အသက် ၂၀အောက် အမျိုးသားတွေ Pfizer ကာကွယ်ဆေးထိုးရေး ဂျပန်လုပ်ဆောင်နေ

Moderna ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဟာ အမျိုးသားလူငယ်တွေမှာ ရှားရှားပါးပါး နှလုံးရောင်ရမ်းမှုတွေဖြစ်ပွားနိုင်တဲ့ အန္တရာယ်ရှိကြောင်း ထောက်ပြပြီး အသက် ၂၀ အောက် အမျိုးသားတွေ Pfizer-BioNTech ကာကွယ်ဆေးထိုးဖို့ အကြံပြုရေး ဂျပန် ကျန်းမာရေးဝန်ကြီးဌာနက ပြင်ဆင်မှုတွေ လုပ်နေပါတယ်။

အထူးသဖြင့် လူငယ်အမျိုးသားတွေအကြား Moderna ရဲ့ COVID-19 ကာကွယ်ဆေးဟာ နှလုံးကြွက်သားနဲ့ နှလုံးကို လွှမ်းခြုံထားတဲ့ အမြှေးပါး ရောင်ရမ်းတာတွေလို နှလုံးသွေးကြောဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေခဲ့တယ်ဆိုတဲ့ အစီရင်ခံချက်တွေ နိုင်ငံရပ်ခြားမှာ ရှိနေပါတယ်။
ဂျပန် ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁၂ ရက်နေ့အထိ Moderna ကာကွယ်ဆေးထိုးခဲ့သူ တစ်သန်းထဲက ဘေးထွက်ဆိုးကျိုး ဖြစ်ခဲ့သူနှုန်းဟာ အသက် ၂၀ တန်း အမျိုးသားတွေကြားမှာ ၁၇.၁ ၊ အသက် ၂၀ အောက် အမျိုးသားတွေကြားမှာ ၂၁.၆ ရှိတယ်လို့ ဆိုပါတယ်။
အဲဒါနဲ့ နှိုင်းယှဉ်ရင် Pfizer ကာကွယ်ဆေးထိုးခဲ့သူ တစ်သန်းထဲက ဘေးထွက်ဆိုးကျိုး ဖြစ်ခဲ့သူနှုန်းကတော့ အသက် ၂၀ တန်း အမျိုးသားတွေကြားမှာ ၁၃.၁ ၊ အသက် ၂၀ အောက် အမျိုးသားတွေကြားမှာ ၁.၉ ရှိပါတယ်။
ဒီလို အကျိုးသက်ရောက်မှုတွေဟာ ရှားပါးပြီး ရောဂါလက္ခဏာတွေကလည်း မပြင်းထန်ကြောင်းနဲ့ အန္တရာယ်ရှိတာထက် အကျိုးကျေးဇူးရှိတာက အများကြီး အလေးသာနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန အရာရှိတွေက ထောက်ပြခဲ့ပါတယ်။
ဒါပေမဲ့ သတင်းအရစ်အမြစ်တွေက NHK ကို ပြောဆိုရာမှာ အဲဒီလို အသက်အရွယ် အမျိုးသားတွေကို အန္တရာယ်တွေနဲ့ ပတ်သက်လို့ ရှင်းလင်းပြောကြားပြီး Pfizer ကာကွယ်ဆေးထိုးရေး တိုက်တွန်းဖို့ ကျန်းမာရေးဝန်ကြီးဌာနက စဉ်းစားနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် Moderna ကာကွယ်ဆေး ပထမအကြိမ် ထိုးပြီးတဲ့ အမျိုးသားတွေကို အလားတူ အကြံပေးတာတွေ လုပ်ဆောင်မယ်လို့လည်း သူတို့က ပြောပါတယ်။
ဒီအစီအစဉ်ကို သောကြာနေ့မှာ ကျွမ်းကျင်သူတွေရဲ့ အကြံပေးအဖွဲ့တစ်ခုက လေ့လာသုံးသပ်သွားမှာ ဖြစ်ပါတယ်။