Ransomware ကွန်ပျူတာဗိုင်းရပ်စ်ကိုတုန့်ပြန်ရေးဆိုင်ရာ အွန်လိုင်းအစည်းအဝေးကျင်းပ

နိုင်ငံ ၃၀ နဲ့ ဥရောပသမဂ္ဂ က ကိုယ်စားလှယ်တွေဟာ ransomware ကွန်ပျူတာဗိုင်းရပ်စ်နဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်ဖို့အတွက် အွန်လိုင်းအစည်းအဝေးတစ်ခုကို ကျင်းပနေကြပါတယ်။

ဗုဒ္ဓဟူးနေ့က စတင်ခဲ့တဲ့ နှစ်ရက်ကြာအစည်းအဝေးကို အမေရိကန်နိုင်ငံက ဦးဆောင်ကျင်းပတာဖြစ်ပါတယ်။
အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ Jake Sullivan ရဲ့ အဖွင့်အမှာစကားမှာ "နိုင်ငံတစ်နိုင်ငံတည်း၊ အဖွဲ့တစ်ဖွဲ့တည်း က ဒီပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး" လို့ ပြောကြားခဲ့ပါတယ်။
"Ransomware ကွန်ပျူတာဗိုင်းရပ်စ် တိုက်ခိုက်မှုကို ကိုင်တွယ်ဖို့၊ ပြစ်မှုကျူးလွန်သူတွေနဲ့ သူတို့ကို လက်ခံထားတဲ့ နိုင်ငံတွေက ဒါကို တာဝန်ယူစေဖို့နဲ့ နိုင်ငံအသီးသီးက နိုင်ငံသားတွေအပေါ် ခြိမ်းခြောက်နေမှုတွေကို လျှော့ချဖို့ စုပေါင်းစွမ်းရည်ရဲ့ အခြေခံအဖြစ် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို သဘောထားကြောင်း" သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။
ခြိမ်းခြောက်ပြီးငွေတောင်းခံမှုတွေမှာ အသုံးပြုတဲ့ crypto-assets လို့ခေါ်တဲ့ လျှို့ဝှက်ပိုင်ဆိုင်မှုတွေကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေး နည်းလမ်းတွေနဲ့ Ransomware ဆိုင်ရာပြစ်မှုတွေမှာ ပါဝင်ပတ်သက် သူတွေကို စွဲချက်တင်ဖို့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်တဲ့ စီမံချက်တွေကို အစည်းအဝေးတက်‌ရောက်သူတွေက ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ransomware ဂိုဏ်းတွေကို ခိုလှုံခွင့်ပေးနေတယ်လို့ စွပ်စွဲခံနေရတဲ့ ရုရှားနိုင်ငံဟာ ဒီအစည်းအဝေးကို ဖိတ်ကြားခြင်း မခံရပါဘူး။
၂၀၂၀ ပြည့်နှစ်အတွင်း တစ်ကမ္ဘာလုံးမှာ ransomware ကြောင့် ဆုံးရှုံးမှုပမာဏဟာ အမေရိကန်ဒေါ်လာသန်း ၄၀၀ အထိ ရှိတယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။
ဒီကိစ္စကြောင့် ဂျပန့်စီးပွားရေး လုပ်ငန်းတွေလည်း ထိခိုက်ခဲ့ပါတယ်။