ရွေးကောက်ပွဲဆိုတာ စနစ်ကို ရွေးချယ်မှုဖြစ်တယ်လို့ ဂျပန့်အဓိက အာဏာရပါတီ အထွေထွေအတွင်းရေးမှူးဆို

ဂျပန့်အဓိက အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ် ပါတီ (LDP) ရဲ့ အထွေထွေအတွင်းရေးမှူးက တည်ငြိမ်တဲ့ အစိုးရဖြစ်စေဖို့ အတတ်နိုင်ဆုံး အမတ်နေရာများများ အရွေးခံရဖို့ဟာ လာမယ့်ရွေးကောက်ပွဲအတွက် သူ့ရဲ့ တာဝန်ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ အောက်လွှတ်တော်ကို ဖျက်သိမ်းပြီးနောက် ကြာသပတေးနေ့က NHKရဲ့ အစီအစဉ်တစ်ခုမှာ မစ္စတာ Amari Akira က အဲဒီလို ပြောကြားခဲ့ပါတယ်။
အောက်လွှတ်တော် ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေက Constitutional Democratic Party နဲ့ ဂျပန်ကွန်မြူနစ် ပါတီ တို့က ဦးဆောင်တဲ့ စနစ်ကို ရွေးချယ်မလား၊ LDP နဲ့ ကိုးမေးတိုး ပါတီတွေက ဦးဆောင်တဲ့ စနစ်ကို ရွေးချယ်မလား ဆုံးဖြတ်ရမှာဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် လွတ်လပ်မှုနဲ့ ဒီမိုကရေစီတွေကို အခြေခံတဲ့ စနစ်ကို ထိန်းသိမ်းမှာလား၊ ဒါမှမဟုတ် ကွန်မြူနစ်ဝါဒ ဝင်ရောက်လာမယ့် စနစ်ကို ကူးပြောင်းမှာလားဆိုတာကို ရွေးချယ်ရမှာလည်း ဖြစ်တယ်လို့ မစ္စတာ Amari က ပြောပါတယ်။
LDP ရဲ့ ဦးတည်ချက်နဲ့ ပတ်သက်တဲ့ မေးခွန်းကို မစ္စတာ Amari က LDP အနေနဲ့ ကိုးမေးတိုး ပါတီနဲ့ အကြားက အာဏာရညွန့်ပေါင်းအဖွဲ့ကို ထိန်းသိမ်းနိုင်ဖို့ လုံလောက်တဲ့အမတ်နေရာကို အနိုင်ရရှိဖို့လိုအပ်တယ်ဆိုတဲ့ ဝန်ကြီးချုပ် Kishida Fumio ရဲ့ ပြောကြားချက်ကို ကိုးကားပြီး သူ့အနေနဲ့ အမတ်နေရာ တတ်နိုင်သမျှများများ အနိုင်ရဖို့ လိုလားတယ်လို့ ဆိုပါတယ်။