COVID ကာကွယ်ဆေးနဲ့ ဆေးဝါး ပြည်တွင်းမှာ ထုတ်လုပ်ရေး ဂျပန်ဝန်ကြီးချုပ် ထောက်ပံ့မယ်

ဂျပန်အစိုးရဟာ COVID-19 ကာကွယ်ဆေးနဲ့ ဆေးဝါးကို ပြည်တွင်းမှာ ထုတ်လုပ်ရေး အစွမ်းကုန် ထောက်ပံ့ဖို့ စီစဉ်နေတယ်လို့ ဝန်ကြီးချုပ် Kishida Fumio က ပြောကြားခဲ့ပါတယ်။

မစ္စတာ Kishida ဟာ ဗုဒ္ဓဟူးနေ့က အထက်လွှတ်တော် မျက်နှာစုံညီအစည်းအဝေးရဲ့ အချေအတင် ဆွေးနွေးပွဲတစ်ခုမှာ စကားပြောကြားခဲ့ပါတယ်။ အထွေထွေရွေးကောက်ပွဲအတွက် အောက်လွှတ်တော်ကို ဖျက်သိမ်းဖို့ မစ္စတာ Kishida ရဲ့ အစီအစဉ်မတိုင်ခင် တစ်ရက်အလိုမှာ အဲဒီ ဆွေးနွေးပွဲကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
Liberal Democratic Party (LDP) ရဲ့ ညွန့်ပေါင်းမိတ်ဖက်ပါတီ Komeito ပါတီရဲ့ အဓိက ကိုယ်စားလှယ် Yamaguchi Natsuo က ကာကွယ်ဆေးနဲ့ ဆေးဝါးတွေ ပြည်တွင်းမှာ ထုတ်လုပ်ဖို့နဲ့ လက်တွေ့အသုံးပြုဖို့ ပြင်းပြင်းထန်ထန် တိုက်တွန်းဖို့ အမြန်ဆုံး လုပ်ဆောင်ရမယ်လို့ ထောက်ပြခဲ့ပါတယ်။
ဂျပန်အစိုးရဟာ နိုဝင်ဘာလ အစောပိုင်းမတိုင်မီ ကာကွယ်ဆေးထိုးဖို့ ဆန္ဒရှိတဲ့ ပြည်သူအားလုံးကို ကာကွယ်ဆေးထိုးပေးမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ပုံမှန် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မစ္စတာ Kishida က ပြောပါတယ်။
ပြည်တွင်းထုတ် ကာကွယ်ဆေးအပါအဝင် စီးပွားရေးလုပ်ငန်း၊ ပညာရပ်သင်ကြားမှုအသိုင်းအဝိုင်းနဲ့ အစိုးရရဲ့ သုတေသနနဲ့ တီထွင်မှုတွေကို ဂျပန်အစိုးရက အစွမ်းကုန် ထောက်ပံ့သွားမှာဖြစ်တယ်လို့ မစ္စတာ Kishida က ပြောကြားခဲ့ပါတယ်။