၂၀၀၂ ခုနှစ် ဘာလီ ဗုံးခွဲတိုက်ခိုက်ခံရမှုမှာ သေဆုံးခဲ့သူတွေအတွက် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပ

လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့တဲ့ ၂၀၀၂ ခုနှစ်က အကြမ်းဖက်ဗုံးခွဲမှုတွေမှာ သေဆုံးခဲ့သူတွေအတွက် အောက်မေ့ဖွယ် အခမ်းအနားကို အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပခဲ့ပါတယ်။

အင်္ဂါနေ့ဟာ အဲဒီတိုက်ခိုက်မှုရဲ့ ၁၉ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ သေဆုံးခဲ့သူတွေရဲ့ ဆွေမျိုးတွေနဲ့ အကြမ်းဖက်မှု နှိမ်နင်းရေး အရာရှိတွေ အပါအ၀င် လူပေါင်း ၁၀၀ လောက်ဟာ အဲဒီတိုက်ခိုက်ခံရတဲ့နေရာမှာ စုဝေးခဲ့ကြပါတယ်။
အဲဒီတိုက်ခိုက်မှု ဖြစ်ရပ်မှာ မျက်လုံးတစ်ဖက် ဆုံးရှုံးခဲ့ရတဲ့ အမျိုးသားတစ်ဦးက အင်ဒိုနီးရှားနိုင်ငံဟာ အကြမ်းဖက်ဝါဒကို မကြောက်ရွံ့ရတဲ့ နိုင်ငံဖြစ်လာဖို့ သူ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
Jemaah Islamiah စစ်သွေးကြွအဖွဲ့ရဲ့ အဖွဲ့ဝင်တွေက ၂၀၀၂ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က လူစည်ကားတဲ့ အရပ်တစ်ခုမှာ ဗုံးတွေနဲ့ဖောက်ခွဲခဲ့တာကြောင့် လူပေါင်း ၂၀၂ ဦး သေဆုံးခဲ့ပြီး အများစုက နိုင်ငံခြားသားခရီးသွားတွေ ဖြစ်ပါတယ်။
သူတို့အဖွဲ့ဟာ Al-Qaeda နဲ့ ဆက်နွှယ်နေတယ်လို့ ယုံကြည်ရပါတယ်။ အဲဒီ အဖွဲ့က အမေရိကန် 9/11 တိုက်ခိုက်မှုနောက်ပိုင်း အင်ဒိုနီးရှားနိုင်ငံ တစ်ဝန်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
အာဖဂန်နစ္စတန်မှာ တာလီဘန် အာဏာရလာပြီး နိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် အင်ဒိုနီးရှားအစိုးရဟာ အင်ဒိုနီးရှား နိုင်ငံအတွင်း အကြမ်းဖက်လုပ်ရပ်တွေနဲ့ပတ်သက်ပြီး သတိထားနေပါတယ်။