အမတ် ၈၂ ဦး ရန်ပုံငွေပွဲလက်မှတ် ဝင်ငွေ အစီရင်ခံဖို့ ပျက်ကွက်ခဲ့တယ်လို့ LDP ဆို

ဂျပန်ရဲ့ အဓိကအာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) က သူ့ရဲ့ လွှတ်တော်အမတ် ၈၂ ဦးဟာ ရန်ပုံငွေပွဲလက်မှတ်တွေ ရောင်းလို့ရတဲ့ ဝင်ငွေကို စာရင်းတင်ဖို့ ပျက်ကွက်ခဲ့တယ် ဒါမှမဟုတ် မှန်မှန်ကန်ကန်စာရင်းမတင်ခဲ့ဘူးဆိုတာ အတိုက်အခံပါတီကို အင်္ဂါနေ့မှာ အသိပေးလိုက်ပါတယ်။

LDP ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က လွှတ်တော်တွင်းက သူ့ရဲ့ အမတ် ၃၇၄ ဦးစလုံးရော လာမယ့်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ စီစဉ်ထားတဲ့ ပါတီဌာနခွဲ ၁၀ ခုက အကြီးအကဲတွေကိုပါ သဘောထားစစ်တမ်းကောက်ယူခဲ့ပါတယ်။
ပါတီတွင်းအုပ်စုရဲ့ ရန်ပုံငွေရှာဖွေပွဲလက်မှတ်ရောင်းရတဲ့ ဝင်ငွေတွေကို အစီရင်မခံတာမျိုး ရှိသလားဆိုတာ မေးမြန်းခဲ့ပါတယ်။ အဲဒီလို အစီရင်မခံတာ ရှိခဲ့ရင် သူတို့ဟာ ၂၀၂၂ ခုနှစ်အထိ ၅ နှစ်တာကာလအတွက် နှစ်စဉ်ရရှိခဲ့တဲ့ ဝင်ငွေပမာဏကို ထုတ်ပြန်ဖို့ တောင်းဆိုခံထားရပါတယ်။
လွှတ်တော်အမတ် ၈၂ ဦးနဲ့ ပါတီဌာနခွဲ ၃ ခုက အကြီးအကဲတွေဟာ ဝင်ငွေကို အစီရင်မခံတာ ဒါမှမဟုတ် အစီရင်ခံချက်တွေကို မမှန်မကန်ပြုလုပ်ထားတယ်လို့ LDP က ဆိုပါတယ်။
ပါတီအထွေထွေအတွင်းရေးမှူးဟောင်း Nikai Toshihiro ဟာ ယန်း ၃၅.၂၆ သန်း အမေရိကန်ဒေါ်လာနဲ့ဆိုရင် ၂၄၀,၀၀၀ လောက်ကို အစီရင်မခံတာ ဒါမှမဟုတ် လျှော့ပြတာတွေရှိပြီး ထိပ်ဆုံးမှာရှိပါတယ်။
ပါတီမူဝါဒရေးရာ အကြီးအကဲဟောင်း Hagiuda Koichi ဟာ ယန်း ၂၇.၂၈ သန်း အမေရိကန်ဒေါ်လာနဲ့ဆိုရင် ၁၈၀,၀၀၀ လောက် ရှိပါတယ်။
အဲဒါအပြင် တချို့ ပါတီတွင်းအုပ်စုတွေက အဲဒီအစီရင်ခံချက်တွေဟာ မမှန်မကန်ဘူးဆိုပါတယ်။ အကြောင်းရင်းကတော့ ရန်ပုံငွေပွဲလက်မှတ်အရောင်းရနေရတဲ့ ဖြတ်စားလပ်စား ငွေကို အစီရင်မခံဖို့ အမတ်တွေကို ပါတီတွင်းအုပ်စုတွေက တိုက်တွန်းထားခဲ့တဲ့အတွက် ဖြစ်ပါတယ်။