အဆိုတော် Taylor Swift ရဲ့ ဖြေဖျော်ရေးခရီးစဉ် ဂျပန့် စီးပွားရေးအတွက် ယန်း ၃၄ ဘီလီယံ အကျိုးဖြစ်ပေါ်စေခဲ့တယ်လို့ ခန့်မှန်း

အမေရိကန် ပေါ့ပ်အဆိုတော် Taylor Swift ဟာ ဂျပန်နိုင်ငံရဲ့ စီးပွားရေးကို သိသိသာသာ မြှင့်တင်ပေးခဲ့တယ်လို့ စီးပွားရေးပညာရှင်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက တိုကျိုမှာ Taylor Swift ရဲ့ ၄ ရက်ကြာ ဖျော်ဖြေပွဲတွေက စီးပွားရေးအရ ယန်း ၃၄ ဘီလီယံကျော် တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၂၂၈ သန်းလောက် အကျိုးဖြစ်ထွန်းစေခဲ့တယ်လို့ စီးပွားရေးပညာရှင် Eto Mitsumasa က ပြောပါတယ်။

လက်မှတ်ရောင်းချမှုရဲ့ သက်ရောက်မှုဟာ ယန်း ၅.၄ ဘီလီယံလောက် တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၃၆ သန်းလောက်ရှိပါတယ်။ ဆက်စပ်ကုန်ပစ္စည်းရောင်းရငွေက ယန်း ၃.၄ ဘီလီယံ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၂၃ သန်းလောက် ရှိပါတယ်။

မြို့ခံမဟုတ်တဲ့ ပရိသတ်တွေရဲ့ တည်းခိုနေထိုင်မှု၊ သယ်ယူပို့ဆောင်ရေးနဲ့ တခြားဝန်ဆောင်မှုတွေအတွက် အသုံးစရိတ်တွေနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် ယန်း ၁၅.၆ ဘီလီယံ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၁၀၅ သန်းနီးပါး စီးပွားရေးကို လှုံ့ဆော်ပေးခဲ့တယ်လို့ ယုံကြည်ရပါတယ်။

အကျိုးဆက်တွေထဲမှာ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေက အလုပ်သမားတွေလုပ်ခအပိုဝင်ငွေ ရရှိမှုလည်း ပါဝင်ပါတယ်။

မစ္စတာ Eto ဟာ Tokyo City တက္ကသိုလ်မှာ အချိန်ပိုင်း ကထိကဖြစ်ပါတယ်။ Taylor Swift ရဲ့ ဖျော်ဖြေပွဲတွေကို ကြည့်ရှုဖို့ နိုင်ငံရပ်ခြားက ပရိသတ်အများအပြား လာရောက်ကြတာကြောင့် စီးပွားရေးအရ အကျိုးသက်ရောက်မှုရဲ့အမှန်တကယ်အနေအထားဟာ ပိုပြီးကြီးမားနိုင်တယ်လို့ သူက ယုံကြည်နေပါတယ်။

Taylor Swift ရဲ့ အမေရိကန်ဖျော်ဖြေပွဲခရီးစဉ်ဟာ အမေရိကန်စီးပွားရေးအတွက် ဒေါ်လာ ၅ ဘီလီယံအထိ လှုံ့ဆော်ပေးခဲ့တယ်လို့ ခန့်မှန်းရပါတယ်။