ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ အခြေခံမူတွေ G7 အဖွဲ့ဝင်နိုင်ငံတွေ သဘောတူ

ဗဟိုဘဏ်တွေက ထုတ်ဝေမယ့် ဒစ်ဂျစ်တယ်ငွေကြေးအတွက် မူဝါဒ အခြေခံမူတွေကို G7 အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဘဏ္ဍာရေး ဝန်ကြီးတွေနဲ့ ဗဟိုဘဏ် ဥက္ကဌတွေက သဘောတူခဲ့ကြပါတယ်။

ဒီငွေကြေးတွေက ဘဏ္ဍာရေးစနစ်တည်ငြိမ်မှုကို ခြိမ်းခြောက်လာတာမျိုး မဖြစ်စေဖို့ တာဝန်ရှိသူတွေက လိုလားနေပါတယ်။
ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ သူတို့ရဲ့ ပူးတွဲကြေညာချက်ထဲမှာ ဒစ်ဂျစ်တယ်ငွေကြေးဟာ ငွေစက္ကူရဲ့ အခန်းကဏ္ဍမှာ အစားထိုးဝင်ရောက်ပြီး ငွေပေးချေရေးစနစ်ရဲ့ အခြေခံဖြစ်လာမယ်လို့ ဖော်ပြထားပါတယ်။
အခြေခံမူတွေထဲမှာ ကိုယ်ရေး အချက်အလက်ဆိုင်ရာ စံနှုန်းတွေကို ချမှတ်ဖို့နဲ့ ဒစ်ဂျစ်တယ်ငွေကြေးသုံးစွဲသူတွေရဲ့ သတင်းအချက်အလက်တွေကို ကာကွယ်ရေးအတွက် တာဝန်ယူမှုဆိုင်ရာ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ သတ်မှတ်ဖို့တွေ ပါဝင်ပါတယ်။

အဲဒီမူတွေထဲက တစ်ခုမှာ ဘဏ္ဍာရေးစနစ် ပိုမိုလုံခြုံစေဖို့ ဆိုက်ဘာလုံခြုံရေး အစီအမံတွေကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ဖော်ပြထားပါတယ်။ နောက်ထပ်အချက်တစ်ခုက ငွေစက္ကူလိုမျိုး သမားရိုးကျငွေပေးချေမှုစနစ်တွေနဲ့ ပုဂ္ဂလိကဒစ်ဂျစ်တယ်ငွေကြေး တို့ ပူးတွဲတည်ရှိမှုကို အသားပေး ဖော်ပြထားပါတယ်။
G7 အရာရှိတွေက စည်းလုံးညီညွတ်မှုကို ပြသပြီး စည်းမျဉ်းစည်းကမ်းတွေ ဖော်ဆောင်တာကတစ်ဆင့် ဒီကိစ္စမှာ ဦးဆောင်သွားဖို့ ကြိုးစားနေပုံရပါတယ်။ တရုတ်နိုင်ငံဟာ တစ်ခြားအဓိက စီးပွားရေးအင်အားကြီးနိုင်ငံတွေထက် လက်ဦးမှုယူပြီး ဒစ်ဂျစ်တယ်ယွမ်ငွေကို ထုတ်ဝေဖို့ ပြင်ဆင်နေ ပါတယ်။