နျူကလီးယားလက်နက် ကင်းစင်တဲ့ ကမ္ဘာကြီး ဖြစ်ထွန်းရေး အကောင်အထည်ဖော်ဖို့ ဂျပန်ဝန်ကြီးချုပ် ပြောကြား

ဂျပန်နဲ့ အမေရိကန်အကြားက ယုံကြည်မှုရှိတဲ့ ဆက်ဆံရေးကို အခြေခံပြီး နျူကလီးယားလက်နက် ကင်းစင်တဲ့ ကမ္ဘာကြီး ဖြစ်ထွန်းရေး အကောင်အထည်ဖော်ဖို့ ဆောင်ရွက်မယ်လို့ ဂျပန်ဝန်ကြီးချုပ် Kishida Fumio က ပြောကြားခဲ့ပါတယ်။

အင်္ဂါနေ့က TV Asahi ရဲ့ သတင်းအစီအစဉ်တစ်ခုမှာ မစ္စတာ Kishida က အဲဒီလို မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။ နျူကလီးယားလက်နက်မပိုင်ဆိုင်တဲ့ နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ စံနှုန်းတွေကို ထုတ်ဖော်ပြောဆိုဖို့ အရေးကြီးတယ်ဆိုတာနဲ့ တကယ်လို့ သူတို့ဟာ နျူကလီးယားလက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံတွေကို လက်တွေ့ဆောင်ရွက်အောင် မလုပ်ရင် လက်တွေ့မှာ ဘာပြောင်းလဲမှုမှ ရှိလာမှာမဟုတ်ဘူးလို့ မစ္စတာ Kishida က ပြောကြားခဲ့ပါတယ်။
ဂျပန်ရဲ့ အရင်းနှီးဆုံး မဟာမိတ်ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာ့အင်အားအကြီးဆုံး နျူကလီးယားပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်တယ်လို့ မစ္စတာ Kishida က ဆိုပါတယ်။ အမေရိကန်နဲ့အကြားက ယုံကြည်မှုရှိတဲ့ ဆက်ဆံရေးအပေါ် အခြေခံပြီး ဂျပန်ဟာ ကုလသမဂ္ဂရဲ့ နျူကလီးယားလက်နက်တားမြစ်ရေး သဘောတူစာချုပ်က မျှော်မှန်းထားတဲ့အတိုင်း နျူကလီးယားလက်နက် ကင်းစင်တဲ့ ကမ္ဘာကြီးတစ်ခု ဖြစ်ထွန်းရေး အကောင်အထည်ဖော်ဖို့ ရည်မှန်းချက်နဲ့ ဆောင်ရွက်မှာ ဖြစ်တယ်လို့ မစ္စတာ Kishida က အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။
ဂျပန်အနေနဲ့ နိုင်ငံရဲ့ စံနှုန်းတွေကို အရိပ်အမြွက်ပြရင်း ခိုင်မာတဲ့ ဆောင်ရွက်ချက်တွေ လုပ်ဆောင်ဖို့ အရေးကြီးတယ်လို့ မစ္စတာ Kishida က ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ အဲဒီသဘောတူစာချုပ်ဟာ ဇန်နဝါရီလမှာ အသက်ဝင်လာခဲ့ပါတယ်။ ဒါပေမဲ့ နျူကလီးယား အင်အားကြီးနိုင်ငံတွေအပြင် အမေရိကန်ရဲ့ နျူကလီးယား အရိပ်အာဝါသနဲ့ စောင့်ရှောက်မှု ခံယူနေတဲ့ ဂျပန်နဲ့ တခြားနိုင်ငံတွေဟာ အဲဒီစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးခြင်း မရှိသေးပါဘူး။