နှင်းတွေကျနေတဲ့ ဟော့ကိုင်းဒိုးမှာ ကလေးတွေက အစ်ဂလူး နှင်းအိမ်ပြုလုပ်ကြ

ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးမှာရှိတဲ့ ကလေးတွေဟာ ကနေဒါနိုင်ငံက ဌာနေတိုင်းရင်းသား Inuit လူမျိုးတွေတည်ဆောက်တဲ့ နှင်းအိမ် အစ်ဂလူးကို သူတို့ကိုယ်တိုင်ကြိုးစားပြုလုပ်ခဲ့ပါတယ်။

အမြတ်အစွန်းပဓာနမထားတဲ့ အဖွဲ့တစ်ဖွဲ့က အဲဒီပွဲကို Abashiri မြို့မှာ သီတင်းပတ်ကုန်က ပြုလုပ်ခဲ့ပြီး ကလေး ၁၆ ဦး ပါဝင်ခဲ့ပါတယ်။
ကလေးတွေဟာ နှင်းတုံးတွေပြုလုပ်ဖို့အတွက် မာကျောသွားအောင် အရင်ဆုံးအနေနဲ့ နှင်းတွေပေါ်ကို နင်းခဲ့ကြပါတယ်။
အဲဒီနောက် သူတို့ဟာ အမိုးခုံးပုံ အစ်ဂလူးနှစ်ခုကို တည်ဆောက်ဖို့ နှင်းတုံးတွေကို စုပြီး အစွန်းတွေကို ဖြတ်တောက်ခဲ့ကြပါတယ်။ ပိုပြီးကြီးတဲ့နှင်းအိမ်ဟာ အချင်း ၃ မီတာ၊ အမြင့် ၁.၈ မီတာ ရှိပါတယ်။
လာမယ့်သီတင်းပတ်ထဲမှာ အဲဒီ အစ်ဂလူးနှင်းအိမ်တွေမှာ ညအိပ်စခန်းချဖို့ ကလေးတွေကို ဖိတ်ခေါ်မှာ ဖြစ်ပါတယ်။
မူလတန်းကျောင်းသားလေးတစ်ဦးက နှင်းတုံးတွေကို ပြုလုပ်ရတာ ခက်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အဲဒီအစ်ဂလူးနှင်းအိမ်ထဲ အိပ်ဖို့ မျှော်လင့်ထားတယ်လို့ သူက ဖြည့်စွက် ပြောဆိုပါတယ်။
အဲဒီ အမြတ်အစွန်းပဓာနမထားတဲ့အဖွဲ့က အဖွဲ့ဝင်တစ်ဦးက ဆောင်းရာသီအပါအဝင် ရာသီတိုင်းမှာ ကလေးတွေ အပြင်မှာထွက်ကစားစေချင်တယ်လို့ ပြောပါတယ်။ အအေးဒဏ်ခံနိုင်အောင် နှင်းတွေကို သုံးနိုင်တယ်ဆိုတာ ကလေးတွေကို သူသိစေချင်တယ်လို့ ဖြည့်စွက် ပြောဆိုပါသေးတယ်။