သီရိလင်္ကာ အမျိုးသမီးရဲ့ မိသားစုက ဂျပန်ဝန်ကြီးချုပ်ထံ စာပို့

ဂျပန်က လူဝင်မှုကြီးကြပ်ရေး အဆောက်အအုံတစ်ခုမှာ သေဆုံးခဲ့ရတဲ့ သီရိလင်္ကာအမျိုးသမီးရဲ့ မိသားစုက အဲဒီအဖြစ်အပျက်အတွက် အပြည့်အဝတာဝန်ယူဖို့ တောင်းဆိုထားတဲ့ စာတစ်စောင်ကို ဂျပန် ဝန်ကြီးချုပ် Kishida Fumio ဆီ ပေးပို့ခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ် မီးစ် Wishma Sandamali ဟာ ဂျပန်အလယ်ပိုင်း နာဂိုယာမြို့က အဆောက်အအုံတစ်ခုမှာ မတ်လတုန်းက သေဆုံးခဲ့ပါတယ်။ သူဟာ ဗီဇာရက်ကျော်နေထိုင်မှုနဲ့ အဲဒီမှာ ထိန်းသိမ်းခံထားရတာ ဖြစ်ပါတယ်။
အဲဒီအဆောက်အအုံမှာ ထိန်းသိမ်းထားသူတွေကို သင့်လျှော်တဲ့ ဆေးကုသမှုပေးတဲ့ စနစ် မရှိခဲ့ဘူးဆိုတာကို ထောက်ပြထားတဲ့ နောက်ဆုံးပိတ် အစီရင်ခံစာကို လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်မှု အေဂျင်စီက ဩဂုတ်လမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအထဲမှာ မီးစ် Wishma သေဆုံးမှု ဖြစ်ရတဲ့ အနေအထားတွေကို ပြည့်ပြည့်စုံစုံ ရှင်းလင်းထားခြင်းမရှိဘူးလို့ဆိုပြီး ဒီအစီရင်ခံစာကို သူ့မိသားစုက လက်မခံခဲ့ပါဘူး။
ဂျပန်ကို ရောက်နေတဲ့ မီးစ် Wishma ရဲ့ ညီမဖြစ်သူ Poornima နဲ့ မိသားစု ရှေ့နေတို့က မစ္စတာ Kishida ဆီကို သူတို့ စာတစ်စောင်ပို့ခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
အဲဒီထဲမှာ လဝက အာဏာပိုင်တွေက ဒီအဖြစ်အပျက်အတွက် တာဝန်ရှိကြောင်း ဝန်ခံဖို့ မီးစ် Poornima က တောင်းဆိုထားပါတယ်။ ထိန်းသိမ်းခံရသူတွေအပေါ် ဆက်ဆံပုံတွေ ကောင်းမွန်လာဖို့ သူတို့ရဲ့ ပြင်းထန်တဲ့ ဆန္ဒကိုလည်း အဲဒီစာထဲမှာ ထည့်သွင်းထားတယ်လို့ မိသားစုက ဆိုပါတယ်။
ဝန်ကြီးချုပ် Kishida အနေနဲ့ မိသားစုတွေရဲ့ နာကျင်ခံစားမှုကို နားလည်ဖို့၊ သူ့ညီမ ဘာကြောင့် သေဆုံးခဲ့ရတယ်ဆိုတာ သိစေဖို့ လိုလားတယ်လို့ မီးစ် Poornima က ပြောပါတယ်။
ရှေ့နေ Ibusuki Shoichi က လူအများအပြားရဲ့ အသံတွေကို နားထောင်တဲ့ ခေါင်းဆောင်ဖြစ်ချင်တယ်လို့ မစ္စတာ Kishida က ပြောခဲ့ကြောင်း ထောက်ပြရင်း အဲဒီလိုပြောတဲ့အတိုင်း လုပ်ဆောင်ဖို့ သူလိုလားတယ်လို့ ဆိုပါတယ်။