ချိဘ ခရိုင်မှာ 'Go To Eat' အစီအစဉ်ပြန်စဖို့ရှိ

စားသောက်ဆိုင်လုပ်ငန်းတွေကို ကူညီဖို့အတွက် ပြုလုပ်ထားတဲ့ "Go To Eat" အစီအစဉ်ကို လာမယ့်တနင်္လာနေ့ကစပြီး ပြန်လည်စတင်သွားဖို့ တိုကျိုအနီးက ချိဘ ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်။

အရင်က ထုတ်ပေးပြီးသား အစားအသောက် ကူပွန်တွေကို အသုံးပြုခွင့်ပေးဖို့ အဲဒီခရိုင်က စီစဉ်ထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကြောင့် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစပြီး ချိဘ ခရိုင်မှာ အဲဒီကူပွန်တွေ အသုံးပြုခွင့် ရပ်ဆိုင်းခဲ့ပါတယ်။
အခုအခါ ခရိုင်အတွင်း ကူးစက်မှုအခြေအနေတွေကို ထိန်းချုပ်နိုင်ပြီဖြစ်တာကြောင့် စီးပွားရေး ပြန်လည်နာလန်ထူဖို့အတွက် ပံ့ပိုးလိုတယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူး Kumagai Toshihito က ကြာသပတေးနေ့မှာ ပြောခဲ့ပါတယ်။
တိုကျို နဲ့ အနီးပတ်ဝန်းကျင် ခရိုင်၃ခုထဲမှာ ချိဘ ခရိုင်က ပထမဆုံး ဒီအစီအစဉ်ကို ပြန်လည်စတင်မှာ ဖြစ်ပါတယ်။
မစ္စတာ Kumagai က ဝယ်လိုအားတွေ စုပြုံတာမျိုး မဖြစ်စေဖို့ ကန့်သတ်မှုတွေကို တစ်ဆင့်ချင်း လျှော့ချသွားမယ်လို့ဆိုပြီး ကူပွန်အသစ်တွေ ထုတ်ရောင်းဖို့ကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အခြေအနေတွေအပေါ်မူတည်ပြီး စဉ်းစားသွားမှာဖြစ်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။
စားသောက်ဆိုင်တွေရဲ့ ဆိုင်ဖွင့်ချိန်ကန့်သတ်ချက်တွေ အောက်တိုဘာ၂၄ ရက်နေ့မှာ ကုန်ဆုံးမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ကန့်သတ်မှုတွေကို နောက်ထပ်ဖြေလျှော့ဖို့ ဖြစ်နိုင်မယ်လို့ သူထင်ကြောင်းလည်း မစ္စတာ Kumagai က ပြောခဲ့ပါတယ်။