ဖင်လန်နိုင်ငံ သမ္မတအသစ်က နေတိုးအဖွဲ့ဝင်ဖြစ်ရခြင်းရဲ့ အရေးပါမှုကို အလေးပေးပြောကြား

ဖင်လန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း Alexander Stubb ဟာ တနင်္ဂနွေနေ့က သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ကြောင်း ကြေညာခံခဲ့ရပြီးနောက် သူ့နိုင်ငံရဲ့ NATO အဖွဲ့ဝင်ဖြစ်ခြင်းရဲ့ အရေးပါမှုကို အလေးပေးပြောကြားလိုက်ပါတယ်။

ဇန်န၀ါရီလ သမ္မတ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိင်ခဲ့သူတွေဟာ ဘယ်သူကမှ အများစု မဲမရခဲ့တဲ့အတွက် သူတို့ထဲက ထိပ်တန်း သမ္မတလောင်း နှစ်ဦးဟာ နောက်တစ်ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
ဖင်လန်တရားရေး ဝန်ကြီးဌာနက ပြောကြားရာမှာ အာဏာရ ဗဟိုလက်ယာယိမ်း အမျိုးသား ညွန့်ပေါင်းအဖွဲ့ကို ဦးဆောင်သူ မစ္စတာ Stubb က ထောက်ခံမဲ ၅၁.၆ ရာခိုင်နှုန်း ရရှိခဲ့ပြီး ဗဟိုလက်ဝဲယိမ်း Green Party က နိုင်ငံခြားရေးဝန်ကြီးဟောင်း Pekka Haavisto က ၄၈.၄ ရာခိုင်နှုန်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။
မစ္စတာ Stubb ဟာ သက်တမ်း နှစ်ကြိမ် ဒါမှမဟုတ် ၁၂နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ သမ္မတ Sauli Niinisto ရဲ့နေရာကို ဆက်ခံရမှာ ဖြစ်ပါတယ်။
ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဖင်လန်နိုင်ငံဟာ ဆယ်စုနှစ်များစွာ ကိုင်စွဲလာခဲ့တဲ့ ဘက်မလိုက်မှုကို ပြီးခဲ့တဲ့နှစ် ဧပြီလက စွန့်လွှတ်ခဲ့ပြီး NATO ရဲ့ စစ်ရေးမဟာမိတ်အဖွဲ့ဝင်ခဲ့ပါတယ်။
မြို့တော် Helsinki မှာ ပြောကြားတဲ့ မိန့်ခွန်းတစ်ခုမှာ မစ္စတာ Stubb ဟာ စစ်အေးခေတ်လွန်ကာလဟာ ပြီးဆုံးသွားပြီဖြစ်တယ်လို့ ဆိုပါတယ်။
မစ္စတာ Stubb ဟာ ဖင်လန်နိုင်ငံရဲ့ ကာကွယ်ရေးဆိုင်ရာ မူဝါဒရဲ့ မဏ္ဍိုင်သုံးရပ်ဖြစ်တဲ့ ကာကွယ်ရေးအသုံးစရိတ်အနေနဲ့ GDP ရဲ့ ၂.၃ ရာခိုင်နှုန်း သုံးစွဲမှု၊ NATO အဖွဲ့ဝင်ဖြစ်မှုနဲ့ ဒီဇင်ဘာလမှာ အမေရိကန်ပြည်ထောင်စုနဲ့ ချုပ်ဆိုခဲ့တဲ့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုစာချုပ်တို့ကို ရည်ညွှန်းပြောဆိုခဲ့ပါတယ်။