အရှေ့တောင်အာရှ ၄ နိုင်ငံအတွက် ရေကြောင်းလုံခြုံရေး ပံ့ပိုးပေးဖို့ ဂျပန် စီစဉ်နေ

ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဗီယက်နမ်နိုင်ငံတွေက ရေကြောင်းအာဏာပိုင်တွေကို ရေရှည်ပံ့ပိုးကူညီဖို့ ဂျပန်နိုင်ငံက စီစဉ်နေပါတယ်။ ဒါဟာ တောင်တရုတ်ပင်လယ်မှာ ကြီးထွားလာနေတဲ့ တရုတ်ရဲ့ တစ်ဖက်သတ်လုပ်ဆောင်မှုတွေကို တန်ပြန်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ဟာ ဂျပန်အစိုးရက လုံခြုံရေးဆိုင်ရာ ဦးစားပေးအဖြစ် သတ်မှတ်ထားတဲ့ အဲဒီ ၄ နိုင်ငံကို ပံ့ပိုးကူညီဖို့ ၁၀ နှစ် စီမံကိန်းတစ်ခုကို ရေးဆွဲမှာဖြစ်တယ်လို့ NHK က သိရှိရပါတယ်။

ပြီးခဲ့တဲ့လမှာ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားမှာ ကွင်းဆင်းစစ်တမ်းတွေ ကောက်ယူခဲ့ပါတယ်။ မလေးရှားနဲ့ ဗီယက်နမ်တို့မှာလည်း ဧပြီလဝန်းကျင်မှာ အလားတူလုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။

နိုင်ငံတစ်ခုချင်းကို ဒရုန်းတွေ၊ ရေဒါစနစ်တွေနဲ့ ကင်းလှည့်သင်္ဘောတွေ ပံ့ပိုးပေးဖို့နဲ့ လူ့စွမ်းအားအရင်းအမြစ် ပျိုးထောင်ရေးတွေကို ဆွေးနွေးမှာဖြစ်ပါတယ်။

အသေးစိတ်အစီအစဉ်ကို လာမယ့်နှစ် မတ်လမှာ အပြီးသတ်ဖို့ ရှိပါတယ်။

တောင်တရုတ်ပင်လယ်အားလုံးနီးပါးကို သူတို့ထိန်းချုပ်ခွင့်ရှိတယ်လို့ တရုတ်က ဆိုနေပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်က အဲဒီဒေသမှာ တရုတ်ကမ်းခြေစောင့်တပ်ကို အင်အားသုံးခွင့်ပြုတဲ့ ဥပဒေတစ်ရပ်ကို တရုတ်အစိုးရက ပြဋ္ဌာန်းခဲ့ပြီး တခြားနိုင်ငံတွေက အထူးသတိထားနေကြပါတယ်။