ဂျပန်နိုင်ငံရဲ့ လက်ကားအရောင်းအဝယ်ဆိုင်ရာ ငွေကြေးဖောင်းပွမှု ၃ လမြောက်အဖြစ် ၁ ရာခိုင်နှုန်းအောက် ကျဆင်းနေ

ဇန်နဝါရီလအတွက် ဂျပန်က လက်ကား အရောင်းအဝယ်စျေးနှုန်း ဖောင်းပွမှုဟာ အနည်းငယ်ပြောင်းလဲခဲ့ပြီး ၃ လဆက်တိုက်အဖြစ် ၁ ရာခိုင်နှုန်းအောက်မှာ ရှိနေပါတယ်။

အဲဒီလအတွက် ထုတ်လုပ်သူစျေးနှုန်း ကနဦးအညွှန်းကိန်းဟာ နှစ်အလိုက်နှိုင်းယှဉ်ရာမှာ ၀.၂ ရာခိုင်နှုန်း တက်လာတယ်လို့ ဂျပန်ဗဟိုဘဏ်က ပြောပါတယ်။

ဒီအညွှန်းကိန်းဟာ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေအတွက် ကုမ္ပဏီအချင်းချင်းအကြား တောင်းခံတဲ့စျေးနှုန်းတွေကို တွက်ချက်ထားပြီး စွမ်းအင်နှင့် ကုန်ကြမ်းဆိုင်ရာ ကုန်ကျစရိတ် အတက်အကျတွေကို ရောင်ပြန်ဟပ်ထားပါတယ်။

ဇန်နဝါရီလအတွက် အခုနောက်ဆုံးရ လျှပ်စစ်၊ ဓာတ်ငွေ့နဲ့ ရေဈေးနှုန်းတွေဟာ ၂၇ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ ကျဆင်းမှုဟာ အဓိကအားဖြင့် အစိုးရရဲ့ ထောက်ပံ့မှုတွေကြောင့် ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ အမြင့်ဆုံး ၁၀ ရာခိုင်နှုန်းကျော် တက်လာပြီးနောက်ပိုင်း လက်ကား အရောင်းအဝယ်ဈေးနှုန်း ဖောင်းပွမှုဟာ မနှစ်က တစ်နှစ်တာအတွင်း အများအားဖြင့် အရှိန်လျော့ကျလာခဲ့ပါတယ်။