အစ္စရေးမှာ ကြီးမားတဲ့ ရှေးဟောင်း ဝိုင်ထုတ်လုပ်ရေး အလုပ်ရုံတစ်ခု တူးဖော်တွေ့ရှိ

ရှေးဟောင်းသုတေသနပညာရှင်တွေဟာ အစ္စရေးမှာ ရှေးဟောင်း ဝိုင်ထုတ်လုပ်ရေးအလုပ်ရုံတစ်ခုရဲ့ အကြွင်းအကျန်ပစ္စည်းတွေကို တူးဖော်တွေ့ရှိခဲ့ပါတယ်။

နှစ်ပေါင်း ၁,၅၀၀ သက်တမ်းကြာမြင့်တဲ့ အဲဒီ ဝိုင်ထုတ်လုပ်ရေးအလုပ်ရုံဟာ မြေထဲပင်လယ်ဒေသတစ်လျှောက်မှာ အဖျော်ယမကာ ဝယ်လိုအားကို အခိုင်အမာ ဖြည့်ဆည်းပေးခဲ့တယ်လို့ ယူဆရပါတယ်။
Tel Aviv မြို့ တောင်ဘက်မှာရှိတဲ့ Yavne မြို့မှာ အဲဒီအလုပ်ရုံဟောင်းနေရာကို တူးဖော်ရှာဖွေရေးအဖွဲ့က တွေ့ရှိခဲ့တယ်လို့ အစ္စရေးနိုင်ငံရဲ့ ရှေးဟောင်းအမွေအနှစ်ပစ္စည်းဆိုင်ရာ အာဏာပိုင်အဖွဲ့က တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။
အကြမ်းဖျင်း ၁ စတုရန်းကီလိုမီတာ အကျယ်အဝန်းရှိတဲ့ အဲဒီအလုပ်ရုံဟောင်းနေရာမှာ အသီးတွေကနေ အရည်ညှစ်ထုတ်တဲ့ လုပ်ငန်းစဉ်အတွက် သီးသန့်နေရာတွေနဲ့ ဝိုင်တွေကို သက်တမ်းနှစ်ချို့အောင် သိုလှောင်တဲ့ ဂိုဒေါင်တွေ ရှိပါတယ်။
ဝိုင်ထည့်တဲ့အရာတွေလို့ ယူဆရတဲ့ မြေကရား အရွယ်အစားအစုံကိုလည်း တွေ့ရှိခဲ့ရပါတယ်။
အဲဒီဝိုင်ထုတ်လုပ်ရေးအလုပ်ရုံဟောင်းဟာ Byzantine ခေတ်က ကမ္ဘာ့အကြီးဆုံး ဝိုင်ထုတ်လုပ်ရေးအလုပ်ရုံတစ်ခု ဖြစ်ပြီး တစ်နှစ်ကို ဝိုင် လီတာ ၂သန်းလောက်ထုတ်လုပ်နိုင်ခဲ့တယ်လို့ ယုံကြည်ရကြောင်း ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ အာဏာပိုင်အဖွဲ့က တာဝန်ရှိသူတွေက ပြောပါတယ်။
တူးဖော်ရှာဖွေရေးအဖွဲ့ရဲ့ ရှေးဟောင်း သုတေသနပညာရှင်တစ်ဦးက အဲဒီနေရာမှာ ဝိုင်ထုတ်လုပ်ရေး ကြီးမားတဲ့ အဆောက်အဦအမျိုးမျိုးကို တွေ့ရှိခဲ့ရတာနဲ့ပတ်သက်ပြီး အံ့အားသင့်မိကြောင်း ပြောခဲ့ပါတယ်။
ဒီတွေ့ရှိချက်ဟာ ရောမနဲ့ဂျေရုစလင်အပါအဝင် မြေထဲပင်လယ်ဒေသတစ်ဝိုက်မှာ Byzantine ခေတ်က ဝိုင်တွေကို စီးပွားဖြစ် အမြောက်အမြားထုတ်လုပ်ပြီး ဖြန့်ချိခဲ့တယ်ဆိုတဲ့ အရေးပါတဲ့ အထောက်အထားဖြစ်ကြောင်း အဲဒီအဖွဲ့က ပြောခဲ့ပါတယ်။