ငလျင်ဒဏ်သင့် ဒေသတချို့မှာ သောက်သုံးရေပြန်လည်ရရှိပြီး ဒေသခံတွေ ရေစိမ်နိုင်ပြီဖြစ်

နှစ်ဆန်းတစ်ရက်နေ့မှာ လူအသေအပျောက်ရှိခဲ့တဲ့ ငလျင်ဒဏ်ခံခဲ့ရတဲ့ ဂျပန်နိုင်ငံအလယ်ပိုင်းက ဒေသတွေမှာ ပြန်လည်ထူထောင်ရေးကြိုးပမ်းမှုတွေကို အဆင့်ဆင့် ဆက်လက်လုပ်ဆောင်နေပါတယ်။

Ishikawa ခရိုင် Suzu မြို့မှာ ငလျင်လှုပ်ခတ်မှုကြောင့် ရေပေးဝေမှု ပြတ်တောက်ခဲ့ပါတယ်။ စနေနေ့မှာတော့ အိမ်ထောင်စု ၃၅ စုဟာ ပိုက်လိုင်းကနေ နေပေးဝေမှု ပြန်လည်ရရှိခဲ့ပါတယ်။
"အဝတ်လျှော်ဖို့အတွက် ရေကို အကြိမ်ပေါင်းများစွာ သယ်ခဲ့ရတယ်၊ ပိုက်လိုင်းတွေကနေ ရေပြန်သုံးလို့ရတာ ဝမ်းသာတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
Wajima မြို့က အိမ်ထောင်စု ၁၀၀၀၀ လောက်နဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ရေပြတ်လပ်နေဆဲ ဖြစ်ပါတယ်။
Wajima မြို့မှာ နေထိုင်သူတွေကို Hakui မြို့မှာရှိတဲ့ အဆောက်အအုံတစ်ခုဆီကို ပို့ဆောင်ပေးဖို့ လွန်းပျံဘတ်စ်ကားကို တနင်္ဂနွေနေ့က စတင်ပြေးဆွဲခဲ့ပါတယ်။ ဒေသခံတွေဟာ အဲဒီအဆောက်အုံအတွင်းက ရေနွေးစိမ်ကန်ကြီးထဲမှာ ရေစိမ်ချိုးနိုင်မှာ ဖြစ်ပါတယ်။
အဲဒီကိုသွားဖို့ ကြိုလျှောက်ထားတဲ့သူတွေဟာ ဘတ်စ်ကားပေါ်ကို တက်သွားကြပါတယ်။
နေထိုင်မှုဘဝ ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေချိန်မှာ သဘာဝဘေးအန္တရာယ်နဲ့ဆက်နွယ်တဲ့ သေဆုံးမှုအန္တရာယ်နဲ့ ပတ်သက်ပြီး သတိထားကြဖို့ လူတွေကို တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့လက လှုပ်ခတ်ခဲ့တဲ့ ငလျင်အပြီးမှာ သဘာဝဘေးအန္တရာယ်နဲ့ဆက်နွယ်မှုတွေကြောင့် လူ ၁၅ ဦး သေဆုံးခဲ့တယ်လို့ သံသယရှိနေပါတယ်။
Kansai တက္ကသိုလ်က ပါမောက္ခ Okumura Yoshihiro က ပတ်ဝန်းကျင်အသစ်နဲ့ လိုက်လျောညီထွေမှုရှိစေဖို့ လိုအပ်ချက်တွေက သက်ကြီးရွယ်အိုတွေအတွက် ဝန်ထုပ်ဝန်ပိုး ပိုဖြစ်နိုင်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။
"လူတစ်ယောက်ကို သဘာဝဘေးအန္တရာယ်ဖြစ်တဲ့ နေရာကနေရွှေ့ပြောင်းပေးရုံနဲ့ လုံခြုံတယ်လို့ သူတို့ မခံစားရပါဘူး။ သက်ကြီးရွယ်အိုတွေကို နေရာပြောင်းရွှေ့ပေးပြီးရင် သူတို့အတွက် တခြားလူတွေရဲ့ ပံ့ပိုးကူညီမှုတွေ လိုအပ်တယ်ဆိုတာကို မမေ့ဖို့ အရေးကြီးပါတယ်" လို့ ကျွမ်းကျင်သူတစ်ဦးက ဆိုပါတယ်။
လူတွေအနေနဲ့ ဒီအရေးကြီးတဲ့အချက်တွေကို သတိထားပြီး ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်သင့်တယ်လို့ ပါမောက္ခ Okumura ကပြောပါတယ်။