အာဖဂန်နစ္စတန် စီးပွားရေး ပြိုလဲနေတယ်လို့ ကုလသမဂ္ဂ အကြီးအကဲ ဆို

အာဖဂန်နစ္စတန်ရဲ့ စီးပွားရေးပြိုလဲမှာကို တားဆီးရေး လုပ်ဆောင်ကြဖို့ နိုင်ငံတကာအသိုက်အဝန်းကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres က တိုက်တွန်းနေပါတယ်။

အထူးသဖြင့် ငွေသား ပြတ်တောက်မှု ဖြစ်ပွားနေတဲ့ အာဖဂန်နစ္စတန်က ယိုယွင်းပျက်စီးလာနေတဲ့ စီးပွားရေးအနေအထားတွေနဲ့ ပတ်သက်ပြီး နယူးယောက်က ကုလသမဂ္ဂ ရုံးချုပ်မှာ တနင်္လာနေ့က သတင်းထောက်တွေကို မစ္စတာ Guterres က အဲဒီလို ပြောကြားခဲ့တာဖြစ်ပါတယ်။
“အဲဒီနိုင်ငံရဲ့ စီးပွားရေးဟာ ကျဆင်းနေပါတယ်။ နေရာအများအပြားမှာ ဘဏ်တွေပိတ်ထားတာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလို အဓိကဝန်ဆောင်မှုတွေ ရပ်တန့်နေပါတယ်”လို့ သူက ဆိုပါတယ်။
နိုင်ငံတကာ အဖွဲ့အစည်းတွေကတစ်ဆင့် အဲဒီနိုင်ငံသားတွေလက်ထဲ ငွေသားရောက်ရှိအောင် လုပ်ပေးဖို့ ကမ္ဘာ့အသိုက်အဝန်းကို သူက တောင်းဆိုခဲ့ပါတယ်။
ကမ္ဘာ့အသိုက်အဝန်းက မကူညီဘူးဆိုရင် အာဖဂန်နစ္စတန်နိုင်ငံသားတွေ သူတို့ရဲ့ နေအိမ်တွေကနေ ပိုပြီး ထွက်ပြေးကြပြီး “အကြမ်းဖက်ကွန်ရက်တွေလည်း ပိုပြီး များလာမယ်” လို့ မစ္စတာ Guterres က ပြောပါတယ်။
ဒါ့အပြင် “အထူးသဖြင့် အာဖဂန် အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအတွက် တာလီဘန်ရဲ့ ကတိချိုးဖောက်မှုတွေကို စောင့်ကြည့်ဖို့” လည်း သူက ပြောပါတယ်။
အမျိုးသမီးတွေရဲ့ ပညာသင်ကြားရေးနဲ့ အလုပ်လုပ်ကိုင်ရေးဆိုင်ရာ အခွင့်အရေးတွေကို အာမခံဖို့ အစ္စလာမစ် အုပ်ချုပ်သူတွေကို သူက အလေးပေး တောင်းဆိုခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ တခြားဧရိယာတွေထဲမှာရှိတဲ့ အာဖဂန်နစ္စတန် အစိုးရရဲ့ ပိုင်ဆိုင်မှုတွေကို ဩဂုတ်လမှာ တာလီဘန်တွေက အာဏာရယူပြီးနောက် ပိတ်သိမ်းထားခဲ့ပါတယ်။