ကာကွယ်ဆေး အားဖြည့်ထိုးနှံမှုကို WHO အလေးပေး

ကိုယ်ခံအားစနစ် အားနည်းသူတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ်အတွက် ကာကွယ်ဆေး အကြိမ်ပြည့် ထိုးပြီးလည်း နောက်ထပ် အားဖြည့်ထိုးနှံမှုကို လုပ်ဆောင်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အကြံပေးသူတွေက တနင်္လာနေ့မှာ ထောက်ခံခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ တချို့ ဥရောပနိုင်ငံတွေက ကိုယ်ခံအားစနစ် အားနည်းသူတွေဟာ အားဖြည့်ထိုးနှံလို့ရပြီ ဖြစ်ပါတယ်။ အဲဒီလို လူတွေအနေနဲ့ “ကာကွယ်ဆေးထိုးခြင်းကြောင့် တုံ့ပြန်နိုင်စွမ်းကို ပုံမှန်အတိုင်း ရနိုင်ခြေနည်းတယ်” လို့ဆိုရင်း အားဖြည့်ထိုးနှံမှုကို ကျွမ်းကျင်သူတွေက အလေးပေးပြောကြားခဲ့ပါတယ်။
အဲဒီလိုအမျိုးအစားထဲမှာပါတဲ့ လူတွေဟာ Pfizer-BioNTech ၊ Moderna နဲ့ AstraZeneca တို့ရဲ့ ကာကွယ်ဆေးတွေ အကြိမ်ပြည့် ထိုးထားပြီးတဲ့တိုင်အောင် ကူးစက်မှုခံရနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အဲဒီလို ဖြစ်လာရင် သူတို့ဟာ ရောဂါပြင်းထန်နိုင်ဖွယ်ရှိပါတယ်။
ဒါ့အပြင် တရုတ်ကာကွယ်ဆေး Sinopharm နဲ့ Sinovac တွေ အကြိမ်ပြည့်ထိုးပြီးသား အသက် ၆၀ နဲ့ အထက်တွေ နောက်တစ်ကြိမ် ထပ်ထိုးကြဖို့လည်း သူတို့က အကြံပြုခဲ့ပါတယ်။ လက်တင်အမေရိက က အဲဒီအသက်အရွယ်လူတွေကို လေ့လာချက်တွေအရ အချိန်ကြာလာတဲ့အမျှ အဲဒီကာကွယ်ဆေးတွေရဲ့ အစွမ်းတွေ လျော့ကျလာတာတွေ့ရတယ်လို့ သူတို့က ဆိုပါတယ်။
ချမ်းသာတဲ့နိုင်ငံတွေက ကာကွယ်ဆေးတွေကို သိုလှောင်သိမ်းဆည်းနေတယ်လို့ WHO ရဲ့ ခေါင်းဆောင်တွေက စွပ်စွဲခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အထိ အာဖရိကမှာ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးပြီးသူ အရေအတွက်ဟာ အဲဒီကလူဦးရေရဲ့ ၅ ရာခိုင်နှုန်းတောင်မရှိဘူးလို့ သူတို့က ဆိုပါတယ်။