Quad ရေတပ်လေ့ကျင့်မှုတွေ စတင်

အမေရိကန်၊ အိန္ဒိယနဲ့ ဩစတြေးလျရဲ့ ရေတပ်တွေနဲ့ ဂျပန်ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဟာ ပူးတွဲလေ့ကျင့်ရေးတွေကို စတင်လိုက်ပြီလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

တရုတ်ရဲ့ စစ်ရေးအင်အား ကြီးထွားလာနေတဲ့အကြား အဲဒီလေ့ကျင့်မှုတွေဟာ အဲဒီနိုင်ငံတွေရဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အတည်ပြုဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ယုံကြည်ရပါတယ်။
အဲဒီနိုင်ငံတွေဟာ "ရေတပ်ပူးပေါင်းဆောင်ရွက်မှုနဲ့ စစ်ဆင်ရေး အပြန်အလှန်ဆက်သွယ်မှု စွမ်းရည်ကို အထူးအာရုံစိုက်ပြီး ၂၀၂၁ ခုနှစ် Malabar လေ့ကျင့်မှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ နိုင်ငံတွေ ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်နေတယ်"လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ရေးမှူး John Kirby က အင်္ဂါနေ့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ "အဲဒီနိုင်ငံတွေအကြား ဆက်ဆံရေး ပိုမို အားကောင်းလာစေဖို့" မျှော်လင့်တယ်လို့ မစ္စတာ Kirby က ပြောပါတယ်။
Quad မဟာမိတ်အဖွဲ့လို့ ခေါ်တဲ့ အဲဒီ ၄ နိုင်ငံပါဝင်တဲ့ လူကိုယ်တိုင် ပါဝင်တက်ရောက်တဲ့ ထိပ်သီးအစည်းအဝေးကို ပြီးခဲ့တဲ့လက Washington မှာ ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီးတဲ့နောက် အိန္ဒိယအနီးက ရေပြင်ပေါ်မှာ အဲဒီစစ်ရေးလေ့ကျင့်မှုတွေ ရှိလာတာပါ။
စက်တင်ဘာလမှာ ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ ခေါင်းဆောင်တွေဟာ တရုတ်အပေါ် ရန်စတာကို ရှောင်ရှားလိုတဲ့ အိန္ဒိယရဲ့ ဆန္ဒကို ထည့်သွင်းစဉ်းစားခဲ့ပုံရပြီး လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုရဲ့ အရေးပါမှုကို ပွင့်ပွင့်လင်းလင်း အလေးပေးပြောကြားတာမျိုး မရှိခဲ့ပါဘူး။
တရုတ်ရဲ့ စစ်ရေးအင်အား အလျင်အမြန် ကြီးထွားလာနေတာကို ရင်ဆိုင်ဖို့ ကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အဲဒီစစ်ရေးလေ့ကျင့်မှုတွေကတစ်ဆင့် Quad အဖွဲ့ဝင်နိုင်ငံတွေအကြားက လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးကို အလေးပေးဖို့ အမေရိကန်အစိုးရက လိုလားကြောင်း လေ့လာသူတွေက ဆိုပါတယ်။