အရှုပ်တော်ပုံနဲ့ လုံးထွေးနေတဲ့ Daihatsu ကုမ္ပဏီ ပြည်တွင်းထုတ်လုပ်မှု တစ်စိတ်တစ်ပိုင်း ပြန်စ

Daihatsu Motor ကုမ္ပဏီဟာ တစ်လခွဲကြာ ရပ်ဆိုင်းထားခဲ့တဲ့ ပြည်တွင်းထုတ်လုပ်မှုကို ပြန်လည်စတင်လိုက်ပြီ ဖြစ်ပါတယ်။ အသိအမှတ်ပြုလက်မှတ်ရရှိဖို့ စမ်းသပ်စစ်ဆေးမှုတွေကို မမှန်မကန်ပြုလုပ်ထားတယ်ဆိုတဲ့ အစီရင်ခံချက်တွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် Daihatsu ဟာ ဂျပန်နိုင်ငံတွင်း ထုတ်လုပ်မှုအားလုံးကို ရပ်ဆိုင်းခဲ့ပါတယ်။

တိုယိုတာ အမှတ်တံဆိပ်တပ် Probox နဲ့ မာဇဒါ တံဆိပ်ပါ Familiavan မော်တော်ယာဉ်တွေကို တနင်္လာနေ့ကစပြီး ကျိုတိုခရိုင်မှာရှိတဲ့ ကုမ္ပဏီရဲ့ စက်ရုံတွေကနေ စတင်ထုတ်လုပ်နေပြီဖြစ်ပါတယ်။
Daihatsu ရဲ့ လက်အောက်ခံကုမ္ပဏီ Daihatsu Motor Kyushu ဟာ တခြားမော်ဒယ် ၁၀ မျိုးကိုလည်း ဖေဖော်ဝါရီ ၂၆ ရက်နေ့ကစပြီး ထုတ်လုပ်မှုတွေ ပြန်စဖို့ကိုလည်း ဆုံးဖြတ်ထားပါတယ်။
မမှန်မကန်ပြုလုပ်ထားတယ်ဆိုတာတွေ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် Daihatsu ဟာ သူ့ရဲ့ ပြည်တွင်းစက်ရုံ ၄ ခုစလုံးကို ဒီဇင်ဘာလနှောင်းပိုင်းကစပြီး ပိတ်ခဲ့ပါတယ်။ တချို့ မော်တော်ယာဉ် မော်ဒယ်တွေဟာ စံချိန်စံညွှန်းတွေနဲ့ကိုက်ညီတယ်ဆိုတာ အတည်ပြုပြီးတဲ့နောက် ဂျပန်အစိုးရဟာ နောက်ပိုင်းမှာ ယာယီတားမြစ်ပိတ်ပင်ချက်ကို ရုတ်သိမ်းခဲ့ပါတယ်။
Daihatsu ရဲ့ နာမည်ကျော်မော်ဒယ် Tanto အပါအဝင် တခြားမော်ဒယ်တွေကိုတော့ အစိုးရက ဆက်လက်စိစစ်နေဆဲ ဖြစ်ပါတယ်။
အဲဒီကားတွေထုတ်လုပ်မှုကို အနည်းဆုံး မတ်လ ၁ ရက်နေ့အထိ ရပ်နားထားဖို့ Daihatsu Motor က စီစဉ်ထားပါတယ်။