ယူကရိန်းရှုံးနိမ့်ခဲ့ရင် လူတွေ အစုလိုက်အပြုံလိုက် ထွက်ခွာကြလိမ့်မယ်လို့ ဂျာမနီအစိုးရ ခန့်မှန်းထားကြောင်း Die Welt သတင်းစာက ဆို

ယူကရိန်းအနေနဲ့ တကယ်လို့ ရုရှားကို ရှုံးနိမ့်ခဲ့မယ်ဆိုရင် လူပေါင်း ဆယ်သန်း လောက် နိုင်ငံထဲကနေ ထွက်ခွာလိမ့်မယ်လို့ ဂျာမနီအစိုးရက ယူဆကြောင်း ဂျာမန်သတင်းစာ Die Welt က ပြောလိုက်ပါတယ်။

အဲဒီသတင်းစာက ဂျာမနီလုံခြုံရေးသတင်းရင်းမြစ်တွေကို ကိုးကားပြီး စနေနေ့က အွန်လိုင်းကနေ ဖော်ပြခဲ့ပါတယ်။ ဒုက္ခသည်အများစုဟာ ဂျာမနီအပါအဝင် အနောက်ဥရောပက နိုင်ငံတွေကို ဦးတည်သွားကြလိမ့်မယ်လို့လည်း အဲဒီသတင်းစာမှာ ဖော်ပြထားပါတယ်။
တကယ်လို့ ယူကရိန်းအတွက် ပံ့ပိုးမှု ဗျူဟာကို မပြောင်းလဲဘူးဆိုရင် အဆိုးဆုံး အခြေအနေ အနေနဲ့ ယူကရိန်းကနေ အစုလိုက်အပြုံလိုက် ထွက်ခွာမှုနဲ့ NATO အဖွဲ့ဝင် နိုင်ငံတွေဆီကို စစ်ရေးချဲ့ထွင်မှု ဖြစ်လာနိုင်ခြေများတယ်လို့ ဂျာမနီလွှတ်တော်အမတ်တစ်ဦးကို ကိုးကားပြီး Die Welt သတင်းစာက ဖော်ပြခဲ့ပါတယ်။
အမေရိကန်က ယူကရိန်းကို ပံ့ပိုးမှုတွေ ဆက်ပေးမှာလားဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးတဲ့အတွက် ယူကရိန်းအတွက် စစ်ရေးအရ ပံ့ပိုးမှု တိုးမြှင့်လုပ်ဆောင်နေတဲ့ ဥရောပနိုင်ငံတွေရဲ့ အရေးပါမှုကိုလည်း အဲဒီသတင်းစာက မှတ်ချက်ပြုခဲ့ပါတယ်။