အထိန်းသိမ်းခံ မြန်မာ သမ္မတကြီး တရားရုံးတော်မှာ ထွက်ဆို

မြန်မာနိုင်ငံက အထိန်းသိမ်းခံ သမ္မတကြီး ဦးဝင်းမြင့်က စစ်တပ်က ဖေဖော်ဝါရီလမှာ အာဏာမသိမ်းခင် သူ့ကို သမ္မတရာထူးကနေ နုတ်ထွက်ပေးဖို့ အတင်းအကျပ် လုပ်ဆောင်ခဲ့ပြီး သူက ငြင်းဆိုခဲ့တယ်လို့ တရားရုံးတော်မှာ ထွက်ဆိုခဲ့ပါတယ်။

ဦးဝင်းမြင့်ကို အင်္ဂါနေ့မှာ ရုံးထုတ်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဖေဖော်ဝါရီလ ၁ ရက်နေ့က အဖမ်းခံခဲ့ရတာပါ။ သူဟာ လှုံ့ဆော်မှုတွေ ပြုလုပ်တယ် ဆိုတာမျိုးနဲ့ စွဲချက်တွေ အတင်ခံထားရပါတယ်။
တရားရုံးတော်မှာ ဦးဝင်းမြင့်က စစ်တပ်အရာရှိတွေဟာ အဲဒီနေ့အစောပိုင်းက သူ့ဆီလာခဲ့ပြီး ကျန်းမာရေးအကြောင်းပြချက်နဲ့ နုတ်ထွက်ဖို့ သူ့ကို ပြောခဲ့တယ်လို့ ထွက်ဆိုခဲ့ကြောင်း သူ့ရှေ့နေက ကိုးကားပြောဆိုခဲ့ပါတယ်။
သူငြင်းဆိုမယ်ဆိုရင် အများကြီးထိခိုက်လိမ့်မယ်လို့ အဲဒီအရာရှိတွေက သူ့ကို သတိပေးခဲ့ပြီး သူက ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်၊ ဒီကိစ္စကို သဘောတူမယ့်အစား အသက်သာ အသေခံမယ်လို့ ပြန်ပြောခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
မြန်မာစစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိခဲ့တယ်လို့ စွပ်စွဲပြီး အာဏာသိမ်းတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဖြစ်တယ်ဆိုပြီး ကာကွယ်ပြောဆိုဖို့ ကြိုးပမ်းနေခဲ့ပါတယ်။
ဒါပေမဲ့ ဥပဒေရေးရာကျွမ်းကျင်သူတချို့က ဦးဝင်းမြင့်ကို ဖမ်းဆီးခဲ့ပြီး စစ်တပ်အရာရှိဟောင်းဖြစ်သူ ဒုသမ္မတကို အစားထိုး ခန့်အပ်ခဲ့တာနဲ့ အရေးပေါ်အခြေအနေ ကြေညာတာတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ ပြောခဲ့ပါတယ်။