ငလျင်ဘေးသင့် Suzu မြို့မှာ ဘတ်စကားလမ်းကြောင်းတချို့ ဝန်ဆောင်မှု တစ်စိတ်တစ်ပိုင်း ပြန်လည်စတင်

အီရှိခါဝ ခရိုင် Suzu မြို့က ဘတ်စကားကွန်ရက်တစ်ခုကို အင်္ဂါနေ့မှာ တစ်စိတ်တစ်ပိုင်း ပြန်လည်ပြေးဆွဲခဲ့ပါတယ်။ ဂျပန်နိုင်ငံအလယ်ပိုင်းမှာ ဇန်နဝါရီ ၁ ရက်နေ့က ပြင်းထန်တဲ့ ငလျင်လှုပ်ခဲ့ပြီးနောက် ဘတ်စကားတချို့ ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ပြေးဆွဲနေပါတယ်။

အဲဒီ ဘတ်စကားကွန်ရက်မှာ လမ်းကြောင်း ၈ ခုရှိပါတယ်။ စီမံခန့်ခွဲတဲ့ ကုမ္ပဏီရဲ့ ဘတ်စကား ၉ စီးထဲက ၂ စီး ဆူနာမီကြောင့် ပျက်စီးခဲ့တဲ့အတွက် လမ်းကြောင်းအားလုံးမှာ ဝန်ဆောင်မှုတွေကို ရပ်ဆိုင်းခဲ့ရပါတယ်။ လမ်းအများအပြား ပိတ်နေတာကြောင့် တခြားဘတ်စကားတွေကိုလည်း အသုံးမပြုနိုင်ခဲ့ပါဘူး။

နေ့စဉ်လိုအပ်တာတွေရရှိဖို့ အများသုံး သယ်ယူပို့ဆောင်ရေးကို အားကိုးနေရတဲ့ ဘေးဒဏ်ကလွတ်မြောက်လာသူတွေရဲ့ တောင်းဆိုမှုတွေကြောင့် အခုလို ဝန်ဆောင်မှု တစ်စိတ်တစ်ပိုင်း ပြန်စတင်ဖို့ ဖြစ်လာခဲ့ပါတယ်။ တချို့လမ်းတွေ ပြန်ဖွင့်ခဲ့တာကြောင့် အခုလို ပြန်လည်စတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အင်္ဂါနေ့က လမ်းကြောင်း ၅ ခုမှာ ဝန်ဆောင်မှုတွေကို ပြန်လည်စတင်ခဲ့ပါတယ်။ ဒါပေမဲ့ လမ်းအခြေအနေတွေကြောင့် တချို့ လမ်းကြောင်းတွေကိုပြောင်းလဲခဲ့ပါတယ်။ ပြန်လည်စတင်ခဲ့တဲ့အထဲမှာ ကျောင်းတွေနဲ့ အထွေထွေဆေးရုံတစ်ရုံရဲ့ ကားဂိတ်တွေရှိတဲ့ လမ်းကြောင်းတွေ ပါဝင်ပါတယ်။

စီမံခန့်ခွဲတဲ့ ကုမ္ပဏီဟာ အင်္ဂါနဲ့ ကြာသပတေးနေ့တွေမှာ မြို့အုပ်ချုပ်ရေးရုံးနဲ့ တိမ်းရှောင်ရေးစခန်းတွေအကြား အထူးဝန်ဆောင်မှုတွေကိုလည်း ပေးနေပါတယ်။