အနောက်နိုင်ငံတွေရဲ့ အကူအညီသစ်တွေ မရရင် ယူကရိန်းလေကြောင်းကာကွယ်ရေး ကျဆင်းလာဖွယ်ရှိလို့ တွက်ဆ

အနောက်နိုင်ငံတွေကနေ နောက်ထပ်လက်နက်အထောက်အပံ့တွေ မရဘူးဆိုလို့ရှိရင် ရုရှားရဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို ဟန့်တားနိုင်ဖို့ ယူကရိန်းရဲ့ လေကြောင်းကာကွယ်ရေးစွမ်းရည်ဟာ ကျဆင်းလာဖွယ်ရှိတယ်လို့ တွက်ဆရပါတယ်။

ယူကရိန်းသမ္မတ Volodymyr Zelenskyy က သူ့နိုင်ငံရဲ့ လေကြောင်းကာကွယ်မှု တိုးတက်လာစေဖို့ စစ်ရေးအထောက်အပံ့သစ်တွေအတွက် အနောက်နိုင်ငံခေါင်းဆောင်တွေကို အကြိမ်ကြိမ်တောင်းဆိုနေခဲ့ပါတယ်။
ဒါပေမဲ့ ယူကရိန်းကို ပံ့ပိုးမှုတွေ အကြီးမားဆုံးပေးနေတဲ့ အမေရိကန်ပြည်ထောင်စုက ယူကရိန်းကို အထောက်အပံ့တွေပေးတာပါဝင်တဲ့ အရေးပေါ် ဘတ်ဂျက်ဥပဒေကြမ်းဟာ ကွန်ဂရက်မှာ ကြန့်ကြာနေတဲ့အတွက် ယူကရိန်းအစိုးရကို အထောက်အပံ့သစ်တွေ ပေးလို့မရသေးပါဘူး။
ယူကရိန်းဟာ အထောက်အပံ့သစ်တွေ မရဘူးဆိုရင် လေကြောင်းကာကွယ်ရေးကို နောက်လအထိပဲ လုပ်နိုင်မှာဖြစ်တယ်လို့ အမေရိကန်အရာရှိတွေက အကဲခတ်ဖြတ်ထားခဲ့တယ်လို့ New York Times သတင်းစာက သောကြာနေ့မှာ ဖော်ပြခဲ့ပါတယ်။
ယူကရိန်းသမ္မတ Zelenskyy ဟာ လက်ထောက်ကာကွယ်ရေးဝန်ကြီးဟောင်း Oleksandr Pavliuk ကို ယူကရိန်းမြေပြင်တပ်ဖွဲ့တွေရဲ့ ဦးစီးချုပ်သစ်အဖြစ် တနင်္ဂနွေနေ့က ခန့်အပ်ခဲ့ပါတယ်။
ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်ကို ချဉ်းကပ်မှုအသစ်တစ်ခု ဖြစ်ထွန်းလာစေဖို့ ကြိုးပမ်းတဲ့အနေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်ဦးစီးချုပ်အဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရတဲ့ Oleksandr Syrskyi နေရာမှာ Pavliuk ကို အစားထိုးခဲ့တာ ဖြစ်ပါတယ်။