အာဖဂန်ပြည်သူတွေကို ထောက်ပံ့ရေး G20 ကတိပြု

အာဖဂန်နစ္စတန်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ကိုင်တွယ်ဖို့ နိုင်ငံ ၂၀ အုပ်စုပါဝင်တဲ့ G20 အဖွဲ့အစည်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေဟာ အင်္ဂါနေ့မှာ အရေးပေါ် အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။

အီတလီဝန်ကြီးချုပ် Mario Draghi ဟာ အွန်လိုင်းကနေ ပြုလုပ်ခဲ့တဲ့ အဲဒီအစည်းအဝေးကို သဘာပတိအဖြစ် ကျင်းပခဲ့ပါတယ်။ ထောက်ပံ့ကူညီမှုတွေ ပေးဖို့ လိုအပ်တဲ့အပေါ် ခေါင်းဆောင်တွေ တစ်ခဲနက်တည်း သဘောတူညီခဲ့ကြကြောင်း သူက ပြောပါတယ်။ တာလီဘန်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ရနိုင်ခြေ ရှိတယ်ဆိုတာကိုလည်း အသိအမှတ်ပြုခဲ့ကြပါတယ်။
တာလီဘန်တွေကို တရားဝင်အစိုးရအနေနဲ့ အသိအမှတ်မပြုသေးဘူးလို့ ခေါင်းဆောင်တွေက ပြောပါတယ်။ တာလီဘန်တွေဟာ ဩဂုတ်လတုန်းက အာဏာကို ပြန်လည် ရယူခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံခြားခေါင်းဆောင်တွေကတော့ အာဖဂန်နစ္စတန်ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ခြင်းနဲ့ ကူညီထောက်ပံ့မှုတွေကို ရပ်တန့်ခြင်းအားဖြင့် တုံ့ပြန်ခဲ့ပါတယ်။
ကူညီထောက်ပံ့မှု အသစ်တွေကို နိုင်ငံတကာအဖွဲ့အစည်းတွေကတစ်ဆင့် အာဖဂန်ပြည်သူတွေဆီ ပေးအပ်သင့်တယ်လို့ G20 ခေါင်းဆောင်တွေ သဘောတူညီခဲ့ကြပါတယ်။ ဥရောပသမဂ္ဂက ခေါင်းဆောင်တွေကတော့ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ထောက်ပံ့မယ်လို့ ကတိပြုခဲ့ပါတယ်။
ဂျပန်ဝန်ကြီးချုပ် Kishida Fumio က အမေရိကန်ဒေါ်လာ သန်း ၁၉၀ ထောက်ပံ့မယ်လို့ ကတိပြုခဲ့ပါတယ်။ လူ့အခွင့်အရေးကို ကာကွယ်တာ အထူးသဖြင့် အမျိုးသမီး အခွင့်အရေးကို ကာကွယ်ဖို့က အရေးကြီးတယ်လို့ သူက ပြောပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က အမေရိကန်ဒေါ်လာ သန်း ၃၀ ထောက်ပံ့မယ်လို့ ကတိပြုခဲ့ပါတယ်။ နိုင်ငံတွေအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပြီး အာဖဂန်ပြည်သူတွေရဲ့ ကံကြမ္မာကို သူတို့ကိုယ်တိုင် ဆုံးဖြတ်စေသင့်တယ်လို့ မစ္စတာ Wang က ပြောပါတယ်။