်ငွေရှိတဲ့သူမှ တပည့်လက်ခံရမယ်ဆိုတာ ရှိပါတယ်။

    ကိုငယ် -- နို့ဘိတာစန်က ထူးထူးခြားခြား ဆရာ နှစ်ယောက် ရှိတယ်ဆိုတော့ ပုံမှန်ဆိုရင် ဆရာဆိုတာ တစ်ယောက်ပဲရှိရတာလား။

    Katsura Nobita -- ဥပမာ ဆရာ A နဲ့ ဆရာ B ရှိတယ်ဆိုပါတော့။ ဆရာ A ဆီမှာ တပည့်ခံတဲ့အခါ ဆရာ A ရဲ့ လမ်းစဉ်က "ငါပဲ လေ့ကျင့်ပေးမှာမို့ တခြားကိုသွားပြီး ပညာမယူရဘူး" လို့ သတ်မှတ်တာမျိုး ရှိသလို။ ဆရာ B ကတော့ "ငါ့ဆီမှာလည်း သင်ယူသလို၊ တခြား ဆရာတွေဆီကိုသွားပြီး လာကုဂိုးကို လေ့လာသင်ယူချေ" ဆိုတာမျိုးလည်း ရှိတာမို့ အဲဒီဆရာရဲ့ လမ်းစဉ် အပေါ် မူတည်ပြီး ကွဲပြားပါတယ်။

    ကိုငယ် -- လာကုဂိုးကို ဆရာ့ဆီက သင်ယူပုံက ထူးခြားတယ်နော်။ ဆရာဆီက သင်ယူပုံလေးကို အသေးစိတ်ပြောပြပါဦး။

    Katsura Nobita -- အရင်ဆုံး ဖုန်းဆက်ပြီး သင်ပေးပါဆိုတာမျိုး လုံးဝတောင်းဆိုလို့ မရပါဘူး။ တိုကျိုမှာ လာကုဂိုးဖျော်ဖြေတဲ့ ဇာတ်ရုံတချို့ရှိပါတယ်။ အဲဒီဆရာက ဖျော်ဖြေမယ့် ဇာတ်ရုံ ကို သွား ဆရာရဲ့ ဖျော်ဖြေမှုမစခင်မှာ အဝတ်လဲနားနေခန်းကို သွားတွေ့ပြီး "ဆရာ တောင်းဆိုချင်တာလေး ရှိပါတယ်။ ကျွန်တော့်ကို Misomame (မီစိုးမာမဲ) ဇာတ်လမ်း လေ့ကျင့်သင်ကြားပေးနိုင်မလားခင်ဗျာ" ဆိုပြီး ခွင့်တောင်းရပါတယ်။
    ဒီနေရာမှာ ဆရာက လက်ခံတယ်ဆိုရင် သင်ပေးမယ့်အချိန်ကို ညှိနှိုင်းသတ်မှတ်ပါတယ်။ သတ်မှတ်တဲ့နေ့ သွားတွေ့ရင် Yukata (ယူခါ့တ) ကီမိုနို အပါးစား ဝတ်ရတယ်။ ပုံမှန်ကီမိုနို ဝတ်စုံဆိုလည်းရပါတယ်။
    ကီမိုနို လဲဝတ်ပြီး မျက်နှာချင်းဆိုင်ထိုင်ပြီး အရင်ဆုံး ဆရာက ဇာတ်လမ်းကို အစအဆုံး တင်ဆက်ပြတယ်။ ဒါကို "Tsuke no keiko" (ဆုခဲ နို ခေးခို) လို့ခေါ်ပါတယ်။ ဒါကို အသံသွင်းယူထားပြီး အိမ်ကို ပြန်ယူသွားပါတယ်။ အဲဒီနောက်ပိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် လုပ်ပုံကိုင်ပုံ ကွဲပြားပါတယ်။ အသံသွင်းထားတာကို တောက်လျောက်နားထောင်ပြီး နားနဲ့ မှတ်ထားတဲ့သူ ရှိသလို အသံကို စာအဖြစ် ချရေးပြီး ဒါကို အပြန်ပြန်အလှန်လှန် ဖတ်ပြီး လေ့ကျင့်သူလည်း ရှိပါတယ်။ ကျွန်တော်ကတော့ စာနဲ့ချရေးပြီး အပြန်ပြန်အလှန်လှန် ဖတ်တဲ့သူပါ။ အလွတ်ရပြီဆိုရင် ဆရာရှိတဲ့ ဇာတ်ရုံကိုထပ်သွား၊ အလွတ်ရပြီဖြစ်လို့ လေ့ကျင့်ပေးဖို့ တောင်းဆိုပြီး နောက်တစ်ခါ အချိန်ကိုသတ်မှတ်၊ ကိုယ့်ရဲ့ တင်ဆက်မှုကို ဆရာ့ကို ပြပါတယ်။ ဒါကို "Age no keiko" (အာဂဲ နို ခေးခို) လို့ခေါ်ပါတယ်။

    Age no keiko လုပ်ချိန်မှာ ဆရာက နည်းနည်းပိုပြီး ကြိုးစားဦးလို့ ပြောရင် နောက်တစ်ကြိမ် အစကပြန်ပြီး လေ့ကျင့်ရတယ်။ ဆရာက "ဒီအတိုင်းရပြီ" လို့ မပြောမချင်း အဲဒီလုပ်ငန်းစဉ်အတိုင်း ထပ်ကာတလဲလဲ လုပ်ရပါတယ်။ ဒီနေရာမှာ ဆရာကို ၁၀ ခါ ပြလည်း ဆရာက မရဘူးလို့ပြောရင် တပည့်အနေနဲ့ တင်ဆက်နိုင်တဲ့ဇာတ်လမ်း မဖြစ်နိုင်ပါဘူး။ တစ်ခါတည်းနဲ့ "ဒါဆိုရပြီ" လို့ ပြောရင် ဒါနဲ့တင် တင်ဆက်နိုင်တဲ့ ဇာတ်လမ်း ဖြစ်လာပါတယ်။ တကယ် တင်းကျပ်တဲ့ ဆရာတွေဆီမှာဆိုရင် လေ့ကျင့်မှုကာလက ကြာတာကြောင့် သွားမသင်ချင်ဘူးဆိုတဲ့ လူတွေလည်း ရှိကြပါတယ်။ အဲဒါနဲ့ ပြောင်းပြန် တင်းကျပ်တဲ့ ဆရာတွေဆီ သွားချင်တယ် ဆိုတဲ့လူတွေလည်း ရှိပါတယ်။

    ပရိတ်သတ်တွေ သဘောကျတဲ့ ပညာစွမ်းများ

    ကိုငယ် -- ကျွန်တော်တို့ ရေဒီယိုက တင်ဆက်တဲ့ အခါကျတော့ တင်ဆက်နေသူရဲ့ လှုပ်ရှားပုံမျက်နှာထားစတာတွေကို သိသာအောင် အသံကို မတူအောင် ကြိုးစားတင်ဆက်နေပါတယ်။ ဂျပန်ရိုးရာ လာကုဂိုးမှာရော အသံကို ပြောင်းပြီး တင်ဆက်ပါသလား။

    Katsura Nobita -- အင်း အဲဒီလို ပြောနိုင်ပါတယ်။ ဥပမာ အသက်ကြီးတဲ့လူကို သရုပ်ဆောင်မယ်ဆိုရင် အသံထက် စကားပြောပုံ လေယူလေသိမ်းကို ပြောင်းတယ်လို့ ပြောရင် ပိုပြီးမှန်မယ် ထင်ပါတယ်။
    အမျိုးသမီးကို သရုပ်ဆောင်တဲ့အခါဆိုရင်။ ဥပမာ- စကားပြောတဲ့အခါ ကီမိုနို ဝတ်စုံရဲ့ လည်ထောင်နေရာကို ကိုင်တာ။ ပုံစံကျအောင် ပြင်တာမျိုးတို့။ ဝမ်းနည်းပြီး မျက်ရည်သုတ်တဲ့ အခါ ယောကျ်ားဆိုရင် လက်မောင်းနဲ့ သုတ်ပေမဲ့ အမျိုးသမီးဆိုရင် အမျိုးသမီးဆန်ဆန် ကီမိုနိုရဲ့ လက်ဖျားအစ၊ ဒါက အပေါ်မှာ ရုံထားတဲ့ ကီမိုနိုမဟုတ်ဘဲ Nagajuban (နာဂါ့ဂျူဘန်း) လို့ခေါ်တဲ့အောက်ခံ ဝတ်စုံ ရဲ့ အဖျားစကို ကီမိုနို ဝတ်စုံအောက်ကနေ အသာဆွဲ ထုတ်ပြီး မျက်ရည်သုတ်မယ်ဆိုရင် အမျိုးသမီးဆန်တယ်လို့ ဆိုကြပါတယ်။ နောက်တစ်ခုက ရင်ကို ကော့မထားရဘူး ဆိုတာမျိုး အဲဒီလို နည်းလမ်းတွေရှိပါတယ်။

    ကိုငယ် -- ဂျပန့်ရိုးရာ လာကုဂိုးတင်ဆက်ရာမှာ စကားပြောနဲ့ ကိုယ်နေဟန်ထားတွေအပြင် အသုံးပြုတဲ့ ပစ္စည်းတချို့ ရှိတာကို ကြားဖူးပါတယ်။

    Katsura Nobita -- ဟုတ်ကဲ့။ Sensu (စဲန်းစု) ခေါက်ယပ်တောင်နဲ့ Tenugui (တဲ့နုဂုအိ) ချွေးသုတ်ပုဝါ နှစ်မျိုးကို သုံးပါတယ်။ ချွေးသုတ်ပုဝါဆိုရင် စာအုပ်ပေါ့နော်။ ခေါက်ထားတာကို ဖြန့်လိုက်ရင် စာအုပ်ဖြစ်တယ်။ စာလွှာဖြစ်တယ်။ အမျိုးမျိုးသုံးကြပေမဲ့ အများဆုံးက စာအုပ်ဖြစ်မယ်ထင်ပါတယ်။
    ခေါက်ယပ်တောင်ကိုလည်း အမျိုးမျိုး သုံးပါတယ်။ Kiseru (ခီစဲလု) လို့ခေါ်တဲ့ ဂျပန် ဆေးတံ အဖြစ်သုံးတာ၊ နောက်ပြီး အစာစားတဲ့ တူ အဖြစ်သုံးတာမျိုး။ ထင်ရှားတဲ့ ဟန်ပန်တစ်မျိုးက ဆိုးဘခေါက်ဆွဲစားပုံပါ။

    ကိုငယ် -- ရေဒီယိုဆိုတော့ ကိုယ်နေဟန်ထားတွေကို မပြနိုင်တာကြောင့် ကိုယ်နေဟန်ထားကို အဓိကထားတဲ့ တချို့ လာကုဂိုးဇာတ်လမ်းတွေကို ရေဒီယိုမှာတင်ဆက်တဲ့အခါ အရသာသိပ်ပြီး မခံစားနိုင်တာမျိုး ရှိပါတယ်။

    Katsura Nobita -- လာကုဂိုးဇာတ်လမ်းပေါင်း ၃၀၀ လောက်၊ သေသေချာချာ ရှာကြည့်ရင် ဒီထက်မက ရှိပါတယ်။ ကိုယ်နေဟန်ထား များတဲ့ ဇာတ်လမ်းမျိုးရှိသလို အသံကိုပဲ အဓိကထားတာလည်း ရှိတာကြောင့် အဲဒီလို ရေဒီယိုနဲ့ သင့်တော်တဲ့ ဇာတ်လမ်းမျိုးက ကောင်းမယ်ထင်ပါတယ်။

    ခရီးကြမ်းမှာ ပွင့်လန်းလာမယ့် အိပ်မက်များ

    ကိုငယ် -- လာကုဂိုးဟာ အတော်လေး ခက်ခဲပင်ပန်းတဲ့ လောကတစ်ခုပဲနော်။ ဒီအလုပ်မှာ ပျော်ရွှင်ကြည်နူးရတဲ့အချိန်မျိုးရော ရှိပါသလား။

    Katsura Nobita -- ပြောနေစရာတောင် လိုမယ်မထင်ပါဘူး။ ကျေနပ်အားရနေကြတဲ့ ပရိသတ်တွေရဲ့ ရယ်ပြုံးနေတဲ့ မျက်နှာတွေကို တွေ့ရတဲ့အချိန်ပေ့ါ။ တကယ်ပါပဲ။ ပရိတ်သတ်တွေရဲ့ အပြုံးမျက်နှာတွေကို တွေ့ရတဲ့အချိန်က ဘာနဲ့မှ နှိုင်းယှဉ်လို့ မရပါဘူး။ ကြိုးစားပမ်းစားလုပ်ခဲ့တာ ကောင်းလေစွလို့ ။ ဒါထက်သာတာ ဘာရှိဦးမှာလဲခင်ဗျာ။
    အခု ကျွန်တော် ဇာတ်လမ်း ၄၈ ပုဒ်လောက် ရထားပါပြီ။ ပျမ်းမျှ တစ်လမှာ တစ်ပုဒ်နှုန်း ဆိုတာ ပုံမှန်ဖြစ်ပါတယ်။ ဒါကြောင့် အခုဆို ၄၈ ပုဒ်တောင် အလွတ်ရနေပြီမို့ ၄၈ လ စာ ကြိုးစားခဲ့သမျှကို စွန့်ပစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
    Zenza အဆင့် ပညာသင်တုန်းက ဆရာက "အလုပ်ထွက်ချင်ရင် စောစောစီးစီး ထွက်တာကောင်းတယ်" လို့ ပြောခဲ့တယ်။ အဲဒါမှန်ပါတယ်။ ဇာတ်လမ်းတွေအများကြီး မှတ်မိသွားမှတော့ ရပ်ပစ်မယ်ဆိုရင်တောင် ရပ်လို့ မရတော့ဘူးလေ။ နောက်ပြီး ဒီလောကဆိုတာ ကိုယ်ပိုင်အရည်အချင်းက အရာရာကို အဆုံးအဖြတ်ပေးတာကြောင့် ကိုယ့်မှာ အရည်အချင်းမရှိရင် တကယ်ပဲ အောင်မြင်မှု မရနိုင်ပါဘူး။

    ကိုငယ် -- နို့ဘိတာစန်ရဲ့ အနာဂတ် အိပ်မက်ကိုလည်း သိပါရစေ။

    Katsura Nobita -- အိပ်မက်လို့ဆိုတာထက် လူအများကြီး ကျွန်တော့်ရဲ့ လာကုဂိုး ဖျော်ဖြေမှုကို နားဆင်ကြစေချင်တယ်ဆိုတဲ့ ခံစားချက် ခိုင်ခိုင်မာမာ ရှိထားပါတယ်။ ကျွန်တော့်နာမည်ကို မှတ်မိစေချင်ပါတယ်။
    အခု ကျွန်တော်က Zenza အဆင့်မှာမို့ Nobita ဆိုတဲ့ နာမည် ဖြစ်ပေမဲ့ အဆင့်တက်ပြီး Futatsume ဖြစ်လာရင် နာမည်ပြောင်းရမှာ ဖြစ်ပါတယ်။ Nobita ကနေ *ချောနိုဂျိ* ဆိုပြီး နာမည်ပြောင်းရင်ကောင်းမလားလို့ စဉ်းစားထားပါတယ်။
    ဒါက ပထမဆရာ Tyokarou Baraku ရဲ့ Futatsume အဆင့်တုန်းက နာမည်က Katyo ဖြစ်ခဲ့တာကြောင့် အဲဒီကနေ "ချော" ဆိုတဲ့ တစ်လုံးကိုယူလိုက်ပြီး လက်ရှိဆရာ Katsura Sinzi ဆီက "ဂျိ" ဆိုတဲ့စာလုံးကို နောက်ဆုံးမှာထား ၊ ကြားထဲမှ Nobita ရဲ့ "နို" ကို ထည့်လိုက်ပြီး "ချောနိုဂျိ" လို့ ပြောင်းမယ် စိတ်ကူးတာပါ။
    Nobita ဆိုတဲ့ မှတ်ရလွယ်တဲ့ နာမည်ကနေ မှတ်ရခက်နိုင်တဲ့ နာမည်ဖြစ်လာမှာ ဆိုပေမဲ့ အားလုံး သေသေချာချာ မှတ်ထားပေးကြပါ။ ပြီးတော့ ကျွန်တော့်ရဲ့ လာကုဂိုး ဖျော်ဖြေမှုကို လာပြီးကြည့်ရှုအားပေးကြရင် အတိုင်းထက်အလွန်ပါပဲ။ ကျွန်တော့်ဆရာဆီက ခွင့်ပြုချက်ယူပြီး တိုကျိုမြို့၊ ရှင်ဂျုကု မြို့နယ်မှာ တစ်လ တစ်ကြိမ် Rakugokai ဖျော်ဖြေပွဲကို ကျင်းပနေပြီး ပရိသတ်တွေရဲ့ ရှေ့မှာ လာကုဂိုးဇာတ်လမ်းတွေကို တင်ဆက်နေပါတယ်။
    အခုလောလောဆယ်မှာ ကျွန်တော်ကတော့ Zenza အဆင့်ပဲ ရှိသေးလို့ အင်တာနက်မှာ လာကုဂိုးဇာတ်လမ်းကို လွှင့်လို့ မရသေးပါဘူး။ Futatsume အဆင့်ကိုတက်ပြီးရင်တော့ အင်တာနက်ကနေ တင်ဆက်တာ လုပ်ခွင့်ရမယ်လို့ ထင်ပါတယ်။

    ကိုငယ် -- နို့ဘိတာစန်က တစ်ဆင့်ပြီးတစ်ဆင့် အိပ်မက်တွေ အကောင်အထည်ပေါ်လာတာကို အားပေးနေပါတယ်။ နာမည်ပြောင်းပြီး အင်တာနက်ကနေ တင်ဆင်ခွင့်ရမယ်ဆိုရင် မြန်မာသောတရှင်တွေလည်း ကြည့်ရှုအားပေးနိုင်ကြမို့ စောင့်မျှော်ကြပါ။

    ※ဤဆောင်းပါးသည် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့တွင် ထုတ်လွှင့်ခဲ့သည့် NHK WORLD-JAPAN ၏ မြန်မာဘာသာ ရေဒီယိုအစီအစဉ်ကို အခြေခံထားခြင်းဖြစ်ပြီး လာကုဂိုး ပညာရှင် Katsura Nobita သည် ယခုအခါ "桂蝶の治" (ခါ့ဆုရာ ချောနိုဂျိ -Katsura Tyonozi) ဟု အမည်ပြောင်းလှုပ်ရှားနေပြီဖြစ်ပါသည်။