Evergrande ကုမ္ပဏီ အကြွေးမဆပ်နိုင်တဲ့ အနေအထားကို ရောက်လာနိုင်တယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ သတိပေး

တရုတ် Evergrande Group ကုမ္ပဏီရဲ့ ပြဿနာဟာ အိမ်ခြံမြေစီးပွားရေးနယ်ပယ်မှာ အခုထက် ပိုပြီး ပြန့်သွားရင် ကမ္ဘာ့ငွေကြေးဈေးကွက်အပေါ် ဂယက်ရိုက်နိုင်တယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က သတိပေးခဲ့ပါတယ်။

IMF က အခုနောက်ဆုံး "ကမ္ဘာလုံးဆိုင်ရာ ငွေကြေးတည်ငြိမ်မှု အစီရင်ခံစာ" ကို အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ Evergrande ကုမ္ပဏီဟာ အကြွေးမဆပ်နိုင်တဲ့ အနေအထားကို ရောက်လာနိုင်တယ်လို့ IMF က သတိပေးနေပါတယ်။
အခုအချိန်အထိ Evergrande ရဲ့ ပြဿနာတွေရဲ့ ဂယက်ရိုက်မှုဟာ ကြီးကြီးမားမား မရှိသေးဘူးလို့ စီးပွားရေးပညာရှင်တွေက ဆိုပါတယ်။ ဒါပေမဲ့ အခြေအနေ ပိုဆိုးလာရင် ပိုမိုကြီးမားတဲ့ ငွေကြေးပြဿနာနဲ့ ကြုံရနိုင်တဲ့ အန္တရာယ်ရှိပါတယ်။
ဒါဟာ တရုတ်ရဲ့ စီးပွားရေးနဲ့ ငွေကြေးနယ်ပယ်သာမက ကမ္ဘာ့ဈေးကွက်အပေါ်မှာလည်း ဂယက်ရိုက်မှုတွေ ရှိလာနိုင်ပါတယ်။
အိမ်ခြံမြေစီးပွားရေးနယ်ပယ်မှာ အကြွေးပြဿနာနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်မားလာရင် မှောင်ခိုငွေကြေးလုပ်ငန်းလို့ ခေါ်တဲ့ နေရာတွေက ဆုံးရှုံးမှုတွေအပါအဝင် ငွေကြေးဆိုင်ရာ လုပ်ငန်းတွေရဲ့ ဆုံးရှုံးမှုတွေ တိုးလာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက စိုးရိမ်နေပါတယ်။
အိမ်ခြံမြေဈေးနှုန်းတွေ ပိုမို ကျဆင်းလာမှုဟာ ဝယ်ယူစားသုံးသူတွေရဲ့ ငွေသုံးစွဲမှုကို ထိခိုက်စေနိုင်ပြီး စီးပွားရေးကိုလည်း ထိခိုက်နိုင်တယ်လို့ သူတို့က ပြောပါတယ်။
ဒါပေမဲ့ ရေတိုအတွက် တရုတ်မူဝါဒရေးဆွဲသူတွေမှာ နိုင်ငံ့စီးပွားရေးအပေါ် ရှိလာနိုင်တဲ့ ပြင်းထန်တဲ့ ဂယက်ရိုက်မှု အားလုံးကို လျှော့ချနိုင်တဲ့ နည်းလမ်းတွေ ရှိတယ်လို့ သူတို့က ပြောပါတယ်။
ရေရှည်မှာတော့ တရုတ်အစိုးရအနေနဲ့ ကုမ္ပဏီ ပြန်လည်တည်ဆောက်ရေးနဲ့ ဒေဝါလီခံမှုတွေကို ရင်ဆိုင်ဖို့ မူဘောင်တွေ အားကောင်းအောင် လုပ်ဆောင်သင့်တယ်လို့ IMF က ပြောကြားခဲ့ပါတယ်။