အီဝတဲ့ခရိုင်မှာ ပန်းဂျုံခေါက်ဆွဲ အမြန်အစားပြိုင်ပွဲ COVID ကန့်သတ်ချက်တွေ မပါဘဲ ကျင်းပ

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း အီဝတဲ့ ခရိုင်မှာ အစားမြန်မြန်စားကြတဲ့သူတွေဟာ အကြိတ်အနယ်ယှဉ်ပြိုင်ရတဲ့ ပန်းဂျုံခေါက်ဆွဲကို အမြန်စားခဲ့ကြပါတယ်။

အဲဒီပွဲကို ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်တွေမပါဘဲ ကျင်းပတာဟာ လေးနှစ်အတွင်းမှာ ပထမဦးဆုံး ဖြစ်ပါတယ်။
နိုင်ငံလုံးဆိုင်ရာ ချန်ပီယံပြိုင်ပွဲကို Hanamaki မြို့မှာ တနင်္ဂနွေနေ့က ကျင်းပခဲ့ပါတယ်။ အဲဒီပွဲကို တစ်နိုင်ငံလုံးကနေ လာရောက်ယှဉ်ပြိုင်ကြတဲ့သူ ၁၈၀ ရှိခဲ့ပါတယ်။
ပန်းကန်လုံးသေးသေးလေးထဲက wanko-soba လို့ခေါ်တဲ့ ပန်းဂျုံခေါက်ဆွဲကို စားတာဟာ အီဝတဲ့ခရိုင်တွင်းက တချို့နေရာတွေရဲ့ ရိုးရာဓလေ့တစ်ခု ဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲအတွက် ပန်းဂျုံခေါက်ဆွဲထည့်ထားတဲ့ ပန်းကန်လုံးလေးတွေကို ပြင်ဆင်ထားပါတယ်။
ဆူမိုနပန်းပြိုင်ပွဲ ဒိုင်လူကြီးတစ်ဦးလို့ ဝတ်စုံဝတ်ထားတဲ့သူက ပွဲစဉ်တိုင်းမှာ စစားနိုင်ပြီဆိုတာကို အသံအကျယ်ကြီးနဲ့အော်ပြီး ဖွင့်လှစ်ပါတယ်။ အဲဒီနောက်မှာ ဝင်ပြိုင်သူတွေဟာ သတ်မှတ်အချိန်ကာလအတွင်း အဲဒီခေါက်ဆွဲတွေကို စားနိုင်သမျှများများစားနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ပန်းကန်လုံးလေးထဲ ခေါက်ဆွဲမရှိတော့တာနဲ့ ပြိုင်ပွဲဝင်သူတွေနားမှာရပ်နေတဲ့ ခေါက်ဆွဲဖြည့်ပေးသူက ပန်းကန်လုံးထဲကို မပြတ်တမ်းဖြည့်ပေးပါတယ်။
ပြိုင်ပွဲဝင်သူတွေရဲ့ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေသာမက တခြားလာရောက်ကြည့်ရှုကြတဲ့သူတွေက အားရပါးရနဲ့ အားပေးကြပါတယ်။ အရင်နှစ်တွေကဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု တားမြစ်ရေး အထောက်အကူဖြစ်စေဖို့အတွက် လာရောက်ကြည့်ရှုသူတွေဟာ အားပေးတာမျိုးကို မလုပ်ကြရပါဘူး။