Donald Trump ရဲ့ မှတ်ချက်တွေကို ဥရောပရှိ NATO မဟာမိတ်တွေ အပြစ်တင်

အမေရိကန်သမ္မတဟောင်း Donald Trump က NATO အဖွဲ့ဝင်တွေနဲ့ ပတ်သက်ပြီး ပေးခဲ့တဲ့ အငြင်းပွားဖွယ်ရာ မှတ်ချက်တွေက ဥရောပခေါင်းဆောင်တွေဆီကနေ အပြစ်တင်မှုတွေ ထွက်ပေါ်လာစေခဲ့ပါတယ်။

မစ္စတာ Trump က သူသမ္မတဖြစ်ခဲ့စဉ်က NATO မဟာမိတ်တွေဟာ ကာကွယ်ရေးဆိုင်ရာ အသုံးစရိတ်တွေကို မျှတစွာခွဲဝေကျခံတာမျိုးမလုပ်ဘူးဆိုရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ မဟာမိတ်တွေကို ရုရှားရဲ့ တိုက်ခိုက်လာနိုင်ခြေကနေ ကာကွယ်နိုင်မှာ မဟုတ်ဘူးဆိုတာ ပြောခဲ့တယ်လို့ စနေနေ့က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
တနင်္လာနေ့မှာတော့ ဂျာမန်ဝန်ကြီးချုပ် Olof Scholz က သတင်းထောက်တွေကို ပြောဆိုရာမှာ NATO ရဲ့ အကာအကွယ်ပေးရေး ကတိစကားဟာ အားလုံးအတွက် တစ်ခုတည်းသာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
NATO ရဲ့ အကူအညီပေးမှုအာမခံချက်ကို ဘယ်လိုပြန်သုံးသပ်မှုပဲဖြစ်ဖြစ် တာဝန်မဲ့ပြီး အန္တရာယ်ရှိတယ်ဆိုတာနဲ့ အဲဒါဟာ ရုရှားရဲ့ အကျိုးစီးပွားသက်သက်အတွက်သာ ဖြစ်တယ်လို့ သူက ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။
နယ်သာလန်ကာကွယ်ရေးဝန်ကြီး Kajsa Ollongren က Reuters သတင်းအေဂျင်စီကို တနင်္လာနေ့က ပြောဆိုရာမှာ မစ္စတာ Trump ရဲ့ ပြောဆိုချက်ဟာ ရုရှားသမ္မတ Vladimir Putin ကြားလိုတဲ့အရာနဲ့ ကွက်တိပဲဖြစ်တယ်လို့ ဆိုပါတယ်။
မီးစ် Ollongren က "ကျမတို့ရဲ့ အင်အားက ညီညွတ်မှုပါ၊ ကျမတို့ မညီညွတ်လို့ရှိရင် အဲဒါက ကျမတို့ကို အားနည်းသွားအောင် လုပ်သွားမှာ" ဖြစ်တယ်လို့ ပြောပါတယ်။
NATO အဖွဲ့ဝင် အများအပြားဟာ သူတို့ရဲ့ ကာကွယ်ရေးအတွက် အမေရိကန်ပြည်ထောင်စုအပေါ် မှီခိုတယ်လို့ ဆိုလိုက်ပြီး သူသမ္မတ ဖြစ်ခဲ့ချိန်တုန်းက မကျေနပ်ဘူးဆိုတာ မစ္စတာ Trump က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။