လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ် ဒေသအတွက် ဂျပန်နဲ့ ဗြိတိန် ကတိပြု

ဂျပန် ဝန်ကြီးချုပ်သစ် Kishida Fumio နဲ့ ဗြိတိန် ဝန်ကြီးချုပ် Boris Johnson တို့က လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ် ဒေသအတွက် သူတို့ရဲ့ ကတိကဝတ်တွေနဲ့ ပတ်သက်ပြီး သဘောတူခဲ့ကြပါတယ်။

ဗုဒ္ဓဟူးနေ့မှာ သူတို့ နှစ်ဦး တယ်လီဖုန်းနဲ့ နာရီဝက်လောက် စကားပြောခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာ မစ္စတာ Kishida ရာထူးရယူပြီးနောက် ဒါဟာ သူတို့နှစ်ဦး ပထမဦးဆုံး စကားပြောဆိုမှု ဖြစ်ပါတယ်။
မကြာသေးခင်နှစ်တွေအတွင်းမှာ နှစ်နိုင်ငံ လုံခြုံရေးနဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး သိသိသာသာ ခိုင်မာလာခဲ့တယ်လို့ သူတို့က သဘောတူခဲ့ပါတယ်။
ဗြိတိန် လေယာဉ်တင် သင်္ဘော HMS Queen Elizabeth က ပြီးခဲ့တဲ့ လတုန်းက တိုကျိုအနီးမှာရှိတဲ့ အမေရိကန်ရေတပ်မှာ ကမ်းကပ်ခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုတွေဟာ အဆင့်သစ်တစ်ခုကို ရောက်ရှိခဲ့တယ်လို့ သူတို့က မှတ်ချက်ပြုခဲ့ကြပါတယ်။
ဂျပန့် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဗြိတိန် စစ်တပ်တို့အကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို သတ်မှတ်တဲ့ ဂျပန်-ဗြိတိန် အပြန်အလှန်ဆက်သွယ်မှု သဘောတူညီချက်ကို မြန်မြန်ဆန်ဆန် ချုပ်ဆိုနိုင်ရေး လုပ်ဆောင်ဖို့ကိုလည်း သူတို့က အတည်ပြုခဲ့ကြပါတယ်။
၂၀၁၁ ခုနှစ်က ဖူကုရှီမ အမှတ် (၁) နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ မတော်တဆမှုနောက်ပိုင်း ဂျပန်စားသောက်ကုန် တင်သွင်းမှုအပေါ် ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေ ဖယ်ရှားရေး ဆွေးနွေးဖို့ ဗြိတိန်က အသင့်ရှိနေတာကို မစ္စတာ Johnson က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
သိပ္ပံနည်းကျ ရှုထောင့်ကို အခြေခံပြီး ဒီကန့်သတ်ချက်တွေကို အမြန်ဆုံး ဖယ်ရှားဖို့ သူမျှော်လင့်ကြောင်း မစ္စတာ Kishida က ပြောပါတယ်။