အစ္စရေးရဲ့ Rafah မြို့မြေပြင်ထိုးစစ်အပေါ် ကမ္ဘာတစ်ဝန်းက အစိုးရတွေ စိုးရိမ်တယ်လို့ ပြောဆို

ဂါဇာကမ်းမြောင်တောင်ပိုင်းမှာရှိတဲ့ Rafah မြို့ကို မြေပြင်စစ်ဆင်ရေးပြုလုပ်မယ့် အစ္စရေးစစ်တပ်ရဲ့ အစီအစဉ်ကို ကမ္ဘာတစ်ဝှမ်းက အစိုးရတွေက စိုးရိမ်တဲ့အကြောင်း ထုတ်ဖော်ပြောဆိုနေခဲ့ကြပါတယ်။

အမေရိကန်သမ္မတ Joe Biden ဟာ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ တယ်လီဖုန်းဆက်သွယ်စကားပြောဆိုခဲ့တယ်လို့ အိမ်ဖြူတော်က တနင်္ဂနွေနေ့မှာ ကြေညာခဲ့ပါတယ်။
မစ္စတာ Biden က Rafah မြို့မှာ လုပ်မယ်စစ်ဆင်ရေးတွေဟာ "အဲဒီမှာ ခိုလှုံနေတဲ့ လူတစ်သန်းကျော်ရဲ့ ဘေးကင်းလုံခြုံရေးနဲ့ အထောက်အပံ့တွေ သေချာပေါက်ရစေရေးအတွက် ယုံကြည်ရလောက်ပြီး အကောင်ထည်ဖော်နိုင်တဲ့ အစီအစဥ်မရှိဘဲနဲ့ ရှေ့ဆက်မလုပ်ဆောင်သင့်ဘူး"ဆိုတဲ့ သူ့အမြင်ကို ထပ်လောင်းအတည်ပြုပြောခဲ့တယ်လို့ အိမ်ဖြူတော်က ဆိုပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား စေ့စပ်ညှိနှိုင်းမှုတွေအတွက် ကြားဝင်ဆောင်ရွက်သူအဖြစ်နဲ့ လုပ်ဆောင်နေတဲ့ အီဂျစ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကလည်း တနင်္ဂနွေနေ့မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
အခုလက်ရှိမှာ တိမ်းရှောင်လာသူ ပါလက်စတိုင်း ၁.၄ သန်းလောက် ခိုလှုံနေတဲ့ Rafah မြို့ကို ပစ်မှတ်ထားတိုက်ခိုက်မှုကို တားဆီးနိုင်ရေး နိုင်ငံတကာနဲ့ ဒေသတွင်း ဟန်ချက်ညီကြိုးပမ်းကြဖို့ အဲဒီကြေညာချက်ထဲမှာ တိုက်တွန်းထားပါတယ်။
အစ္စရေးက ဟားမတ်စ်တို့ရဲ့ ခြေကုပ်စခန်းရှိတယ်လို့ပြောတဲ့ Rafah မြို့ကို ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်ဖို့ လိုအပ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် Netanyahu က အလေးအနက် ပြောဆိုနေခဲ့ပါတယ်။
Rafah ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်လာရင် ဓားစာခံတွေ ပြန်လွှတ်ပေးရေး ညှိနှိုင်းဆွေးနွေးနိုင်မှာ မဟုတ်ဘူးလို့ ဟားမတ်စ် အကြီးတန်းအဖွဲ့ဝင်တစ်ဦးက သတိပေးထားပါတယ်။
Reuters သတင်းအေဂျင်စီက Rafah မြို့ကို အစ္စရေးရဲ့ လေကြောင်းထိုးစစ်ကြောင့် အနည်းဆုံး ၃၇ ဦး သေဆုံးပြီး ဒဏ်ရာရတဲ့သူ ဒါဇင်နဲ့ချီ ရှိခဲ့တယ်လို့ တနင်္လာနေ့မှာ အစီရင်ခံခဲ့ပါတယ်။
ဂါဇာမှာရှိတဲ့ ကျန်းမာရေးဆိုင်ရာ အာဏာပိုင်တွေက ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ကမ်းမြောင်ဒေသတွင်း အစ္စရေးတပ်ဖွဲ့တွေနဲ့ ဟားမတ်စ်တို့အကြား တိုက်ခိုက်မှုတွေစတင်ခဲ့ပြီးနောက်ပိုင်းသေဆုံးတဲ့သူ ၂၈,၁၇၆ ဦး ရှိသွားပြီလို့ ပြောပါတယ်။